နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်များ ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

MYARF
RB News
26.11.2017

ကူတူပါလောင်၊ ဘင်္ဂလားဒေ့ရှ် ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ်တပ်က အပြစ်မဲ့ ရိုဟင်ဂျာတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ကို ဒီနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့ နေ့လည် ၂ နာရီကနေ ၄း၃၀ နာရီထိ ကူတူပါလောင် ဒုက္ခသည်စခန်းမှာ ရှိတဲ့ အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ အကြား ဒုက္ခသည်တွေနေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ ရိုဟင်ဂျာဒုက္ခသည် အများစုကတော့ နေရပ်ပြန်ရေးအတွက် မဖြစ်နိုင်ဘူးလို့သာ ယူဆနေကြတယ်။ အဓိက ဒုက္ခသည်စခန်းတွေကနေ ဒုက္ခသည်စခန်းတွေကို ပြန်ရမှာ ဖြစ်ပြီး ရိုဟင်ဂျာတွေ လက်မခံဘူးလို့ ပြောထားတဲ့ NVC ကဒ်ကို ကိုင်ဆောင်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီနေ့ နေ့လည်ပိုင်းမှာ ဒုက္ခသည်တွေက ဘာတွေ တောင်းဆိုနေသလဲဆိုတာ ဘင်္ဂလားဒေ့ရှ် အစိုးရ သိရှိစေဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ကျင်းပခဲ့ခြင်း ဖြစ်တယ်လို့ ဒုက္ခသည်တစ်ဦးက RB News ကိုပြောပါတယ်။ 

“ကျွန်တော်တို့က နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေး အပြည့်အ၀ ရခဲ့ဖူးတယ်။ ၁၉၇၈ ခုနှစ်နောက်ပိုင်းကစပြီး ကျွန်တော်တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမ၀င် ၀င်ရောက်လာသူတွေ ဆိုပြီး အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်တယ်၊ သတ်ဖြတ်တယ်။ အခု ကမ္ဘာက လူမျိုးတုန်းသတ်ဖြတ်မှု၊ လူမျိုးစုအလိုက် ရှင်းလင်းမှုလို့ ပြောနေပြီ။ တကယ်တမ်း ကျွန်တော်တို့ ဘယ်လိုခံစားရလဲဆိုတာ ကျွန်တော်တို့ သိတယ်။ အဲဒါကြောင့် သေချာတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ မိမိတို့ရဲ့ မူရင်းနေရပ်မရဘူးဆိုရင် ကျွန်တော်တို့ ပြန်မှာမဟုတ်ဘူး။ ရတဲ့အထိ နည်းမျိုးစုံနဲ့ နိုင်ငံတကာက ဖိအားပေးအောင် ကြိုးစားမယ်” လို့ အဆိုပါ ဒုက္ခသည်က ပြောပါတယ်။

ဒီနေ့ ဆန္ဒဖော်ထုတ်ပွဲမှာ တောင်းဆိုတာတွေကတော့ --

- ရိုဟင်ဂျာကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားအခွင့်အရေး အပြည့်အ၀ပေးဖို့

- ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေကို ၀င်ခွင့်ပေးပြီး ကာကွယ်စောင့်ရှောက်ခွင့်ပေးဖို့

- ဆုံးရှုံးနစ်နာမှုတွေအတွက် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့ 

- အခြေခံ လူ့အခွင့်အရေး အားလုံးကို နိုင်ငံသားများအားလုံးနဲ့ တန်းတူပေးဖို့

- လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာဥပဒေနဲ့ အညီ အရေးယူပေးဖို့ နဲ့

-  ဒုက္ခသည်တွေ ဖြစ်သွားသူတွေကို ၎င်းတို့ရဲ့ မူရင်းနေရပ်မှာ ချက်ချင်း နေရာပြန်လည် ချထားပေးဖို့ တို့ကို တောင်းဆိုခဲ့တယ်လို့ ဒုက္ခသည်များရဲ့ ပြောကြားချက်များအရ သိရှိရပါတယ်။




Comment ရေးရန်

Rohingya Exodus