နောက်ဆုံးသတင်း/ဆောင်းပါးများ

စက်ဘီးဖြင့် လဲကျနေသည့် သက်လူမျိုး အမျိုးသမီးငယ်၏ စက်ဘီးတာယာကို ဆိုင်ကယ်ဖြင့် ထိမိသူကို ငွေညှစ်သည့် အပြင် အမှုဖွင့်ရန် ကြိုးစားနေ

MYARF
RB News
23.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၄) ရပ်ကွက်တွင် စက်ဘီးဖြင့် လဲကျနေသော သက်လူမျိုး အမျိုးသမီးငယ် တစ်ဦး၏ စက်ဘီးတာယာကို ထိမိသည့် ဆိုင်ကယ်စီးသမားကို ရခိုင်ရွာသားများနှင့် ဌာနဆိုင်ပေါင်းစုံက ငွေညှစ်သည့် အပြင် အမှုဖွင့်၍ အရေးယူရန် ကြိုးစားလျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် အမှတ် (၄) ရပ်ကွက် မကျည်းကုန်းရွာမှ အသက် (၁၃) နှစ်ခန့်ရှိ သက်အမျိုးသမီးငယ် တစ်ဦးသည် ဇူလိုင်လ (၂၂) ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် ဝေသာလီ န.တ.လ ကျေးရွာ၌ ကျူရှင်တက်၍ စက်ဘီးဖြင့် အိမ်ပြန်နေစဉ် ရွာလမ်းထိပ် မောင်တော - ဘူးသီးတောင် ကားလမ်း အရောက်တွင် ကားကြီးတစ်စီး ဖြတ်သွားရာ လေအရှိန်ဖြင့် စက်ဘီးလဲကျသွားခဲ့သည်။ ထိုအချိန်တွင် တစ်ရပ်ကွက်တည်းနေ ရိုဟင်ဂျာအမျိုးသား ဖြစ်သူ မော်ဇီအုလ္လာဟ် (ဘ) ဦးဟာမိတ်ဟူစိန်း (အသက် ၂၀ နှစ်) က ကားကြီးနှင့် လဲကျသွားသော စက်ဘီးကြား နေရာကျဉ်းကျဉ်းလေးမှ ဖြတ်သွားရာ ၎င်း၏ ဆိုင်ကယ်နှင့် စက်ဘီး တာယာတို့ အနည်းငယ် ထိခဲ့သည်။

စက်ဘီးပေါ်မှ လဲကျသွားသူ အမျိုးသမီးငယ်သည် သွေးထွက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ဘဲ၊ ဒူးတွင် အနည်းငယ် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သည်။ ကာယကံရှင် ကိုယ်တိုင်က မနာပါဘူး ဟု ပြောသော်လည်း အနီးအနားရှိ ရခိုင်ရွာသားများက စက်ဘီးလဲကျသည့် ကိစ္စနှင့် မည်သို့မှ ပတ်သက်ခြင်း မရှိသော ရိုဟင်ဂျာအမျိုးသားကို ရိုဟင်ဂျာဖြစ်၍ တမင်အနိုင်ကျင့်ပြီး ဒဏ်ငွေဟု ဆိုကာ ငွေကျပ် တစ်သောင်း ညှစ်ယူခဲ့သည်။ ထို့နောက် သက်လူမျိုး လ.၀.က ၀န်ထမ်းတစ်ဦး ရောက်ရှိလာပြီး၊ ၎င်းတာဝန်ကျနေသည့် ၃ မိုင်မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှူးနှင့် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့ကို တိုင်တန်း၍ မော်ဇီအုလ္လာဟ် ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ တစ်ဖန် နယ်မြေ (၆) ရှိ ပြင်ဖြူ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းကို တိုင်တန်း၍ ငွေကျပ် နှစ်သိန်း ထပ်မံ ညှစ်ယူခဲ့သည်။ ယခုအခါ နယ်ထိန်းရဲများက မောင်တော တရားရုံးတွင် အမှုဖွင့်၍ အရေးယူရန် ကြိုးစားနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

မောင်တောခရိုင်တွင် ရိုဟင်ဂျာလူမျိုးများကို ဗုဒ္ဓဘာသာဝင်များက အပြစ်မရှိ အပြစ်ရှာ၍ လုပ်ချင်သလို လုပ်နိုင်ရန် အတွက် ဌာနဆိုင်ရာများ ကိုယ်တိုင် အားပေးကူညီနေသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုပါသည်။ 



Comment ရေးရန်

Rohingya Exodus