နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးဖမ်းသမားများကို သေနတ်ပစ် ဖမ်းဆီးပြီး နယ်စပ်ခြံစည်းရိုး ကျော်တက်သူများအား ဖမ်းဆီးသည်ဟု အစိုးရက လိမ်လည်၍ သတင်းထုတ်ပြန်

MYARF & Rohingya Eye
RB News
20.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပေါင်းဇားကျေးရွာမှ ငါးဖမ်းသမားများကို နယ်ခြားစောင့်ရဲများက သေနတ်ပစ် ဖမ်းဆီးပြီး နယ်စပ်ခြံစည်းရိုး ကျော်တက်သူများအား ဖမ်းဆီးသည်ဟု အစိုးရက လိမ်လည်၍ သတင်းထုတ်ပြန်ခဲ့သည်။ 

ဇူလိုင်လ (၁၆) ရက်နေ့ မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် ပေါင်းဇားကျေးရွာမှ ဒေသခံများဖြစ်ကြသည့် ဦးဒိလ်မာမတ် (ဘ) ဦးနော်ဇိရ်အာမတ်နှင့် ဦးဖာရုခ် (ဘ) ဦးမုစ်တာမတ် တို့သည် ပေါင်းဇားကျေးရွာ အနောက်ဘက်ရှိ ပုဇွန်ကန်သို့ သွားရောက်၍ ငါးဖမ်းရန်သွားကြရာ ဦးဒိလ်မာမတ်က ခြံစည်းရိုး အပြင်ဘက်ရှိ ပုဇွန်ကန်တွင် ငါးဖမ်းနေခဲ့ပြီး၊ ဦးဖာရုခ်သည် ခြံစည်းရိုး အတွင်းပိုင်းရှိ ပုဇွန်ကန်တွင် ငါးဖမ်းနေခဲ့သည်။ 

ညနေ ၄ နာရီခန့် အချိန်တွင် ပေါင်းဇားကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ဆိုင်ကယ်လေးစီးဖြင့် ခြံစည်းရိုးတစ်လျှောက် ကင်းလှည့်နေစဉ် ငါးဖမ်းသမားနှစ်ဦးကို မြင်သောအခါ ခြံစည်းရိုးအပြင်ဘက်တွင် ငါးဖမ်းနေသည့် ဦးဒိလ်မာမတ်ကို ချက်ချင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နံရိုးတွင် ကျည်ဆံထိမှန်၍ လဲကျသွားသဖြင့် နယ်ခြားစောင့်ရဲများက ဆွဲထူ၍ ခြံစည်းရိုးအတွင်းထဲသို့ ခေါ်ယူလာခဲ့သည်။ ထို့နောက် ခြံစည်းရိုးအတွင်းပိုင်းတွင် ငါးဖမ်းနေသည့် ဦးဖာရုခ်ကို ရိုက်နှက်၍ ခြံစည်းရိုးပေါ်သို့ အတင်းအဓမ္မ တက်ခိုင်းကာ ခြံစည်းရိုး ကျော်၍ ၀င်လာသည့် ပုံစံဖြင့် ဓါတ်ပုံရိုက်ခဲ့သည်။ 

၎င်းတို့နှစ်ဦးအား ထိုနေရာမှ ပေါင်းဇား ကင်းစခန်းသို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် နယ်မြေ ၆ (ကျောက်လှေကားစခန်း) သို့ ခေါ်ဆောင်သွားခဲ့သည်။ 

ထို့နောက် ညနေ ၆ နာရီအချိန်တွင် သေနတ်ကျည်ဆံထိမှန်၍ ဒဏ်ရာရရှိခဲ့သူ ဦးဒိလ်မာမတ်ကို မောင်တောဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ ဦးဖာရုခ်ကို နယ်မြေ (၆) တွင် ချုပ်နှောင်ထားသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ည ၇ နာရီအချိန်တွင် ဦးဒိလ်မာမတ်ကို ထိမှန်သည့် ကျည်ဆံကို ဆရာဝန်များက ထုတ်ယူနိုင်ခဲ့သည်။ ကျည်ဆံထိမှန်သည့် နံရိုးကို ခွဲစိတ်ကုသရမည်ဟု ဆရာဝန်များက ပြောခဲ့သည်။ 

ဦးဒိလ်မာမတ်အား ဆေးရုံတွင် နယ်ခြားစောင့်ရဲ (၄) ဦးက စောင့်ကြပ်လျက်ရှိပြီး၊ ၎င်း၏ ဇနီးမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှ တွေ့ဆုံခွင့်မရှိကြောင်း သိရသည်။ 

မြန်မာအစိုးရ၏ သတင်းထုတ်ပြန်ရေးကော်မတီ လူမှုကွန်ယက် စာမျက်နှာတွင် နတ်မြစ်အား ဖြတ်ကူး၍ နယ်စပ်ခြံစည်းရိုးကို ကျော်၍ ၀င်လာခဲ့သည်ဟု လိမ်လည်၍ ရေးသား ဖော်ပြခဲ့သည်။

၎င်းတို့နှစ်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ခိုလှုံနေသူများ မဟုတ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဆွဲ၊တင်၊စစ် တွင် ပါဝင်ခဲ့သူများ ဖြစ်ကြောင်း ဒေသခံများက အခိုင်အမာပြောဆိုနေကြသည်။ 

မြန်မာအစိုးရက ကာရံထားသည့် နယ်စပ်ခြံစည်းရိုးသည် မြေကောင်းသည့်နေရာများ ရွေး၍ ကာထားသဖြင့် များသောအားဖြင့် ပုဇွန်ကန်များ၏ အလယ်မှ ဖြတ်သန်း၍ ကာရံထားသည်။ ထို့ကြောင့် ပုဇွန်ကန်များ ခြံစည်းရိုး အပြင်ဘက်တွင် ရှိနေသည့် ပုဇွန်ကန်များနှင့် လုပ်ကိုင်စားသောက်နေသည်ကို နယ်ခြားစောင့်ရဲများနှင့် အုပ်ချုပ်ရေးအာဏာပိုင်များက ကောင်းစွာသိရှိသည်။ ထိုကဲ့သို့ ရှိနေသည်မှာ ပေါင်းဇားကျေးရွာ တစ်ရွာတည်း မဟုတ်ဘဲ မောင်တောမြောက်ပိုင်းရှိ ကျေးရွာတိုင်းတွင် ခြံစည်းရိုး၏ အပြင်ဘက်တွင် ပုဇွန်ကန်များ ရှိနေသည်။ အဆိုပါ ပုဇွန်ကန်များနှင့် လုပ်ကိုင်စားသောက်ခွင့်လည်းရှိသည်။

အစိုးရက လိမ်လည်၍ သတင်းထုတ်ပြန်ထားသည့် သတင်းမှ ဓါတ်ပုံ



Comment ရေးရန်

Rohingya Exodus