နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို လိပ်ရနှင့် ကျောက်ချောင်း အခြေစိုက် တပ်ရင်း ၅၅၁ မှ စစ်သားများက ဒေသခံများထံမှ ငွေညှစ်၊ လုယက်၊ ရိုက်နှက်

RB News
16.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ လိပ်ရနှင့် ကျောက်ချောင်းကျေးရွာတို့တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသော တပ်ရင်း ၅၅၁ မှ စစ်သားများသည် ဒေသခံများထံမှ ငွေညှစ်ခြင်း၊ လုယက်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

တောင်ပြိုလက်ဝဲမြို့၊ လိပ်ရနှင့် ကျောက်ချောင်းကျေးရွာ တို့တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသော တပ်ရင်း ၅၅၁ မှ စစ်သားများသည် ဇွန်လ (၁၄) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျွန်းပေါက်ဆင်အိုး ကျေးရွာအုပ်စုသို့ ၀င်ရောက်၍ ဒေသခံ (၃) ဦး၏ နေအိမ်များကို လိုင်စင်ရဓါးပြများသဖွယ် မွှေနှောက်ရှာဖွေခဲ့သည်။ တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မရရှိသောအခါ MPT ဆင်းမ်ကဒ်များဖြင့် သုံးနေသော မိုဘိုင်းဖုန်းများကို တရားမ၀င်ဟု ပြောဆိုပြီး ငွေညှစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးဇာဟိတ်ဟူဆောင်း (ဘ) ဦးမာဇဲတ် (ညှစ်ခံရငွေကျပ် ၂ သိန်း)
(၂) ဦးရော်ဖိတ်ခ် (ဘ) ဦးအစ္စမိုင်လ် (ညှစ်ခံရငွေကျပ် ၂ သိန်း)
(၃) ဦးမာမတ်အလီ (ဘ) ဦးဆီဒိတ် (ညှစ်ခံရငွေကျပ် ၂ သိန်း) -- တို့ဖြစ်သည်။ 

အဆိုပါ စစ်သားများသည် ယင်းနေ့ ည ၁၁ နာရီကျော် အချိန်တွင် လိပ်ရကျေးရွာအုပ်စု မြောက်ရွာမှ ဦးဇာဟိတ်ဟူဆောင်း (ဘ) ဦးရှောမ်ရှုအာလာမ်၏ နေအိမ်ထဲသို့ အတင်းဝင်ရောက်ကာ အိမ်ရှင်ဖြစ်သူအား လူမဆန်စွာ ရိုက်နှက်၍ လိပ်ရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဇွန်လ (၁၅) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ငွေကျပ် ၃ သိန်းခွဲ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 

ထို့အပြင် ဇွန်လ (၁၄) ရက်နေ့ ည ၁၂ နာရီခန့် အချိန်တွင် မြောက်ရွာမှ မော်လ၀ီ အီနုစ် (ဘ) ဦးနော်ဘီအူလ္လာ၏ နေအိမ်တံခါးကို ရိုက်ချိုး ဖျက်ဆီး ၀င်ရောက်၍ နေအိမ်အတွင်းရှိ ပစ္စည်များကို ဖျက်ဆီးခဲ့ပြီး၊ အစ္စလာမ်ဘာသာရေး ဆိုင်ရာ ကျမ်းစာ (၇) အုပ်နှင့် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်တို့ကို လုယက် သိမ်းဆည်းသွားခဲ့သည်။ ဇွန်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် မော်လ၀ီ အီနုစ်၏ ဇနီးကို လိပ်ရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ တပ်ရင်း ၅၅၁ မှ တပ်ရင်းမှူးက ဆင့်ခေါ်၍ သက်ဆိုင်ရာသို့ တိုင်တန်းခြင်း မပြုရန်နှင့် တိုင်တန်းပါက အသေသတ်ပစ်မည်ဟု သေနတ်ထောက်၍ ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက  RB News သို့ပြောပါသည်။ 

တပ်ရင်း ၅၅၁ မှ စစ်သား ၇ ဦးသည် ဇွန်လ (၁၅) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု ဖက်လိပြင်ရွာသို့ သွားရောက်၍ ဦးမော်နုမျာ (ဘ) ဦးအာဖာလာတုံ၏ နေအိမ်ထဲသို့ ၀င်ရောက် ရှာဖွေပြီး၊ ၎င်း၏ သားဖြစ်သူ ဟာရွန်ရော်ရှိတ် သုံးစွဲနေသော MPT ဆင်းမ်ကဒ်ပါ မိုဘိုင်းဖုန်းကို အကြောင်းပြ၍ ငွေကျပ် တစ်သိန်းနှစ်သောင်း ညှစ်ယူခဲ့သည်။ 

စစ်သားများက MPT ဆင်းမ်ကဒ်ကို အကြောင်းပြ၍ ငွေညှစ်လျက် ရှိသောကြောင့် ဒေသခံများသည် MPT ဆင်းမ်ကဒ်သည်ပင်လျှင် နိုင်ငံအတွင်း တရားမ၀င် ဖုန်းကုမ္ပဏီ ဖြစ်နေသလားဟု သံသယ၀င်လျက် ရှိသည်ဟု ဆိုသည်။ 

အဆိုပါ စစ်သားများသည် ဇွန်လ (၁၅) ရက်နေ့ နေ့လည်ပိုင်းတွင် ကြိမ်ချောင်းဈေးမှ ဈေးဝယ်၍ ပြန်လာသော ဒေသခံရိုဟင်ဂျာများထံမှ ငွေလုယက်ခြင်း၊ စားသောက်ဖွယ်ရာများ လုယက်ခြင်းများ အပြင် အကြောင်းမဲ့ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောပါသည်။ 

ထိုသို့ လုယက်၊ ရိုက်နှက်နေစဉ် စစ်သားတစ်ဦးက “မင်းတို့ ကုလားတွေကို လုပ်ချင်သလို နှိပ်စက်ပြီး တစ်ဖက်နိုင်ငံကို တွန်းပို့ပေးဖို့ အတွက် အထက်လူကြီးတွေက ငါတို့ တပ်ရင်း ၅၅၁ ကို ဒီနယ်ကို အပိုင်စားလို ပေးထားတယ်။ သေချာမှတ်ထား တပ်မတော်က ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူး” ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ 


Comment ရေးရန်

Rohingya Exodus