၈-လေးလုံး အရေးတော်ပုံနဲ့ ကျနော်
ယျာတင် (ရိုဟင်းသား)
RB News
8.8.2015
၈-လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ ဘာလိုလိုနဲ့ ၂၇- နှစ်တိုင်ခဲ့လေပြီ။ အဲ့ဒီအချိန်တုန်းမှာ ကျနော်က ပုခက်ကလေးရဲ့ ဝမ်းဗိုက်ထဲမှာပဲ လှဲနေရပြီး ဘာဆိုဘာမှ မသိတဲ့ ၁-နှစ်ကျော် အရွယ်သားလေးပါပဲ။
၈-လေးလုံးနေ့မှာ လမ်းပေါ်က လူထုရဲ့ကြွေးကြော်သံနဲ့အတူ ပုခက်ထဲက ကျနော်လည်း မျက်နှာကိုတင်း လက်ကို ချီလို့ လှုပ်လှုပ်ရွရွ ဖြစ်ခဲ့တယ်လို့ နောင် ၈-လေးလုံး နှစ်ပတ်လည်နေ့ရောက်တိုင်း အမေက ကျနော့်ကို ပြန်ပြောပြဖူးပါတယ်။
ကိုယ်တိုင်မမြင်ဖူးပေမယ့် ၈- လေးလုံး ရဲ့ဖြစ်ရပ်တွေကို ကြားမိတိုင်း အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက် ဖြိုခွင်းလိုက်တဲ့ အာဏာရှင်များအပေါ် ကြက်သီးတွေထ ဒေါသတွေက အလိုလို ဆွလာတတ်တာဟာ ကျနော့် ခန္ဓာကိုယ်ထဲမှာလည်း အာဏာရှင်ကို အမြစ်ဖြတ် ဖြုတ်ချချင်တဲ့ ဆန္ဒတစ်ခု ကိန်းဝပ်နေလို့ပဲ ထင်ပါရဲ့။
ရေဒီယိုကို ငယ်ငယ်ကတည်းက စွဲစွဲမြဲမြဲ နားဆင်တတ်လေတော့ ပုဂ္ဂိုလ်တစ်ချို့ကို အဲ့ရေဒီယို လေလှိုင်းပေါ်ကပဲ ကျနော် ရင်းနှီးလာပါတော့တယ်။ အဲ့ဒီ ပုဂ္ဂိုလ်များဟာ ကျနော့်အတွက် "လေလိုင်းပေါ်က သူရဲကောင်းများ" ဖြစ်လာပါရဲ့။ တကယ်တော့ ထိုပုဂ္ဂိုလ်များဟာ လေလှိုင်းပေါ်မှာသာ သူရဲကောင်းများ မဟုတ်ဘဲ လက်တွေ့နယ်ပယ်မှာလည်း အများရဲ့ အတုယူခြင်းခံရသူ၊ အများရဲ့လေးစားခြင်း ခံရသူ သူရဲကောင်းစစ်စစ်များ ဖြစ်နေပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုမြအေး" စတဲ့ ပုဂ္ဂိုလ်များဟာ အာဏာရှင်များရဲ့ ပုလ္လင်ကို လှုပ်ခါစေခဲ့သူတွေအဖြစ် ကျနော့် ရင်ဘတ်ထဲ နေရာယူလာခဲ့တာ အတော်ကြာခဲ့လေပြီ။ ၈-လေးလုံး အရေးအခင်းမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ကျနော့်အဖေနှင့် သူ့သူငယ်ချင်းအချို့ရဲ့ ပြန်ပြောပြချက်အရ ကျနော် သိလာတဲ့ ပုဂ္ဂိုလ်တစ်ချို့ဟာ ၈-လေးလုံးရဲ့ မရဏလမ်းပေါ်က လင်းလက်လာတဲ့ ကြယ်စင်တွေပါပဲ။ သူတို့ရဲ့ ထူးကဲတဲ့ လှုပ်ရှားဆောင်ရွက်ခဲ့မှုတွေက ကျနော့် နှလုံးသားကို ဒီမိုကရေစီ အလင်းတန်းတွေနဲ့ ထုဆစ်ပေးခဲ့သလို ဖြစ်နေပါတယ်။ ထိုကြယ်စင်များကို ကျနော် သိတတ်စ အရွယ်ကတည်းက အတုယူ အထင်ကြီး လေးစားလာခဲ့တာ ယခုအချိန်အထိဆိုပါတော့။
၈-လေးလုံးအရေးတော်ပုံကြောင့်ပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရေစီးကြောင်း အသက်ဝင်လာတယ်လို့ ဆိုရင် လွန်မယ်မထင်ပါဘူး။ ၈-လေးလုံးမှာ ပါဝင်လှုပ်ရှားခဲ့သူ မှန်သမျှကို အမိမြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူတွေပါလို့ ကျနော့်အနေဖြင့် တင်စားချင်ပါတယ်။ အထူးသဖြင့် ၈-လေးလုံးက ကျောင်းသားကျောင်းသူကြီးတွေဟာ အာဏာရှင်ကို မကြောက်မရွံ့တော်လှန်ရမယ်ဆိုတဲ့ အသိတရားတစ်ခုကို ပြည်သူများအတွက် မွေးထုတ်ပေးနိုင်ခဲ့တာနဲ့အတူ မြန်မာ့နိုင်ငံရေး နယ်ပယ်မှာလည်း ကျောင်းသားများရဲ့ အခန်းကဏ္ဍကို ပိုအသက်ဝင်စေခဲ့ပါတယ်။
Social မီဒီယာတွေ မပေါ်မီကာလမှာ ၈-လေးလုံးရဲ့ နှစ်ပတ်လည်နေ့ ရောက်တိုင်း ကျနော် ရေဒီယိုလေးကို အဖော်ပြုလို့ ၈-လေးလုံးနေ့က အဖြစ်အပျက်များကို လေလှိုင်းပေါ်က နားထောင်ရင်း ခံစားကြည့်ခဲ့ပါတယ်။ အပြစ်ကင်းစင်ပြီး အမိနိုင်ငံတော်ကြီး အေးချမ်းသာယာ တိုးတက်ရေးအတွက် အေးအေးချမ်းချမ်း ဆန္ဒပြခဲ့သူများကို လူစိတ်ကင်းမဲ့တဲ့ အာဏာရှင်များက သူတို့အာဏာ တည်မြဲရေးတစ်ခုကိုသာ ရှေ့ရှုပြီး ရက်ရက်စက်စက် ဖြိုခွင်းလိုက်တာကို သိလာလေလေ အာဏာရှင်အပေါ် ကျနော့် အမုန်းစိတ်ကလည်း တိုးမြှင့်လာလေလေ ဖြစ်လာခဲ့ပါတယ်။ BBC..VOA...RFA...DVB တို့က ထုတ်လွှင့်တတ်တဲ့ "ကမ္ဘာမကြေဘူး" သီချင်းရဲ့အပိုင်းအစများ ကျနော့် နားထဲတိုးဝင်လာတိုင်း အာဏာရှင်ကို မုန်းတဲ့ ကျနော့်အမုန်းတရားကလည်း မြင့်တက်လာပါတော့တယ်။ ပြီးလျှင် ၈-လေးလုံးအရေးတော်ပုံ၌ မိမိအသက်ကို စတေးလိုက်ရတဲ့ အာဇာနည်းများကို ကျနော် အဝေးကနေ၍ အလေးပြုခဲ့ပါတော့တယ်။ တစ်ဆက်တည်း အာဇာနည်များအတွက် ဆုမွန်ကောင်းများစွာ တောင်းပေးပါတော့တယ်။
ယနေ့လို social မီဒီယာ ပေါ်လာတဲ့အချိန်မှာ ၈-လေးလုံးနဲ့ပတ်သက်ပြီး အတော်ကြာ ဝှက်ကွယ်ထားခြင်းခံခဲ့ရတဲ့ အကြောင်းအရာများစွာကို ကျနော် ပို၍ပို၍ သိရှိလာပါတော့တယ်။ ကိုမင်းကိုနိုင်ရေးတဲ့ "နောက်ကြည့်မှန်" စာအုပ်ကို ဖတ်တဲ့အချိန်မှာ ၈-လေးလုံးအရေးတော်ပုံ၌ ကျနော်ကိုယ်တိုင် ပါဝင် လှုပ်ရှားခဲ့သလို ခံစားရပြီး "ကိုမင်းကိုနိုင်" နှင့်အတူ ကျောင်းသားများ၊ ပြည်သူများရဲ့ လှုပ်ရှားခဲ့ပုံများစွာကို သိရှိလာပါတော့တယ်။
ဒီနေ့ ကျရောက်တဲ့ ၈-လေးလုံးရဲ့ ၂၇ နှစ်မြောက် နှစ်ပတ်လည်နေ့မှာတော့ ကျနော်ဟာ အရင် နှစ်ပတ်လည်နေ့က လုပ်ခဲ့သလိုထက် ပိုပြီး ထူးခြားအောင် လုပ်နေပါပြီ။ ရန်ကုန်လိုမြို့ကြီးတွေမှာ ၈-လေးလုံးအရေးတော်ပုံမှ ပေါ်ထွန်းလာတဲ့ ကျောင်းသားခေါင်းဆောင်များ ကျင်းပပြုလုပ်နေတဲ့ ၈-လေးလုံးရဲ့ အောက်မေ့ပွဲ အခမ်းအနားကို ကျနော်သာ သွားတက်နိုင်ခဲ့မယ်ဆိုရင် ဆိုတဲ့အတွေးနဲ့ ကျနော်က မိမိအိမ်မှာ ဆောင်းဘောစ်အကြီးကြီးကိုဖွင့်၊ "ကမ္ဘာမကြေဘူး" သီချင်းကို အားရပါးရ နားဆင်နေပြီးတဲ့နောက် ကျဆုံးလေပြီးတဲ့ အာဇာနည်ကျောင်းသားကျောင်းသူများ၊ ပြည်သူပြည်သားများအား အောက်မေ့ရင်း အလေးပြုလိုက်ပါတယ်။ ပြီးလျှင် အာဏာရှင်များရဲ့နေ့ရက်တွေ အဆုံးသတ်သွားဖို့ မိမိကိုယ်တိုင်လည်း တစ်ထောင့်တစ်နေရာက တတ်နိုင်သမျှ ပါဝင်လှုပ်ရှားနေပါ့မယ်လို့ မိမိကိုယ်မိမိ သစ္စာစကား ဆိုလိုက်ပါတော့တယ်။ ဒီ့အပြင် အမိမြန်မာနိုင်ငံတော်ကြီး အမြန်ဆုံး အေးချမ်းသာယာ တိုးတက်လာပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။
ဒီမိုကရေစီအရေး လှုပ်ရှားနေသူများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြပြီး အမိနိုင်ငံတော်ကြီးရဲ့ အေးချမ်းသာယာတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေ။ အမိမြန်မာနိုင်ငံမှာ လူလူချင်း ညှင်းပန်း နှိပ်စက်မှု၊ နှိမ့်ချခွဲခြားမှုတွေ အမြန်ဆုံး ပပျောက်ပြီး တန်းတူညီမျှတဲ့ ဒီမိုကရေစီ နေ့ရက်များ အမြန်ဆုံး ရောက်ရှိလာဖို့ မျှော်လင့်မိပါကြောင်းပါ။
ကျနော် ရိုဟင်ဂျာသား- ယျာတင်ပါ။