နောက်ဆုံးသတင်း/ဆောင်းပါးများ

မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ပြီး သတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိ



Rohingya Eye
RB News
12.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှ ဒေသခံ ရိုဟင်ဂျာ လူငယ်များကို အာဏာပိုင်များက မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ပြီး သတ်ဖြတ်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ လူငယ် (၁၁) ဦးကို တဖက်နိုင်ငံမှ လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီး ကျီးကန်းပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင် သွားပြီး ထိုမှ တဆင့် မည်သည့် နေရာသို့ ခေါ်ဆောင် သွားသည်ကို မိသားစုဝင်များက ယခု အချိန်ထိ သိရှိခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ယခင်က ဖမ်းဆီး ထားသည့် အောင်ဇံကျေးရွာ (၀ယ်လာဒေါင်ရွာ) မှ ဦးဖော်ရီဒ် (ခ) ဦးလှတင် (ဘ) ဦးဘော်ဒူရာမန် (အသက် ၃၈ နှစ်) ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လူမဆန်စွာ သေလုမျောပါး ညှဉ်းပန်း နှိပ်စက်၍ သေဆုံးခါနီးတွင် ဆေးရုံသို့ ပို့ဆောင်၍ သေဆုံး သွားသည့် အခါ မြို့နယ် ဆရာဝန် ဒေါက်တာ ကျော်မောင်မောင်သိန်းကို ရောဂါဖြင့် သေဆုံးသည်ဟု ဆေးစစ်ချက်တွင် လက်မှတ်ရေး ထိုးခိုင်းခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ဦးဖော်ရီဒ်၏ ရုပ်အလောင်းကို အောက်တိုဘာလ (၅) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မြို့မတောင် ရပ်ကွက်ရှိ သင်္ချိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်၍ အစ္စလာမ် ထုံးစံနှင့် အညီ သဂြိုဟ်ခဲ့ကြောင်း သိရှိရပါသည်။ သို့သော်လည်း မတရား ညှဉ်းပန်း နှိပ်စက်ခံရပြီး သေဆုံးသွားသူ ဦးဖော်ရီဒ်၏ မိသားစုကို အကြောင်းကြားခြင်း မရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။

မင်းကြီး ကျေးရွာ အုပ်စု၊ သူလာသူလီ ကျေးရွာမှ မော်လ၀ီ ဆွေယာဒူလ် အာမီးန် (ဘ) ဦးဆုလ်တာန် (အသက် ၃၃ နှစ်) ကိုလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက သတ်ဖြတ်လိုက်ပြီဟု သတင်းများ ထွက်ပေါ်လျက် ရှိသော်လည်း မည်သည့် သင်္ချိုင်းတွင် သဂြိုဟ်ခဲ့သည်ကို မသိရှိရသေးကြောင်း၊ ထို့အပြင် အခြား လူငယ် (၃) ဦးကို (၄) မိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် သတ်ဖြတ်လိုက်သည်ဟု သိရှိရသော်လည်း အလောင်းများကို ဒေသခံ ရိုဟင်ဂျာများကို အပ်နှံခြင်း မရှိသောကြောင့် ၎င်းလူငယ် (၃) ဦး၏ မိသားစုဝင်များ စိုးရိမ် သောက ရောက်လျက် ရှိကြောင်း အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

အာဏာပိုင်များက မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးထားသည့် ဒေသခံများကို ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက ဥပဒေကြောင်း အရသာ အပြစ်ပေး ရမည်ဖြစ်သော်လည်း ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက်၍ သတ်ဖြတ်ခြင်းသည် အာဏာပိုင်များ ကိုယ်တိုင် ရာဇ၀တ်မှုများကို ကျူးလွန်ခြင်း ဖြစ်သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များသည် ရာဇ၀တ်မှုများကို နေ့စဉ် အဆက်မပြတ် ကျူးလွန်လျက် ရှိသော်လည်း နေပြည်တော် အစိုးရက ဟန့်တား အရေးယူခြင်း မရှိသည်ကို တွေ့ရှိရသည်။

အောက်တိုဘာလ (၈) ရက်နေ့က မဟုတ်မမှန် စွပ်စွဲ ခံရပြီး ဖမ်းဆီးခံရသည့် မောင်နှမ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၁) ဦးမှာ --

(၁) မိုဟာမတ်အာယုပ် (ဘ) ဦးကာလာမျာ (အသက် ၂၀ နှစ်)
(၂) ဟာဖီးဇ် မိုဟာမတ်ဆော်လိမ် (ဘ) ဦးအဒူလ်ဟူစိန်း (အသက် ၂၅ နှစ်)
(၃) မော်လ၀ီ မာမတ်ဇူဘိုင်ရ် (ဘ) ဦးအဒူလ်အာမီးန် (အသက် ၂၀ နှစ်)
(၄) မာမတ်အာမီးန် (ဘ) ဦးဆီဒိခ် (အသက် ၂၂ နှစ်)
(၅) မိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးရှော်ရိဖ်ဟူစိန်း (အသက် ၁၈ နှစ်)
(၆) ဆွေယာဒူအာမီးန် (ဘ) ဦးဟိုက်ရ်ဟူစိန်း (အသက် ၂၇ နှစ်)
(၇) နူရ်မာမတ် (ဘ) ဦးအဒူဆော်မော်တ် (အသက် ၂၂ နှစ်)
(၈) မိုဟာမတ်ဟူစိန်း (ဘ) ဦးကာဒိရ်ဘောက်ခ်ရှုး (အသက် ၂၃ နှစ်)
(၉) မာမတ်တာဟဲရ် (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၂၃ နှစ်)
(၁၀) ဇာကဲရ် (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၂၀ နှစ်)
(၁၁) မာမတ်အီလီယာစ် (ဘ) ဦးမိုဟာမတ်ဆော်ယာဒ် (အသက် ၃၀ နှစ်) -- တို့ဖြစ်ပါသည်။

အာဏာပိုင်များက လူငယ်များကို ပစ်မှတ်ထား၍ မောင်တောမြို့နယ် မြောက်ပိုင်းရှိ လူငယ်များ အထိတ်တလန့် ဖြစ်လျက် ရှိပြီး၊ အောက်တိုဘာလ (၁၁) ရက်နေ့က ငရန့်ချောင်းဈေး ကျေးရွာကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀န်းရံ ပိတ်ဆို့၍ ဒေသခံ ရွာသားများကို ဖမ်းဆီးရန် ကြိုးစား ခဲ့သော်လည်း ဖမ်းဆီး နိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus