နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်ရင်း ၅၅၁ မှ တပ်ရင်းမှူးက ရိုဟင်ဂျာလုပ်ငန်းရှင်များကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်

MYARF
RB News
7.9.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဝေသာလီတွင် အခြေစိုက်သည့် တပ်ရင်း ၅၅၁ မှ တပ်ရင်းမှူးက ဒေသခံရိုဟင်ဂျာများကို မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်နေသည်။ 

တပ်ရင်း ၅၅၁ မှ တပ်ရင်းမှူးသည် မောင်တောမြို့နယ် ဝေသာလီတွင် တပ်ရင်း အခြေစိုက်သည့် နေရာ၌ လူကြီးဧည့်သည် ရောက်လာလျှင် နားခိုရန် အဆောက်အဦတစ်ခု ဆောက်လုပ်နေသည်ကို အကြောင်းပြု၍ ရိုဟင်ဂျာစီးပွားရေးသမားများထံမှ ငွေကြေးမြောက်မြားစွာ ညှစ်ယူလျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

“သူက ငွေညှစ်ချင်တဲ့ လူတစ်ဦးကို သူနဲ့ လာတွေ့ဖို့ ဆင့်ခေါ်တယ်။ ပြီးတော့ မင်းက တရားမ၀င် အလုပ်လုပ်နေတယ် ဆိုတာ ငါသိတယ်။ ငါတို့ကို ငွေပေး၊ မပေးရင် မင်းကို ထောင်ချမယ်လို့ ပြောတာနဲ့ လူတွေက အဲဒီတပ်ရင်းမှူးက အရမ်းကို ကြမ်းတမ်းတာ သိနေတော့ စီးပွားရေး အဆင်မပြေရင်လည်း တောင်းတဲ့အတိုင်း ပေးပါမယ်ဆိုပြီး ပေးရတယ်။ ပေးရတဲ့ ငွေပမာဏက ကျွန်တော်တို့ သိရသလောက် အနည်းဆုံး နှစ်သိန်းကနေ အများဆုံး ၁၀ သိန်း ၀န်းကျင်ပါ၊ ငွေမပေးတဲ့လူတွေကို အကြိမ်ကြိမ် ခြိမ်းခြောက်တယ်” ဟု မောင်တောမြို့ခံတစ်ဦးက ပြောပါသည်။ 

အဆိုပါ တပ်ရင်းမှူးသည် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း၌ တာဝန်ကျခဲ့စဉ်က ဒေသခံရိုဟင်ဂျာများကို လူမဆန်စွာ ရိုက်နှက်ခြင်း၊ မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သည်။ ယခု မောင်တောမြို့ပေါ်သို့ ပြောင်းလာသည်မှာ နှစ်လခန့်ရှိပြီ ဖြစ်သည်။ မြို့ပေါ်ရောက်သည်နှင့် မြို့ခံ ရိုဟင်ဂျာများထံမှ နည်းအမျိုးမျိုးဖြင့် ငွေညှစ်နေသည့်အပြင် စီးပွားရေး လုပ်ငန်းရှင် ရိုဟင်ဂျာများကိုလည်း ယခု အဆောက်အဦ ဆောက်လုပ်နေသည်ဟု ခေါင်းစဉ်တပ်၍ ငွေညှစ်နေသည်မှာ နှစ်ပတ်ခန့် ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ မြို့ခံက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus