နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအချို့တွင် မောင်တောမြို့နယ်တွင် မီးရှို့လုယက်ခဲ့သကဲ့သို့ ပြုလုပ်လျက်ရှိ

MYARF
RB News
30.5.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက မောင်တောမြို့နယ်တွင် စစ်တပ်က ပြုမှုခဲ့သလို ရွာများကို ၀င်ရောက်စီးနင်း၍ အိမ်များမီးရှို့ခြင်း၊ အပြစ်မဲ့ ရွာသားများကို ဖမ်းဆီးခြင်း၊ ပစ္စည်းများလုယက်ခြင်း၊ အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်းများ ဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မေလ (၂၈) ရက်နေ့ ည ၈း၃၀ နာရီခန့် အချိန်တွင် တောင်ဘဇာ နယ်မြေ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကိုယ်တိုင် ပါဝင်သည့် အဖွဲ့က မိကျောင်းခေါင်းဆွဲ ကျေးရွာအုပ်စုရှိ မော်လ၀ီမိုဟာမတ်အစ္စမိုင်လ်၏ နေအိမ်ကို မီးတင်ရှို့၍ နေအိမ်ပြာကျသွားသည့် အထိ ရဲမှူးကိုယ်တိုင် ရပ်ကြည့်နေခဲ့ကြောင်း၊ မေလ (၂၅) ရက်နေ့တွင် အဆိုပါ ရဲမှူးပါဝင်သည့် အဖွဲ့သည် ကျောင်းတောင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စခန်းမှူးပါဝင်သော အဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းတောင် ကျေးရွာအုပ်စု အလယ်ရွာ (ဂုံးနားရွာ) သို့ နံနက် ၁၀ နာရီခန့်အချိန်တွင် ၀င်ရောက်၍ (၁) ဦးရော်ရှိတ် (ဘ) ဦးရီယာဇုဒီးန် (၂) ဦးအဒူမာလေခ် (ဘ) ဦးရီယာဇုဒီးန် (၃) ဦးအိဒိရီစ် (ဘ) ဦးရီယာဇုဒီးန် (၄) ဦးဇာဘေရ် (ဘ) ဦးအာမီးရ်ဟူစိန်း (၅) ဦးဆာလေအာမတ် (ဘ) ဦးအာဘုလ်ဘော်ရှော်ရ် (၆) ဦးဆာဒေခ် (ဘ) ဦးဆာလေအာမတ် (၇) ဦးအာဘုလ်ဝေါ်ဖ (ဘ) ဦးအဒူဂေါ်ဖော်ရ် (၈) ဦးအီဆုပ်အလီ (ဘ) ဦးအဒူဟာလေခ် တို့၏ နေအိမ်များကို မီးတင်ရှို့ခြင်း၊ ယင်းနေ့တွင်ပင် ညောင်ချောင်း ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စခန်းမှူးနှင့် အဖွဲ့သည် ဖူးခေါင်ချောင်းကျေးရွာသို့ ၀င်ရောက်၍ မော်လ၀ီမိုဟာမတ်ဆော်ယာဒ်၏ နေအိမ်ကို ဖြိုဖျက်၍ မြေတူးလှန်ပစ်ခြင်း၊ ညောင်ချောင်း ကေဒီရွာ၊ ဖရုံချောင်းကျေးရွာအုပ်စု၊ ဖူခေါင်ချောင်း ကျေးရွာအုပ်စု၊ မောင်ကြီးတောင် ကျေးရွာအုပ်စု၊ မိကျောင်းခေါင်းဆွဲ ရောင်ပါရာ၊ ကျွန်းပေါက်ရွာ၊ ဘောစ်တောပါရာ၊ တင်းမေကျေးရွာအုပ်စုနှင့် ကျောင်းတောင် ကျေးရွာအုပ်စု တို့ရှိ နေအိမ်များမှ မိသားစုများကို လူဦးရေ စစ်ဆေးရန်ဟု အကြောင်းပြ၍ နေအိမ်များထဲသို့ ၀င်ရောက်၍ နေအိမ်တွင်းရှိ ပစ္စည်းများ လုယက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များကို လုယက်ခြင်း၊ အပြစ်မဲ့ ရွာသားများကို ဖမ်းဆီးခြင်း၊ အချို့ထံမှ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သည့် အပြင် ရွာသားအချို့ကို သတ်ပစ်ခြင်းများပင် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ကျောင်းတောင် ကျေးရွာအုပ်စုနှင့် တင်းမေ ကျေးရွာအုပ်စုတို့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက အမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့ပြီး၊ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများကိုယ်တိုင် စစ်ကြောင်းမှူးထံ တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမလာကြောင်း ဒေသခံများက ပြောပါသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က သတ်ဖြတ် မီးရှို့ခြင်းများ ပြုလုပ်ခဲ့သလို ဘူးသီးတောင်မြို့နယ်တွင် တစ်ပုံစံတည်း ပြုလုပ်လျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 




Comment ရေးရန်

Rohingya Exodus