နောက်ဆုံးသတင်း/ဆောင်းပါးများ

မလေးရှားနိုင်ငံတွင် တရားဝင် ရိုဟင်ဂျာ ဒုက္ခသည် လေးသောင်းကျော် ရှိဟုဆို



RB News
30.12.2014

မလေးရှား နိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ တရားဝင် ကိန်းဂဏန်းများ အရ မလေးရှား နိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသည့် ရိုဟင်ဂျာ ဒုက္ခသည် ၄၀၀၇၀ ဦး ရှိသည်ဟု မလေးရှား နိုင်ငံမှ သတင်း တစ်ရပ်က ရေးသား ဖော်ပြ ထားသည်။ မလေးရှား နိုင်ငံတွင် အခြားသော မြန်မာ ဒုက္ခသည်များနှင့် အတူ တရားဝင် မှတ်ပုံတင် ထားသည့် ဒုက္ခသည် ၁၅၀၄၆၀ ရှိသည့် အနက် ရိုဟင်ဂျာ ဒုက္ခသည်မှာ သုံးပုံ နှစ်ပုံ နီးပါး ဖြစ်နေသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံမှ အခြားသော မွတ်စလင်များ၊ ကချင်၊ ချင်း၊ ကရင်နှင့် အခြားသော တိုင်းရင်းသားများလည်း မလေးရှား နိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတွင် မှတ်ပုံတင် ထားကြသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးများကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပြဌာန်းသည့် အချိန်မှ စ၍ နိုင်ငံသား ဖြစ်ခွင့် ငြင်းပယ် ထားသည့် အပြင်၊ အခြေခံ လူ့အခွင့်အရေး များအားလုံး ချိုးဖောက်ခံနေရသည့် အတွက် ၂၀၀၉ ခုနှစ်မှ စ၍ စက်လှေများဖြင့် ထိုင်း၊ မလေးရှားနှင့် အခြားသော နိုင်ငံများသို့ သွားရောက်၍ ခိုလှုံနေကြရသည်။

၂၀၁၂ ခုနှစ် ဇွန်လ နောက်ပိုင်းမှစ၍ အစုလိုက် အပြုံလိုက် စက်လှေများဖြင့် ထွက်ခွာလျက် ရှိရာ နှစ်နှစ်ခန့် အတွင်းတွင် တစ်သိန်းကျော်ခန့် ရှိမည်ဟု ခန့်မှန်းကြသည်။

မလေးရှား နိုင်ငံတွင် တရားဝင် မှတ်ပုံတင် ထားသည့် ရိုဟင်ဂျာ ဒုက္ခသည် လေးသောင်း ကျော်ရှိသည်ဟု ဆိုသော်လည်း အမှန်တကယ် ကိန်းဂဏန်းများ အရ တစ်သိန်း နီးပါးခန့် ရှိမည်ဟု မလေးရှား နိုင်ငံသို့ ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည် တစ်ဦးက RB News သို့ပြောပါသည်။ မလေးရှား နိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးတွင် မှတ်ပုံတင်ရန် အခက်အခဲ ပေါင်းစုံ ရှိနေသည် ဟုလည်း ဆိုသည်။

ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ခက်ခဲလျက် ရှိသည့်အတွက် အများစုမှာ ဒုက္ခများနှင့်သာ ရင်ဆိုင်နေရပြီး၊ လူကုန်ကူးသည့် လူမှောင်ခိုဂိုဏ်းများ၏ ငွေညှစ်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း ဒဏ်များကို ခံစားရကြောင်း ၎င်းက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus