နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းပြားမှ ဗလီရှေ့ဆောင်ဆရာတစ်ဦးကို ရခိုင်အစွန်းရောက်တစ်ဦးက ရိုက်နှက်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရ

RB News
30.3.2018

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်၊ နာဂရာကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာမှ ဗလီရှေ့ဆောင်ဆရာတစ်ဦးကို မတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်အစွန်းရောက်တစ်ဦးက ရိုက်နှက်ခဲ့ခြင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

မော်လ၀ီ ဦးအာမတ်ဟူဆောင်း (အသက် ၅၇ နှစ်) သည် နာဂရာကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာ (နော်ယာဖာရာ) မှ ဗလီရှေ့ဆောင်ဆရာတစ်ဦး ဖြစ်ပြီး ငါးဖမ်း၍ ၀မ်းစာရှာဖွေနေသူ ဖြစ်သည်။ ၎င်းသည် မတ်လ (၃၀) ရက်နေ့ နံနက် (၇) ခန့်တွင် လေးမြို့မြစ်၏ တစ်ဖက်ခြမ်းတွင် ကွန်ပိုက်ဖြင့် ငါးဖမ်းနေစဉ် ကျွန်းတောကျေးရွာမှ ဦးကျော်ဇောအောင်၏ သားဖြစ်သူက ဦးခေါင်းကို သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့သည်။ ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲအက်၍ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

မော်လ၀ီ ဦးအာမတ်ဟူဆောင်း ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ သရက်အုပ်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးများက ပန်းမြောင်းရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ လာရောက်၍ စစ်ဆေးမေးမြန်းခြင်း မရှိသေးကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

“ကျွန်တော်တို့က အရေးကြုံရင်လည်း ရဲစခန်း သွားလို့မရဘူး။ ကျွန်တော်တို့ သွားလို့ရတာ အနားမှာရှိတဲ့ ရိုဟင်ဂျာရွာ နှစ်ရွာပဲရှိတယ်။ အဲဒါကလည်း နာဂရာကျေးရွာအုပ်စုထဲမှာ ရှိတဲ့ ရွာနှစ်ရွာပါ။ အခြား ဘယ်နေရာကိုမှ သွားခွင့်မရှိဘူး” ဟု ပြောသည်။

နာဂရာကျေးရွာအုပ်စုတွင် ရွာငယ် (၁၁) ရွာရှိပြီး သရက်အုပ်ကျေးရွာလည်း အပါအ၀င် ဖြစ်သည်။ ရွာငယ် (၁၁) ရွာတွင် သရက်အုပ် အပါအ၀င် ရွာ (၃) ရွာမှာ မွတ်စလင်ရွာများ ဖြစ်ပြီး၊ မွတ်စလင်များသည် မွတ်စလင်ရွာများသို့သာ သွားလာခွင့်ရှိပြီး အခြားမည်သည့်ရွာကိုမှ သွားလာခွင့် မရှိသည့်အပြင် ရဲစခန်းသို့ပင် သွားရောက်ခွင့် မရှိပေ။

မော်လ၀ီ ဦးအာမတ်ဟူဆောင်း ရရှိသည့် ဒဏ်ရာမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသော်လည်း လုံလောက်သည့် ဆေးဝါးကုသမှု အတွက် ဆေးရုံသို့ သွားခွင့်မရှိကြောင်း၊ နာဂရာကျေးရွာအုပ်စု အတွင်းရှိ ဒေသခံရိုဟင်ဂျာများသည် ၂၀၁၂ ခုနှစ်မှစ၍ ရွာအပြင်သို့ လုံးဝ ထွက်ခွင့်မရတော့ပဲ ပိတ်ဆို့ခံထားရကြောင်း၊ ၀င်ငွေရှာရန် အခွင့်အလမ်း လုံးဝ မရှိတော့သဖြင့် ရရာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျှင်လည်း အစိုးရ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ ရခိုင်အစွန်းရောက်များ၏ မတရားသဖြင့် ရိုက်နှက်မှုကို မကြာခဏ ခံရသောကြောင့် လူသေဆုံးမှုများပင် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus