နောက်ဆုံးသတင်း/ဆောင်းပါးများ

ဂျပန်နိုင်ငံခြားရေးရုံး၌ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ဆွေးနွေး

RB News
25.11.2017

တိုကျို၊ ဂျပန် ။ ။ မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်) က ဂျပန်နိုင်ငံ နိုင်ငံခြားရေးရုံးတွင် လက်ရှိ ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်မှ အကြမ်းဖက်မှုများ၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နေပြည်တော်တွင် ချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွှာနှင့် ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးရုံး ညွန်ကြားရေးမှူး Mrs Yoko Takushima နှင့် Human Rights and Humanitarian Section မှ Mrs Chizuru Yamamoto တို့နှင့် ဆွေးနွေးခဲ့သည်။ 

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်) မှ ဥက္ကဌ ဦးဟာရုံရော်ရှိတ်နှင့် အဖွဲ့ဝင် ဦးအောင်တင် တို့က အပြစ်မဲ့ ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးအောင် နေအိမ်များ အတင်းအဓမ္မ မောင်းထုတ်ခဲ့ခြင်း တို့နှင့် ပတ်သက်၍ နိုင်ငံတကာနှင့် အတူ ဂျပန်နိုင်ငံကလည်း မြန်မာအစိုးရအား ပြင်းပြင်းထန်ထန် ဖိအားပေးစေလိုကြောင်း တင်ပြခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည် ပို့ဆောင်ခြင်းနှင့် ပတ်သက်၍ ရိုဟင်ဂျာများကို ခိုင်မာသည့် ဥပဒေနှင့် ကာကွယ်မပေးလျှင် ယခင်ကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်ကြောင်း၊ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်ခြင်း လုံးဝ မဖြစ်ပေါ်အောင် နိုင်ငံတကာနှင့် အတူ ဂျပန်နိုင်ငံမှလည်း တားဆီးပေးရမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာပြည်တွင်းသို့ ၀င်ခွင့်ရစေရန် မြန်မာအစိုးရအား ဖိအားပေးစေလိုကြောင်း၊ ရိုဟင်ဂျာများ ဘေးကင်းလုံခြုံမှုရှိစေရန် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ စေလွှတ်စေလိုကြောင်း၊ ရိုဟင်ဂျာများ၏ ဘ၀လုံခြုံမှု ရှိမှသာ မြန်မာနိုင်ငံဘက် ဒုက္ခသည်များ ပြန်ပို့ရန် ဂျပန်နိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းစေလိုကြောင်း၊ ရိုဟင်ဂျာများကို နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ပေးရေးနှင့် NVC ကဒ်များ မထုတ်ပေးရန် အတွက် မြန်မာအစိုးရအား ဖိအားပေးရန် တို့ကို ဆွေးနွေး တင်ပြခဲ့သည်။ 

မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်) က ဂျပန်နိုင်ငံခြားရေး ၀န်ကြီးထံသို့ ရေးသားထားသည့် စာတစ်စောင်ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။



Comment ရေးရန်

Rohingya Exodus