နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ထောက်ပံ့ကြေးများ ကာယကံရှင်လက်ထဲသို့ အပြည့်အ၀ မရောက်

MYARF
RB News
21.9.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးလျက်ရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ အတွက် ထောက်ပံ့ကြေးများသည် ကာယကံရှင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ လက်ထဲသို့ လုံးဝ မရောက်ခြင်း၊ အပြည့်အ၀ မရောက်ဘဲ ဖြတ်ယူခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပကျေးရွာ အုပ်ချုပ်ရေးမှူးက သြဂုတ်လတွင် ရွာရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျပ် ၉၀၀၀၀ (ကိုးသောင်း) စီပေးမည်ဟုဆိုကာ ကိုယ်ဝန်ဆောင်အမျိုးသမီးဦးရေ ၁၀၀ - ကျော် ကို စာရင်းပြုစု၍ စာအုပ်တစ်အုပ်စီထုတ်ပေးကာ ငွေကျပ် ၅၀၀၀ မှ ၇၀၀၀ အထိစီ ကောက်ခံခဲ့ပြီး စာရင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်သွင်းခဲ့သည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၎င်းစာရင်းအတိုင်း တစ်ဦးလျှင် ငွေကျပ် ၉၀၀၀၀ (ကိုးသောင်း) စီပေးရန် စက်တင်ဘာလ (၁၈) ရက်နေ့တွင် ဘုရားပြင်အောင်ပကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးထံသို့ ပေးပို့ခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး နှင့် တာဝန်ခံ ဦးဇူဘိုက်ရ် တို့က ရာအိမ်မှူးများမှတဆင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၄၅ - ဦးကိုသာ ဆင့်ခေါ်၍ တစ်ဦးလျှင် ငွေကျပ် ၇၀၀၀၀ (ခုနှစ်သောင်း) စီ ပေးပြီး ၎င်းငွေထဲက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အတွက် လဘက်ရည်စရိတ်ဟု ဆိုကာ ငွေကျပ် ၅၀၀၀ (ငါးထောင်) စီ ဖြတ်ယူခဲ့ကြောင်း၊ ကျန် ၅၅ - ဦး၏ စာရင်း ရောက်ရှိခြင်းမရှိဟု ပြောကြောင်း ဒေသခံများက RB News သို့ပြောသည်။

ငွေလက်ခံယူသူ ကိုယ်ဝန်ဆောင်အမျိုးသမီး အချို့က “ကျမတို့ကို မြို့နယ် ထွေအုပ်ရုံးက တစ်ယောက်အတွက် ငွေကိုးသောင်းစီ ပေးမယ်လို့ ပြောပြီး ရာအိမ်မှူးတွေက အမျိုးသမီးတစ်ဦးအတွက် စာရင်းသွင်းခ ငွေ ၅၀၀၀ ကနေ ၇၀၀၀ ထိ ကောက်ခံတဲ့အပြင် ငွေလည်း ဘာလို့ ၇၀၀၀၀ စီပဲ ပေးတာလဲ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးကို မေးမြန်းရာ ဦးမောင်ကြီးက “မှန်ပါတယ်၊ တစ်ဦးအတွက် ကိုးသောင်းစီ ပို့ထားတာပါ၊ အဲဒီကနေ ကျွန်တော်တို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ အတွက် တစ်ဦးချင်းစီကနေ ငွေကျပ် နှစ်သောင်းစီ ဖြတ်ယူထားရတာ” ဟု ၀န်ခံ၍ ဖြေဆိုခဲ့သည်။

ဦးမောင်ကြီးက ငွေကျပ် နှစ်သောင်းစီ ဖြတ်ယူထားခြင်းနှင့် ပတ်သက်၍ မည်သူ့ကိုမှ မပြောရန်၊ ပြောလျှင် နောင်တွင် စာရင်းမှ ဖယ်ထုတ်ခြင်း ခံရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။

"အခုလို ကိုယ်​ဝန်​​ဆောင်​အမျိုးသမီးများကို​ ပေးတဲ့ ထောက်​ပံ့ငွေ ထုတ်ပေးတဲ့ဟာမှာ ကျေးရွာအုပ်​ချုပ်​​ရေးမှူးတွေ တောင်မကဘူး၊ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးကပါ စားနေတာတွေ့ရတယ်၊ ဥပမာ ဘူးသီး​တောင်​မြို့နယ်ထဲမှာ အုပ်​စု​ပေါင်း (၈၀) ​ကျော်​ရှိ​ပေမယ့်လည်း ၉-လပိုင်းမှာ​ အုပ်​စု ၁၀-စုကိုသာ ထုတ်ပေးတယ်၊ ပြိုင်းတောင် ကျေးရွာအုပ်စု တစ်ခုလုံးမှာဆိုရင် တစ်ယောက် ၅-သောင်းစီ အမျိုးသမီး ၈-ဦးကိုပဲ ပေးတယ်၊ ဂူတာပြင်​​ကျေးရွာအုပ်​စုမှာ​ ၇-သောင်းစီ ပေးတယ်၊ ဒါတွေကို သက်ဆိုင်ရာကနေ သူတို့က အကုန်ပုံမှန်အတိုင်း ထုတ်ယူပြီး မြို့နယ်​အုပ်​ချုပ်​​ရေးမှူး အပါအဝင်​​ အောက်​​ခြေ​ကကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ကျတဲ့ ကျေးရွာအဆင့်စာ​ရေးအထိ အဆင့်ဆင့်က ခွဲ​ဝေစားတာပဲ ဖြစ်ပါတယ်'' ဟု ဘူးသီးတောင် မြို့ခံ တစ်ဦးက ပြောသည်။




Comment ရေးရန်

Rohingya Exodus