နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူးချုပ်သူရစန်းလွင် အတွက် ခရီးစရိတ်ဟု ဆိုကာ မင်္ဂလာကြီးရွာသား တစ်ဦးက လှဘော်ဇား ရွာသားနှစ်ဦးကို ခြောက်လှန့်၍ ငွေညှစ်

MYARF
RB News
11.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အခြေစိုက် အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်၏ နေပြည်တော် ခရီးစရိတ် အတွက်ဟု ဆိုကာ ၎င်း၏ တပည့်ဖြစ်သူက လှဘော်ဇား ရွာသားနှစ်ဦးကို ခြောက်လှန့်၍ ငွေကျပ် သိန်း ၅၅၀ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း မင်္ဂလာကြီးကျေးရွာမှ မာမတ်ဆလာမ် ဆိုသူသည် ကျီးကန်းပြင် အခြေစိုက် အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်၏ အယုံကြည်ရဆုံး တပည့် တစ်ဦး ဖြစ်ပြီး ၎င်းက မေလ (၇) ရက်နေ့တွင် ရဲမှူးချုပ်သူရစန်းလွင်က နေပြည်တော်သို့ ခရီးသွားရန် လမ်းစရိတ်ဟု ဆိုကာ လှဘော်ဇားရွာမှ ငွေကြေးတတ်နိုင်သူ အပြစ်မဲ့ ရွာသားနှစ်ဦးကို WY စိတ်ကြွဆေးပြား ဖမ်းဆီးရမိသည့် အမှုနဲ့ ဆက်နွယ်နေသူများဟု လုပ်ကြံစွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် သိန်း ၅၅၀ ညှစ်ယူခဲ့ကြောင်း သိရှိရသည်။ 

“မင်္ဂလာကြီးရွာသား မာမတ်ဆလာမ်က ကွပ်ကဲရေးမှူးရဲ့ အယုံကြည်ရဆုံး ဖြစ်နေတယ်။ လှဘော်ဇား ရွာက ဒေါ်ဆော်ဖူရာ ဆိုသူဆီက WY စိတ်ကြွဆေးပြား ၄ ထုပ် မိထားတဲ့ အမှုတစ်ခု ရှိနေတော့ အခု လှဘော်ဇားက ငွေကြေးတတ်နိုင်တဲ့ ရွာသားနှစ်ယောက်ကို အဲဒီအမှုရဲ့ ကွင်းဆက် တရားခံတွေဆိုပြီး လုပ်ကြံ စွပ်စွဲပြီး ခြိမ်းခြောက်တယ်။ နောက်ဆုံးမှာ ငွေ သိန်း ၅၅၀ ညှစ်ပြီး ကွပ်ကဲရေးမှူးကို ပေးလိုက်တယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသည့် လှဘော်ဇား ရွာသား နှစ်ဦးမှာ ဦးမိုဟာမတ်ဇူဟားရ် (ဘ) ဦးဆီဒိတ်ခ် (အသက် ၃၅ နှစ်) နှင့် ဦးလဘော့ (ဘ) ဦးအီဆက် (အသက် ၃၇ နှစ်) တို့ဖြစ်ကြသည်။ 

“ဒေါ်ဆော်ဖူရာဆီက စိတ်ကြွဆေးပြား မိတာ ၄ ထုပ်ပါ။ အဖမ်းပြတော့ ၂ ထုပ်ပဲ ပြတယ်။ ကျန်တဲ့ နှစ်ထုပ်ကို မာမတ်ဆလာမ်နဲ့ နယ်ခြားစောင့်ရဲတွေက အပြင်မှာရောင်းပြီး ငွေကို ခွဲယူလိုက်တယ်” ဟု အဆိုပါ ဒေသခံက ဖြည့်စွက် ပြောပါသည်။ 

ငွေကျပ် သိန်း ၅၅၀ ကို မေလ (၅) ရက်နေ့တွင် ညှစ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ရဲမှူးချုပ်သူရစန်းလွင် (ဓါတ်ပုံ - Reuters)

Comment ရေးရန်

Rohingya Exodus