နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းလှုပ်ရှားသော အဖျက်သမား (၇) ဦးကို နယ်ခြားစောင့်ရဲ စခန်းမှူးက စခန်းတွင် ခိုလှုံခွင့်ပေးထား

MYARF
RB News
4.6.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျောင်းတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးက ကျောင်းတောင်ရွာမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းလှုပ်ရှားသော အဖျက်သမား (၇) ဦးကို ခိုလှုံခွင့်ပေးထားကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျောင်းတောင်ကျေးရွာအုပ်စုမှ (၁) ယာစီးန် (ဘ) ဦးအဗ်ဒူလ်ဘာရီ (၂၀၁၂ ခုနှစ်မှ စ၍ BD ပြေးသတ်မှတ်ထားခြင်းခံထားရသူ)၊ (၂) ဆော်လိမ် (ဘ) ဦးရှားကေရ်မာမတ်၊ (၃) အီနုစ် (ခ) မောင်ကျော်တင် (ဘ) ဦးအလီအာခ်ဘော်ရ်၊ (၄) အဘူလ်ဟူစိန်း (ဘ) ဦးမိုဟာမတ်ဆယာဒ်၊ (၅) အလီဟူစိန်း (ဘ) ဦးအဗ်ဒူဇော်လိလ်၊ (၆) ယာစီးန် (ဥက္ကဌဟောင်း) (ဘ) ဦးမော်နိရ်အာမတ် နှင့် (၇) ဂျီယာဘူရာဟ်မာန် (ဘ) ဦးမာမတ်ဒူလ္လာ တို့ (၇) ဦးသည် ကျောင်းတောင် ကျေးရွာအတွင်း အဖျက်လုပ်ငန်းမှန်သမျှကို ဖန်တီး တာဝန်ယူလုပ်ကိုင်နေသူများ ဖြစ်ကြပြီး၊ အခြားတစ်ဖက်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် အာဏာပိုင်များ၏ သတင်းပေးများ ပုံစံအဖြစ် လုပ်ကိုင်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းတို့ (၇) ဦးသည် ကျောင်းတောင် ကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သည့် အဖျက်လုပ်ငန်းများ အားလုံး၏ မူလတာဝန်ခံများ ဖြစ်ကြပြီး၊ ၎င်းတို့ လက်ထဲတွင် ငွေကျပ် သိန်း (၂၇၀) ရှိကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျောင်းတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ပြောင်းရွှေ့သွားသည့် ရဲမှူးထံသို့ အသိပေး အကြောင်းကြားခဲ့ကြောင်း ဒေသခံရွာသားများက ပြောပါသည်။ 

၎င်းတို့ (၇) ဦးသည် အဖျက်လုပ်ငန်းများ အားလုံးကို ဦးဆောင် ပြုလုပ်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ အပြစ်မဲ့ ရွာသားများ ပြုလုပ်နေသကဲ့သို့ မဟုတ်မမှန် သတင်းများ ပေးပို့ကြောင်း၊ ယခုအခါ ၎င်းတို့ (၇) ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွင် ခိုလှုံခွင့် ပေးထားပြီး၊ ညစဉ် ညတိုင်း ရွာသား ၁၀၀ ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း၏ ဘေးပတ်ပတ်လည်တွင် ကင်းချထား၍ စောင့်ခိုင်းကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှူး ကိုယ်တိုင် အဖျက်သမားများကို နေရာမပေးရန်၊ အစားအသောက်မပေးရန် အမြဲမှာကြားနေသော်လည်း ၎င်းကိုယ်တိုင် အဖျက်သမား (၇) ဦးကို ခိုလှုံခွင့် ပေးထားခြင်းကို ကြည့်ခြင်းအားဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က အဆိုပါ အဖျက်သမား (၇) ဦးကို ကြိုးကိုင်၍ လုပ်ခိုင်းပြီး၊ အပြစ်မဲ့ ရွာသားများကို ဖမ်းဆီးနိုင်ရန် ဖန်တီးနေခြင်း ဖြစ်သည်မှာ သိသာထင်ရှားကြောင်း၊ ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus