နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဘုရားပြင်အောင်ပမှ ရာအိမ်မှူးက ရွာသားများထံမှ ငွေညှစ်သည့် အပြင် နေ့စဉ် ညှဉ်းပန်းနှိပ်စက်လျက်ရှိ

RB News
16.6.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု အမှတ် (၁) ရပ်ကွက်မှ ရာအိမ်မှူးသည် နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဇွန်လ (၅) ရက်နေ့တွင် ဘုရားပြင်အောင်ပကျေးရွာအုပ်စု၊ အမှတ် (၁) ရပ်ကွက်မှ ရာအိမ်မှူးဖြစ်သူ မိုဟိဘူလ္လာဟ် (ဘ) ဦးဆယာဒ်ခေါ်ရီးမ် သည် ဦးတော်ယုဖ် (ဘ) ဦးဆိဒိတ်ကို နိုင်ငံခြားငွေ ကိုင်ဆောင်နေသည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ဖမ်းဆီးခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲများက ဦးတော်ယုဖ်ထံမှ ငွေကျပ် ၁၀ သိန်း တောင်းခံခဲ့ရာ နောက်ဆုံးတွင် ငွေကျပ် ၄ သိန်းဖြင့် ညှိ၍ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ရာအိမ်မှူးသည် ဆိုင်ကယ်ကယ်ရီသမားဖြစ်သူ ဦးဂျာကဲရ် (ဘ) ဦးမိုဟာမတ်ရှော်ဘီကိုလည်း ဆိုင်ကယ်ဖြင့် လဲကျခဲ့သည်ဟု စွပ်စွဲ၍ နယ်ခြားစောင့်ရဲနှင့် အတူ ငွေကျပ် တစ်သောင်းငါးထောင် ညှစ်ယူခဲ့သည်။ 

ဦးအဗ်ဒူလ်မော်တလာဖ် (ဘ) ဦးရာဘီအူလ္လာဟ် ကိုလည်း ဘင်္ဂလားဒေ့ရှ်သို့ လူကုန်ကူးနေသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ဇွန်လ (၇) ရက်နေ့တွင် ဟာဖီးဇ် ဂျူဘိုင်ရ် (ဘ) ဦးဆာဗ်မျာသည် ကျေးရွာအုပ်ချုပ်ရေးမှူးကို ငွေပေး၍ နေအိမ်၏ အစိတ်အပိုင်းတစ်ခု ပြုပြင်ခဲ့သည်။ အိမ်ပြုပြင်နေသည်ကို အကြောင်းပြ၍ ရာအိမ်မှူး မိုဟိဘူလ္လာဟ် ကငွေတောင်းရာ ဟာဖီးဇ် ဂျူဘိုင်ရ်က မပေးသဖြင့် အုပ်ချုပ်ရေးမှူးကို ဆဲဆိုသည်ဟု ဆိုကာ လုပ်ကြံသဖြင့် ယခုအခါ ရွာထဲတွင် မနေရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။ 

ဇွန်လ (၈) ရက်နေ့တွင် ဦးယာစီးန် (ဘ) ဦးယူနုစ်သည် နေ့လည်ပိုင်း၌ အနီးအနားမှ နေအိမ်တစ်အိမ်သို့ အလုပ်ကိစ္စဖြင့် သွားနေစဉ် ရာအိမ်မှူးက တွေ့ရှိပြီး အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ရိုက်နှက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည့် အပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက် အပ်နှံခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ 

ရာအိမ်မှူး မိုဟိဘူလ္ဘာဟ်သည် နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ရွာသားများကို နေ့စဉ် အကြောင်းမဲ့ ငွေညှစ်သည့် အပြင် နည်းမျိုးစုံ ညှဉ်းပန်းနှိပ်စက်နေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူ ဟန့်တားပေးပါရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus