နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော အုပ်ချုပ်ရေးမှူး ထုတ်ပြန်ခဲ့သည့် နေအိမ်များနှင့် ဗလီများတွင် အာရဗီစာမသင်ကြားရေး အမိန့် ပြန်လည်ရုတ်သိမ်း

MYARF
RB News
3.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက နေအိမ်များနှင့် ဗလီများတွင် အာရဗီစာသင်ကြားခြင်း မပြုရန် စက်တင်ဘာလ (၂) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမိန့်စာကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

အောက်​တိုဘာလ (၁) ရက်နေ့က ကျင်းပပြုလုပ်​ခဲ့သည့်​ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပထမအပတ်​ လစဉ်​ပုံမှန်​ အစည်းအဝေးတွင်​ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ​၎င်းထုတ်ပြန်ခဲ့သည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းသည်ဟု ပြေပာကြားခဲ့ခြင်း ဖြစ်​သည်​ဟု အမည်​မ​ဖော်​လို​သော ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး တစ်​ဦးထံမှ စုံစမ်း သိရှိရပါသည်​။

အာရ​ဗီစာ မသင်​ကြားရန်​ ထုတ်​ခဲ့သည့်​ အဆိုပါ အမိန့်​စာသည်​ စာအမှတ်​၊ ၅/ ၄၅-၃ / ဦး ၆ (၃၀၃၀) ဖြစ်​ပြီး စက်​တင်​ဘာလ (၂) ရက်​​နေ့ ရက်​စွဲဖြင့်​ ထုတ်​ပြန်​ခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာလ (၁၂) ရက်နေ့တွင် RB News ၌ သတင်း ရေးသားဖော်ပြခဲ့သည်။ ​ယင်းအမိန့်​စာ၏ အပိုဒ်​ ၂ တွင်​ ရပ်​ကွက်​/​ကျေးရွာအုပ်​စု အုပ်​ချုပ်​​ရေးမှူး/​ခေတ္တအုပ်​ချုပ်​​ရေးမှူးများ အ​နေဖြင့်​ မိမိတို့ ရပ်​ကွက်​/​ကျေးရွာအုပ်​စုများ၌ ​နေအိမ်​/ဗလီများတွင်​ အာရ်​​ဗီ စာသင်​ကြားမှု မပြုလုပ်​စေ​ရေး နှင့်​ သင်​ကြား​နေသည့်​ ​ဗလီ၊ ​မော်​လဝီဆရာနှင့်​ ​နေအိမ်​ပိုင်​ရှင်​များ၏ အမည်​စာရင်းအား တင်​ပြသွားရန်​နှင့်​ လိုက်​နာမှုမရှိပါက အ​ရေးယူသွားမည်​ဟု ပါရှိပါသည်​။

နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄ တွင် “ငြိမ်ဝိပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခြားအချက်ပြဌာန်းချက်တို့နှင့်သော်လည်းကောင်း၊ မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်တည်ဆောက်နိုင်သော အခွင့်အရေး တို့ကိုအညီအမျှ ရရှိစေရမည်” ဟု ရေးသား ပြဌာန်းထားသဖြင့်​ အဆိုပါ အမိန့်​စာသည်​ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ကိုယ်​တိုင်​ ကျူး​ဖောက်​ရာ ​ရောက်​ခဲ့ပါသည်​။

ဒေသခံတစ်​ဦးက​ "အဲ့ဒီအမိန့်​စာ​ကြောင့်​ က​လေး​တွေရဲ့ ပညာသင်​ယူနိုင်​ကြား​ရေး ပိတ်​ပင်​ခံလိုက်​ရ​တော့ အင်​မတန်​ စိတ်​မသက်​မသာ ဖြစ်​ခဲ့တာ​ပေါ့​။ အခုလို ပြန်​လည်​ ရုပ်​သိမ်းလိုက်​တာကို​တော့ ကြိုဆိုပါတယ်​။ ဝမ်းလည်း ဝမ်းသာပါတယ်​" ဟု ဝမ်းပန်းတသာဖြင့် RB News သို့ပြောသည်။

မြို့နယ်​အုပ်​ချုပ်​​ရေးမှူး၏ တည်​ဆဲဥပ​ဒေကို ဆန့်​ကျင်​၍ ဘာသာ​ရေးအရ ဖိနှိပ်​ရန်​ ရည်​ရွယ်​ ထုတ်​ခဲ့သည့်​ အမိန့်​စာကို ပြန်​လည်​ ရုပ်​သိမ်းလိုက်​ရန်​ ညွှန်​ကြားချက်​​ပေးသည့်​ နိုင်​ငံ​တော်​ အကြီးအကဲများကို ​ဒေသခံများက ​အထူး​ကျေးဇူးတင်​သည်​ကို RB News မှတဆင့်​ ​ပြောကြားလို​ကြောင်း ​​ဒေသခံလူ့အခွင့်​အ​ရေး လှုပ်​ရှားသူများက ​ပြောပါသည်​။

စက်တင်ဘာလ (၂) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမိန့်စာ --



Comment ရေးရန်

Rohingya Exodus