နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော်၊ ဗျူဟာမှူးရွာ အခြေစိုက် စစ်သားများက လုယက်၊ ရိုက်နှက်၊ ငွေညှစ်



RB News
18.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ အောက်ကမ်းပိုင်းကြီးရွာသို့ ဗျူဟာမှူးရွာ အခြေစိုက် တပ်မတော် တပ်ရင်းမှ စစ်သား (၁၀) ဦး ရောက်ရှိလာပြီး လူနေအိမ်များ အတွင်းသို့ ၀င်ရောက်၍ ရိုက်နှက်ခြင်း၊ လုယက်ခြင်းနှင့် ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

MPT ဆင်းမ်ကဒ်သုံး မိုဘိုင်းဖုန်း အများအပြားကိုလည်း အကြောင်းမဲ့ သိမ်းဆည်းသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဆယ်အိမ်မှူး ဖြစ်သူ ဦးဟူဆောင်းအာမတ် (ဘ) ဦးနော်ဇိရ်အာမတ်တို့ ညီအစ်ကို နှစ်ဦးလည်း ရိုက်နှက်ခံရသူများတွင် အပါအ၀င် ဖြစ်ပြီး နှစ်ဦးစလုံးထံမှ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦးက ပြောပါသည်။ 

အလားတူ ယင်းရွာမှ ဒေါ်မာယောနာ (ဘ) ဦးမော်ဟီဘူလာ ထံမှလည်း မိုဘိုင်းဖုန်း သိမ်းယူသည့် အပြင် ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ယခုကဲ့သို့ MPT ဖုန်းများ သိမ်းဆည်းပြီး ငွေညှစ်ခြင်းမှာ အခြားရွာများနှင့် နှိုင်းယှဉ်လျှင် ယခင်က နည်းပါးခဲ့သော်လည်း ဤတစ်ကြိမ်မှာ အဆိုးဝါးဆုံး ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ရိုက်နှက် ငွေညှစ်ခံရသည့် ရွာသားများ အများအပြား ရှိနေပြီ၊ တစ်ဦးချင်း၏ အမည်စာရင်းကို ပြောရန်ပင် အလွန်ရှည်လျား လွန်းနေသည်ဟု ဆိုသည်။ 

“တပ်ရင်းမှူးကတော့ သဘောကောင်းသူ တစ်ဦးပါ။ အခုလို သူ့လက်အောက်ငယ်သားတွေ ကျူးလွန်နေတာကို အမှန်တကယ် မသိတာလား၊ ဒါမှမဟုတ် လွှတ်ထားတာလား ဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်” ဟု အဆိုပါ ဒေသခံက ဆိုသည်။ 

ယနေ့ ဇန်န၀ါရီလ (၁၈) ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် အဆိုပါ စစ်သားများသည် အလယ်သံကျော် ကမ်းခြေ၌ ဈေးကုန်တန်းရွာမှ ဦးဟာရှိမ် (ဘ) ဦးအာမီးရ်ဂုလာလ်က ၎င်း၏ စက်လှေဖြင့် ငါးဖမ်း၍ ငါးများ ယူလာနေစဉ် ငါးများကို လုယက်သည့် အပြင် လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus