နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို ဇီးပင်ချောင်းမှ နယ်ခြားစောင့်ရဲများက ကျောက်ချောင်းများ နေအိမ်များ ဖျက်ဆီး၊ လုယက်

RB News
18.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ဇီးပင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများသည် ကျောက်ချောင်း ကျေးရွာအုပ်စု ဂီလာတူလီ ရွာထဲသို့ ၀င်ရောက်၍ နေအိမ်များ ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇွန်လ (၁၇) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ဇီးပင်ချောင်း ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ ၁၄ ဦးသည် ဆိုင်ကယ် (၇) စီးဖြင့် ကျောက်ချောင်းကျေးရွာအုပ်စု၊ ဂီလာတူလီ ကျေးရွာသို့ ၀င်ရောက်၍ ယင်းရွာမှ ရိုဟင်ဂျာနေအိမ် အများအပြားကို အတင်းဝင်ရောက်၍ ရှာဖွေခဲ့သည်။ တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မရရှိသော်လည်း ဦးလာလူးနှင့် ဦးမော်တူ တို့၏ နေအိမ်များကို လက်ထွန်သကဲ့သို့ တူးဆွ၍ ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ဦးအာဘူ (ဘ) ဦးအာရှူအလီ၏ အိမ်မွေး ကြက်ဖတစ်ကောင်ကိုလည်း လုယက်ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။ 

ထိုကဲ့သို့ လိုင်စင်ရသောင်းကျန်းသူများသဖွယ် ပြုလုပ်နေခြင်းမှာ လိပ်ရ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး၏ စေခိုင်းချက်အရ ဖြစ်သည်ဟု နယ်ခြားစောင့်ရဲတစ်ဦးက ရပ်မိရပ်ဖတစ်ဦးကို ပြောဆိုခဲ့သည်။ အဆိုပါ ရဲမှူးသည် ယခင်က လိပ်ရကျေးရွာနေ ၀င်းလှိုင်ဆိုသူ၏ နေအိမ်တွင် ပြည့်တန်ဆာ အမျိုးသမီးတစ်ဦးနှင့် ပေါင်းသင်း နေထိုင်သည်ဟု သတင်းဆိုး ထွက်ခဲ့ဖူးသော အရာရှိဖြစ်သည်။ 

၎င်းသည် ဒေသခံများကို အမြဲရန်လိုနေသူဖြစ်ပြီး လူမျိုးရေး ပဋိပက္ခ ဖန်တီးလိုစိတ် ရှိသူ ဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူများမှ သိရှိရသည်။ ရဲမှူး၏ မလိုမုန်းတီးမှုကြောင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်ဟု ဆိုသည်။ 




Comment ရေးရန်

Rohingya Exodus