ဘူးသီးတောင် ငါးရန့်ချောင်း မောင်နှမရွာတွင် သတင်းထောက်များနှင့် စကားပြောသူများကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးရန် ရှာဖွေနေ
MYARF
RB News
15.7.2017
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်းကျေးရွာအုပ်စု မောင်နှမရွာသို့ အစိုးရမှ စေလွှတ်သည့် သတင်းထောက်အဖွဲ့ ရောက်ရှိလာခဲ့ပြီး၊ ၎င်းတို့နှင့် စကားပြောခဲ့သူများကို ဖမ်းဆီးရန် လိုက်လံရှာဖွေလျက် ရှိကြောင်း သတင်းရရှိပါသည်။
အစိုးရမှ ရွေးချယ်စေလွှတ်သည့် သတင်းထောက်များအဖွဲ့သည် ဇူလိုင်လ (၁၄) ရက်နေ့ နေ့လည် ၁း၂၀ နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်းကျေးရွာအုပ်စု မောင်နှမရွာသို့ ရောက်ရှိလာပြီး စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဓါတ်ဆီလောင်း၍ မီးရှို့ခဲ့သည့်နေအိမ်များကို ကြည့်ရှုခဲ့သည်။ ထို့နောက် ရွာအတွင်း စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ညှဉ်းပန်းနှိပ်စက်မှုများ အကြောင်းကို ရွာသူရွာသားများ မေးမြန်းခဲ့ပြီး မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူး၍ နေ့လည် ၂ နာရီခန့်အချိန်တွင် ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
“သူတို့ပြန်သွားပြီး တစ်နာရီခွဲလောက် အကြာ နေ့လည် ၃ နာရီခွဲလောက်မှာ ခထီးလှ န.တ.လ ရွာက နယ်ခြားစောင့်ရဲတွေ ရောက်လာပြီး သတင်းထောက်တွေနဲ့ စကားပြောခဲ့တဲ့ ရပ်ရွာလူကြီးတွေ၊ မော်လ၀ီတွေကို ဖမ်းဆီးဖို့ လိုက်ရှာနေတယ်။ အိမ်မီးရှို့တာမှ ပါတဲ့ ကျွန်းပေါက်စခန်းက နယ်ခြားစောင့်ရဲတွေလည်း အုပ်စုဖွဲ့ပြီး လူတွေကို ဖမ်း၊ ရွာကိုဖျက်ဖို့ လာနေတယ်လို့ သတင်းရထားတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
နယ်ခြားစောင့်ရဲများက သတင်းထောက်များနှင့် စကားပြောသူများကို ရှာဖွေနေသောကြောင့် ရွာသားများ ရွာပြင်သို့ ထွက်၍ တိမ်းရှောင်နေရကြောင်း ညပိုင်းတွင် တောတောင်အတွင်း တိမ်းရှောင်နေသူများကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက အကြမ်းဖက် တိုက်ခိုက်မည်ကို စိုးရိမ်နေရကြောင်း၊ မိမိတို့အား အကြမ်းဖက်သမားများဟု လုပ်ကြံစွပ်စွဲ၍ သေနတ်ဖြင့် ပစ်သတ်မည်ကိုလည်း အထူးစိုးရိမ်နေရကြောင်း၊ သတင်းထောက်များ ထွက်ခွာနေစဉ် အချိန်မှာပင် တောင်ဘဇာ နယ်မြေမှူးက တွေ့ဆုံစကားပြောသူများကို ဖမ်းဆီး၍ ပစ်သတ်ရန်၊ မပစ်သတ်နိုင်ပါက စခန်းသို့ ပြန်မလာရန် အမိန့်ထုတ်ထားသည်ဟု သတင်းကြားရသည့် အတွက် ပို၍ စိုးရိမ်နေရကြောင်း ဒေသခံများက ပြောပါသည်။