နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာတွေ နိုင်ငံသားစစ်စစ်ဖြစ်တဲ့အတွက် ရာစုနှစ်ချီပြီး လယ်ယာမြေပိုင်ဆိုင်ခွင့် ရခဲ့တာဖြစ်

ယျာတင် (ရိုဟင်းသား)
RB News
23.2.2017

နိုင်ငံသား မဟုတ်သူများ မြေယာပိုင်ဆိုင်ခွင့် မရှိစေဖို့ ဆိုပြီး ရခိုင်ပြည်နယ် လွှတ်တော်မှာ အဆိုတင်မယ် ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ အဲ့ဒီသတင်းကို ဒီမှာ ဖတ်လို့ရပါတယ်။ https://goo.gl/e8zdXR

ဒီအဆိုဟာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေ ပိုင်ဆိုင်နေတဲ့ လယ်ယာမြေတွေကို သိမ်းဆည်းဖို့ မတရား လုပ်ကြံနေမှု တစ်ခုပဲဆိုတာကို အသိဉာဏ်ရှိသူတိုင်း ရိပ်မိနေလောက်ပါပြီ။

ဒီတော့ ရိုဟင်ဂျာတွေ လယ်ယာမြေ ပိုင်ဆိုင်ခွင့်ရနေတာ ဘယ်တုန်းက စပြီးတော့လဲ။ မနေ့တစ်နေ့ကမှ လယ်ယာမြေ ပိုင်ဆိုင်လာနေတာလား။ ဒါမှမဟုတ် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကလား။ ဒါမှမဟုတ် ရာစုနှစ်ချီပြီးကတည်းကလား။ ဒီအချက်တွေကို ကျနော်တို့ သေချာ သိဖို့လိုတယ်။ တကယ်တော့ ရိုဟင်ဂျာတွေ မနေ့တစ်နေ့ကမှပဲ လယ်ယာမြေပိုင်ဆိုင်လာတာ မဟုတ်ဘူး ဆိုတာတော့ သိပ်မှန်ကန်နေတဲ့ အချက် ဖြစ်ပါတယ်။

ပြောရရင် မြန်မာနိုင်ငံ လွှတ်လပ်ရေးရပြီးနောက် တက်လာတဲ့ ခေတ်အဆက်ဆက် မြန်မာအစိုးရတွေမှာ လယ်ယာမြေ ပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေရှိခဲ့တယ်။ အဲ့ဒီဥပဒေမှာ နိုင်ငံခြားသားများ လယ်ယာမြေမပိုင်ဆိုင်ရ ဆိုတဲ့ ဥပဒေလည်း ပါခဲ့ပါတယ်။ ဒီတော့ အဲ့ဒီ ခေတ်အဆက်ဆက် အစိုးရတွေက ဘာကြောင့် ရိုဟင်ဂျာတွေကို လယ်ယာမြေပိုင်ဆိုင်ခွင့် ပြုခဲ့တာလဲ။ ရိုဟင်ဂျာတွေသာ နိုင်ငံခြားသား ဖြစ်ခဲ့ရင် ခေတ်အဆက်ဆက် အစိုးရတွေက ရိုဟင်ဂျာတွေရဲ့ လယ်ယာမြေတွေကို ဘာကြောင့် မသိမ်းဆည်းလိုက်ခဲ့တာလဲ။ စဉ်းစားတတ်ဖို့ လိုပါတယ်။

အခုမှလာပြီး နိုင်ငံသားမဟုတ်လို့ လယ်ယာမြေပိုင်ဆိုင်ခွင့်မရှိစေရဘူး ဆိုပြီး လွှတ်တော်မှာ အဆိုတင်မယ်ဆိုရင် အဲ့ဒီ နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ လူတွေက ဘာကြောင့်  ရာစုနှစ်ချီပြီး လယ်ယာမြေတွေ ပိုင်ဆိုင်ခွင့်ရခဲ့တာလဲ။ ဒီမေးခွန်းကို ဖြေနိုင်မှသာ ရိုဟင်ဂျာတွေရဲ့ လယ်ယာမြေတွေကို သိမ်းဆည်းဖို့ လွှတ်တော်မှာ အဆိုတင်ပါ။

နိုင်ငံသားမဟုတ်သူများဆီက လယ်ယာမြေတွေ သိမ်းဆည်းပြီး လယ်ယာမဲ့နေတဲ့ နိုင်ငံသားများကို လုပ်ပိုင်ခွင့်ပေးမယ် ဆိုတာ ဘာသဘောလဲ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက မနေ့တနေ့ကမှ ဝင်လာတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေအတွက် ရည်ရွယ်ပြီး သိမ်းဆည်းချင်ဟန် ရှိပါတယ်။ ဒီတော့ ဘိုးစဉ်ဘောင်ဆက် ဒီနိုင်ငံထဲ နေလာတဲ့ ရိုဟင်ဂျာတွေက နိုင်ငံခြားသား ဖြစ်သွားပြီး မနေ့တနေ့ကမှ တစ်ဖက်နိုင်ငံက လူသိရှင်ကြား ဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား - ရခိုင်တွေက နိုင်ငံသား ဖြစ်သွားရောလား။ ဒဲ့ပဲပြောပါ။ အစ္စလာမ်ဘာသာကိုးကွယ်သူများဆီက လယ်ယာမြေတွေ သိမ်းဆည်းပြီး ဗုဒ္ဓဘာသာကိုးကွယ်နေသူများကို လွှဲပေးမယ်လို့ ဒဲ့သာပြောလိုက်ရင် ပိုမှန်ကန်ပါလိမ့်မယ်။

န.ဝ.တ အစိုးရက ရိုဟင်ဂျာပိုင် မြေယာတွေ အများကြီး သိမ်းဆည်းခဲ့တယ်။ အစိုးရ ရုံးခန်းတွေ ဆောက်ဖို့အတွက် သိမ်းခဲ့တာ ရှိတယ်။ န.တ.လ ကျေးရွာ တည်ပေးဖို့နဲ့ န.တ.လ တွေကို လုပ်ကိုင်စားသောက်စရာတွေ ဖန်တီးပေးဖို့ ရိုဟင်ဂျာပိုင် လယ်ယာမြေတွေ ဧကပေါင်း သိန်းနဲ့ချီ သိမ်းခဲ့တာ ရှိတယ်။ အစိုးရရဲ့ အခြား စီမံကိန်းတွေအတွက်လည်း သိမ်းဖူးတာ ရှိတယ်။ ဒါပေမယ့် အဲ့လို သိမ်းဆည်းခဲ့တာက အာဏာအားနဲ့ မတရားသိမ်းဆည်းခဲ့တာသာ ဖြစ်တယ်။

စိတ်ဝင်စားစရာတစ်ခုက အဲ့လိုမျိုး အာဏာအားနဲ့ သိမ်းဆည်းခဲ့တာတောင် န.ဝ.တ အစိုးရက စနစ်တကျ လုပ်ကြံ အကွက်ဆင်ပြီးမှ လယ်ယာမြေတွေကို သိမ်းဆည်းခဲ့တာပါပဲ။ ဥပမာ- သူတို့ သိမ်းချင်တဲ့ လယ်ယာမြေတွေကို Back Date နဲ့ စာရင်းပြုတယ်။ ဒီလယ်ယာမြေတွေကို မူလပိုင်ရှင်တွေက ဆယ်စုနှစ်အထိ စားကျက်မြေအဖြစ် အသုံးမပြုတာကြောင့် နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရမှ မလွှဲမရှောင်သာ သိမ်းဆည်းလိုက်ရတာ ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သေချာ အပင်ပန်းခံ လုပ်ကြံ စားရင်းပြုစုခဲ့ပြီးမှ သိမ်းဆည်းခဲ့တာဖြစ်တယ်။ 'ရိုဟင်ဂျာတွေ နိုင်ငံသား မဟုတ်လို့ သူတို့ရဲ့လယ်ယာမြေတွေ သိမ်းဆည်းခဲ့တာပါဆိုပြီး ဘယ်တုန်းကမှ အမိန့်စာ ထုတ်တာ မရှိခဲ့ဘူး။ သူတို့ လိုသလောက်ကိုပဲ အာဏာအားနဲ့ အထက်က ပြောပြသလို ပုံစံမျိုးနဲ့ လုပ်ကြံ စာရင်းပြုစုပြီးမှ လယ်ယာမြေတွေ သိမ်းခဲ့တာသာဖြစ်ပြီး ကျန်လယ်ယာမြေတွေကို မူလပိုင်ရှင်တွေ ဆက်လက်လုပ်ပိုင်ခွင့်ရခဲ့တာပါပဲ။

တကယ်လို့ ရိုဟင်ဂျာတွေသာ နိုင်ငံခြားသား ဖြစ်ခဲ့မယ်ဆိုရင် လယ်ယာမြေ သိမ်းခဲ့တာမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ န.ဝ.တ အစိုးရက ရိုဟင်ဂျာတွေရဲ့ လယ်ယာမြေတွေကို တစ်ခုမကျန် သိမ်းပိုက်ခဲ့မှာ သိပ်သေချာနေတာပဲ။ ဒါပေမယ့် သူတို့ အဲ့လို မလုပ်ခဲ့ဘူး။ သူတို့မှာ အဲ့လို လုပ်ပိုင်ခွင့်လည်း မရှိခဲ့ဘူး။ ဘာကြောင့်လဲ။ အဖြေက ရှင်းပါတယ်။ ရိုဟင်ဂျာတွေ နိုင်ငံသားစစ်စစ် ဖြစ်လို့ပါပဲ။ ပြီးတော့ လယ်ယာမြေပိုင်ဆိုင်ရာ အထောက်အထား ပြည့်ပြည့်စုံစုံ ရှိနေလို့်ပါ။

အခု ရခိုင်ပြည်နယ် လွှတ်တော်မှာတင်မယ့် အဆိုဟာ ရိုဟင်ဂျာတွေကို မျိုးတုံးအောင် လုပ်နေတဲ့ လူအုပ်စုက သူတို့ရဲ့ မဟာစီမံကိန်း တစ်ခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ လယ်ယာမြေအပေါ် မှီခိုပြီး လုပ်ကိုင်စားသောက် နေရတဲ့ ဌာနေရိုဟင်ဂျာတွေကို နိုင်ငံခြားသား ခေါင်းစဉ်တပ်ပြီး လမ်းဘေးဘဝသို့ ရောက်အောင် တွန်းချဖို့ အားထုတ်နေသူများဟာ အဓမ္မတရားကို ဦးထိပ်ထားတဲ့ လူလူချင်း နှိပ်စက်ညှဉ်းပန်းနိုင်ဖို့ စိတ်ကြီးဝင်နေတဲ့ လူ့မိစ္ဆာတွေပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင် အစိုးရခေတ်မှာတောင် ဒီလောက်ထိ လူမဆန်တဲ့ လုပ်ရပ်မျိုး မလုပ်ခဲ့ဖူးဘူး။ အခုမှ ဒီမိုကရေစီ အစိုးရလို့ပြောနေတဲ့ ခေတ်မှာပဲ လူမျိုးစုတစ်ခုကို မတရား တိုက်နည်းအမျိုးမျိုးနဲ့ ဦးတည်တိုက်ခိုက်နေတာကတော့ အင်မတန် ရုပ်ဆိုးအကျည်းတန်ပါတယ်။ သူများရဲ့ လုပ်ကိုင်စားသောက်ရာ မှီခိုအားထားရာ ဘိုးဘွားပိုင် လယ်ယာမြေတွေကို အဓမ္မတရားနဲ့ သိမ်းပိုင်ချင်နေတာ လူဆန်ရဲ့လား။

တိုတိုနဲ့ လိုရင်းပြောရရင် ရိုဟင်ဂျာတွေ နိုင်ငံသားစစ်စစ်မို့လို့ နှစ်အတော်ကြာကြာ လယ်ယာမြေပိုင်ဆိုင်ခွင့် ရနေတာဖြစ်ပြီး အဲ့လို နိုင်ငံသားစစ်စစ်တွေရဲ့ မှီခိုအားထား စားသောက်စရာ စားကျက်တွေကို နိုင်ငံခြားသား ခေါင်းစဉ်နဲ့ သိမ်းဆည်းလိုက်ဖို့ ကြိုးစားနေတာတွေ ရပ်တန့်က ရပ်တန့်သင့်ပါကြောင်း တိုက်တွန်း တင်ပြလိုက်ရပါတယ်။




Comment ရေးရန်

Rohingya Exodus