စစ်တွေမှ ပေါက်တောသို့ သွားနေသည့် စက်လှေတိမ်းမှောက်မှုကြောင့် ရိုဟင်ဂျာ (၃) ဦး သေဆုံး
Saed Arkani
RB News
31.10.2017
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပေါက်တောမြို့နယ် အနောက်ရွဲရွာသို့ သွားနေသည့် စက်လှေ နစ်မြှပ်ပြီး (၃) ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
ပေါက်တောမြို့နယ် ငှက်ချောင်းကျေးရွာရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည် (၃) ဦး၊ အနောက်ရွဲရွာရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည် (၄) ဦးတို့သည် လွန်ခဲ့သည့် နှစ်လကျော်က စစ်တွေမြို့သို့ ဆေးကုသရန် လာရောက်ခဲ့သည်။ ၎င်းတို့သည် ဒေသဆိုင်ရာ အာဏာပိုင်များက NVC လက်မခံသောကြောင့် ငါးဖမ်းစက်လှေများ ငါးဖမ်းထွက်ခွင့် ပိတ်ပင်ထားသောကြောင့် ၎င်းတို့၏ နေရပ်သို့ ပြန်လည် ထွက်ခွာနိုင်ခြင်း မရှိဘဲ စစ်တွေမြို့တွင် အချိန်ကာလ ကြာရှည်စွာ နေထိုင်ခဲ့ရသည်။
အောက်တိုဘာလ (၃၀) ရက်နေ့ ည ၈ နာရီအချိန်တွင် ၎င်းတို့ (၇) ဦးသည် စက်လှေတစ်စီးဖြင့် စစ်တွေမြို့ စံပြရွာ ကမ်းခြေမှ စက်လှေတစ်စီးဖြင့် ပေါက်တောမြို့နယ် အနောက်ရွဲရွာသို့ ထွက်ခွာ သွားခဲ့ရာ လမ်းခရီးတွင် စက်လှေ နစ်မြှပ်ခဲ့ပြီး (၄) ဦး အသက်ရှင်နိုင်ခဲ့သော်လည်း (၃) ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
သေဆုံးခဲ့သူ (၃) ဦးမှာ --
(၁) အာန်ဆာရ်မျာ (ဘ) ဦးဘာဆာမျာ (အသက် ၁၆ နှစ်) - ငှက်ချောင်းဒုက္ခသည်စခန်းတွင် န၀မတန်း ပညာသင်ကြားနေသူ
(၂) ဦးမိုဟာမတ် (ဘ) ဦးလာလ်မျာ (အသက် ၅၅ နှစ်) - ငှက်ချောင်းဒုက္ခသည်စခန်းမှ
(၃) ဦးဇီယာဟူစိန်း (ဘ) ဦးနာရာဘူဂျာ (အသက် ၅၄ နှစ်) - ငှက်ချောင်းဒုက္ခသည်စခန်းမှ -- တို့ဖြစ်သည်။
အောက်တိုဘာလ (၃၁) ရက်နေ့ နံနက်ပိုင်းတွင် အာဏာပိုင်များက သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးရန် စစ်တွေဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့သည်။