သားရေ ... အမေ့ကို ခွင့်မလွှတ်ပါနဲ့ - အပိုင်း (၂)
(ဓါတ်ပုံ - မင်းဇေယျာဦး / ရိုက်တာ) |
သားရေ ... အမေ့ကို ခွင့်မလွှတ်ပါနဲ့
အပိုင်း (၂)
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB News
4.8.2016
အမေဖြစ်သူ၏ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးနိုင်သောကြောင့် သားကောင်းတစ်ယောက်အနေဖြင့် ကိုယ့်ကိုကိုယ် ဂုဏ်ယူရင်း ကျေနပ်ပီတိ ဖြစ်နေ၍ အပျော်ဆုံးနေ့တစ်နေ့ ဖြစ်နေခြင်းပင်ဖြစ်သည်။
အာနိစ်သည် မလေးရှားသွားမည့် အစီအစဉ်ကို အမေ၏ ဟန့်ထားမှုကြောင့်ရော အခြားသော အခြေအနေအမျိုးမျိုးကြောင့်ရော စွန့်လွှတ်လိုက်ခဲ့၍ အမေ တိုက်တွန်းသည့် အိမ်ထောင်ပြုရန် ကိစ္စကို လက်ခံလိုက်လေသည်။
သူ့အိမ်ထောင်ဖက်ဖြစ်လာမည့် တစ်ရွာတည်းမှ သမီးပျိုလေး၏ အကြောင်းနှင့် ပတ်သက်၍ အမေက သူ့သဘောထားကို မေးကြည့်သောအခါ တစ်ရွာတည်းက ဖြစ်နေ၍ သူလည်း အမျိုးသမီး၏ မိဘအသိုင်းအဝိုင်းများအကြောင်း ဂဃနဏ သိသည်မို့ အမေ့ရွေးချယ်မှုကို ကြည်ဖြူစွာ သဘောတူလိုက်သည်။ ဘဝတစ်သက် လက်တွဲဖော်ဖြစ်လာမည့်သူကို သိပ်ချောမောလှပသည် မဟုတ်သော်လည်း မိကောင်း ဖကောင်း သမီးမို့ သူ လွယ်လွယ်ကူကူ သဘောတူ လက်ခံလိုက်ခြင်းဖြစ်၏။
တကယ်တမ်းမှာမှု အမေ့၏ အိမ်ထောင်ပြုရန် ကမ်းလှမ်းချက်ကို သူ အစက ငြင်းပယ်ခဲ့ဖူးသည်။ ၂၁ နှစ်သာ ရှိသေးသည့် သူ့အသက်အရွယ်ကို အကြောင်းပြ၍ သူငြင်းပယ်ဖူးခြင်းဖြစ်သော်လည်း အမေ၏ အကျိုးအကြောင်းပြ အေးဆေးစွာ ရှင်းပြခဲ့မှု၏ အဆုံး၌ သူ လက်ခံလိုက်ရသည်။
'ကြည့်စမ်း.... ဒီနေ့ အမေ ဘယ်လောက်ပျော်နေလဲ'
သူ့အခန်းထဲ ဝင်လာသော အမေတို့ အမျိုးသမီးအဖွဲ့၏ မင်္ဂလာပွဲ၌ ပျော်နေမိသော ပွဲကျ မြူးတူးတက်ကြွ ရယ်မောသံကို ကြားနေ၍ အာနိစ်က သူ့ဘာသာ စိတ်ထဲ ပြောနေမိ၏။ အမေပျော်နေသည်ကို ကြားသိ မြင်မိသောအခါတိုင်း သူ့ရင်ထဲ အေးမြသွားတတ်သည်။ အမေ့အပျော် သူ့ထံ အမြဲကူးစက်တတ်သည်။ သူ့ဘဝတွင် သည်အမေသာလျှင် အရာရာ ဖြစ်လို့နေလေပြီလေ။
ယနေ့သည် အာနိစ့်ဘဝတွင် အပျော်ရဆုံး နေ့တစ်နေ့နှင့် ဝမ်းနည်းရဆုံး နေ့တစ်နေ့ ဖြစ်လို့နေသည်။

သို့သော် ဒီနေ့လို ပျော်ရွှင်ရမည့်နေ့မြတ် အခါသမယတွင် သူ့ ချစ်လှစွာသော အဖေက မရှိတော့။ လွန်ခဲ့သည့် နှစ်နှစ်နီးပါး၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ် တစ်ရက်နေ့၌ သူ့အဖေ တစ်ယောက် နှလုံးရောဂါဖြင့် လောကကြီးကို အပြီးအပိုင် နှုတ်ဆက်သွားရှာ၏။ ရောဂါ အလွန်ဆိုးရွားလာခဲ့ချိန်တွင် သူတို့မြို့တွင်ရှိသော အထွေထွေရောဂါကု ဆရာဝန်ကြီးက ရောဂါကို ဒီမှာ ကု၍ မနိုင်တော့ကြောင်းဟု ပြောပြခဲ့သော်လည်း ရန်ကုန်လို မြို့ကြီးပြကြီးသို့ သွားပြီး ဆေးကုသမှုခံယူဖို့လည်း အာနိစ်တို့ မတတ်နိုင်ခဲ့ရှာပါ။ ငွေးရေးကြေးရေးအခက်အခဲထက် အစိုးရ၏ ရိုဟင်ဂျာများအပေါ် သွားရေးလာရေးကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသောကြောင့်ပင် ဖြစ်သည်။
'ဒီနေ့ အဖေသာ ရှိခဲ့ရင် သိပ်ကောင်းမှာပဲ ... သူလည်း သိပ်ပျော်မိမှာပဲ'
အာနိစ်က ကိုယ့်ဘာသာ စိတ်ထဲပြောပြီး အဖေ့ကို တသနေမိ၏။ အခုနက ဖြစ်တည်ခဲ့မိသော သူ့ရင်ထဲက အပျော်များလည်း နေလာ နှင်းပျောက်သွားသလို အလိုလို ပျောက်ကွယ်သွားချေပြီ။
သူသည် အဖေ့ကို ခါတိုင်းထက် ယနေ့ ပြင်းပြင်းရှရှ သတိရနေ၍ လွမ်းပိုနေမိ၏။ 'စားဝတ်နေရေး ငွေရှာပေး၊ ကျေးဇူးကြီးပေ တို့ဖေဖေ' ဟူသော မူလတန်း၌ သင်ယူဖူးသည့် တို့ဖေဖေ ကဗျာလေးကိုတောင် သွားသတိရလိုက်သေးသည်။ အာနိစ်၏ ပါးပြင်နုနု၌ ဝမ်းနည်းမှု မျက်ရည်စက်များ နေရာအပြည့် ယူနှင့်နေခဲ့ပြီ။ ထိုမှတဆင့် မျက်ရည်စက်များသည် မြေပြင်သို့ တပေါက်ပေါက် ကျသွားနေလေ၏။ အဖေ့ကို လွမ်းဆွတ်၍ ကျသွားသည့် မျက်ရည်စိန်ပွင့်များကို တမလွန်က အဖေသာ သိခဲ့လျှင် ......။
"ဒေါက်...ဒေါက်...ဒေါက်"
အခန်းတံခါးလာခေါက်သံကြောင့် အာနိစ်၏ တွေးလက်စ အတွေးများ ပျက်သွားခဲ့ချေပြီ။
"ဟေ့... အာနိစ်... ထွက်လာခဲ့လေ ... မင်းလည်း မိန်းကလေး ကျနေတာပဲ ... အဲ့လောက်ထိ အလှပြင်ရလားကွာ... ဒီမှာ ဧည့်သည်တွေ စရောက်နေလေပြီ"
သူ့ ငယ်သူငယ်ချင်း တာဟဲရ်၏ တရဆက် ထွက်လာသည့် အသံများ သူ့နားထဲသို့ အပြည့်ဝင်မပြီးခင် တာဟဲရ်က အာနိစ်၏ အခန်းထဲသို့ တံခါးတွန်း၍ ဝင်လာခဲ့လေပြီ။
"ပြီးတော့မယ် သူငယ်ချင်း ... ခဏလေးပါ ... ငါ အတွေးခဏ လွန်သွားလို့ပါဟ... အဝတ်တွေ လဲလိုက်ရင် ရပြီ "
အာနိစ်က ပြောလည်းပြော အဝတ်လည်း မြန်မြန်လဲနေ၏။ ပါးပြင်ပေါ်က မျက်ရည်စက်များကို မျက်နှာသုတ်ပုဝါလေးနှင့် ကတိုက်ကရိုက် သုတ်လိုက်ချိန်ဝယ်-
"ဟေး... သူငယ်ချင်း...မင်း ငိုနေတာလား... ဘာလို့လဲကွာ... ဒီလောက်ပျော်ရမယ့် အခိုက်မှာ မင်းက ငိုနေပြီ... တစ်ခုခုများ လွဲနေပြီလား ... ငါ့ ပြောပြပါကွာ ...ငါ အတတ်နိုင်ဆုံး ကူညီပေးပါမယ် ..."

တာဟဲရ်က အာနိစ်၏ မျက်ရည်ကို ရိပ်မိ၍ အကျိုးအကြောင်းကို စိုးရိမ်စွာ မေးလိုက်သည်။ ငယ်သူငယ်ချင်း၏ စိုးရိမ်စွာ မေးနေသည့်အသံထဲတွင် ကူညီပေးတတ်သည့် သူငယ်ချင်းကောင်း တစ်ဦး၏ စိတ်ထားကို အာနိစ်က အနီးကပ် မြင်တွေ့ခံစားလိုက်လေ၏။
မျက်နှာပေါ် Fair Lovely လိမ်း၊ ဆံပင်ပေါ် ခေါင်းအုံးဆီ လိမ်းပြီး ဘီးဖြင့် သလိုက်၍ ဦးထုပ်ကို ဆောင်း၊ လုံချည်နှင့် အင်္ကျီကို မြန်မြန်ဝတ်၊ လက်ပတ်နာရီလေးကို ပတ်၊ အသစ်ဝယ်လာသည့် All ကတ္တီပါ ဖိနပ်ကိုစီး၊ ရေမွှေးနည်းနည်း ဖျန်းလိုက်ပြီးလျှင် အာနိစ်၏ အလှပြင်မှုက ပြီးသွားလေသည်။
"ဘာမှ လွဲမနေပါဘူး သူငယ်ချင်းရာ ... အဖေ့ကို သွားသတိရလိုက်လို့ အလိုလို မျက်ရည်ကျသွားတာပါ ... ရပြီ သူငယ်ချင်း ... သွားကြမယ်လေ..."

အာနိစ်က မျက်နှာကို အားတင်ကာ ပြုံးယောင်ဆောင်လိုက်ပြီး သူ့ငယ်သူငယ်ချင်းကို ဖြေလိုက်သောကြောင့် တာဟဲရ်ကလည်း နားလည်သွားပြီး ထိုအကြောင်းကို ထပ်၍ မပြောမိခဲ့ချေ။
သို့သော် တာဟဲရ်က ဘေးချင်းတိုက် လမ်းလျှောက်လာရင်းနှင့် စကားတစ်ခွန်းနှစ်ခွန်းကို လေးနက်စွာ ပြောလိုက်သည်။
"လူဆိုတာက မွေးကတည်းက သေရမယ့် နေ့ကို စောင့်မျှော်နေရတဲ့ အမျိုးပါ ... ဒါပေမယ့် သေရမှာချင်း အတူတူ တို့တစ်တွေက မသေမီ ကောင်းမှုကုသိုလ်တွေ လုပ်ကြဖို့ လိုတာပေါ့လေ... ငါတို့ အခု လုပ်နေတဲ့ ပရဟိတလို အလုပ်မျိုးပေါ့...”

သူငယ်ချင်း ပြောနေသည့်စကားကို တိတ်၍ နားထောင်နေရင်း အိမ်ရှေ့ကြမ်းပြင်သို့ အာနိစ်တို့ ရောက်ရှိလာခဲ့သည်။
………………………………………………………………
အိမ်ရှေ့ကြမ်းပြင်တွင် ယာယီဆောက်ခဲ့သော မင်္ဂလာဆောင် မဏ္ဍပ်သည် မြို့ကြီးပြကြီးလို ရောင်စုံမီးသီးအမျိုးမျိုး၊ ရောင်စုံစက္ကူပန်းအမျိုးမျိုးနှင့် အဆင့်မြင့်သည့် အဆင်တန်ဆာဖြင့် ကြီးကျယ်ခမ်းနား နေခြင်းမရှိသော်လည်း သူ့ဇတ်နှင့် သူတော့ ခမ်းနားလို့နေလေသည်။
ရိုးသားဖြောင့်မတ်ပြီး စိတ်သဘောထားကြီးသူ၊ သူတစ်ပါးအပေါ် ပရဟိတစိတ်ဖြင့် အမြဲကူညီပေးတတ်သူ၊ ဒုက္ခရောက်နေသူများကို နိုင်သည့်ဖက်က မဖြစ်မနေ ဖေးမ တတ်သူ၊ ရွာက ကလေးငယ်များကို စာသင်ပြသည့် ဆရာတစ်ပါး ဖြစ်သူပီပီ သူ့ကျေးရွာက လူများအပြင် အနီးအနားကျေးရွာမှ လူများကလည်း သူ့ကို ချစ်ခင်လေးစားသည်။ ပြောရလျှင် လူလတ်၊လူငယ်၊ လူကြီး အားလုံးနှင့် ခင်မင်ရင်းနှီးသူ ဖြစ်သည်။ ထို့အတွက်ကြောင့် ဒီနေ့ကျင်းပနေသော သူ့မင်္ဂလာဆောင်ပွဲသို့ ဖိတ်ကြားထားသည့် အရွယ်စုံလူများ မဏ္ဍပ်နှင့် မဆန့်အောင်ထိ ကြွရောက်လာခဲ့ပြီလေ။ အချို့က မင်္ဂလာလက်ဖွဲ့များ ယူလာသည်။ သို့သော် ထိုသို့ မင်္ဂလာလက်ဖွဲ့များကို သူမကြိုက်နှစ်သက်ပေ။ ထိုသို့ မကြိုက်မနှစ်သက်ခြင်း၏ အကြောင်းသည်လည်း သူ့မှာ ရှိသည်။
'ထားပါတော့လေ ... သူ့ဇတ်နှင့်သူပေါ့...ဒီလက်ဖွဲ့တွေထဲက တစ်ချို့ကို ရောင်းပြီး မရှိဆင်းရဲသားတွေကို လှူဒါန်းလို့ရတာပဲလေ' ဟု အာနိစ်က စိတ်ထဲသာ ပြောနေမိ၏။
ကြွရောက်လာသူများကို အပြုံးတွေနှင့် တွေ့ဆုံနှုတ်ဆက်နေရသည်မှာ လူတောင် ပင်ပန်းလာအောင်ထိပင်။ သို့သော် ကြွရောက်လာသူများကို ကျွေးမွေးနေသော မဏ္ဍပ်ကို တစ်ချက် ငေးကြည့်မိလျှင် သူ့ရင်ထဲ ခေါင်းစဉ်တပ်၍ မရသည့် အေးချမ်းကြည်နူးမှုမျိုးကို သူ အစိမ်းလိုက် ခံစားနေရ၏။ သူတစ်ပါးကို ကျွေးမွေးနိုင်လျှင် ပျော်တတ်သည်က သူ့ပင်ကိုယ် စိတ်ဓာတ်လားတော့မသိ။ သူ့ရင်ထဲ ပျော်ရွှင်မှု လှိုင်းများ တက်ကြွစွာ ရိုက်ခတ်နေလေပြီ။ သူ အင်မတန် ပျော်နေ၏။
အမေ၏ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးနိုင်သည်က တစ်ကြောင်း၊ အရွယ်စုံလူများ သူ့မင်္ဂလာပွဲသို့ ကြွရောက်လာ၍ အားပေးသည်က တစ်ကြောင်း၊ ထိုအကြောင်းများကြောင့် အာနိစ်တစ်ယောက် ဝမ်းသာလို့မဆုံး၊ ပျော်ရွှင်လို့မဆုံး ဖြစ်လို့နေလေ၏။ အခုတော့လည်း သူ့မျက်နှာပြင်ပေါ်တွင် ရင်ထဲ၌ ဖြစ်ပေါ်နေသော ဝမ်းသာပီတိမှု၏ သင်္ကေတဖြစ်သည့် ရိုးရှင်းဖြူစင်သည့် အပြုံးကလေးများသာ နေရာယူထားခဲ့လေပြီ။
ခဏနေ သူ့ရွာက ကျေးရွာတာဝန်ခံတို့အဖွဲ့ ရောက်လာသည်။ သူ့အတွက် လက်ဆောင် အထုပ်တစ်ထုပ်လည်း ပါလာ၏။ ကျေးရွာတာဝန်ခံကို မြင်မိသည်နှင့် အာနိစ့်ခေါင်းထဲသို့ အတွေးတစ်ခု ဖျက်ခနဲ ဝင်ရောက်လာမိသည်။
သူတို့ကျေးရွာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတစ်ခု ရှိသည်။ ထိုစခန်း၌ ရှိနေကြသော ရဲသားများအတွက် အစားအစာ ပို့ချင်စိတ် ဖြစ်ပေါ်လာခြင်းဖြစ်၏။
နယ်ခြားစောင့်ရဲများက ဒေသခံ ရိုဟင်ဂျာများကို အကွက်အမျိုးမျိုးဆင်၍ ဖမ်းဆီး ငွေညှစ်ခြင်း၊ အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဆဲဆိုခြင်း စသော လူမဆန်မှုများကို နေ့စဉ်မပျက် ကျူးလွန်တတ်သော်လည်း ၎င်းတို့ကို ခဏ ဘေးဖယ်ထားပြီး အာနိစ်သည် သူ့ရွာက နယ်ခြားစောင့်ရဲများကို သူ့မင်္ဂလာပွဲ၏ အစားအစာများ ကျွေးမွေးချင်သည်။
'လူမျိုး ဘာသာ မတူသူများ ဖြစ်သော်လည်း ...ငါတို့အပေါ် နေ့စဉ်မပျက် ရက်စက်နေသူများ ဖြစ်သော်လည်း သူတို့လည်း ငါတို့ ရွာမှာနေတော့ ငါတို့ရွာသားပဲလေ... '
အာနိစ်က တစ်ကိုယ်တည်းတွေးမိပြန်၏။
ပြီးနောက် ကျေးရွာတာဝန်ခံကို ပြောကြည့်လိုက်သည်။ ကင်းစခန်းက ရဲသားများအတွက် အစားအစာ ပို့ချင်နေကြောင်း၊ ဆယ်အိမ်မှူး တစ်ယောက်ကို ပို့ခိုင်း၍ရမည်လား ဆိုပြီး ပြောပြ မေးသောအခါ ကျေးရွာတာဝန်ခံကလည်း ရသည်ဟုဆိုကာ သဘောတူလိုက်သည်။

ခဏနေလျှင် ငါးထပ်ပါရှိသည့် ချိုင့်တစ်ခုကို လက်ဆွဲယူသွားနေသူ ရွာက ဆယ်အိမ်မှူးကို ငေးကြည့်ရင်း အာနိစ့်ရင်ထဲ အစမ်းတကြယ် ပျော်ရွှင်မှုမျိုး ခံစားနေရသည်။
သူတို့ ရိုဟင်ဂျာလူမျိုးအပေါ် လူမဆန်စွာ ဆက်ဆံတတ်သည့် နယ်ခြားစောင့်ရဲများအပေါ် ထားရှိသည့် သူ၏ စိတ်ဓာတ်ကို အခြားလူများ မည်သို့ ထင်မြင်ယူဆနိုင်သည်ကို သူမသိ။
သို့သော် ဘာသာခွဲခြား၊ လူမျိုးခွဲခြားသော စိတ်ဓာတ်မျိုးသည် သူ့လို သာသနာ့ပညာဆည်းဖူးသူ တစ်ဦး၏ ရင်ထဲ၌ ဖြုတ်မျက်လုံး တစ်လုံးလောက်တောင် လားလားများ မရှိသည်မှာ သူသာလျှင် အသိဆုံး ဖြစ်လေသည်။
'အမုန်းတရားကို မေတ္တာတရားနဲ့ အနိုင်ယူနိုင်တယ်'
ဤသည်မှာ အာနိစ်၏ ဘာသာရေးပင်။ ဤသည်မှာ အာနိစ်၏ လူသားဝါဒပင်။
'ငါ့ကျေးရွာမှာ တာဝန်ကျတဲ့သူ ငါ့ရွာသားပဲလေ' ဟု အာနိစ် ရင်ထဲ သူ့ဟာသူ ပြောဖြစ်မိပြန်သည်။
အကယ်၍ အာနိစ်သာ အနာဂါတ် အချိန်တစ်ခုကို ယခုအချိန်၌ ကြိုတင်သိရှိခဲ့လျှင်...... ။

အပိုင်း (၃) ဆက်ရန်။
မှတ်ချက်။ ။ ဖြစ်ရပ်မှန် အဖြစ်အပျက်လေးကို ဇတ်လမ်းဆင်ပြီး ရေးဖွဲ့ခြင်းဖြစ်ပါသည်။