နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင် ချောင်းရွာမှ အပြစ်မဲ့ ဒေသခံများ ဖမ်းဆီးခံထားရ

Saed Arakani
RB News
15.7.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ချောင်းရွာမှ အပြစ်မဲ့ ဒေသခံအချို့ကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၁၁) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ချောင်းရွာသို့ ရောက်ရှိလာပြီး ဦးမိုဟာမတ်နူးရ် (ဘ) ဦးဖိုကီရ်အဟမတ် (အသက် ၂၈ နှစ်) ကို အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီးသွားနေစဉ် ရွာသားများက ဖမ်းဆီးရသည့် အကြောင်းရင်းကို မေးမြန်းရာ ၎င်းတို့၏ အရာရှိကြီးက ခေါ်ဆောင်ခိုင်းထားခြင်းကြောင့် ဖြစ်သည်ဟု နယ်ခြားစောင့်ရဲများ ဖြေကြားခဲ့သည်။ 

ဦးမိုဟာမတ်နူးရ်ကို စေတီပြင်စခန်းတွင် တစ်ညလုံး ညှဉ်းပန်းနှိပ်စက်ပြီးနောက် ဇူလိုင်လ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် ညောင်ချောင်းမှ တဆင့် ရသေ့တောင်မြို့နယ် စခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါစခန်းတွင်လည်း ၎င်းအား လူမဆန်စွာ ဆက်လက် ညှဉ်းပန်းနှိပ်စက်၍ လက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်မှုရှိသူများ၏ စာရင်းပေးခိုင်းခဲ့သည်။ ဦးမိုဟာမတ်နူးရ်သည် ၎င်းအား ညှဉ်းပန်းနှိပ်စက်နေသည့်ဒဏ်ကို မခံနိုင်တော့သည့်အဆုံးတွင် ရွာအတွင်း ၎င်းနှင့် သိကျွမ်းသူများ၏ အမည်များကို ပြောဆို၍ ၎င်းအား ညှဉ်းပန်းနှိပ်စက်နေခြင်းကို ရပ်တန့်ခိုင်းခဲ့သည်။ ၎င်းအမည်စာရင်းပေးသူများမှာ လက်နက်ကိုင်အဖွဲ့နှင့် ဆက်နွယ်နေသူများ မဟုတ်ဘဲ ညှဉ်းပန်းနှိပ်စက်မှုကို ရပ်တန့်စေရန် ပြောဆိုခဲ့ခြင်းသာ ဖြစ်သော်လည်း နယ်ခြားစောင့်ရဲများက ဇူလိုင်လ (၁၃) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ချောင်းရွာကို ၀ိုင်းထားခဲ့ပြီး ညနေ ၄ နာရီ အချိန်တွင် အပြစ်မဲ့ ရွာသား (၈) ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့ (၈) ဦးစလုံးကို စေတီပြင်ရှိ စခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ယင်းနေ့ နံနက် ၇ နာရီအချိန်တွင် ချောင်းရွာသို့ စစ်သားများ ရောက်ရှိလာပြီး ရပ်မိရပ်ဖများကို အစည်းအဝေး ကျင်းပရန် ပြောဆိုခဲ့သော်လည်း ရွာသူရွာသားများက စစ်သားများကို တွေ့ရှိပြီး မတရားသဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ရွာမှ တိမ်းရှောင်သွားသောကြောင့် အစည်းအဝေး ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ 

ဇူလိုင်လ (၁၄) ရက်နေ့ ညနေပိုင်းတွင်လည်း ထပ်မံ၍ အစည်းအဝေး ကျင်းပရန် ကြိုးစားခဲ့ပြီး၊ အစည်းအဝေး ကျင်းပ၍ မရပါက တစ်အိမ်တက်ဆင်း စစ်ဆေးမည်ဟု စစ်သားများက ပြောဆိုခဲ့သည်။ 

ဖမ်းဆီးခံထားရသည့် အပြစ်မဲ့ ရွာသား (၈) ဦးမှာ --

(၁) အဒူဂျလီလ် (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၁၆ နှစ်)
(၂) ဟာဘီဟူစိန်း (ဘ) ဦးကာဒိရ်မျာ (အသက် ၂၂ နှစ်)
(၃) လာလားယား (ဘ) ဦးနူးရ်မိုဟာမတ် (အသက် ၁၆ နှစ်)
(၄) ဦးဆလာမတ်အုလ္လာ (ဘ) ဦးကာဆိမ်း (အသက် ၃၅ နှစ်) 
(၅) ဇူဘိုင်ရ် (ဘ) ဦးနူးရူ (အသက် ၂၅ နှစ်)
(၆) မိုနီရာ (ဘ) ဦးအဒူဆလာမ် (အသက် ၂၆ နှစ်)
(၇) ဦးဆာဂျီဒ်အုလ္လာ (ဘ) ဦးအီဆာအာမတ် (အသက် ၄၀ နှစ်)
(၈) အဗ်ဒူလ္လာ (ဘ) ဦးအာမီးရ်ဟူစိန်း (အသက် ၁၈ နှစ်) -- တို့ဖြစ်ကြသည်။



Comment ရေးရန်

Rohingya Exodus