ဥပဒေ ဘက်တော်သားများ အတွက် မေးခွန်းပေါင်း များစွာထဲက အချို့
နေဆန်းလွင်
RB News
29.12.2014
ဆယ်ခုနှစ်ပေါင်း များစွာ အမိုးပွင့် ထောင်ထဲမှာ ပညာရေး နိမ့်ပါး၊ အ၀ီစီတွင်းအောက် ရောက်နေတဲ့ လူနေမှု အဆင့်အတန်း၊ ဗဟုသုတ ဆိုတာ ရှာဖွေဖို့ စာအုပ်ဆိုင် ဆိုတာမျိုးတောင် မရှိတဲ့ နယ်မြေမှာ၊ နေ့စဉ် ထမင်းနပ် မှန်အောင် စားဖို့သာ ရုန်းကန် နေရတဲ့သူတွေက ရိုးသားတယ် ဆိုတာဘာလဲ၊ ကောက်ကျစ်ဆိုတာ ဆိုတာဘာလဲ ဝေခွဲဖို့ အချိန်လည်း မရှိ၊ အထူးသဖြင့် ကောက်ကျစ်မှုတွေကို နားမလည်တဲ့သူတွေ။
အဲဒီလို လူတွေ အရူးလုပ်ခံနေရတာ မြင်ရရင် တော်တော်လေး စိတ်မသက်မသာ ဖြစ်ရတယ်။ အမှန်ပြောတော့ အမှားနဲ့ အရိုးထုတ်မယ်ဆိုတဲ့ လူတွေက မခံနိုင်ကြ၊ အမုန်းပွား အမျက်ထွက်နဲ့၊ အဲဒါတွေကို ဂရုစိုက်ပြန်လည်း အမှားတွေထဲ မျောပါသွားမယ့် ရိုးသားတဲ့ လူတွေရဲ့ ကံကြမ္မာ။ အဲဒီတော့ အမှန်အတွက် ကျွန်တော် ဆက်ပြီး အမုန်းခံမယ်။
ခေတ်ကိုက မတရားတဲ့ခေတ်၊ သေနတ်ပစ်ခံရပြီး ဒဏ်ရာပေါင်းများစွာနဲ့ ဆေးကုခွင့်မရတဲ့သူ တစ်ယောက်ကို စာနာမိတယ်လို့ ဆိုရှယ်မီဒီယာပေါ် ရင်ဖွင့်ဖို့ ၀န်လေးကြပေမယ့်၊ နည်းနည်းပါးပါး ဟိုလှုပ် ဒီလှုပ် အဆင့်လောက်က သာမာန် နှာစေးတာမျိုး ဆိုရင်တောင် ဆုတောင်းပေးကြရတာ အမော။ စုပ်ပြတ်နေတဲ့ စက်လှေပေါ်မှာ လနဲ့ချီ ခရီးကြမ်းနှင်နေတဲ့ သူတွေရဲ့ ကံကြမ္မာတွေ ဘယ်လိုရှိနေမလဲ ဆိုတာ အတွေးထဲ နယ်ချဲ့နေတဲ့ သူတွေကတော့ တကယ်တမ်း မြေပြင်မှာ လူးလွန့်နေတဲ့ အမိုးပွင့် အကျဉ်းထောင်ထဲက အကျဉ်းသားများသာ။ ခမ်းနား ထယ်ဝါတဲ့ နောက်ဆုံးပေါ် လေယာဉ်ပျံ ပေါ်တက်မယ့်သူ အတွက် ကောင်းမွန်တဲ့ ခရီးစဉ် ဖြစ်ပါစေလို့ ဆုတောင်းပေးတဲ့ မြို့ကြီးသားများ အများသား။
ဥပဒေက ဘယ်တုန်းကမှ ကာကွယ်ပေး မခံရတဲ့သူတွေကို ဥပဒေ ဘောင်တွင်းကနေ မိမိတို့၏ အခြေခံ လူ့အခွင့်အရေး အတွက် ချီတက်ကြပါစို့လို့ ဖိအားနေတဲ့ ဥပဒေဘက်တော်သား တွေကို မေးစရာ မေးခွန်းတွေ တန်းစီ လာတော့ ကျွန်တော် အမုန်းခံပါ့မယ်။ နေ့စဉ်နဲ့ အမျှ နယ်ခြားစောင့်ရဲတွေက လိုင်စင်ရ ဓါးပြတွေလို ငွေညှစ်နေတာတွေ၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်နေတာတွေကို သိရက်နဲ့ ဒီဥပဒေ ဘက်တော်သားတွေ အသံတုန်တုန်ရင်ရင်နဲ့ ပြောခဲ့တာများ ရှိရဲ့လား? နယ်ခြားစောင့် ရဲတွေက စိတ်မထင်ရင် မထင်သလို သေနတ်နဲ့ ပစ်သတ်ရုံတင်မက လိင်အင်္ဂါတွေပါ ဖြတ်ပစ်ပြီး လူမဆန်စွာ နှိပ်စက်တာတွေကို ဥပဒေ ဘက်တော်သား တွေပြောဖို့ တွေးတောင် တွေးမိကြရဲ့လား? အမျိုးသမီးတွေကို ၀တ်လစ်စလစ်လုပ်ပြီး ကင်းစခန်းတွေမှာ စစ်ဆေးရုံတင်မက မုဒိန်းကျင့်တာတွေကို ဥပဒေ ဘက်တော်သားတွေ သိပါတယ်လို့ အသိအမှတ် ပြုရုံတောင် ပြောဖူးကြရဲ့လား? သေသွားသူရဲ့ အလောင်းကို ဘောလုံးလိုကန်၊ အလောင်းသယ်သူ တွေကို ရိုက်နှက်၊ ဆေးရုံပေါ်မှာ သေဆေးထိုးခံရပြီး သေဆုံး သွားသူ များအတွက် ဥပဒေ ဘက်တော်သားတွေ ဥပဒေဆိုတဲ့ စကားလုံးနဲ့ ကိုင်ပေါက်ခဲ့ရဲ့လား? ဘာသာရေး လွတ်လပ်ခွင့် ပေးထားပါတယ်လို့ အခြေခံ ဥပဒေမှာ အတိအလင်း ပြောထားရက်နဲ့ နေ့ကြီးရက်ကြီး တွေမှာတောင် ၀တ်ပြုခွင့် ဆုံးရှုံးနေတာ နှစ်နဲ့ချီနေပြီ ဖြစ်ပေမယ့် ဥပဒေ ဘက်တော်သားများ ဘက်က ဥပဒေနဲ့ မညီညွတ်တဲ့ ပိတ်ပင်မှုတွေကို ရပ်တန့်ပါလို့ရော တစ်ခွန်းလောက် ပြောဖူးရဲ့လား? ပညာ ဆက်လက် သင်ကြားခွင့် မရတဲ့ ကျောင်းသား/သူတွေ၊ ဆေးကုသခွင့် မရလို့ သေဆုံးသွားသူတွေ အတွက်ရော အလွန်ကို ၀မ်းနည်း ပူဆွေးရပါတယ်လို့ နွေးထွေးတဲ့ စကားလုံးတွေနဲ့တောင် နှစ်သိမ့်ဖူးကြရဲ့လား? မေးရမယ် ဆိုရင်တော့ မေးခွန်းတွေ အများကြီးပဲ။
တကယ်လို့ ကိုယ့်ရဲ့ မိဘ၊ မောင်နှမ၊ သားသမီးတွေက အဖိနှိပ်ခံ တွေဖြစ်နေမယ် ဆိုရင် ဥပဒေ ဘက်တော်သား တွေရဲ့ နှုတ်ခမ်းဖျားက ကာကွယ် မပေးတဲ့ ဥပဒေကို စက္ကန့်နဲ့ အမျှ ရှုတ်ချမှာ ဧကန် မလွဲ သေချာပါ။ သို့ပေမယ့် ကိုယ့်ရဲ့ သွေးရင်း သားရင်းတွေက အဖိနှိပ်ခံတွေ မဟုတ်ဘဲ လွတ်မြောက် နယ်မြေထဲ ရောက်နေလေတော့ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ အတွေးနဲ့ မင်းတို့ကြောင့် ငါတို့ထိုင်ခုံ မလှုပ်စေနဲ့ မူဝါဒကို စွဲကိုင်ပြီး အဖိနှိပ်ခံတွေကို မလှုပ်နဲ့လို့ ဖိအားပေးခြင်းက လူမဆန်သလို ဖြစ်နေမလားလို့ အတွေးပွား ကြည့်မိရဲ့လားလို့ မေးချင်မိပါသေးတယ်။
အဖိနှိပ်ခံတွေ အတွက် တိုက်ပွဲဝင်မယ်လို့ ကတိ အထပ်ထပ်ပေးပြီး ကျုပ်တို့ကို ရွေးချယ်ပါလို့ ပြောခဲ့တဲ့ စကားတွေက ပြောခဲ့တဲ့ နေရာမှာ ကျန်နေခဲ့တယ် ဆိုတာ လှုပ်ရှားမှု အသွင်သဏ္ဍန်နဲ့ ယခုသုံးစွဲနေတဲ့ စကားလုံးများက သက်သေတည် နေပါပြီ။
ကိုယ့်ရဲ့ အမျိုးသားရေး အတွက် လှုပ်ရှားမှုတိုင်းကို လူတိုင်းက ချီးမြှင့် မြှောက်စား ရမယ်လို့ ခံယူတယ်ဆိုရင် လွန်စွာ မှားယွင်းနေတဲ့ အတွေးအခေါ်လို့သာ ဆိုရပါမယ်။ တဖက်က ပြန်တွေးဖို့ လိုတာက တခမ်းတနား ပွဲတွေ တက်ခွင့် ရရေး အတွက် ကိုယ့်ကို နေရာပေးခဲ့သူ တွေရဲ့ ဆန္ဒတွေထဲက ဘယ်နှစ်ခုကို ဖြည့်ဆည်း ပြီးပြီလဲဆိုတာ။ ကိုယ်က ဖြည့်ဆည်း မပေးနိုင်တဲ့ အပြင် ပိုဆိုးနေတဲ့ အခြေအနေကို ရောက်နေတာမို့ ဒါက ရှက်ဖို့ ကောင်းသလား ဆိုတာ မတွေးမိတာကိုက မိမိရဲ့ ညံ့ဖျင်းမှုဆိုတာကို အနည်းဆုံး ကိုယ့်ကိုယ်ကိုတော့ ၀န်ခံဖို့ သင့်နေပြီ။
ပြည်သူတွေ ရွေးချယ်တဲ့ ကိုယ်စားလှယ် ဆိုတာ ပြည်သူ့ဝန်ကို ထမ်းဖို့ဘဲ။ ရွေးချယ်ခံရတဲ့ ကာလ တစ်ခုမှာ ပြည်သူတွေနဲ့ အနီးကပ်ဆုံး နေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အော်လံ တစ်ခုသုံး၊ လွှတ်တော်ထဲအော်ပြီး ဖြည့်ဆည်း ပေးဖို့ မဟုတ်လား။ လုံခြုံရေး မကောင်းလို့ အနားမှာ မနေနိုင်ပေမယ့် ကိုယ့်ရဲ့ လူမျိုးနာမည်ကိုတောင် မထုတ်ဖော်ဝံ့ဘဲ အသံတိတ်လိုက်ရမယ့် တခဏတာ ခရီးစဉ် တစ်ခုကို သမိုင်းဝင် ခရီးစဉ် အဖြစ် နှလုံးသားထဲသွင်း မှတ်တမ်းတင်ပါလို့ လာပြောတော့ ဆွံ့အ နားမကြားလို ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။ ဒီနေရာမှာ ဖြစ်သင့်တာက ပျက်ကွက်မှု အားလုံး အတွက် တောင်းပန်ပါတယ်၊ တခဏတာပေမယ့် ရသမျှ အချိန်မှာ ပြည်သူများကို ဖြည့်ဆည်း ပေးမယ်လို့ ပြောသင့်တာ မဟုတ်လား?
ကိုယ်ကျိုး အတွက်လား၊ ပြည်သူ့ အကျိုးအတွက်လား၊ ကိုယ့်ဟာကိုယ် မေးပါ။ ရင့်ကျက်လာတဲ့ ပြည်သူတွေကတော့ သိပြီးသား၊ ထပ်လိမ်ရင်လည်း အပိုဘဲ။ ၂၀၁၀ နဲ့ မတူတော့တာမို့ အကြံ တစ်ခုတော့ ပေးပါရစေ။ ၄၇ နှစ်အရွယ် ဦးအဒူကရီးမ်က ကြိုဆိုဖို့ စောင့်နေလိမ့်မယ်။ အဲဒီတော့ လုံခြုံရေး များများနဲ့သာ သွားပါ ကိုယ်စားကြီး .. အော် .. မှားလို့ ကိုယ်စားလှယ်ကြီး .. ။
သနားစရာ ကောင်းတာ ရိုးသားတဲ့ ပြည်သူတွေ၊ မျှော်လင့်ချက် များစွာနဲ့၊ တစ်ခုခု ပြောင်းလဲလေမလားလို့ မျှော်လင့်ရင်းနဲ့ အသက်ရှင် နေကြရတာ။ ဒီကြားထဲ လှည့်စားမှု ပေါင်းစုံကို ခံရမယ့် ၂၀၁၅ ထဲကို နောက်နှစ်ရက်ဆို ရောက်ပြီ။ ၂၀၀၈ နဲ့ ၂၀၁၀ တို့က စံနမူနာကောင်း တွေပါ။ အလိမ်မခံနဲ့တော့။ ကိုယ့်အတွက် ဘယ်သူတွေ ဘယ်မှာ ဘယ်လိုအော်သလဲ ဆိုတာလည်း အားလုံး သိသင့်သလောက် သိနေကြပြီ။
ကိုယ့်ရဲ့ ဒုက္ခတစ်ခုကို မျှဝေခံစားပြီး၊ မိမိရဲ့ ရာထူး၊ ဥစ္စာ၊ ဘ၀ကို မတွေးတောဘဲ ကိုယ့်ဘက်က ရပ်တည်ပေးတဲ့ သူသာလျှင် ကိုယ့်ရဲ့ ကိုယ်စားလှယ်လို့ မှတ်ပါ။ ၂၀၁၅ နီးပြီ - နှစ်ကြိမ် အလိမ်ခံခဲ့ ရပေမယ့် သုံးကြိမ်မြောက် အလိမ်ခံရရင် ကိုယ့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါလိမ့်မယ်။