နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့ပေါ်တွင် နယ်ထိန်းရဲများက အရပ်ဝတ်များ ၀တ်ဆင်၍ ခရီးသွားများကို ဖမ်းဆီးခြိမ်းခြောက် ငွေညှစ်

Rohingya Eye
RB News
27.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့ပေါ်တွင် နယ်ထိန်းရဲများသည် အရပ်ဝတ်များ ၀တ်ဆင်၍ ခရီးသွား ပြည်သူများကို ဖမ်းဆီးခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မတ်လ (၂၆) ရက်နေ့တွင် မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာမှ ဦးမိုဟာမတ်အာလောမ် (ဘ) ဦးအဒူဆလာမ် (အသက် ၃၂ နှစ်) နှင့် ၎င်း၏ ညီဖြစ်သူ ဦးဆော်ဒူလာမီးန် (အသက် ၃၀ နှစ်) တို့သည် မြို့ပေါ်သို့ ဈေးဝယ်ရန် ရောက်ရှိလာခဲ့ပြီး၊ United တည်းခိုခန်း အောက်ရှိ စားကုန်ဆိုင်လိုင်းတန်းမှ စားကုန်ပစ္စည်းများ ၀ယ်ယူပြီးနောက် နေ့လည် ၃ နာရီ အချိန်တွင် ရွာသို့ပြန်ရန်အတွက် ကားပေါ်တက်နေစဉ် အရပ်ဝတ်များ ၀တ်ဆင်ထားသော ရဲ (၄) ဦး ရောက်ရှိလာပြီး ၎င်းတို့ ညီအစ်ကို နှစ်ဦးကို ဖမ်းဆီး၍ ရွှေနှင်းဆီ လဘက်ရည်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။ 

ထို့နောက် အရပ်ဝတ် ၀တ်ဆင်ထားသည့် ရဲများက ၎င်းတို့အား အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသူများ အဖြစ် လုပ်ကြံ၍ အခြေအမြစ် စွပ်စွဲ၍ ငွေကျပ် (၆) သိန်း တောင်းခံပြီး၊ ဦးဆော်ဒူလာမီးန်ကို ငွေရှာရန် အတွက် လွတ်ခဲ့သည်။ ဦးဆော်ဒူလာမီးန်က ၎င်းနှင့် သိကျွမ်းသူတစ်ဦးထံမှ ငွေကျပ် တစ်သိန်း ချေးယူ၍ ရဲများကို ပေးပြီးနောက် ၎င်းတို့ ညီအစ်ကိုနှစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း မြို့ခံတစ်ဦးက RB News သို့ပြောပါသည်။ 

မောင်တောမြို့ပေါ်တွင် အရပ်ဝတ်များ ၀တ်ဆင်၍ သွားလာလှုပ်ရှားနေသည့် ရဲတပ်ဖွဲ့ဝင်များမှာ ရဲတပ်ကြပ်ကြီး လှမြင့် ဦးဆောင်သည့် နယ်ထိန်းရဲများ ဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့သည် လိုင်စင်ရ ဓါးပြများ သဖွယ် သောင်းကျန်းနေကြောင်း၊ မားဖီးယားဂိုဏ်းအဖွဲ့ ကဲ့သို့ လူအများရှေ့တွင် သောင်းကျန်းနေကြောင်း မြို့ခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ 

မတ်လ (၂၂) ရက်နေ့တွင်လည်း မောင်တောမြို့နယ် မြောက်ပိုင်း ပဒင်းကျေးရွာအုပ်စု၊ ခူးန်ခါရာရွာမှ မော်လ၀ီမာမတ်ဟူဆောင်း (ဘ) ဦးဆုလ်တာန် (အသက် ၄၀ နှစ်) သည် ဈေးဝယ်၍  ရွာသို့ပြန်နေစဉ်၊ အမှတ် (၄) ရက်ကွက် ရွာသစ်ရွာ Malteser ရုံးအနီး လဘက်ရည်ဆိုင်မှ အရပ်ဝတ်များဖြင့် ရဲများ ထွက်လာပြီး  အဆိုပါ မော်လ၀ီကို ဖမ်းဆီး၍ လဘက်ရည်ဆိုင်ထဲသို့ ခေါ်ဆောင်သွားကာ အခြေအမြစ် လုပ်ကြံစွပ်စွဲ၍ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည်။ 

“ပြည်သူတွေက ဥပဒေချိုးဖောက်ရင် ရဲတွေက အရေးယူတယ်။ ရဲတွေက အများပြည်သူရှေ့မှောက်မှာ လက်လွတ်စပယ် ဖမ်းဆီး ငွေညှစ်နေတာကို အရေးယူမယ့်လူမရှိဘူး။ တရားဥပဒေစိုးမိုးတဲ့ အစိုးရတစ်ရပ်လို့ ကြွေးကြော်နေတဲ့ အစိုးရလက်ထက်မှာလည်း အရင် အာဏာရှင်အစိုးရလို ဥပဒေမဲ့ ဖမ်းဆီး ငွေညှစ်နေတာတွေကို ဟန့်တားနိုင်ခြင်း မရှိတာကိုတော့ အလွန်စိတ်ပျက်မိတယ်” ဟု မောင်တောမြို့ပေါ်မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus