နောက်ဆုံးသတင်း/ဆောင်းပါးများ

ငြိမ်းချမ်းရေးနှင့် ယနေ့နိုင်ငံရေး အခင်းအကျင်း

ဦးကျော်မင်း
RB News
1.5.2016

ယနေ့ ပြည်သူ အားလုံး ပြည်တွင်း ငြိမ်းချမ်းရေးကို တောင်းတ မျှော်လင့်လျက် ရှိသည်။ ငြိမ်းချမ်းရေး ရရှိရေး၏ အခြေခံ လိုအပ်ချက်မှာ မျှတရေး၊ ညီမျှရေး၊ လူလူချင်း၊ လူမျိုးစုအချင်းချင်း ခေါင်းပုံဖြတ်မှု ကင်းရှင်းရေး၊ လူမှုဘဝ ဆက်ဆံရေး လျော်ကန် သင့်မြတ်ရေးတိုင်း အပေါ် မူတည် ပါသည်။ ခွဲခြား ဆက်ဆံရေးကို ကမ္ဘာ့ပညာရှင်များ၊ နိုင်ငံရေး ခေါင်းဆောင် အတော် များများ က ပပျောက်စေလိုသည်။ သို့တိုင်ကမ္ဘာမှာ ခွဲခြားဆက်ဆံမှု ပပျောက်ခြင်း မရှိ သေးပါ။ သို့ဖြစ်ပါ၍ မတ်လ (၂၁)ရက်နေ့ကို ကမ္ဘာ့ ကုလသမဂ္ဂက လူနည်းစုများ ခွဲခြားဆက်ဆံမှု ကင်းရှင်းရေးနေ့ အဖြစ် သတ်မှတ်ပြီး အခမ်းအနားများ၊ ဟောပြောပွဲများကို ကမ္ဘာ့မြို့ကြီး အတော်များများတွင် ကျင်းပပြုလုပ်လျက် ရှိပါသည်။

မကြာသေးခင်က တိုင်းရင်းသားပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် (အမတ်) များနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “ ပြည်ထောင်စုနယ်မြေအတွင်း တစ်လက်မမျှ မကျန် အားလုံးငြိမ်းချမ်းအောင် လုပ်ရမည် ”ဟု မိန့်ဆိုထားကြောင်းတွေ့ရသည်။ ပြည်သူများက ဝမ်းသာအားရ ကြိုဆိုပါသည်။ တခြားသော အချိန်အခါတွင် “ နိုင်ငံသားအားလုံး တူညီမျှတသော အခွင့်အရေး အခွင့်အလန်းရစေရမည်။ နိုင်ငံသားအားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ လုံခြုံမှု ရှိသော စနစ်သို့ ဦးတည်သွားမည်။…” စသည်ဖြင့် မိန့်ဆိုခဲ့ခြင်းများလည်း ရှိပေသည်။

၎င်းသည် ဝမ်းသာစရာ၊ ကြိုဆိုစရာ၊ ဂုဏ်ပြုသြဘာပေးစရာ ဖြစ်ပါသည်။ တကယ်လည်း ပြည်သူအားလုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် အားကိုးမှုအပြည့်ရှိ၍ သုံးကြိမ်၊ သုံးခါ အကြပ်အတည်း၊ အခက်အခဲ၊ ဟန့်တားပိတ်ဆို့မှုအရပ်ရပ်ကို ရင်ဆိုင်ကျော်လွှားပြီး နိုင်ငံ အုပ်ချုပ်နိုင်ရေးအတွက် ဆန္ဒမဲကို တစ်ခဲနက် အလုံးအခဲနှင့် ပေးခဲ့ခြင်းဖြစ်သည်။ ပြည်သူများသည် ရှင်းလင်းပြတ်သားစွာ အားကြိုးမာန်တက်၊ စွန့်စွန့်စားစား မဲထည့်တာဝန်ကျေခဲ့ခြင်း၏ အဓိက ရည်မှန်းချက်မှာ ငြိမ်းချမ်းပြီးဒီမိုကရေစီ အနစ်သာရနှင့် လျှော်ညီသော နိုင်ငံတော်ကြီး တည်ဆောက်ပေးနိုင်မည်ဟု ယုံကြည်၍ဖြစ်သည်။ ယခု ပြည့်သူ့ယုံကြည်ချက်၊ လိုလား တောင်းတချက်ကို ဖြည့်ဆည်းပေးရန် တာဝန်မှာ NLDနှင့် ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ တည်မှီ နေသည်။

နိုင်ငံကို နှစ်ပေါင်းငါးဆယ်ကျော် အုပ်ချုပ်ပြီး ကမ္ဘာမှာအဆင်းရဲဆုံး နိုင်ငံအဆင့်သို့ တွန်းပို့သော လူတန်းစားက ယနေ့အချိန်အထိ အပြောင်းအလဲကို ဟန့်တား၊ ကန့်လန့်နေသည်ကို ပြည်သူများ သိရှိပါသည်။ မတော်လောဘသားများ၏ မတရားအားထုတ်နေမှုကို ပြည်သူများက တွန်းလှန်နိုင်စွမ်း ရှိပါသည်။

ယနေ့ပြည်တွင်းလက်နက်ကိုင် ပဋ္ဋိပက္ခနေရာ အတော်များများတွင် အထူးသဖြင့် တိုင်းရင်းသား နယ်မြေများတွင် ရှိနေပါသည်။ လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဆယ်ကျော်ရှိပြီး အဖွဲ့ရှစ်ဖွဲ့မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် NCR ကို လက်မှတ်ထိုးထားပြီးဖြစ်ကြောင်း သိရသည်။ ကျန်သော လက်နက်ကိုင်အဖွဲ့ တစ်ဝက်ကျော် ငြိမ်းချမ်းရေးသဘောတူညီချက် မယူသော် တစ်နိုင်ငံလုံးငြိမ်းချမ်းပါ့မလား စဉ်းစားစရာဖြစ်သည်။ အင်အားမရှိသော လက်နက်ကိုင်အဖွဲ့များဟု ယနေ့အစိုးရမှ ထုတ်ဖေါ်ပြောဆိုသော်လည်း နောင်တစ်ချိန် အင်အားကြီးထွားမလာနိုင်ဟု မပြောနိုင်ပါ။ တစ်လက်မ မကျန် ငြိမ်းချမ်းရေးရအောင် ပြုလုပ်ရေးမှာ ဧကန်အခက်အခဲ ရှိပေမည်။

၁၉၆၂ ခု မတိုင်မီက လက်နက်ကိုင်ပုန်ကန်သော အဖွဲ့အစည်းမှာ သုံးလေးခုသာ ရှိပါသည်။ ယနေ့အခါ မှိုလိုပေါများလာခြင်းကို စဉ်းစားစရာပါ။ အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ ခွဲခြားဆက်ဆံမှု၊ တရားဥပဒေအတိုင်း အုပ်ချုပ်ခြင်းမရှိဘဲ၊ အာဏာပိုင်များက မိမိတို့ ဆန္ဒအတိုင်း ပေါ်လစီ များချမှတ် အုပ်ချုပ်ခြင်း၊ ပြည်သူ့ဆန္ဒကို အရေးမစိုက်ခြင်းများကြောင့် အစိုးရ ဆန့်ကျင်လိုသူ လက်နက်ကိုင်အဖွဲ့ အသစ်များပေါ်လာခြင်း ဖြစ်သည်။ တချို့နေရာတွင် တရားမဝင် ကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကားပြီး စီးပွားရေး လျင်မြန်စွာတိုးတက်လာနိုင်ခြင်းကြောင့်လည်း လက်နက်ကိုင် အင်အား စုဆောင်းခြင်းများလည်း တွေ့ရပါသည်။

တိုင်းပြည်မှာ မတည်ငြိမ်မှုများ ဖြစ်လာခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ပြောသလို တရားဥပဒေစိုးမိုးမှုမရှိ၍ ဖြစ်ပါသည်။ အားလုံးသည် တရားဥပဒေကို လေးစားလိုက်နာပါက တိုင်းပြည်တွင် ဆူပူသောင်းကျန်းမှုရှိရန် မရှိပါ။ တရားဥပဒေကို ဘေးချိတ်ပြီး အာဏာရှိသူများ၊ တရားဥပဒေအသက်ဝင်အောင်လုပ်ရမည့် အဖွဲ့အစည်းများက မိမိဆန္ဒအလျောက် ပေါ်လစီများ အမိန့်ညွှန်ကြားချက်များဖြင့် တိုင်းပြည်အုပ်ချုပ်လာ၍ မညီမျှမှု၊ ခွဲခြားဆက်ဆံမှု၊ အခွင့်အလန်းမဲ့မှုများ ပေါ်လာရာမှု သောင်းကျန်းမှုသစ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။

လက်ရှိနိုင်ငံတွင်းရှိသော ဥပဒေများအားလုံး တရားမျှတသည်ဟု မဆိုနိုင်၊ ဆိုရှယ်လစ် တစ်ပါတီစနစ်နှင့် စစ်အစိုးရ ခေတ်များတွင် ပြဋ္ဌာန်းသော ဥပဒေအချို့သည် ခေတ်နှင့်မလျော်ညီ၊ တဘက်သတ်ဖြစ်နေသည်။ ထိုဥပဒေများကိုပင် နာခံလိုက်ခဲ့လျှင်၊ ဥပဒေနှင့်အညီ ကျင့်သုံးခဲ့လျှင်ပင် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းရင်းသားများအရေး ဤမျှဆိုးရွားမည်မဟုတ်။ တချို့က ဘာဆိုးရွားလို့လဲဟုမေးမည်။ မဆိုးရွားလျှင် ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်ရန် မရှိ၊ အဆင်းရဲဆုံးနိုင်ငံ LDC ဖြစ်ရန်မရှိပါ။ ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံများထက်ပင် တိုင်းပြည်၏ ပျမ်းမျှတဦးကျဝင်ငွေ နိမ့်ကျနေပေသည်။

ယနေ့လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးသည်ဟု ဆိုသော်လည်း အချို့ဒေသများတွင် အဓိကဝင်ငွေကောင်းသော စီးပွားရေးလုပ်ငန်းများကို လူတစ်ဦး (ဝါ) တစ်စုအား အခွင့်ထူးခံလုပ်ပိုင်ခွင့်လိုင်စင်များ ပေးထား၍ ပြည်သူများက အဆမတန် ခေါင်းပုံဖြတ်ခံနေရမှုများ ရှိပါသည်။ တပ်မှသိမ်းသောလယ်မြေတချို့ နယ်မြေဒေသတွင် ဌာနဆိုင်ရာ အသုံးချမှုအတွက် မဟုတ်ဘဲ လယ်မြေသိမ်းယူမှုများ ရှိနေပေသည်။ ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများ ချိုးဖောက်ခံနေရကြောင်းများကို သုံးဆယ့်တစ်ကြိမ်မြောက် ကမ္ဘာ့ကုလသမ္မဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် ယခု၌ ကုလသမ္မဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်ကလည်းကောင်း၊ UPR ခေါ် Universal Periodicsal Report တင်ပြသောာ ပြည်တွင်းမှ civil society organization များက တင်ပြသော အစီရင်ခံစာတွင်လည်းကောင်း ဖတ်ရှုတွေ့ရှိရပါသည်။

လက်ရှိ ဦးသိန်းစိန်အစိုးရ၏ တင်ပြရှင်းလင်းချက်တွင်မူ အားလုံးမှန်ကန်ပါသည်၊ လူ့အခွင့်အရေး ချိုးဖောက်မှုမရှိ တိုးတက်လာနေသည်ဟုသာ ပါရှိသည်။ ၎င်းသည် လက်တွေ့ဘဝနှင့် မကိုက်ပါ။ ကွဲလွဲနေသည်။ အာဏာရှိသူများက ပြည်သူကို ထင်သလို အနိုင်ကျင့်နေသည်။ သို့ဖြစ်ပါ၍ စစ်မှန်သောဒီမိုကရေစီစနစ်ဖော်ဆောင်မည်၊ လူထုဆန္ဒကို နားထောင်မည်၊ ပြည်သူပေးသော တာဝန်ကို ကျေပြွန်မည်ဆိုသော မကြာခင်အာဏာရယူမည့် အစိုးရတွင် ကြီးလေးသောတာဝန် ရှိပါသည်။ တရားဥပဒေစိုးမိုးရေးကို အလေးထားရမည်။

ယခင်ခေတ်က အာဏာပိုင်များ၊ ဥပဒေမဲ့မတရားပြုကျင့်သည်ကို ပြည်သူများက တိုင်ကြားလျှင် တိုင်ကြားသူကို ပြန်၍အရေးယူသည်။ ယခု စစ်မှန်သော ဒီမိုကရေစီ ဖေါ်ဆောင်မည်ဟု ဆိုလျှင် တိုင်တန်းမှုများကို စနစ်တကျ စီစစ်ပြီး အမှန်အတိုင်း အရေးယူမှုရှိမှ တရားဥပဒေစိုးမိုးရေး ရရှိနိုင်မည်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံလွတ်လပ်ရေး ရယူပေးခဲ့သကဲ့သို့ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းသော၊ တရားဥပဒေစိုးမိုးမှုရှိသော၊ နိုင်ငံသားအားလုံး တူညီမျှတသော အခွင့်အရေးရရှိခွင့်ရှိသော နိုင်ငံတော်ကို တည်ဆောက်ပေးမည်ဟု ပြည်သူများက လေးနက်စွာ ယုံကြည်နေသည်မှာ အမှန်ပင်ဖြစ်သည်။ တိုင်းရင်းသားများနယ်မြေတွင် ပြည်တွင်းလက်နက်ကိုင်ပဋ္ဋိပက္ခကို လုံးဝ ချုပ်ငြိမ်းစေလိုသည်။

တိုင်းပြည်တွင် မတူညီသော လူမျိုးစုကြားမှာ ပဋ္ဋိပက္ခဖြစ်နေလျှင် တာဝန်ယူ ဖြေရှင်းပေးရမည့်အပြင်၊ လက်နက်ကိုင်ပုန်ကန်မှုမရှိသောလူမျိုးစုငယ် ရာကျော်ရှိနေရာ ထိုလူမျိုးစုများ၏ အခွင့်အရေးကိုလည်း အာမခံချက်ပေးရမည်။ ကာကွယ်ပေးရမည်။ ၎င်းသည် အစိုးရသစ်၏ တာဝန်ဖြစ်ပေမည်။ လူမျိုးစုငယ်များက တန်းတူရည်တူအခွင့်အရေးရရှိရေး အစီအမံသည် လက်တွေ့နိုင်ငံတော် အုပ်ချုပ်ရေးတွင် အသက်ဝင်ရန် လိုအပ်နေပေသည်။ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်လည်း လူနည်းစုများရှိပါသည်။ ထိုလူမျိုးစု အတွက် အုပ်ချုပ်ရေးယန္တရားများအရ (institutional) အာမခံချက်၊ ဌာနဆိုင်ရာဖွဲ့စည်းပုံတွင် (structural balance and fairness) လူအင်အားဖြည့်ဆည်းတာဝန်ပေးမှုများရှိရန် လိုပေသည်။ ဥပမာ “ရှမ်းပြည်နယ်သည် ရှမ်းလူမျိုးအတွက်သာ၊ ရခိုင်ပြည်နယ်သည် ရခိုင်လူမျိုးအတွက်သာ” ဆိုသည့်ခံယူချက်မျိုးဝင်လာသည်ကို တွေ့နေရသည်။ လူမျိုးအခြေခံသော ပြည်နယ်ဟု ပြောဆိုနေသည်။ ပြည်နယ်အတွင်းရှိ အခြားလူနည်းစုများအခွင့်အလန်းမဲ့ ဖြစ်နေမည်ကို ပြည်ထောင်စုအစိုးရက အမြဲသတိထားရှိနေရမည်။ လူမျိုးစုများကြား ဆက်ဆံရေးတွင် တဘက်စောင်းနင်းဖြစ်ခြင်း၊ ဘက်လိုက်ခြင်းမျိုး မရှိသင့်ပါ။ ပြည်ထောင်စုအစိုးရမှ အမြဲမျှတမှု ရှိစေရန် စောင့်ကြည့်နေရမည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုသည် ပြည်နယ်များအတွင်း လူနည်းစုငယ်များကို ညဉ်းဆဲခြင်းမျီုး မဖြစ်နိုင်ရေးသည် ပြည်ထောင်စုအစိုးရ၏ တာဝန် ဖြစ်ရပေမည်။ ထို့အဖြစ်မျိုးအတွက် လက်ရှိဖွဲ့စည်းပုံမှာ သိသာမြင်သာသော ပြဋ္ဌာန်းချက်များ မတွေ့ရှိရပေ။

ယခုတက်လာမည့် ဒီမိုကရေစီအစိုးရသစ်ပေါ်တွင် ပြည်သူများက ယုံကြည်ချက် အပြည့်အဝ ထားရှိပါသည်။ နိုင်ငံတွင်း ဘာသာရေး၊ လူမျိုးရေးကို အခြေခံသော နိုင်ငံရေး အတွေးအမြင် political culture ကို ခဝါချပြီး ပြည်သူကိုအခြေခံ၊ နိုင်ငံသားကိုအခြေခံသော နိုင်ငံချစ်စိတ် national spirit ပေါ်ထွန်းလာရေးကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါသည်။ နိုင်ငံအတွင်းရှိ ပြည်သူများ လူမျိုး၊ ဘာသာမခွဲခြားဘဲ နိုင်ငံသား အားလုံး တန်းတူအခွင့်အရေးခံစားခွင့် ရရှိနိုင်အောင် နိုင်ငံရေးပတ်ဝန်းကျင် တည်ဆောက်သွားမည်ဟု ယုံကြည်ပါသည်။ ခရစ်ယန်ဖြစ်၍ နိုင်ငံတော်သမ္မတ မဖြစ်သင့် ဟူသောအယူအဆမျိုးကို နိုင်ငံတော်က အကာအကွယ်မပေးသင့်ပါ။ လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေစီအစိုးရသည် အထက်ပါလူမျိုးစုတိုင်း၏ ဘဝအာမခံချက်လုံခြုံမှုကို အမြဲအလေးထားခဲ့သော သာဓကများ ရှိပေသည်။ ထိုခေတ်ပြည်သူ အရပ်သားအစိုးရက kumington တရုတ်ဖြူသောင်းကျန်းသူများကို နှိမ်နှင့်ရှင်းလင်းနိုင်ခဲ့သည်။ စစ်အစိုးရက တာဝန်ယူဖြေရှင်းခဲ့ခြင်းမဟုတ်၊ လက်နက်ပုန်ကန်မှုရှိ၍ စစ်အစိုးရကသာ အုပ်ချုပ်ရမည်ဟူသော အယူအဆမမှန်ကန်ကြောင်း လက်တွေ့သာဓက ဖြစ်ပါသည်။

ယနေ့ လူမျိုးရေးဋ္ဋိပက္ခဖြစ်နေသော ဒေသများရှိနေသည်။ ၎င်းသည် အစိုးရ၏ မြှောက်ပင့်ပေးမှု၊ အားပေးမှုကြောင့် ဖြစ်လာခြင်းဖြစ်သည်။ ပဋ္ဋိပက္ခတွင်းပင် တဘက်သတ် အားပေးနေမှုများကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲမနေနိုင်ဟု တစ်ဖက်သော လူမျိုးစုမှ ငြင်းဆန်နေခြင်းဖြစ်သည်။ ၂၀၁၂ ခု မတိုင်ခင် လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ခြောက်ဆယ်ကျော် အဘယ်ကြောင့် ရွာချင်းဆက်၊ အိမ်ချင်းကပ်၊ လုပ်ငန်းချင်းပေါင်းစပ်လျက် နေထိုင်ခဲ့သနည်း။ ပယောဂတစ်ခုကြောင့် ယခုအခါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲမနေနိုင်ဟု ပြောဆိုနေခြင်းဖြစ်သည်။

ဒေသတစ်ခု တိုင်းပြည်တစ်ခု တိုးတက်လျှင် ပဋ္ဋိပက္ခဟူသည်ကား တဖြည်းဖြည်း ပပျောက်သွားပေမည်။ စီးပွားရေး၊ လူမှုရေးတိုးတက်ရန် တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှု၊ လူမျိုးစုအားလုံး၏ ရုပ်ပိုင်းစိတ်ပိုင်း လုံခြုံမှု၊ တန်းတူညီမျှသောအခွင့်အလန်းရရှိမှုနှင့် ဂုဏ်သိက္ခာရှိရှိ ဘဝတည်ဆောက်နိုင်မှုအတွက် အာမခံချက်ရှိရန် လိုအပ်ပါသည်။ အာဆီယံ နိုင်ငံတချို့တွင် ယခင်ကလူမျိုးရေးပဋ္ဋိပက္ခများရှိခဲ့ရာ ယင်းတို့ကိုချုပ်ငြိမ်းစေပြီး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သော နိုင်ငံရေးပြုပြင်မှုများကြောင့် ယနေ့ထိုးတက်နေခြင်းဖြစ်ကြောင်း နမူနာယူနိုင်ရန် အကြံပြုဆွေးနွေးတင်ပြခြင်း ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus