နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုမှ သားဖွားဆရာမက လူမျိုးရေး ခွဲခြားဆက်ဆံသည့် အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် ပါးရိုက်

MYARF
RB News
14.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့တွင် ကျေးလက် ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်စမ်းစမ်းမြင့်အောင်က ရိုဟင်ဂျာလူမျိုးများကို ခွဲခြားဆက်ဆံသည့် အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများပင် ရှိနေကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့အပိုင် တောင်ပြိုလက်ယာ ကျေးလက် ကျန်းမာရေးဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသော သားဖွားဆရာမ ဒေါ်စမ်းစမ်းမြင့်အောင်သည် ၎င်းတာဝန်ကျနေသည့် ကျေးလက်ကျန်းမာရေး ဌာနခွဲ လက်အောက်ရှိ ကျေးရွာများတွင် ဆေးခန်းဖွင့်၍ သာမာန်လူနာများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ဆေးကုသပေးလျက် ရှိသည်။ ထိုသို့ ဆေးကုသပေးရာတွင် ရိုဟင်ဂျာလူမျိုး အစ္စလာမ်ဘာသာဝင်များကို အခေါ်အဝေါ်မှ စ၍ နေရာထိုင်ခင်း အဆုံး ခွဲခြားဆက်ဆံကြောင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် လူနာများကို ကိုယ်ထိလက်ရောက် စော်ကားဆဲဆို၍ ပါးရိုက်သည်များပင် ကျူးလွန်လျက်ရှိကြောင်း၊ ဆေးကုသစရိတ်ယူရာတွင်လည်း ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များကို ခွဲခြားသတ်မှတ်၍ ယူကြောင်း ဒေသခံရွာသားများက RB News သို့ပြောပါသည်။

သွားဖွားဆရာမ ဒေါ်စမ်းစမ်းမြင့်အောင်သည် တောင်ပြိုလက်ဝဲမြို့ အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြစ်သူ ဦးမောင်မြင့် (ခ) ခင်မိုးအောင်၏ ဇနီးဖြစ်သောကြောင့် ခင်ပွန်းဖြစ်သူ၏ သြဇာအာဏာ အရှိန်အ၀ါ သုံးနေခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုသည်။ 

ဇွန်လ ပထမပတ်တွင် ကာကွယ်ဆေးထိုးရန် သွားသည့် အမျိုးသမီးများကို “ခွေးသားကုလားများ၊ ဖာသည်မများ၊ နွားမများ” ဟု ညစ်ညမ်းစွာ အော်ဟစ်ဆဲဆိုသည့် အပြင် တောင်ပြိုလက်ယာမှ (၅) လ ကျော် ကိုယ်ဝန်ဆောင်ထားသည့် အမျိုးသမီး - ဦးဇော်ကော်ရီယာ၏ ဇနီး ဒေါ်ဟာလေဒါ (ဘ) ဦးနုရ်ဘော်ရှော်ရ် (အသက် ၂၅ နှစ်) နှင့် (၃) လ ကျော် ကိုယ်ဝန်ဆောင်ထားသည့် အမျိုးသမီး မဖာတေမာ (ဘ) ဦးဘော်ဒီယိုရာမာန် (အသက် ၁၉ နှစ်) တို့နှစ်ဦးစလုံးကို ပါးရိုက်ခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့နှစ်ဦးစလုံး၏ ကာကွယ်ဆေးထိုးသည့် မှတ်တမ်းစာအုပ်များကို စုတ်ပစ်လိုက်ကြောင်း မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောပါသည်။

သားဖွားဆရာမ ဒေါ်စမ်းစမ်းမြင့်အောင်သည် ရရှိသည့် ရာထူး အရှိန်အ၀ါကို အလွဲသုံးစား ပြုလုပ်၍ ဆက်ဆံနေခြင်း၊ လူမိုက်သဖွယ် ပြုမှုနေခြင်း တို့ကြောင့် ရွာသူရွာသားများက ကျန်းမာရေးဌာနရှိ ၀န်ထမ်းများ အပေါ် ယုံကြည်မှု လျော့နည်းလာပြီး ကလေးများကို ကာကွယ်ဆေးထိုးပေးရန် စိတ်ဝင်စားမှု မရှိတော့ကြောင်း၊ ထို့အပြင် ကလေးမွေးစာရင်း တစ်စောင် ထုတ်ပေးရန် ငွေကျပ် တစ်သောင်းစီ တောင်းယူနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။




Comment ရေးရန်

Rohingya Exodus