နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆိုင်ကယ်ထဲသို့ WY ဆေးပြားများ ထည့်၍ ဒေသခံနှစ်ဦးကို လုပ်ကြံ၍ ဖမ်းဆီး



MYARF
RB News
6.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း စံကားပြင်း ကျေးရွာမှ ဦးအာဘူတော်ယုဖ် (ဘ) ဦးရှောမ်ရှု (အသက် ၃၂ နှစ်) နှင့် ဦးကူရှိတ်အာလောမ် (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၂၈ နှစ်) တို့သည် ဖေဖော်ဝါရီလ (၁) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ကြိမ်ချောင်းဈေးမှ ဈေးဝယ်ပြီး အိမ်ပြန်စေဉ် ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ကြိမ်ချောင်း ရဲစခန်း) မှ ဂိတ်ဝတွင် အစောင့်ကျနေသည့် နယ်ခြားစောင့်ရဲ၏ ခိုင်းစေချက်အရ ကြိမ်ချောင်း အလယ်ရွာမှ သတင်းပေး နူရ်ဂျူဟာရ် (ခ) မော်ရစ္ချာ (ဘ) ဦးအဒူဂေါဖ်ဖာရ်က ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် တစ်ထောင်စီ ပေးရမည်ဟု ဆိုက ငွေကျပ် တစ်ထောင် တောင်ခံခဲ့သည်။ 

ဆိုင်ကယ် ပိုင်ရှင် ဦးအာဘူတော်ယုဖ်က အဘယ်ကြောင့် ငွေကျပ် တစ်ထောင် ပေးရမည်နည်းဟု ဆိုကာ ငွေပေးရန် ငြင်းဆန်ခဲ့သည်။ သို့ဖြစ်၍ နယ်ခြားစောင့်ရဲ၏ ရှေ့မှောက်တွင် နှစ်ဦး အပြန်အလှန် စကားများခဲ့သည်။ စကားများ နေစဉ် နူရ်ဂျူဟာရ်က အသင့်ပြင်ထားသော WY ဆေးပြား ၂၀ လုံးကို ဦးအာဘူတော်ယုဖ်၏ ဆိုင်ကယ်ထဲသို့ ထည့်ပေးခဲ့သည်။ 

သတင်းပေး နူရ်ဂျူဟာရ်က WY များထည့်ပေးပြီးသည်နှင့် နယ်ခြားစောင့်ရဲက ဦးအာဘူတော်ယုဖ်၏ ဆိုင်ကယ်ကို စစ်ဆေးမည်ဟု ဆိုကာ စစ်ဆေးရာတွင် နူရ်ဂျူဟာရ် ထည့်ထားသည့် WY ဆေးပြားများကို တွေ့ရှိ၍ ဦးအာဘူတော်ယုဖ်နှင့် ဦးကူရှိတ်အာလောမ် တို့နှစ်ဦးလုံးကို ဖမ်းဆီး ချုပ်နှောင်ခဲ့သည်။ ဖမ်းဆီးခံရသည့် အပြစ်မဲ့ နှစ်ဦးက အဆိုပါ ဆေးပြားများမှာ နူရ်ဂျူဟာရ် ထည့်ပေးထားသည့် ဆေးပြားများသာ ဖြစ်ကြောင်း ၎င်းတို့၏ ဆေးပြားများ မဟုတ်ကြောင်း အကြိမ်ကြိမ် ငြင်းဆိုသော်လည်း နယ်ခြားစောင့်ရဲက နားမထောင်ဘဲ ၎င်းတို့ကို ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ၎င်းတို့ နှစ်ဦးထံမှ ငွေကျပ် သိန်း ၅၀ တောင်းခံခဲ့သည်။ ၎င်းတို့က အပြစ်မဲ့များ ဖြစ်သောကြောင့် ငွေပေးရန် ငြင်းဆန်ခဲ့သည်။ 

ထိုစဉ် လိပ်ရကျေးရွာ အခြေစိုက် အမှတ် (၄) နယ်မြေ စခန်းမှ ရဲမှူး (နယ်မြေမှူး) ရောက်ရှိလာပြီး၊ ဖမ်းဆီးခံထားရသူ နှစ်ဦးနှင့် ပတ်သက်၍ မေးမြန်းရာ WY နှင့် ဖမ်းဆီးခဲ့သည်ဟု ဖြေဆိုခဲ့သည်။ ထို့နောက် ရဲမှူးက ငွေညှစ်၍ ပြန်လည် လွှတ်မပေးရန်၊ အမှုဖွင့်၍ တရားရုံးသို့ ပို့ရန် အမိန့်ပေးခဲ့သည်။ ထို့ကြောင့် နယ်ခြားစောင့်ရဲ များက ငွေညှစ်၍ ပြန်မလွှတ်နိုင်တော့ဘဲ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် မောင်တော တရားရုံးသို့ ပို့ကာ ထိုမှ တဆင့် ဘူးသီးတောင် အကျဉ်းထောင် ခြံဝင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အချုပ်ခန်းသို့ ပို့ဆောင် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus