နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘဂုံးနား (တပ်ဦးချောင်း) နူရူလ္လာရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ရပ်မှန်

MYARF

RB News
3.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်းပိုင်၊ ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာအုပ်စု၊ နူရူလ္လာရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများ အချင်းချင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း အစိုးရသတင်းဌာနနှင့် ပုဂ္ဂလိက မီဒီယာများက အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ 

ယနေ့ နိုဝင်ဘာလ (၃) ရက်နေ့ ညနေ (၄) နာရီကျော် အချိန်တွင် အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများ အချင်းချင်း စကားများ ရန်ဖြစ်ခဲ့သည်။ ထိုသို့ အချင်းချင်း စကားများခဲ့သည်ကို အဆိုပါ ကင်းစခန်း တာဝန်ခံက ဟန့်တားရန် ကြိုးစားခဲ့သော်လည်း လက်အောက်ငယ်သားများက တာဝန်ခံ၏ အမိန့်ကို မနာခံသည့် အပြင် စကားများရာမှ ထိုးကြိတ်သည့် အထိ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ကင်းစခန်းတာဝန်ခံက မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးကို အကြောင်းကြားခဲ့သည်။ ထို့နောက် မန်ကျည်းချောင်းမှ ရဲမှူး ရောက်ရှိလာခဲ့ပြီး စကားများ ရန်ဖြစ် ထိုးကြိတ်နေခြင်းကို ဖြေရှင်းပေးခဲ့သည်။ အခြေအနေကို ပကတိအတိုင်း ဖြစ်အောင် ထိန်းသိမ်းပြီးနောက် မန်ကျည်းချောင်း စခန်းမှ ရဲမှူး ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

မန်ကျည်းချောင်း စခန်းမှ ရဲမှူး ပြန်သွားပြီးနောက် ၁၅ မိနစ်ခန့် အကြာ ည (၆) နာရီခန့် အချိန်တွင် ကင်းစခန်းအတွင်း၌ ပစ်ခတ်မှု အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ သေနတ်ပစ်ခတ်မှု အနည်းဆုံး အချက် ၂၀ ခန့် ရှိမည်ဟု အနီးအနားမှ ကျေးရွာသားများက ပြောပါသည်။ ကင်းစခန်း အနီး လယ်ကွင်းမှ ဆိတ်ကျောင်း၍ အိမ်ပြန်လာနေသည့် ကလေးငယ်များကိုပင် ကျည်ဆံ ထိလုမတတ် ဖြစ်ခဲ့သည်ဟု ဆိုကြသည်။ 

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မန်ကျည်းချောင်း စခန်းမှ ရဲမှူး ပြန်လည်ရောက်ရှိလာပြီး အခြေအနေကို ပြန်လည် ထိန်းသိမ်းခဲ့သည်။ အဆက်မပြတ် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့မှုကြောင့် ထိတ်လန့်နေသော ကျေးရွာမှ ရွာသူရွာသားများကို မန်ကျည်းချောင်း စခန်းမှ ရဲမှူးက ၎င်းတို့ အချင်းချင်းသာ ဖြစ်နေသည့် ပြဿနာ ဖြစ်သောကြောင့် ထိတ်လန့် ကြောက်ရွံရန် မလိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါရဲမှူးနှင့် ခင်မင်ရင်းနှီးသော ဒေသခံ အချို့ကိုလည်း ရဲမှူးက အလားတူ ပြောကြား၍ အေးဆေးနေကြရန် မှာကြားခဲ့သည်။

ယခုအခါ အစိုးရမီဒီယာနှင့် ပုဂ္ဂလိကမီဒီယာ အချို့က ဖြစ်ရပ်မှန်ကို မဖော်ပြဘဲ နယ်ခြားစောင့်ရဲ အချင်းချင်း ဖြစ်ပွားခဲ့သည့် ပြဿနာကို ရိုဟင်ဂျာများအပေါ် ရည်ရွယ်ချက်ရှိရှိ စွပ်စွဲရေးသားနေကြသည်ကို တွေ့ရှိရသည်။ 

ပြန်ကြားရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ် MOI စာမျက်နှာတွင်လည်း  “ ရဲကင်းစခန်းရှေ့ ကင်းသမား နှစ်ဦး ကင်းစောင့်နေသည့် နေရာအနီးသို့ ဆိုင်ကယ်သုံးစီးဖြင့် လူများ ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ငယ် ပစ်ခတ်သံကြောင့် ကင်းစခန်းအတွင်းရှိ တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့သဖြင့် လက်နက်ငယ်ဖြင့် လာရောက် ပစ်ခတ်သူများမှာ ဆိုင်ကယ်များ ထားရစ်ပြီး ဒဏ်ရာများ ရရှိကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အဆိုပါ ပစ်ခတ်ခံရမှု ကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး ကျန်တပ်ဖွဲ့တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

လာရောက် ပစ်ခတ်သူများ ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်များနှင့် အတူ ဓာတ်ဆီ ထည့် ထားသည့် လက်လုပ်ဗုံး တစ်လုံးနှင့် ပစ္စတိုအိတ် အလွတ်လေးခု တို့ကိုလည်း သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။” ဟု ရေးသားထားသည်။ 

“သေနတ်သံတွေ ကြားနေရတဲ့ အချိန်မှာ ကင်းစခန်းဘက်ကို ကျွန်တော် သေချာကြည့်နေတယ်။ သေနတ်သံကြားရတယ်၊ အခု အစိုးရက ပြောနေတဲ့ ဆိုင်ကယ်သမားဆိုတာလည်း မမြင်ဘူး။ သေနတ်သံသာ ကြားနေရတာ ဆိုတော့ စခန်းထဲ ပစ်နေကြတာ။ ဆိုင်ကယ်သမား ဆိုရင် ပစ်ပြီး ပြန်ထွက်သွားတာ မြင်ရမှာပေါ့။ အဲလိုလည်း မမြင်ရတော့ အစိုးရသတင်းက တော်တော်လေး လွဲနေတယ်” ဟု အမည်မဖော်လိုသည့် မျက်မြင်သက်သေ တစ်ဦးက RB News သို့ပြောသည်။

“လက်နက်ငယ်နဲ့ တိုက်တယ်လို့ MOI ပေ့ခ်ျမှာ ရေးထားတယ်။ နယ်ခြားစောင့်ရဲတွေမှာ လက်နက်ကြီးတွေ ရှိတယ်။ တိုက်ခိုက်တဲ့သူ ၆ ယောက်ထဲက ဘာကြောင့် တစ်ယောက်ကိုမှ မမိတာလဲ၊ လက်နက်ငယ်နဲ့ ပစ်လို့ ရဲတစ်ယောက် သေတယ်၊ ရဲက လက်နက်ကြီးတွေနဲ့ အဆက်အပြတ် ပစ်တာတောင် လာတိုက်တဲ့သူ တစ်ယောက်မှ မသေတာလဲ၊ ယုတ္တိရှိရှိနဲ့ စဉ်းစားဖို့လိုတယ်၊ မေးခွန်းလည်း ထုတ်ဖို့လိုတယ်” ဟု မောင်တောမြို့ ၏ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။ 

“လက်လုပ်ဗုံး တစ်လုံးနဲ့ ပစ္စတိုအိတ် အလွတ်လေးခု သိမ်းဆည်း ရမိတယ်ပြောတယ်။ အဲ့ဒီ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို လက်ဗွေစစ်တဲ့ အဆင့်မြင့် စက်တွေနဲ့ စမ်းသပ်ကြည့်ပါလို့ ဆိုချင်တယ်။ ဘယ်သူ့ဟာလဲ ဆိုတာ သိနိုင်တာပေါ့” ဟု ဒေသခံတစ်ဦးက ထောက်ပြသည်။ 

ယခုအခါ အဆိုပါ ကင်းစခန်းသို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ရောက်ရှိလာသဖြင့် အနီးအနားမှ ရွာသူရွာသားများက ၎င်းတို့ကို မဟုတ်မမှန် စွပ်စွဲ၍ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်မည်ကို အင်မတန် စိုးရိမ်နေကြသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

နယ်ခြားစောင့်ရဲများသည် ညနေစောင်း အချိန်တွင် သောက်စားမူးယစ်၍ အချင်းချင်း စကားများလေ့ရှိကြပြီး၊ ယခင်ကလည်း အချင်းချင်း ပစ်ခတ်သည်အထိ ဖြစ်ပွားခဲ့သည်များ ရှိခဲ့သောကြောင့် စစ်တပ်မှ ယနေ့ ဖြစ်စဉ်ကို သေချာ လေ့လာစုံစမ်းရန် လိုအပ်ပေသည်။




Comment ရေးရန်

Rohingya Exodus