မောင်တော ညောင်ချောင်းတွင် နယ်ခြားစောင့်ရဲများက ရွာသူရွာသားများကို ခေါ်ယူစစ်ဆေးပြီးနောက် စာသင်ကျောင်းတွင် ချုပ်နှောင်ထား
MYARF
RB News
16.7.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာတွင် နယ်ခြားစောင့်ရဲများက ရွာသူရွာသားများကို ခေါ်ယူစစ်ဆေးပြီးနောက် ယင်းရွာရှိ စာသင်ကျောင်းတွင် ချုပ်နှောင်ထားသည်။
ယနေ့ ဇူလိုင်လ (၁၆) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာသို့ မကျီးချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းမှ ရဲမှူးဦးဆောင်သော အင်အား ၁၀၀ ခန့်ရှိသည့်အဖွဲ့ ရောက်ရှိလာပြီး၊ ရွာကို ၀န်းရံပိတ်ဆို့ပြီးနောက် ရွာထဲတွင် စစ်ဆေးလျက်ရှိသည်။
စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့က ယင်းရွာရှိ စာသင်ကျောင်းတွင် နေရာယူထားပြီး ရွာသူရွာသားမျာကို စာသင်ကျောင်းသို့လာရောက်၍ စစ်ဆေးခံရန် အမိန့်ထုတ်ပြီးနောက် ရွာသူရွာသားများက အစစ်ဆေးခံရန် သွားရောက်ရာ သွားရောက်စစ်ဆေးခံသည့် မိသားစုများအားလုံးကို စာသင်ကျောင်းထဲတွင် အကျဉ်းသားများသဖွယ် ထိန်းသိမ်းချုပ်နှောင် ထားကြောင်း ဒေသခံများက RB News သို့ပြောသည်။
"ဟုတ်တယ်။ သူတို့က အမိန့်ထုတ်ထားတော့ လူတွေ အစစ်ဆေးခံဖို့ သွားတယ်။ စစ်ဆေးပြီးတော့မှ ဘယ်သူ့ကိုမှ အိမ်ပြန်လာခွင့်မပေးဘဲ စာသင်ကျောင်းထဲ သွင်းထားပြီး ချုပ်ထားတယ်။ ဒီထဲမှာ လူအိုတွေ၊ နို့စို့ကလေးတွေ ပါနေတော့ သူတို့တော့ အတော် ဒုက္ခရောက်နေတယ်" ဟု ရွာသားတစ်ဦးက ပြောပါသည်။
ထို့အပြင် အဆိုပါ စစ်ဆေးရေးအဖွဲ့ ဦးဆောင်သူ မကျီချောင်းစခန်း ရဲမှူးက ယင်းစာသင်ကျောင်းကိုလည်း စာသင်ရန် ခွင့်မပြုသလို မြို့ပေါ်ကျောင်းသွားတက်ရသည့် ကျောင်းသားများကိုလည်း ရွာထဲက ထွက်ခွင့်မပေးကြောင်း သိရသည်။
ယခုလို ရွာကိုဝန်းရံပိတ်ဆို့၍ ရွာသူရွာသားများကို စစ်ဆေးပြီး စာသင်ကျောင်းထဲ တစ်စုတစ်စည်းတည်း ချုပ်နှောင်ထားနေခြင်းထဲတွင် ကျန်းမာရေးမကောင်းသည့် လူအိုများလည်း ရှိနေရာ ၎င်းတို့ အလွန်တရာ ဒုက္ခရောက်နေရသည်ဟု ဒေသခံများကဆိုသည်။
ဤကဲ့သို့ စစ်ဆင်ရေးမျိုးကို ရာမ်ဒါန်ဥပုသ်လ၌လည်း တစ်ကြိမ် လုပ်ခဲ့ဖူးကြောင်း၊ ပြည်ထောင်စု အစိုးရက နယ်မြေရှင်းလင်းရေး ရပ်တန့်လိုက်သည်ဟု ကမ္ဘာကို လိမ်ညာပြောဆိုနေသော်လည်း လက်တွေ့မြေပြင်၌ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးက ယနေ့အချိန်ထိ ရှိနေကြောင်း ဒေသခံတစ်ဦးကဆိုသည်။
စစ်ဆေးရေးအဖွဲ့ မည်သည့်အချိန်တွင် ပြန်မည်ကို မသိရသောကြောင့် လူသားများကို တိရစ္ဆာန်သဖွယ် ဥပဒေပ ဒုက္ခပေးနေသော ဤစစ်ဆေးအဖွဲ့ကို အထက်တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ချက်ချင်းဟန့်ထား အရေးယူပေးရန် လိုအပ်ကြောင်း ဒေသခံများက လိုလားသည်ဟု ပြောပါသည်။