နောက်ဆုံးသတင်း/ဆောင်းပါးများ

နွားပျောက်ဆုံးမှုနှင့် ပတ်သက်၍ နွားပိုင်ရှင်၊ ရောင်းစားသူများနှင့် မဆိုင်သူများပါ ငွေညှစ်ခံရ



MYARF
RB News
25.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ မြင်းလွတ် ကျေးရွာအုပ်စု ဇုမ်ကာရာ ရွာသား တစ်ဦးသည် စက်တင်ဘာလ (၂၁) ရက်နေ့၌ ကုရ်ဘာနီ အီးဒ် နွားရောင်း ပွဲတော်တွင် ရောင်းချရန် ယူလာခဲ့သည့် နွားတစ်ကောင် ပျောက်ဆုံးခဲ့သည်။ ၎င်းနွားကို ကျောက်ပန္ဒူ ကျေးရွာအုပ်စု စေတီပြင် ရွာသားများ ဖြစ်သော (၁) ဦးအဒူလာကိမ် (ဘ) ဦးဟိုင်ဘူလ္လာ (၂) ဦးဇော်ကော်ရီ (ဘ) ဦးမူဆာအလီ (၃) ဦးမာမတ်အာလောမ် (ဘ) ဦးနူရ်မာမတ် (၄) ဦးရှောမ်ရှုအာလောမ် (ဘ) ဦးအာဘူလ်ဟာရှိမ် (၅) ဦးရော်ရှိဒူလ္လာ (ဘ) ဦးလာလ်မျာ တို့က ရရှိခဲ့သည်။ ၎င်းတို့က နွားပိုင်ရှင်ကို ရှာဖွေ၍ နွားကို ပြန်မပေးဘဲ ၎င်းတို့ (၅) ဦးထဲမှ ဦးမာမတ်အာလောမ် (ဘ) ဦးနူရ်မာမတ်ကို ငွေကျပ် ၃ သိန်းဖြင့် ရောင်းချခဲ့သည်။ ဦးမာမတ်အာလောမ်က ထိုနွားကို ၎င်း၏ ယောက္ခမအိမ်တွင် ချည်နှောင် ထားခဲံသည်။ 

နွားရောင်းရသော ငွေကျပ် ၃ သိန်းကို ၎င်းတို့ ၅ ဦးက မျှဝေ စားသုံးခဲ့သည်။ ထို့နောက် အောက်တိုဘာလ (၁၆) ရက်နေ့တွင် နွားပိုင်ရှင် ဖြစ်သူက အဆိုပါ (၅) ဦးအဖွဲ့တို့က နွားရရှိခဲ့သည်ကို သိရှိသွားပြီး ၎င်းတို့ထံ သွားရောက်၍ နွားပြန်ပေးရန် တောင်းခံခဲ့ရာ ၎င်းတို့က နွားပြန် မပေးသောကြောင့် ကျောက်ပန္ဒူရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ လှုပ်ရှား စခန်းသို့ တိုင်တန်းခဲ့သည်။ 

နယ်ခြားစောင့်ရဲ များက နွားရရှိခဲ့သူ (၅) ဦးကို စခန်းသို့ လာရောက်ရန် ခေါ်ခဲ့သော်လည်း လာရောက်ရန် ပျက်ကွက် သဖြင့် အောက်တိုဘာလ (၁၈) ရက်နေ့နှင့် (၁၉) ရက်နေ့ ညများတွင် နယ်ခြားစောင့် ရဲများက ၎င်းတို့၏ နေအိမ်များသို့ သွားရောက်၍ ဖမ်းဆီးရန် ရှာဖွေရာ ဦးရှောမ်ရှုအာလောမ်နှင့် ဦးမာမတ်အာလောမ်တို့ နှစ်ဦးကို ဖမ်းဆီးရမိသော်လည်း ကျန်သုံးဦးကို မတွေ့ရှိခဲ့ပေ။ ဖမ်းဆီးရမိခဲ့သူ နှစ်ဦးထံမှ ငွေကျပ် တစ်သိန်းစီ ညှစ်ယူ၍ နောက်နေ့ နံနက်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း နွားကိုမူ စခန်းတွင် ထိန်းသိမ်းထားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အောက်တိုဘာလ (၁၉) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲ များက ဦးအဒူလာကိမ် (ဘ) ဦးဟိုင်ဘူလ္လာ၏ နေအိမ်သို့ သွားရောက် ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့သဖြင့် ၎င်း၏ (၁၆) နှစ် အရွယ် သမီးပျိုကို လက်ထိပ်ခတ်၍ နယ်ခြားစောင့်ရဲ နှစ်ဦးမှ တစ်ဦးက လက်မောင်းနှစ်ဖက်ကို ဆွဲကိုင်ပြီး၊ နောက်တစ်ဦးက လည်ပင်းကိုကိုင်ကာ ရာဇ၀တ်ကောင် သဖွယ် စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ သုံးနာရီခန့် အကြာတွင် အဆိုပါ မိန်းကလေးကို နေအိမ်သို့ ပြန်လည် ပို့ပေးခဲ့သည်။ 

တိမ်းရှောင်နေသူ များကို မတွေ့ရှိသဖြင့် နွားရောင်းစားခဲ့သည့် လူ (၅) ဦး၏ လုပ်ဖော်ကိုင်ဖက် (၅) ဦးကို အဆိုပါ နွားကိစ္စတွင် ပါဝင် ပတ်သက်နေသည်ဟု လုပ်ကြံ၍ အောက်တိုဘာလ (၁၉) ရက်နေ့ ညတွင် ဖမ်းဆီးပြီး ငွေညှစ်ခဲ့သည်။ 

ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူ များမှာ -- 

(၁) ဦးအီလီယာစ် (ဘ) ဦးဟိုင်ဘူလ္လာ (ညှစ်ခံရငွေကျပ် နှစ်သောင်း)
(၂) ဦးမာမတ်အာလောမ် (ဘ) ဦးကာမာလ် (ညှစ်ခံရငွေကျပ် နှစ်သောင်း)
(၃) ဦးဇီယာဘူရာမန် (ဘ) ဦးအီမာန်ဟူစိန်း (ညှစ်ခံရငွေကျပ် တစ်သိန်း)
(၄) ဦးဆော်လီမူလ္လာ (ဘ) ဦးမာမတ် (ညှစ်ခံရငွေကျပ် တစ်သိန်း) 
(၅) ဦးဆုလ်တာန်အာမတ် (ဘ) ဦးအီဆုဖ် (ညှစ်ခံရငွေကျပ် တစ်သိန်း) -- တို့ဖြစ်သည်။

နွားရောင်းစားသည့် ငါးဦးမှ သုံးဦးကို နယ်ခြားစောင့်ရဲ များက မဖမ်းဆီးနိုင်ခဲ့သော်လည်း မိသားစုများကို ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့သည်။ 

နွားပိုင်ရှင်ထံ နွားကို ပြန်လည် ပေးအပ်ခဲ့သော်လည်း နယ်ခြားစောင့်ရဲ များက ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus