နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲက ရွာသားများကို ခြိမ်းခြောက်ရင်း မုဒိမ်းကျင့်ခဲ့ကြောင်း၊ လူသတ်ခဲ့ကြောင်း ၀န်ခံ

Rohingya Eye
RB News
16.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာရွာတွင် နယ်ခြားစောင့်ရဲ တစ်ဦးက ရွာသားများကို ခြိမ်းခြောက်ရင်း မုဒိမ်းကျင့်ခဲ့ကြောင်း၊ လူသတ်ခဲ့ကြောင်း ၀န်ခံခဲ့သည်ဟု သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၁၃) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာရွာ၏ အနောက်ဘက်ရှိ လယ်ကွင်းထဲတွင် ရွာသားအချို့ ဘောလုံး ကစားနေစဉ်၊ ယင်းကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ခံ ဒုရဲအုပ် အဆင့်ရှိသူတစ်ဦးနှင့် နယ်ခြားစောင့်ရဲ (၆) ဦးတို့ ရောက်ရှိလာပြီး၊ မိုးပေါ်သို့ သေနတ်တစ်ချက်ပစ်ကာ ဘောလုံးကစားနေသူများနှင့် ကြည့်နေသူများအားလုံး ၆၀ ဦးခန့်ကို တစ်နေရာတွင် စုစေခဲ့သည်။ 

တပ်သားအဆင့် နယ်ခြားစောင့်ရဲတစ်ဦးက “ငါ မောင်တောမြောက်ပိုင်းက ပြောင်းလာတာ၊ မိန်းကလေး တော်တော်များများကို မုဒိမ်းကျင့်လာတာ၊ လူတော်တော်များများကို သတ်ခဲ့တယ်၊ မင်းတို့ကိုလည်း လုပ်ရမယ်” ဟု ပြောဆို ခြိမ်းခြောက်ပြီး “မင်းတို့ ဒီမှာ ဘာလို့ ဘောလုံး ကစားနေတာလဲ၊ ဘယ်သူက ကစားဖို့ အမိန့်ပေးတာလဲ” ဟု မေးမြန်းပြီး မိုးပေါ်သို့ သေနတ်တစ်ချက် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ခဏအကြာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့၏ တပည့်ဖြစ်သူ ကျော်ဇေယျာဦး ရောက်ရှိလာပြီး အားလုံးထံမှ ဒဏ်ငွေယူ၍ ပြန်လွှတ်ပေးရန် ပြောရာ တာဝန်ခံ ဒုရဲအုပ်က တစ်ဦးထံမှ ငွေကျပ် တစ်သောင်းစီ ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ရာ စုစုပေါင်း ငွေကျပ် ၆ သိန်းခန့် ညှစ်ယူခဲ့သည်။ 

ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ယင်းရွာမှ ဦးဟာဘီဇူလ္လာ၏ ဇနီးဖြစ်သူ ဒေါ်အာမီနာခါတူ (အသက် ၄၇ နှစ်) သည် မိမိပိုင် ဆိတ်တစ်ကောင်ကို နေအိမ်တွင် စားသုံး၍ စီစဉ်နေစဉ် ကျော်ဇေယျာဦး ရောက်ရှိလာပြီး၊ ယင်းဆိတ်မှာ ၎င်း၏ ဆိတ်ဖြစ်ကြောင်း မဟုတ်မမှန် စွပ်စွဲရာ ဒေါ်အာမီနာခါတူကလည်း ၎င်း၏ ဆိတ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ကျော်ဇေယျာဦးက ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီး၊ ဒေါ်အာမီနာခါတူကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ ကျော်ဇေယျာဦးနှင့် အုပ်ချုပ်ရေးမှူး ဇော်ထူးတို့ ပေါင်း၍ ဒေါ်အာမီနာခါတူကို လူအများရှေ့တွင် လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် (၇) သိန်း ညှစ်ယူခဲ့သည်။ 

ကျော်ဇေယျာဦးသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စ.ရ.ဖ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့၏ တပည့်ဖြစ်ပြီး၊ ရွာသားများကို မဟုတ်မမှန် လုပ်ကြံ၍ ညှဉ်းပန်း နှိပ်စက်ကာ ငွေညှစ်နေသူ ဖြစ်သည်။ ၎င်းနှင့် ပတ်သက်၍ ခရိုင် အာဏာပိုင်များထံ တိုင်ကြားသော်လည်း  အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသည်ကို တွေ့ရှိရသည်။ 



Comment ရေးရန်

Rohingya Exodus