နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ညောင်ချောင်းမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှူးနှင့် အဖွဲ့က ဒေသခံများကို လုပ်ကြံ ဖမ်းဆီး၍ ငွေညှစ်လျက်ရှိ

MYARF
RB News
16.6.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးသည် စစ်ဆေးရေး ခေါင်းစဉ်တပ်၍ ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးသည် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်ရဲများနှင့် ကင်းစခန်းများမှ တပ်ဖွဲ့ဝင်များ ခေါ်ယူ၍ ဘေးပတ်ဝန်းကျင်ရွာများသို့ စစ်ဆေးရေး ၀င်သည်ဟု ခေါင်းစဉ်တပ်ကာ ၀င်ရောက်၍ အပြစ်မဲ့ ရွာသားများကို မတရားသဖြင့် ဖမ်းဆီး၍ မကြာခဏ ငွေညှစ်လျက် ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ဇွန်လ (၁၂) ရက်နေ့ ည ၇ နာရီခန့် အချိန်တွင် ဖိုးခေါင်းချောင်း ကျေးရွာအုပ်စု၊ ဖိုးခေါင်းချောင်းရွာမှ ဆာဒဲက်ဟူစိန်း (ဘ) ဦးဂျော်လိလ်ဟူစိန်း (အသက် ၂၀ နှစ်) သည် ၎င်း၏ နေအိမ်တွင် နေမကောင်းဖြစ်နေသူ အတွက် ဆေးဝယ်ရန် စိမ်းညှင်းပြင်းဈေးရှိ ဆေးဆိုင်သို့ ဆေးလာဝယ်စဉ် ညောင်ချောင်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက ညမထွက်ရ အမိန့်ကို ကျော်လွန်သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ အတင်းအဓမ္မ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောပါသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များတွင် ညမထွက်ရ အမိန့်မှာ ည ၉  နာရီအချိန်တွင် စတင်သော်လည်း နယ်ခြားစောင့်ရဲများက ည ၇ နာရီခန့် အချိန်တွင် ဒေသခံရွာသားများကို ဖမ်းဆီး၍ မကြာခဏ ငွေညှစ်လျက် ရှိသည်မှာ ၂၀၁၂ ခုနှစ်ကတည်းပင် ဖြစ်သည်။ 


Comment ရေးရန်

Rohingya Exodus