နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗျူဟာမှူး၏ ခွင့်ပြုချက်ဖြင့် တဖက်နိုင်ငံသို့ ဆေးကုရန် သွားသည့် သားအမိကို ဖမ်းဆီး၍ ငွေညှစ်ရန် ကြိုးစား



MYARF
RB News
12.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာအုပ်စု၊ အလယ်ရွာမှ မူဂျိဖ် (ဘ) ဦးဝါရဲစ်မျာနှင့် ၎င်း၏ မိခင်တို့သည် မတ်လ လဆန်းပိုင်းတွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ အမှတ် (၁) နည်းဗျူဟာမှူး ထံမှ ခွင့်ပြုချက် ရယူပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဆေးကုသရန် သွားရောက်ခဲ့သည်။ 

မတ်လ (၅) ရက်နေ့တွင် မူဂျိဖ်နှင့် မိခင်တို့သည် ဘင်္ဂလားဒေ့ရှ်မှ ဆေးကုသမှု ခံယူပြီး တောင်ပြိုလမ်းမှ တစ်ဆင့် နေရပ်သို့ ပြန်လာနေသည်ကို ကြိမ်ချောင်း အလယ်ရွာမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ သတင်းပေး နူရ်ဂျူဟာရ် (ခ) မော်ရိစ်ချာ ကြားသိသွားပြီး ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ရဲစခန်းမှ) နယ်ခြားစောင့်ရဲ များကို ခေါ်ယူ၍ သူရိုင်း ရခိုင်ရွာတွင် စောင့်ဆိုင်း၍ မူဂျိဖ်နှင့် မိခင်တို့ကို စစ်ဆေးခဲ့သည်။

ဆရာဝန်က ပေးသည့် ဆေးစာနှင့် သောက်ဆေးများကို တွေ့ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု ဆိုကာ သားအမိနှစ်ဦးလုံးကို ဖမ်းဆီးခဲ့သည်။ ဗျူဟာမှူး၏ ခွင့်ပြုချက်ဖြင့် သွားရောက်ခဲ့သည်ဟု ပြောကြားသော်လည်း နယ်ခြားစောင့်ရဲများနှင့် ၎င်းတို့၏ သတင်းပေး တို့က နားမထောင်ဘဲ ငွေကျပ် (၆) သိန်း တောင်းခံခဲ့သည်။ 

ထို့နောက် မူဂျိဖ်က မိသားစုထံ သတင်းပို့ခဲ့သည်။ မိသားစုက ဗျူဟာမှူးထံ ဖုန်းဆက်၍ အကြောင်းကြားခဲ့သည်။ ဗျူဟာမှူးက ကြိမ်ချောင်း တာဝန်ကျ သတင်းတပ်ဖွဲ့ (SB) ကို ဖုန်းဆက်၍ စေလွှတ်ကာ ဖြေရှင်းပေးခဲ့ရသည်။ သတင်းတပ်ဖွဲ့က ဗျူဟာမှူး၏ ခိုင်းစေချက်အရ လာရောက်ရသည်ဟု ပြောသည်ကိုပင် မယုံကြည်သော သတင်းပေး နူရ်ဂျူဟာရ်ကို သတင်းတပ်ဖွဲ့မှ ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus