WY ပြဿနာကြောင့် အချင်းချင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုကို ရခိုင်မီဒီယာတစ်ချို့က ရိုဟင်ဂျာများအပေါ် အပြစ်ပုံချ၍ ရည်ရွယ်ချက်ရှိရှိ ရေးသားဖော်ပြနေ
MYARF
RB News
3.8.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာမှ အရှေ့ဖက် ၅ မိုင်ခန့်အကွာ တောထဲရှိ မြိုကျေးရွာတွင် ဩဂုတ်လ ၃ ရက်၊ နံနက်ပိုင်းအချိန်၌ မြိုလူမျိုး လူသေအလောင်းများ တွေ့ရှိခဲ့ရပြီး၊ နီးစပ်ရာ ရခိုင်ရွာသားတစ်ဦး၏ ပြောပြချက်အရ မြိုလူမျိုး ၆ ဦးသေဆုံး၍ ၂ ဦးပျောက်ဆုံးနေကြောင်း သိရှိရပါသည်။
အဆိုပါ လူသတ်မှုကြီးဖြစ်စဉ် ဖြစ်ပွားသည့်အချိန်အတိအကျ၊ ဖြစ်ပွားခဲ့ခြင်း၏ အကြောင်းရင်း တို့ကို အတည်ပြုရန် အလွန်ခက်ခဲနေသည်ဟု မောင်တောခရိုင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ မောင်တောတောင်ပိုင်း တာဝန်ခံ ကိုမြင့်နိုင်က RB News သို့ပြောပါသည်။
“ကိုင်းကြီး န.တ.လ ရွာနဲ့တောင် ၄ မိုင်လောက်ဝေးတဲ့ တောထဲက မြိုရွာမှာ ဖြစ်တာ။ ကိုင်းကြီး န.တ.လ ရွာနဲ့ နီးစပ်တဲ့ အနီးအနား ရွာတွေလူတွေကလည်း ဘာသေနတ်သံမှ မကြားမိဘူးပြောတယ်။ မွန်းလွဲပိုင်းလောက်မှပဲ ဒီသတင်းက ထွက်လာတာပါ” ဟု ကိုမြင့်နိုင်က ပြောသည်။
ပြဿနာ၏ နောက်ကွယ်တွင် မီဒီယာများရှိနေ
အဆိုပါ ဖြစ်စဉ်ကို သတင်းရေးသားဖော်ပြရာတွင် ရခိုင်အမျိုးသားဝါဒီ တစ်ဦးဖြစ်သည့် BBC သတင်းထောက် ဦးခိုင်မြဲကျော်၏ Narinjara တွင် အလောင်း တွေ့ရှိချိန်မှာ ၈ နာရီဟု ဖော်ပြထားပြီး ရခိုင်မီဒီယာ နောက်တစ်ခုဖြစ်သည့် DMG ကမူ လူသေအလောင်း တွေ့ရှိချိန်ကို ၉ နာရီဟု ဖော်ပြထားပါသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကမှု နံနက် ၁၀ နာရီတွင် သေနတ်သံကြား၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာတွင် မြိုလူမျိုး ၆ ဦးအလောင်းကို တွေ့ရှိခဲ့ရသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါ သတင်း ၃ ခု၏ သတင်းဖော်ပြမှုတွင် အချိန်လွှဲမှားနေသည်မှာ စိတ်ဝင်စားဖွယ်ရာ တစ်ခုဖြစ်ပါသည်။ ၎င်းကဲ့သို့ အချိန် လွှဲနေသည်နှင့် ပတ်သက်၍ ကိုမြင့်နိုင်ကို မေးမြန်းကြည့်ရာ ၎င်းက..

“Narinjara က လူသေအလောင်းကို ၈ နာရီမှာ တွေ့တယ်လို့ ရေးတယ်။ တစ်ဖက်က နိုင်ငံတော်အတိုင်ပင်ခံရုံးက ပြဿနာ စဖြစ်တာ၊ သေနတ်သံကြားတာတောင် နံနက် ၁၀ နာရီလို့ ဖော်ပြထားတယ်။ ဒါဆို အလောင်းတွေ ၈ နာရီမှာ ဘယ်လိုလုပ် တွေ့နိုင်မလဲ။ တစ်ဖက်မှာ DMG က ၉ နာရီလို့ ပြောပြန်တယ်။ ဒါတွေကြည့်ရင် ဒီပြဿနာက သူတို့အချင်းချင်း ဖြစ်တာကို ရိုဟင်ဂျာတွေအပေါ် အပြစ်ပုံချချင်တာနဲ့ သတင်းကို လုပ်ကြံပြီး လျင်လျင်မြန်မြန် လုပ်လိုက်တာမှာ Narinjara ရဲ့ အမှားမှားအယွင်းယွင်း လုပ်ရပ်က သိသာပေါ်လွင်နေတယ်” ဟု သုံးသပ်ပြောဆိုသည်။
ထို့အပြင် Narinjara သတင်းတွင် “ကုလားဆိုး အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်သတ်လိုက်တာ” ဟု ဒေသခံ ဦးစိန်လှမောင်ဆိုသူကို ကိုးကား၍ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က Narinjara သို့ အတည်ပြု ပြောကြားသည်ဟု ရေးသားဖော်ပြထားသော်လည်း ကုလားဆိုးများက သတ်သည်ကို ခိုင်လုံသည့် သက်သေမပြနိုင်ခဲ့ပေ။ DMG ကမှု မောင်တောမြို့၊ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး သူရစန်းလွင်ကို ကိုးကားပြီး “ ဘယ်သူက ပစ်တာလဲဆိုတာ အတည်ပြုလို့မရသေးဘူး။ တပ်ကလည်း နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်နေတယ်ဗျာ။ ကျနော်တို့လည်း စုံစမ်းနေဆဲ။ အခုနောက်ထပ်ကြားတာတစ်ခုကတော့ ပျောက်ဆုံးနေတဲ့ ၄ ယောက်ထဲက အမျိုးသမီးတစ်ဦးကို တွေ့ရှိရတယ်လို့လည်း သတင်းကြားပါတယ်။ ဒါပေမယ့် အတည်ပြုလို့ မရသေးပါဘူး ” ဟု ဖော်ပြထားပါသည်ကို တွေ့ရှိရသည်။
ဤသို့ အတိုင်းအဖောက်မညီစွာ သတင်းရေးသားမှုကို ကိုမြင့်နိုင်က “သူရစန်းလွင်က မောင်တောမှာ အစိုးရအဖွဲ့အစည်းထဲက အကြီးဆုံး။ သူ့လို အကြီးအကဲကတောင် ဘယ်သူသတ်လဲ ဆိုတာကို အတည်ပြု မပြောနိုင်ခင် Narinjara က မွတ်စလင်တွေဖက် လွှဲချတာ ဒီလူသတ်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သတ်တဲ့ လူတွေက Narinjara နဲ့ နီးစပ်တဲ့လူတွေပဲ ဖြစ်မှာ သေချာတယ်” ဟု ထောက်ပြသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်ကို ကြည့်လျှင်လည်း သေနတ်သံကြား၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့သည်ဟု တစ်ဖက်က ရေးသားဖော်ပြထားပြီး နောက်တစ်ဖက်တွင် အသတ်ခံရသူများ၏ ဒဏ်ရာများမှာ ၈ လက်မခန့်၊ ၆ လက်မခန့်၊ ၅ လက်မခန့် စသည့် ပြတ်ရှဒဏ်ရာများသာ ဖြစ်သည်ဟု ရှေ့နောက်မညီ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ လူသတ်တရားခံ မည်သူမည်ဝါ ဖြစ်သည်ကိုလည်း အတိအကျ ဖော်ပြခဲ့ခြင်း မရှိဘဲ အစွန်းရောက် အကြမ်းဖက်သမားဟုသာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
လူသတ်မှုကြီး၏ ဖြစ်ရပ်အမှန်
လူ ၆ ဦးသေပြီး ၂ ဦး ပျောက်ဆုံးနေသည့် ဖြစ်စဉ်၏ ဖြစ်ရပ်အမှန်မှာ လွန်ခဲ့သော တစ်လခန့်က တောင်ကြားလမ်းမှတဆင့် WY မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ကိုင်းကြီး န.တ.လ ရွာသား အဖွဲ့ထံမှ WY များကို အဆိုပါ မြိုရွာသားများက တောထဲ၌ လုယက်ခဲ့သည်။ အလုယက်ခံခဲ့ရသည့် ကိုင်းကြီးရွာသားအဖွဲ့က ၎င်းမြိုရွာသားများကို ၎င်းတို့ပစ္စည်းများအား ပြန်လည်ပေးအပ်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ပေးအပ်ခြင်း မရှိသေးခြင်းကြောင့် ကိုင်းကြီး န.တ.လ ရွာသားအဖွဲ့က မြိုရွာသားများကို လက်စားချေခြင်း ဖြစ်သည်ဟု မောင်တောခရိုင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ မောင်တောတောင်ပိုင်း တာဝန်ခံ ကိုမြင့်နိုင်က ဆိုသည်။
“အဓိက ဖြစ်တာက WY ကိစ္စပဲ။ အခုအသတ်ခံရတဲ့ မြိုတွေနေတဲ့ တောကိုဖြတ်ပြီးတော့ လွန်ခဲ့တဲ့ တစ်လလောက်က ကိုင်းကြီးရွာသား ၆ ဦးပါ အဖွဲ့တစ်ဖွဲ့က WY သယ်လာတယ်။ အဲဒါကို မြိုရွာသားတွေက ဓားပြတိုက်တယ်။ ဒီလူတွေက အကြိမ်ကြိမ်ပြန်တောင်းတယ်။ ဟိုက မပေးဘူး။ လက်စားချေဖို့ အခွင့်စောင့်နေတာ ကြာပြီ။ အခွင့်မသာလို့။ ဒီနေ့မှ ရွာသားတွေကို သီးသီးသန့်သန့်တွေ့လို့ ရှင်းလိုက်တာ။ အဲဒီကိုင်းကြီးရွာသား အဖွဲ့က သူတို့ကိုသူတို့ ၉၆၉ ဂိုဏ်းဆိုပြီး အမြဲလိုလို လူဆိုးလို နေပြီး WY တွေ သယ်လာလေ့ရှိတယ်” ဟု ကိုမြင့်နိုင်က ရှင်းပြသည်။
ကိုမြင့်နိုင် ပြောပြသည့် ကိုင်းကြီးရွာသား WY အဖွဲ့၊ မြိုရွာသားများကို သတ်ဖြတ်သည့် တရားခံများ၏ အမည်စာရင်းမှာ -
၁။ ရွှေမောင် (ဘ) ဦးအောင်ကျော်ဝင်း (WY နှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံတွင် အဖမ်းခံရ၊ မြန်မာဘက်ပြောင်းပေး၊ လွန်ခဲ့သော ၆ လခန့်မှ ထောင်က လွတ်မြောက်လာ)
၂။ ဇော်လင်း (ဘ) ဟဲဗီး
၃။ ဇော်ဝင်းစု (ဘ) နေမောင်
၎။ ဖားလုံးချေ (ဘ) စန်းရွှေ
၅။ ရီးဇား (ဘ) မိုးသီး
၆။ မဲခေါင်ဖြူ (ဘ) --- တို့ဖြစ်ကြသည်။
ယနေ့ လူသတ်မှုကြီး ဖြစ်ပွားခဲ့သည့် မြိုရွာရှိရာ တောထဲသို့ ၂၀၁၂ ဇွန်လ ပြဿနာဖြစ်ပွားခဲ့သည့်အချိန်မှ စ၍ ကိုင်းကြီး န.တ.လ ကျေးရွာ၊ ခရေမြိုင် န.တ.လ ရွာနှင့် တောတောင်တစ်လျှောက်၌ စစ်တပ်စခန်းနှင့် နယ်ခြားစောင့်စခန်းများ မှိုပေါက်နေသလို ချထားသောကြောင့် မည်သည့် ရိုဟင်ဂျာများ သွားခွင့်မရှိဟု မောင်တော တောင်ပိုင်း ဒေသခံတစ်ဦးက ပြောပါသည်။