နောက်ဆုံးသတင်း/ဆောင်းပါးများ

အရက် အလွန်အကျွံ သောက်၍ ဆိုင်ကယ် မောင်းနေစဉ် စင်္ကြန်ဖြင့် တိုက်မိပြီး စစ်သားတစ်ဦး သေဆုံး



MYARF
RB News
19.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အထက်တန်းကျောင်း အခြေစိုက် တပ်ရင်း (၅၃၅) မှ စစ်သား နှစ်ဦးသည် ယူနီဖောင်း မ၀တ်ဘဲ အရပ်ဝတ်ဖြင့် ဇန်န၀ါရီလ (၁၈) ရက်နေ့ ညနေ နေ၀င်ချိန်ခန့်တွင် ဆိုင်ကယ် တစ်စီးဖြင့် (၃) မိုင်ရှိ အရက်ဆိုင်သို့ သွားရောက်၍ အရက် အလွန်အကျွံ သောက်သုံးပြီး ည (၈) နာရီခန့်တွင် ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မောင်းနှင်၍ တပ်ရင်းသို့ ပြန်နေစဉ် မြို့မ ကညင်တန်း ကျေးရွာအုပ်စု ဆီတိလ္လာရွာရှိ AZG (MSF) ရုံးအနီးသို့ ရောက်သောအခါ ဆိုင်ကယ်၏ အရှိန်ကို မထိန်းနိုင်ဘဲ လမ်းဘေး စင်္ကြန်နှင့် တိုက်မိခဲ့သည်။ ဆိုင်ကယ် မောင်းနှင်သူ သတိလစ် သွားခဲ့သည်။ 

ဆိုင်ကယ်တိုက်မိပြီး သုံးမိနစ်ခန့် အကြာတွင် ညကင်းလှည့်နေသည့် မောင်တော မြို့မ ရဲစခန်းမှ နယ်ထိန်း အဖွဲ့ရောက်ရှိ လာခဲ့သည်။ နယ်ထိန်းရဲ အဖွဲ့က ဆိုင်ကယ် တိုက်မိသည့် စစ်သားများကို မြင်သည့် အခါ ချက်ချင်း ဆေးရုံသို့ မပို့ဘဲ အဖက်ဖက်မှ ဓါတ်ပုံရိုက်ခြင်း၊ ၎င်းတို့ နှစ်ဦး မည်သည့်ရွာမှ ဖြစ်ကြောင်း၊ ဆိုင်ကယ် နောက်မှ စီးသူ စစ်သားအား ဖြစ်ပျက်ပုံ အားလုံး မေးမြန်းခြင်း စသည်များ ပြုလုပ်၍ အချိန်တစ်နာရီခန့် ဖြုန်းခဲ့သည်။ ည ၉ နာရီခန့်တွင် ဆိုင်ကယ် မောင်းနှင်သူ စစ်သား၏ အခြေအနေ ဆိုးရွားလာသည်ကို မြင်၍ ယာဉ်ထိန်းရဲ များကို ခေါ်၍ အပ်နှံခဲ့သည်။ 

ယာဉ်ထိန်းရဲများက စစ်သာ၏ အခြေအနေ ဆိုးရွားလာသည်ကို မြင်၍ ချက်ချင်း ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် တပ်မတော် တပ်ရင်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့သည်။ ဆေးရုံသို့ ရောက်သည်နှင့် သတိလစ်နေသည့် စစ်သား သေဆုံးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

တပ်ရင်းမှ တာဝန်ရှိသူများက စစ်သားနှစ်ဦး ဆိုင်ကယ် တိုက်မိသော နေရာသို့ ရောက်ရှိလာပြီး စုံစမ်းမေးမြန်းရန် လူမတွေ့သဖြင့် ဆိုင်ကယ် တိုက်မိသည့် နေရာကိုသာ ကြည့်ကာ တပ်ရင်းသို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။ ည (၁၀) နာရီခန့် အချိန်တွင် တပ်ရင်းမှူး ဗိုလ်မှူး သူရိန်စိုးနှင့် အဖွဲ့သည် ထိုနေရာသို့ သွားရောက် ကြည့်ရှု၍ ဘူးသီးတောင် မြို့နယ်ရှိ စစ်ဗျူဟာရုံးသို့ သွားခဲ့သည်။ ည (၁၁) နာရီကျော် အချိန်တွင် ဗျူဟာမှူးနှင့် အဖွဲ့ ရောက်ရှိလာပြီး ဆိုင်ကယ် တိုက်မိသည့် နေရာကို စစ်ဆေး ကြည့်ရှုခဲ့သည်။ 

နယ်ထိန်းရဲများက ဆိုင်ကယ် တိုက်မိသော စစ်သားများကို မြင်မြင်ချင်း ဆေးရုံသို့ ပို့ကာ ဆေးကုသမှု ခံယူစေပြီး သတိပြန်ရလာမှ အခြေအနေကို မေးမြန်းနိုင်သော်လည်း ဆေးရုံသို့ မပို့ဘဲ အခြေအနေကို မေးမြန်းခြင်းဖြင့် တစ်နာရီကြာ အချိန်ဖြုန်းခဲ့သောကြောင့် မသေသင့်ဘဲ သေရသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

Comment ရေးရန်

Rohingya Exodus