နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော လူကုန်ကူးမှု တားဆီးရေးမှ ရဲအုပ်စံမင်းက ဒေသခံတစ်ဦး ထံမှ ငွေ ၃၃ သိန်းညှစ်

Rohingya Eye
RB News
25.8.2016


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သရေကုန်းတန် ကျေးရွာမှ ဦးမိုဟာမတ်ဖိုင်ဆဲလ် (ဘ) ဦးမူဇာရ်မျာ (အသက် ၂၉ နှစ်) သည် ဇော်မတက် ကျေးရွာရှိ ဈေးတွင် စားကုန်ဆိုင်တစ်ဆိုင် ဖွင့်လှစ် ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်သည်။ 

သြဂုတ်လ (၂၃) ရက်နေ့တွင် မြို့မကညင်တန်း အခြေစိုက် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲစခန်းမှ စခန်းမှူး ရဲအုပ်စံမင်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ၄ ဦးသည် ဇော်မတက်ဈေးသို့ ရောက်ရှိလာခဲ့ကြပြီး၊ နေ့လည် ၃း၃၀ နာရီအချိန်တွင် ဦးမိုဟာမတ်ဖိုင်ဆဲလ် ကို ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

သရေကုန်းတန် ကျေးရွာ တာဝန်ခံ ဖြစ်သူ ဦးယူနစ်သည် စခန်းသို့ လိုက်လာပြီး ဖမ်းဆီးထားသူကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုရာ ရဲအုပ်စံမင်း က မလွှတ်ပေးနိုင်ကြောင်း၊ ဖမ်းဆီးခံရသူမှာ မီးရှို့မှုတွင် ပါဝင်သူ တစ်ဦး ဖြစ်ကြောင်း၊ လွှတ်ပေးရမည် ဆိုပါက ငွေကျပ် သိန်း ၅၀ ပေးရမည်ဟု ဆိုကာ ငွေတောင်းခံခဲ့သည်။ 

ဦးယူနစ်က အပြစ်မရှိသူတစ်ဦး ဖြစ်သည့် အတွက် ငွေကျပ် သိန်း ၂၀ ယူ၍ လွှတ်ပေးရန် တောင်းဆိုရာ မလွှတ်ပေးဘဲ ချုပ်နှောင် ထားခဲ့သည်။ သြဂုတ်လ (၂၄) ရက်နေ့တွင် ငွေကျပ် ၃၃ သိန်း ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ရဲအုပ်စံမင်း သည် တောင်ပိုင်းမှ ရိုဟင်ဂျာများကို မကြာခဏ ဖမ်းဆီး၍ အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေညှစ်၍ ကြီးပွားချမ်းသာနေသူ တစ်ဦးဖြစ်သည်။ ရိုဟင်ဂျာများထံမှ ငွေညှစ်၍ ယခုအခါ ငွေကျပ် သိန်း ၁၅၀ တန်ဖိုးရှိ ကားပင် စီးနေသည်ဟု ဒေသခံများက ပြောပါသည်။ 

ယခုကဲ့သို့ မကြာခဏ ဖမ်းဆီး၍ ငွေညှစ်နေခြင်းကို အာဏာပိုင်များက အမြန်ဆုံး ဟန့်တား အရေးယူပေးပါရန် ဒေသခံများက တောင်းဆိုကြောင်း RB News သို့ပြောသည်။



Comment ရေးရန်

Rohingya Exodus