နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ များနှင့် နားလည်မှု ယူထားသည့် ဓါးပြအဖွဲ့က မော်လ၀ီတစ်ဦးကို မီးရှို့သတ်ဖြတ်

RB News
2.10.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် နားလည်မှုယူထားသည့် ဓါးပြအဖွဲ့က မော်လ၀ီ ဘာသာရေးဆရာ တစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ သ၀န်ချောင်းကျေးရွာမှ မော်လ၀ီဟူဆောင်းအာမတ် (ဘ) ဦးအူလာမျာ (အသက် ၂၈ နှစ်) သည် စက်တင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် ရွာ၏ အရှေ့ဘက်တောင်တန်းအနီးရှိ ၎င်း၏ ကွမ်းရွက်စိုက်ခင်းတွင် မာမတ်နော်ဘီ (ဘ) ဦးဂျမာလ်ဟူစိန်း (အသက် ၁၄ နှစ်)၊ ယာစီးန် (ဘ) ဦးအဒူမော်ဇီး (အသက် ၁၄ နှစ်)၊ အဒူလ်အာမီးန် (ဘ) ဦးလေရူး (အသက် ၂၈ နှစ်) နှင့် ဒေါလ္လာ (ဘ) ဦးဟာလာ (အသက် ၂၇ နှစ်) တို့နှင့်အတူ တဲထိုးနေခဲ့သည်။

နံနက် (၁၀) နာရီအချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် နားလည်မှု ယူထားသည့် အဒူဟာကိမ်း ဦးဆောင်သည့် ဓါးပြအဖွဲ့ ရောက်ရှိလာပြီး ၎င်းတို့ (၅) ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့ ဖမ်းဆီးသွားပြီးနောက် မိသားစုဝင်များက သ၀န်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆော်လီမူလ္လာနှင့် အတူ အင်းဒင်ကျေးရွာ အခြေစိုက် နယ်မြေ (၉) နယ်ခြားစောင့်ရဲတပ်ဖွဲ့ရုံးသို့ သွားရောက်တိုင်ကြားခဲ့သည်။

နယ်မြေရုံး နယ်ထိန်းအဖွဲ့မှ စခန်းမှူး ဒုရဲအုပ်က အဒူဟာကိမ်း အဖွဲ့က ၎င်းတို့ကို မည်သည့် အန္တရာယ်မှ မပေးကြောင်း၊ အဒူဟာကိမ်းက ၎င်းတို့အား ဖုန်းဆက်ထားကြောင်း၊ အဒူဟာကိမ်းက ငွေရစရာ ရှိ၍ ခဏထိန်းသိမ်းထားသည်ဟု ပြောကြောင်း၊ ထို့ကြောင့် နယ်ခြားစောင့်ရဲမှ မည်သို့မှ လုပ်၍ မရကြောင်း၊ အဒူဟာကိမ်း တောင်းသည့်ငွေကို ပေးလိုက်လျှင် ပြဿနာပြီးသွားမည် ဖြစ်ကြောင်း ပြောဆိုသဖြင့် မိသားစုဝင်များက အားကိုးရာမရဘဲ ၀မ်းနည်းစွာဖြင့် နယ်မြေစခန်းမှ ပြန်ခဲ့ရသည်။


စက်တင်ဘာလ (၃၀) ရက်နေ့ နံနက် (၂) နာရီအချိန်တွင် အဒူဟာကိမ်းနှင့် အဖွဲ့က မော်လ၀ီဟူဆောင်းအာမတ်နှင့် အတူ ဖမ်းဆီးသွားသူ (၄) ဦးကို ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ၎င်းတို့ (၄) ဦးကို မော်လ၀ီ၏ အလောင်းကို သယ်သွားရန် မှာကြားခဲ့သည်။ ပြန်လည် လွတ်လာသူ (၄) ဦး ရွာသို့ ပြန်ရောက်သည်နှင့် ရွာသားများကို အကြောင်းစုံ ရှင်းပြခဲ့သည်။ ရွာသားများက ချက်ချင်းဆိုသလို လိုက်လံရှာဖွေခဲ့ရာ ယင်းနေ့ မွန်းတည့် (၁၂) နာရီ အချိန်တွင် ရွာ၏ အပြင်ဘက် တစ်နေရာတွင် မော်လ၀ီဟူဆောင်းအာမတ်၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ရက်စက်ကြမ်းကြုတ်သည့် ဓါးပြအဖွဲ့သည် မော်လ၀ီဟူဆောင်းအာမတ်ကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဒူဟာကိမ်းသည် စက်တင်ဘာလ (၁၆) ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှူး တစ်ဦးထံသို့ စာတစ်စောင်ရေးသားခဲ့သည်။ ယင်းစာမူရင်း၏ ဓါတ်ပုံမိတ္တူကို RB News မှ လက်ခံရရှိထားပြီ ဖြစ်သည်။ ယင်းစာတွင် ၎င်းအနေဖြင့် ရွာအတွင်းရှိ လူအချို့မှ ငွေယူရန်လိုအပ်ကြောင်း၊ ၎င်းနှင့် ထိပ်တိုက်မတွေ့ရန် ပန်ကြားထားသည့်အပြင် ဘင်္ဂလားဒေ့ရှ်ရှိ အစိုးရလက်နက်ကိုင်များနှင့် တိုက်ပွဲများအကြောင်း၊ န.စ.က လက်ထက် ၎င်းနှင့် ဖြစ်ပွားခဲ့သည့် ပြဿနာအချို့ကို ထည့်သွင်းရေးသားထားသည်။ စာတွင် အဒူဟာကိမ်း ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည် ၎င်းကိုင်ဆောင်သည့် မိုဘိုင်းဖုန်းနံပါတ်ကိုပါ ရေးသားထားသည်ကို တွေ့ရှိရသည်။
အဒူဟာကိမ်း၏ ဖမ်းဆီးခြင်းကို ခံရသူများ၏ မိသားစုဝင်များ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို တိုင်ကြားစဉ် ဒုရဲအုပ် ကိုယ်တိုင် အဒူဟာကိမ်းနှင့် ဖုန်းပြောခဲ့သည်ကို ၀န်ခံထားသည်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ အဒူဟာကိမ်း ရေးသားထားသည့် စာတို့ကို သုံးသပ်ကြည့်လျှင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် အဒူဟာကိမ်း ဓါးပြအဖွဲ့တို့အကြား နားလည်မှု ရှိနေပြီ၊ လက်နက်ကိုင် နှစ်ဖွဲ့ပေါင်း၍ အပြစ်မဲ့ ရွာသားများထံမှ ငွေညှစ်နေခြင်း ဖြစ်သည်။

မော်လ၀ီဟူဆောင်းအာမတ်ထံမှ ဓါးပြအဖွဲ့ တောင်းခံသည့် ငွေကြေးပမာဏမှာ အလွန်ကြီးမားပြီး မော်လ၀ီဟူဆောင်းအာမတ်က မပေးနိုင်သဖြင့် ရက်စက်ကြမ်းကြုတ် လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ပင်မတာဝန်မှာ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးများ ဖြစ်သော်လည်း၊ မည်သည့်အခါမှ ၎င်းတို့၏ တာဝန်ကို အစဉ်တစိုက် လုပ်ဆောင်ခြင်း မရှိဘဲ၊ ဒေသခံရိုဟင်ဂျာများကို ဖိနှိပ်နှိပ်ကွပ်၍ ငွေညှစ်နိုင်သော နည်းလမ်းများ ရှာဖွေလျက်သာ ရှိနေကြသည်။ နိုင်ငံတော်ဘဏ္ဍာမှ လစာယူ၍ ဓါးပြသောင်းကျန်းသူ အဖွဲ့နှင့် ပူးပေါင်း၍ ငွေညှစ်နေခြင်းမှာ နိုင်ငံတော်၏ လုံခြုံရေးကိုပါ ထိပါးလာမည့် အခြေအနေတွင် ရှိသဖြင့် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့မှ အမြန်ဆုံး စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးရန် ဒေသခံများက RB News မှတဆင့် တောင်းဆိုသည်ဟု ပြောပါသည်။



ဓါတ်ပုံ - မီးရှို့သတ်ဖြတ်ခံရသည့် မော်လ၀ီဟူဆောင်းအာမတ်၏ အလောင်း

Rohingya Eye နှင့် MYARF တို့က သတင်းပေးပို့သည်။ 

Comment ရေးရန်

Rohingya Exodus