နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် အထက ကျောင်းဝင်း အတွင်း ရိုဟင်ဂျာများ၏ အိမ်များကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်း




RB News
24.5.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းဝင်း အတွင်းမှ ရိုဟင်ဂျာများ၏ နေအိမ်များကို မြို့နယ် အုပ်ချုပ်ရေးမှူးက အတင်း အဓမ္မ ပြောင်းရွှေ့ခိုင်းခဲ့ ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဝင်း အတွင်းတွင် ရိုဟင်ဂျာ မိသားစု (၈) စုသည် နေအိမ် (၅) လုံးဖြင့် နေထိုင်နေသည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီး၊ ယခုအခါ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ၎င်း၏ အမိန့်ဖြင့် အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“အထက ကျောင်းဝင်း ထဲမှာ ကျောင်းအုပ်ကြီးရဲ့ နေအိမ် ရှိပါတယ်။ အဲဒီ ကျောင်းအုပ်ကြီးရဲ့ နေအိမ်ဘေးမှာ ရေကန် ရှိပါတယ်။ ရေကန်ဘေးမှာ ရိုဟင်ဂျာ အိမ်ခြေ (၅) လုံး ရှိပြီးတော့ မိသားစု (၈) စု နေထိုင် နေတာ အခုဆိုရင် နှစ်ပေါင်း ၂၀ မကတော့ဘူး။ ကျောင်းအုပ်ကြီးနဲ့ ဆရာ/မ တွေက သူတို့ကို ဘယ်တုန်းကမှ နှောက်ယှက်ခဲ့တာလည်း မရှိဘူး။ အခုမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ဒီနေ့ ပြောင်းပေးရမယ်ဆိုပြီး မေလ ၂၃ ရက်နေ့ အတင်း အဓမ္မ ပြောင်းခိုင်း ပါတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

“မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ဒေသခံ ရိုဟင်ဂျာတွေကို မဟာရန်သူ တွေလို့ သဘောထားတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်ပြီးတော့ သူအုပ်ချုပ်နေတဲ့ ပြည်သူတွေကို မိတ်ဆွေတွေလို သဘော မထားဘဲ၊ အမြဲတမ်း ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်။ အစည်းအဝေး တွေမှာဆိုရင် မင်းတို့ ကုလားတွေက ဘာကောင်တွေမှ မဟုတ်ဘူး၊ မင်းတို့ကို လူလို့ မထင်ဘူး၊ ဘာညာနဲ့ တော်တော်လေး စော်ကားတာတွေ ရှိပါတယ်။ အမြဲတစေ လူမျိုးရေးကို ရှေ့တန်းတင်ပြီး လုပ်တယ်။” ဟု ၎င်းက ဆက်လက် ပြောပါသည်။

အထက ကျောင်းဝင်း အတွင်း အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းသည့် မိသားစုများမှာ နေစရာ နေအိမ်မရှိတော့ဘဲ လမ်းပေါ်တွင် သူတောင်းစားများ ပမာ ဖြစ်နေရသည်။ အတင်း အဓမ္မ ပြောင်းရွှေ့ခိုင်းသည့် အတွက် နေထိုင်ရန် နေရာကို မြို့နယ် အုပ်ချုပ်ရေးမှူးက စီစဉ် ပေးရမည် ဖြစ်သော်လည်း ယခုကဲ့သို့ လူသားချင်း မစာနာ ရက်ရက်စက်စက် ပြုလုပ်သောကြောင့် အပြစ်မဲ့ မိသားစု (၈) စုမှာ ဒုက္ခကြီးစွာဖြင့် ရင်ဆိုင် နေရသည်ဟု ၎င်းကဆိုသည်။

“အဲဒီနေရာမှာ မနေစေချင်ဘူး ဆိုရင် နေရာ တစ်နေရာတော့ စီစဉ်ပေးရမှာပေါ့။ ဒါပေမယ့် အခုတော့ ဘာမှ မစီစဉ်ပေးဘဲ လမ်းဘေးမှာ သူတောင်းစား တွေလို နေခိုင်းတော့ အဲဒီ မိသားစုတွေ အတော်လေး ဒုက္ခ ရောက်နေကြတယ်။ ကျွန်တော်တို့ ဒေသခံ တွေအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ မိသားစု (၈) စုအတွက် နေရာ ထိုင်ခင်း စီစဉ် ပေးပါလို့ တောင်းဆိုပါတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus