နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေ သက္ကေပြင်၌ NVC ကဒ် ကိုင်ဆောင်ရန် စည်းရုံးမှု မအောင်မြင်



RB News
16.6.2016

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ယနေ့ ဇွန်လ (၁၆) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် လ.၀.က ဦးစီးမှူးတို့ ဦးဆောင်သည့် အဖွဲ့က စစ်တွေမြို့နယ် သက္ကေပြင်ကျေးရွာမှ ရိုဟင်ဂျာလူထုနှင့် တွေ့ဆုံ၍ NVC ကဒ်နှင့် ပတ်သက်၍ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဗိုလ်မှူးကြီးထိန်လင်းက “ခင်ဗျားတို့ကို အခုပေးနေတဲ့ NVC ကဒ်က ခင်ဗျားတို့ အတွက် အလွန်အသုံးဝင်မှာပါ၊ ခင်ဗျားတို့ သားသမီးတွေ အခွင့်အရေးတွေ ရလာမှာပါ။ မြေပုံနဲ့ ကျောက်ဖြူ မြို့နယ် တွေမှာလည်း လူတွေက ဒီ NVC ကဒ်ကို ယူနေကြတယ်။ ဒါက ပထမအဆင့် အနေနဲ့ ခင်ဗျားတို့ကို အထောက်အထား တစ်ခု အဖြစ် ပေးနေခြင်း ဖြစ်တယ်။ ခင်ဗျားတို့ ဒီကဒ်ကို ယူပြီး နိုင် (၂) နဲ့ အစစ်ဆေးခံရမှာ ဖြစ်ပြီး၊ အထောက်အထား ပြည့်စုံတဲ့သူက နိုင်ငံသားကဒ် ရမှာ ဖြစ်တယ်” ဟု အချိုသတ်၍ ပြောကြားခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါသည်။

ရိုဟင်ဂျာ လူငယ်တစ်ဦး ဖြစ်သည့် အာဘူဆိဒိတ်က ထ၍ တင်ပြရန် ပြုလုပ်နေစဉ် ပြည်နယ် လ.၀.က ဦးစီးမှူးက ၎င်း၏ နာမည်ကို မေးမြန်းရာ ၎င်းက “ကျွန်တော့်နာမည် ရိုဟင်ဂျာ အာဘူဆိဒိတ်ပါ၊ ကျွန်တော် တင်ပြချင်တာကတော့ ဒီ NVC ကဒ်က နိုင်ငံခြားက ၀င်ရောက်လာတဲ့ သူတွေကို နိုင်ငံသားလျှောက်ဖို့ အစစ်ဆေးခံရန် ပေးတဲ့ ကဒ်သာ ဖြစ်တယ်။ ကျွန်တော်တို့က မွေးရာပါ နိုင်ငံသားဖြစ်တဲ့အတွက် ဒီ NVC ကဒ်နဲ့ ကျွန်တော်တို့နဲ့ ဘာမှ သက်ဆိုင်မှု မရှိဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ဒီ NVC ကဒ်ကို လက်မခံနိုင်ပါဘူး” ဟု တင်ပြခဲ့သည်။

ထို့နောက် ရိုဟင်ဂျာ ရပ်မိရပ်ဖ တစ်ဦး ဖြစ်သူ ဦးစောအေးထွန်း (ခ) ကာလူမောင် က “ကျွန်တော်တို့က ရှေးနှစ်ပေါင်းများစွာ ကတည်းက ဒီမြေ ဒီဒေသမှာ မွေးဖွားသူများ ဖြစ်သော်ငြားလည်း ကျွန်တော်တို့မှာ ဒီ NVC ကဒ်ကို လက်ခံရယူပြီး တစ်ဖန် နိုင်ငံသား အစစ်ဆေးခံရရင် ခိုးဝင်လာတဲ့ ရခိုင်တွေကျတော့ ဘာမှ အစစ်ဆေးခံဖို့ မလိုအပ်ဘူးလား။ သူတို့ကျတော့ ၀င်ချင်တိုင်း ၀င်ပြီး နိုင်ငံသား ဖြစ်ခွင့် ရှိတယ်။ ကျွန်တော်တို့ ဟိုးနှစ်ပေါင်းများစွာ အရင်ကတည်းက ဒီနေရာ ဒီဒေသမှာ မွေးဖွားပြီး နိုင်ငံသား ဖြစ်ခွင့် မရှိဘူး။ ဒါက တရားမျှတမှုလား” ဟု တင်ပြခဲ့သည်။

ဆက်လက်၍ ရိုဟင်ဂျာ ရပ်မိရပ်ဖ တစ်ဦးက “အမျိုးသား မှတ်ပုံတင် (အမတ) ကိုင်ဆောင်ခဲ့တဲ့ ရခိုင်တွေနဲ့ သူတို့ သားသမီးတွေ ကျတော့ အမတ ကနေ နိုင်ငံသားကဒ် ကိုင်ဆောင်လို့ ရတယ်။ ကျွန်တော်တို့မှာ အမတ ကဒ် ကိုင်ဆောင်ထားတဲ့ သူတွေလည်း မနည်းပါဘူး။ သူတို့ကျတော့ ဘာလို့ နိုင်ငံသားကဒ် ကိုင်ဆောင်ခွင့် မရှိတာလဲ။ သူတို့ သားသမီးတွေ ဘာဖြစ်လို့ NVC ကဒ် ကိုင်ဆောင်ရမှာလဲ” ဟု မေးခွန်းထုတ်ခဲ့သည်။

အစည်းအဝေးကို ဦးဆောင်ကျင်းပသည့် အစိုးရ အဖွဲ့မှ လက်ခံနိုင်သည့် အဖြေ တစ်စုံတစ်ရာ မပေးနိုင်ဘဲ ညနေ ၄း၄၅ နာရီ အချိန်တွင် အစည်းအဝေးကို ရုပ်သိမ်းပြီး ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း သိရှိရပါသည်။

သတင်းနှင့် ဓါတ်ပုံကို Peace Muhammad Arkani မှ ပေးပို့သည်။

Comment ရေးရန်

Rohingya Exodus