နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်း အထက်တန်းကျောင်းတွင် ကျောင်းသား/သူများ အပ်နှံရာ၌ အခက်အခဲများ ကြုံတွေ့နေ

RB News
4.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တာမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာရှိ အထက်တန်းကျောင်းတွင် ကျောင်းသား/သူများကို မိဘများက ကျောင်းအပ်နှံရာတွင် အခက်အခဲမျိုးစုံ ကြုံတွေ့လျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာရှိ အထက်တန်းကျောင်းတွင် ကျောင်းသား/သူများကို ကျောင်းအပ်နှံရာတွင် ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးကျော်သိန်းက နည်းမျိုးစုံဖြင့် ဒုက္ခပေးလျက်ရှိသောကြောင့် အခက်အခဲမျိုးစုံ ကြုံတွေ့လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

“ကျွန်တော်တို့ ကျောင်းသား/သူများရဲ့ ဖခင်အချို့မှာ မုတ်ဆိတ်ရှိနေတာကို ကျောင်းသွားအပ်တဲ့အခါမှာ ကျောင်းအုပ်ကြီး ဦးကျော်သိန်းက မင်းတို့ ဒါ ဗလီလာတာ မဟုတ်ဘူး။ မုတ်ဆိတ်နဲ့ ကျောင်းကို လာလို့မရဘူး၊ အခုချက်ချင်း ရိတ်လိုက်လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ကျောင်းသား/သူများကို မေလ (၂၅) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အတွင်း အပ်နှံရန် သတ်မှတ်ထားခဲ့သော်လည်း ကျောင်းအုပ်ကြီး ဦးကျော်သိန်းက နည်းမျိုးစုံဖြင့် အနှောက်အယှက်ပေးမှုကြောင့် ယနေ့ထိ ကျောင်းအပ်နှံ၍ မရသေးသည့် ကျောင်းသား/သူများစွာ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် ဗမာအမည်များ ရှိသော ကျောင်းသား/သူများ၏ အမည်များကို ကျောင်းအုပ်ကြီး ကိုယ်တိုင် လက်မခံနိုင်ဟု ဆိုကာ အမည်များကို ပယ်ဖျက်ခဲ့ကြောင်း သိရှိရသည်။

အချို့ကျောင်းသားများကို မတရားအသင်းနှင့် ဆက်နွယ်မှုရှိသော မိဘများ၏ သားသမီးများဟု လုပ်ကြံ စွပ်စွဲ၍ ကျောင်းအပ်နှံခွင့်မပြုသောကြောင့် ယခုအချိန်ထိ ကျောင်းအပ်နှံ၍ မရဖြစ်နေကြောင်း ဒေသခံများက ပြောပါသည်။

ဒေသခံတစ်ဦးက “ကျောင်းအုပ်ကြီးက ကျောင်းသား ကျောင်းသူတွေကို ကျောင်းအပ်လို့ မရအောင် အမျိုးမျိုး လုပ်ကြံ စွပ်စွဲတာတွေ လုပ်နေတယ်။ နာမည်က ကျောင်းအုပ်ကြီးနဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်တော်တို့ဆီမှာ ဘိုးစဉ်ဘောင်ဆက် ဗမာနာမည်ရှိတာတွေလည်း ရှိတယ်။ မွတ်စလင်နာမည်ရှိတာတွေလည်း ရှိတယ်။ ကျောင်းအုပ်ကြီးနဲ့ နာမည်ကိစ္စ ဘာမှမပတ်သက်ပါဘူး။ ကျောင်းသား ကျောင်းသူတွေ ပညာသင်ကြားလို့ မရအောင် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတယ်ဆိုတာ သိသာပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ စုံစမ်းစစ်ဆေးပြီး တားမြစ်ပေးဖို့ ကျောင်းသား ကျောင်းသူများရဲ့ မိဘများ ကိုယ်စား တောင်းဆိုပါတယ်” ဟု ရပ်ရွာလူကြီး တစ်ဦးက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus