နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောခရိုင်မှ ဖမ်းဆီးထားသူ ၃၀၀ နီးပါးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

MYARF
RB News
25.12.2016

မောင်တော ။ ။ အောက်တိုဘာလ (၉) ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြိုနယ်နှင့် ရသေ့တောင်မြို့နယ်များမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းခစန်း (၃) ခုကို တိုက်ခိုက်ခံရမှုနှင့် ဆက်နွယ် ပတ်သက်နေသူများဟု ခေါင်းစဉ်တပ်ကာ ဖမ်းဆီးထားသည့် ရိုဟင်ဂျာများကို တရားရုံးသို့ ရုံးတင်စစ်ဆေးခြင်း မပြုဘဲ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေကြောင်း သတင်းရရှိပါသည်။

လွန်ခဲ့သော အောက်တိုဘာလ ၉ ရက်နေ့က မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း သုံးခု တိုက်ခိုက်ခံရမှုနှင့် ဆက်နွယ် ပတ်သက်နေသူများဟုဆိုကာ အပြစ်မဲ့ ရိုဟင်ဂျာ အမျိုးသား ၆၀၀ ဦးနီးပါးကို ဒေသဆိုင်ရာ အာဏာပိုင်များက နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်တပ်၍ ရွာများထဲသို့ စီးနင်းဝင်ရောက်ပြီး မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးခံရသူများကို အစပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်တွင် ချုပ်နှောင်ထားခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့ကို ဘူးသီးတောင်အကျဉ်းထောင်သို့ လွှဲပြောင်း၍ ချုပ်နှောင်ထားခဲ့ကြောင်း မောင်တောအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူ တစ်ဦးက ပြောပါသည်။

ထိုသို့ အပြစ်မဲ့ ဖမ်းဆီးခံရသူ အဆိုပါ ရိုဟင်ဂျာ အမျိုးသား ၆၀၀ ဦးနီးပါးတို့မှ အနည်းဆုံး ၈၀ ဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်လည်းကောင်း၊ အနည်းဆုံး ၂၀၀ ဦးတို့ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်းကောင်း မောင်တောခရိုင် တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပါသည်။ မောင်တောအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူ တစ်ဦး၏ အဆိုအရ အချို့ကို ထောင်ဒဏ် ၂၀ နှစ်စီနှင့် အချို့ကို ၂၅ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

တရားစီရင်ခဲ့ပုံနှင့်ပတ်သက်၍ “တရားခံအဖြစ် စွပ်စွဲခံရသူတွေကို ဘူးသီးထောင် အကျဉ်းထောင်ကနေ မောင်တောခရိုင် တရားရုံးထိ အလုံပိတ်ကားတွေနဲ့ ခေါ်လာတယ်။ အဲ့လိုမခေါ်လာခင်ကတည်းက တရားရုံးအနီးတစ်ဝိုက်ကို နယ်ခြားစောင့်ရဲတွေ လုံခြုံရေးယူလိုက်တယ်။ ဘယ်သူ့မှ အဝင်မခံဘူး။ တရားခံလို့ စွပ်စွဲခံရတဲံလူတွေ တင်လာတဲ့ ကားတွေကိုတော့ တရားရုံးနဲ့ ကိုက် ၇၀ အကွာလောက်မှာ ရပ်ထားတယ်။ ပြီးတော့ တရားခံတွေကို ကားပေါ်မှာဘဲ ထားခဲ့ပြီး အမှုတွဲကိုင်ထားတဲ့ ရဲတွေ တရားရုံးထဲ ဝင်သွားတယ်။ ပြီးတော့ တရားသူကြီးရဲ့ ပြစ်ဒဏ် ချမှတ်တဲ့ အမိန့်စာနဲ့ ပြန်ထွက်လာပြီးတော့ တရားခံတွေကို ပြန်ခေါ်သွားတာပဲ။" ဟု အဆိုပါ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူက RB News သို့ ပြောပါသည်။

“ဘယ်ပြစ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာလဲ၊ ဘယ်နှစ်နှစ် ချမှတ်ခဲ့လဲ ဆိုတာ တရားခံ စွပ်စွဲခံထားရသူတွေကတောင် မသိဘူး။ အမှုတွဲကိုင်ထားသူက မင်းတို့ကို ၂၀ နှစ်နဲ့ ၂၅ နှစ်စီ ချလိုက်ပြီ ဆိုပြီ ပြောပြတာပဲ ရှိတယ်။ ရှေ့နေ ငှားပြီး တရားရင်ဆိုင်ခွင့် မရှိတာထားဦး။ တရားသူကြီးရှေ့ကိုတောင် ရောက်ခွင့်မရဘဲ ပြစ်ဒဏ်ချမှတ်ခံရတာ။ ဒီလူတွေက လူသားတစ်ဦးရဲ့တရားရေးဆိုင်ရာ အခြေခံ အခွင့်အရေးတွေ ဘာဆိုဘာမှ မရခဲ့တာ။" ဆိုပြီး ၎င်းက ဖြည့်စွက် ပြောပါသည်။

ပြည်ထောင်စုအစိုးရက ဖမ်းဆီးထားသူများကို ဥပဒေအညီ တိတိကျကျ တရားစီရင်နေကြောင်း၊ လွတ်လပ်စွာ ခုခံခွင့် ပေးထားကြောင်း ဟူ၍ သတင်းထုတ်ပြန်နေသော်လည်း လက်တွေ့မှာမူ တရားခံအပြစ် စွပ်စွဲခံထားရသူများသည် ဥပဒေမဲ့ တရားစီရင်ခံနေရသည်။

အောက်တိုဘာလ ၉ ရက်နေ့က တိုက်ခိုက်မှုကို "သဒ္ဓါတရား လှုပ်ရှားမှုအဖွဲ့" ဟူသော တုတ်၊ ဓါးများ ကိုင်ဆောင်ထားသူ လူအနည်းစုပါဝင်သော အဖွဲ့က ၎င်းတို့တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် လူမှုကွန်ရက်တွင် ဗီဒီယိုတင်၍ ဝန်ခံထားသည်။

ယခုဖမ်းဆီးခံရသူများသည် သာမန်အရပ်သား ပြည်သူများသာ ဖြစ်ပြီး အစိုးရက ရိုဟင်ဂျာချေမှုန်းရေး စီမံချက်ဖြင့် မတရား သဖြင့် ဖမ်းဆီး၍ ဥပဒေမဲ့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသည်ကို တွေ့ရှိရသည်။ ဖမ်းဆီးခံရထားသူများကို ၎င်းတို့၏ မိသားစု၊ ဆွေးမျိုးများကလည်း ယခုအချိန်ထိ ထောင်ဝင်စာ သွားတွေ့ခွင့်မရကြောင်း ဒေသခံများက ပြောပါသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ အစိုးရထုတ်ပြန်ချက်တွင် မောင်တောခရိုင်မှ ရိုဟင်ဂျာ စုစုပေါင်း ၅၇၅ ဦးဖမ်းဆီးထားသည်ဟု ရေးသားဖော်ပြထားသည်။


Comment ရေးရန်

Rohingya Exodus