ဒေါ်အောင်ဆန်းစုကြည် မောင်တောမြို့သို့ သွားရောက်၊ ဒေသဆိုင်ရာ အာဏာပိုင်များ စိတ်ကြိုက် ကြိုတင်ခေါ်စုထားသော ဒေသခံများနှင့် တွေ့ဆုံ
MYARF
"ဒါက နိုင်ငံတကာကို ပြစားတဲ့ ခရီးစဉ်တစ်ခုထက် မပိုပါဘူးလို့ ထင်တယ်။ သူက မီးရှို့ခံရတဲ့ အိမ်တွေ ပြန်ဆောက်နေတဲ့ အနေအထားကို သိချင်လို့ပဲ လာတယ်လို့ လူတွေနဲ့တွေ့တဲ့အခါ အတိအလင်းပြောသွားတာကိုကြည့်ရင် သူက ဒီရိုဟင်ဂျာတွေရဲ့ ဖိနှိပ်ခံရမှုတွေ၊ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က လုပ်သွားတဲ့ တရားလွန် ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ပြီးတော့ ဒီလူတွေရဲ့ အခြေခံလူ့အခွင့်အရေးအားလုံး ဆုံးရှုံးခံနေရမှုတွေကို စိတ်မဝင်စားဘူး ဆိုတဲ့ သဘောပါပဲ။ လူတွေ ဘယ်လိုခံစားနေရတယ် ဆိုတာနဲ့ ပတ်သက်ပြီး တွေ့ဆုံခဲ့တဲ့ လူတွေဆီကလည်း တစ်ခွန်းတစ်ပါဒမှ မေးမြန်းတာမျိုး မရှိဘူး။ အဓိကအချက်က ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေးကိစ္စတွေကို လုံးဝ ထည့်မပြောခဲ့တာပါပဲ။" ဟု ဦးမျိုးမြင့်က ၎င်း၏ အမြင်ကို သုံးသပ်သည်။
RB News
2.11.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သွားရောက်ခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်များ စိတ်ကြိုက် ကြိုတင်ခေါ်စုထားသော ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။
နိုဝင်ဘာလ (၂) ရက်နေ့၊ နံနက် ၁၀ ခန့်အချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာကို သွားရောက်ခဲ့ပြီး ဦးစွာပထမ ပန်းတောပြင်အုပ်စု ရွာသစ်ရွာ၌ စက်တင်ဘာလက မီးရှို့ခံခဲ့ရသော နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် ပြင်ဆင်နေမှု အခြေအနေများကို ၁၀ မိနစ်ခန့် သွားရောက်ကြည့်ရှုခဲ့သည်။ ထို့နောက် ယင်းရွာသစ်၌ စီစဉ်ထားသော မဏ္ဍပ်တွင် ဒေသဆိုင်ရာ အာဏာပိုင်များက စိတ်ကြိုက်ရွေးချယ်၍ ကြိုတင်ခေါ်စုထားသော ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မီးရှို့ခံရသောကျေးရွာများ ပြန်လည်ဆောက်လုပ်နေသည့် အခြေအနေများကို သိချင်လို၍ ကိုယ်တိုင် လာရောက် ကြည့်ရှုခြင်းဖြစ်ကြောင်း၊ မီးရှို့ခံရသော အိမ်များ ပြန်လည်ဆောက်လုပ်နေခြင်းမှာ ရွာသူရွာသားများ အဆင်ပြေရန်ဖြစ်ကြောင်း၊ လူတိုင်း အေးအေးချမ်းချမ်း နေထိုင်စေလိုကြောင်းနှင့် ထိုသို့ဖြစ်လာရန် အားလုံးကဝိုင်းဝန်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကလေးများကို ပညာသင်ပေးစေချင်ကြောင်း၊ ကလေးများ၏ အနာဂတ်ကောင်းမွန်ရန် ပညာကောင်းကောင်းတတ်ရန် လိုအပ်ကြောင်း တို့ကို ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့်ပတ်သက်၍ မောင်တောမြို့ခံ တစ်ဦးဖြစ်သူ ဦးမြင့်ဇော်ကို RB News က ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းက --
"ဒေါ်အောင်ဆန်းစုကြည်က ဒီကိုလာတယ်လို့သာ ပြောတယ်။ တကယ်တမ်း အာဏာပိုင်တွေ စိတ်ကြိုက် ကြိုတင်ခေါ်စုထားတဲ့ လူအနည်းငယ်နဲ့သာ တွေ့သွားတာ။ သူသွားခဲ့တဲ့ ပန်းတောပြင်ရွာသားတွေကို အာဏာပိုင်တွေက အရင်ကတည်းက အမျိုးမျိုး ခြောက်ထားတာ ရှိတယ်။ လူကြီးတွေလာရင် မြန်မာလက်နက်ကိုင်တွေက ဒေသခံတွေအပေါ် ဘာမှ မရက်စက်ခဲ့ဘူးဆိုပြီး ပြောဖို့။ ဘယ်ကပဲလာလာ အဲ့ရွာကိုပဲ ခေါ်သွားတယ်။ အစိုးရစိတ်ကြိုက် လူတွေမွေးစားထားနိုင်လို့လေ။ တကယ်တမ်းက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တကယ်ခံခဲ့ရတဲ့လူတွေနဲ့ တွေ့ဆုံ မေးမြန်းကြည့်ရမှာ။ ပြီးတော့ အချိန်ကလည်း နည်းလွန်းတယ်။ ဆယ်မိနစ်လောက်သာသာပဲ အချိန်ပေးတာ။" ဟု ပြောပါသည်။
ပန်းတောပြင်ကျေးရွာသည် မောင်တောမြို့နယ် တောင်ပိုင်းရှိ ရိုဟင်ဂျာရွာ ၂၅ ရွာအနက် အပြည့်မီးရှို့မံခံရသည့် ကျေးရွာ သုံးရွာမှ တစ်ရွာဖြစ်သည်။
မောင်တောခရိုင်၏ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးတာဝန်ခံ ဦးမျိုးမြင့်က ဒေါ်အောင်ဆန်းစုကြည်၏ မောင်တောခရီးစဉ်သည် ပြစားမှုတစ်ခုသာ ဖြစ်ကြောင်း သုံးသပ်သည်။
"ဒါက နိုင်ငံတကာကို ပြစားတဲ့ ခရီးစဉ်တစ်ခုထက် မပိုပါဘူးလို့ ထင်တယ်။ သူက မီးရှို့ခံရတဲ့ အိမ်တွေ ပြန်ဆောက်နေတဲ့ အနေအထားကို သိချင်လို့ပဲ လာတယ်လို့ လူတွေနဲ့တွေ့တဲ့အခါ အတိအလင်းပြောသွားတာကိုကြည့်ရင် သူက ဒီရိုဟင်ဂျာတွေရဲ့ ဖိနှိပ်ခံရမှုတွေ၊ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က လုပ်သွားတဲ့ တရားလွန် ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ပြီးတော့ ဒီလူတွေရဲ့ အခြေခံလူ့အခွင့်အရေးအားလုံး ဆုံးရှုံးခံနေရမှုတွေကို စိတ်မဝင်စားဘူး ဆိုတဲ့ သဘောပါပဲ။ လူတွေ ဘယ်လိုခံစားနေရတယ် ဆိုတာနဲ့ ပတ်သက်ပြီး တွေ့ဆုံခဲ့တဲ့ လူတွေဆီကလည်း တစ်ခွန်းတစ်ပါဒမှ မေးမြန်းတာမျိုး မရှိဘူး။ အဓိကအချက်က ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေးကိစ္စတွေကို လုံးဝ ထည့်မပြောခဲ့တာပါပဲ။" ဟု ဦးမျိုးမြင့်က ၎င်း၏ အမြင်ကို သုံးသပ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ကလေးများကို ပညာသင်ပေးဖို့ လိုအပ်ကြောင်းဆိုပြီး ပြောခဲ့သော်လည်း လက်တွေ့မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာများ၏ ပညာသင်ယူနိုင်ရေး အခွင့်အလမ်းကို ခေတ်အဆက်ဆက် အစိုးရ လက်ထက်တွင်သာမက လက်ရှိအစိုးရလက်ထက်တွင်လည်း နည်းမျိုးစုံဖြင့် ကန့်သတ်ထားသည်။ ၂၀၁၂ ခုနှစ်မှစ၍ ရိုဟင်ဂျာကျောင်းသား/သူများ တက္ကသိုလ်ပညာ သင်ကြားခွင့် ဆုံးရှုံးခံနေရသည်။ အမှတ်မီနေသော်လည်း အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကို သင်ယူခွင့်မရသည်မှာလည်း နှစ်ပေါင်း ၂၀ ကျော် ရှိနေပြီဖြစ်သည်။
မောင်တော ဒေသခံ ပညာတတ်လူငယ်တစ်ဦးက --
"ပြောစရာရှိရင် စောစောစီးစီးပြောပါ။ ပြဿနာကြီးသွားရင် ဖြေရှင်းရခက်တယ် ဆိုပြီးပြောသွားတဲ့ အချက်က အင်မတန် နားလည်ရခက်တယ်။ ကျွန်တော်တို့ ရိုဟင်ဂျာတွေ နှစ်အတော်ကြာကြာထိ ဆုံးရှုံးခံလာနေရတဲ့ နိုင်ငံသားအခွင့်အရေးတွေ၊ အခြေခံလူ့အခွင့်အရေးတွေကို ဥပဒေဘောင်အတွင်းက တောင်းဆိုလာတာ နှစ်နဲ့ချီခဲ့ပြီပဲ။ အဲ့ဒါကို အခုမှလာပြီး ပြဿနာမကြီးထွားခင် စောစောစီးစီး တင်ပြပါတဲ့။ တွေ့ဆုံပွဲသွားတွေ့တဲ့ လူတွေကလည်း အစိုးရက စီစဉ်ထားတဲ့လူတွေဖြစ်တယ်။ ပြီးတော့ နေ့စဉ်ရက်ဆက် ညှဉ်းးပန်းနေတဲ့ နယ်ခံအာဏာပိုင်တွေရဲ့ ရှေ့မှောက်မှာ သူတို့မကောင်းကြောင်းတွေ ဘယ်လိုပြောထွက်ရဲပါ့မလဲ။ အရင်က အဲ့ရွာမှာပဲ နိုင်ငံခြားသံတမန်တွေနဲ့ စကားပြောတဲ့လူကို အာဏာပိုင်တွေက ဖမ်းဆီးဖို့ လိုက်ရှာတာကြောင့် အဲဒီလူလည်း ထွက်ပြေးသွားရပြီ။ ဆိုတော့ ဒီအခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည်က သိရှိထားပုံမပေါ်ဘူး" ဟု ဝေဖန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပန်းတောပြင်ကျေးရွာမှ ထွက်ခွာသွားပြီးနောက် မောင်တောမြို့ကို ရဟတ်ယာဉ်ဖြင့် ဝေဟင်ပေါ်မှ လှည့်လည်ကြည့်ပြီးနောက် မောင်တောမြောက်ပိုင်း တောင်ပြိုသို့ ခရီးဆက်ခဲ့သည်။ ထိုမှတဆင့် နေ့လည် ၁ နာရီခန့် အချိန်တွင် စစ်တွေမြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။
(ဓါတ်ပုံ - Myanmar State Counsellor Office) |