နောက်ဆုံးသတင်း/ဆောင်းပါးများ



ကိုဘခက်
RB News
29.1.2015

နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ဌာနချုပ် (န.စ.က) ကို ၁၉၉၂ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး၊ ၂၀၁၃ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့တွင် ဖျက်သိမ်း ခဲ့သည်။ န.စ.က ကို စတင် ဖွဲ့စည်းပြီး မကြာမီတွင် စာအမှတ် နစက/၅၆/ဦး ၄ ဖြင့် ယာယီ ဒေသန္တရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်ဖြင့် ဘင်္ဂါလီ [န.စ.က အသုံးအနှုန်း] လူဦးရေ ထိန်းချုပ်မှု ဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်ခဲ့ပြီး၊ လူဦးရေ ထိန်းချုပ်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များ အဖြစ် လက်ထပ်ခွင့်ပြုမိန့် ယူစေခြင်း၊ ရှောင်တခင် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မွေးတိုး ဆောင်ရွက် ပေးခြင်း၊ သေဆုံး ဆောင်ရွက် ပေးခြင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းများတွင် ပြောင်းဝင်/ထွက်များ ဆောင်ရွက်ပေးခြင်းနှင့် ဆွဲ၊တင်၊စစ် လုပ်ငန်း ဆောင်ရွက်မှု တို့ကို ဆောင်ရွက် ခဲ့သည်။ ဆွဲ၊တင်၊စစ် နှင့်ပတ်သက်ပြီး သိရှိနိုင်ရန် အလို့ငှာ အောက်ပါ အတိုင်း တင်ပြ အပ်ပါသည်။

(က) ဆွဲ (မြေပုံရေးဆွဲခြင်း)

(၁) ရပ်ကွက် မြေပုံ အညွန်း
(၂) ကျေးရွာ မြေပုံ အညွန်း
(၃) ကျေးရွာ အုပ်စု မြေပုံ အညွန်း

(ခ) တင် (အဆောက်အဦ မှတ်တမ်းတင်ခြင်း)

(၁) ကျေးရွာ အညွန်း မြေပုံတွင် အဆောက်အဦများ မှတ်တမ်းတင်ခြင်း
(၂) အဆောက်အဦ အမှတ်စဉ်များ ရေးထိုးခြင်း
(၃) အဆောက်အဦ စာရင်းဇယားများ ပြုစု ဆောင်ရွက်ခြင်း

(ဂ) စစ် (အိမ်ထောင်စု လူဦးရေ စာရင်းများ စစ်ဆေးခြင်း)

(၁) ပြောင်းဝင်/ထွက်၊ မွေးဖွား၊ သေဆုံး အချက်အလက်များ စီစစ်ခြင်း
(၂) အိမ်ထောင်စု လူဦးရေ ဆိုင်ရာ အချက်အလက်များ ဆောင်ရွက်ခြင်း
(၃) ခိုးဝင်/ထွက် နေထိုင်သူများ စစ်ဆးခြင်း၊ စည်းကမ်းနှင့် မညီညွတ်ဘဲ ကျေးရွာများ အတွင်း လာရောက် နေထိုင်သူများ ရှိ/မရှိ စစ်ဆေးခြင်း
(၄) တဖက်နိုင်ငံမှ တရားမ၀င် ၀င်ရောက် နေထိုင်သူများ ရှိ/မရှိ စစ်ဆေးခြင်း
(၅) တဖက်နိုင်ငံသို့ တရားမ၀င် ထွက်ခွာသူများအား ဖော်ထုတ် မှတ်တမ်းတင်ခြင်း
(၆) ဒေသန္တရ အမိန့် ဖောက်ဖျက် ကျူးလွန်သူများအား မတရားမ၀င် နေထိုင်သူများ စာရင်း ရေးသွင်း၍ သီးခြား မှတ်တမ်းတင်ခြင်း

(ဃ) မိသားစု ဓါတ်ပုံ ရိုက်ကူးခြင်း

(၁) စစ်ဆေးမည့် ကျေးရွာ အတွင်းရှိ အိမ်ထောင်စု များအား မိသားစု ဓါတ်ပုံနှင့် တိုက်ဆိုင် စစ်ဆေး၍ လူဦးရေ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးရန်
(၂) စစ်ဆေးမည့် ကျေးရွာတွင် ရုံးလက်ခံ အိမ်ထောင်စုနှင့် ကာယကံရှင် အိမ်ထောင်စု တိုက်ဆိုင် စစ်ဆေးရန်
(၃) မိသားစု ဓါတ်ပုံ ရိုက်ကူးရာတွင် အိမ်ထောင်စု လူဦးရေ စာရင်းပါ အမည်အတိုင်း အစဉ်လိုက် ဓါတ်ပုံ ရိုက်စေပြီး၊ အိမ်ထောင် ဦးစီးမှ ဆိုင်းဘုတ် ကိုင်ပြီး ကျန်မိသားစုဝင် များမှ အစဉ်အတိုင်း ရပ်၍ ဓါတ်ပုံ ရိုက်စေရန်နှင့် ဓါတ်ပုံ နောက်ကျောဘက်တွင် အစဉ်အတိုင်း အမည်များ ရေးသားရန်
(၄) မိသားစု ဓါတ်ပုံ ရိုက်ကူးခြင်းအား တစ်အိမ်တက် တစ်အိမ်ဆင်း ရိုက်ကူးခြင်းထက် စုရပ် တစ်ခုတွင် စု၍ မှတ်တမ်း ဓါတ်ပုံ ရိုက်ပါက အချိန်ကုန် သက်သာပြီး၊ ရ.ယ.က နှင့် ကျေးရွာသားများ ရှေ့တွင် ဓါတ်ပုံ ရိုက်ခြင်းကြောင့် လူစားထိုးပါက ရ.ယ.က မှ ချက်ချင်း သိရှိနိုင်ရန်
(၅) လူစားထိုး ဓါတ်ပုံ ရိုက်သည်ဟု သံသယရှိပါက အိမ်ထောင်စုဝင် ကလေးများနှင့် အသက်နှိုင်းယှဉ် ကြည့်ခြင်း၊ ရုပ်ရည် နှိုင်းယှဉ်ကြည့်ခြင်း၊ လသား အရွယ် ကလေးငယ်များ ဖြစ်ပါက မိခင်အား နို့တိုက်စေခြင်း၊ မိသားစုဝင် အတွင်းမှ ငယ်ရွယ်သော ကလေးများအား သီးခြား ခေါ်ယူ၍ မေးမြန်းခြင်း တို့ဖြင့် သိရှိနိုင်မည် ဖြစ်သည်ဟု န.စ.က ၏ လုပ်ထုံးလုပ်နည်းတွင် ဖော်ပြပါရှိသည်။

န.စ.က အား ဖျက်သိမ်းပြီး နောက်ပိုင်းတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ ဆုံးဖြတ်ချက်များ အရ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အကောက်ခွန် ဦးစီးဌာနနှင့် ရခိုင်ပြည်နယ် အနောက်ဘက် ဒေသ နိုင်ငံခြားသားများ မတရား ၀င်ရောက်မှု ကာကွယ် တားဆီးရေး (မ.က.ဖ) အဖွဲ့တို့ဖြင့် ပူးပေါင်း ဖွဲ့စည်းခဲ့သည်။ နယ်ခြားဒေသ အုပ်ချုပ်မှု အာဏာ သက်ရောက်မှု ရှိစေရေး အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ မ.က.ဖ ၏ လုပ်ငန်း တာဝန်များကိုလည်း (၁) လူဝင်မှု ကြီးကြပ်ရေး (၂) တရားမ၀င် နယ်စပ် ဖြတ်ကျော်မှုများ တားဆီး နှိမ်နင်းရေးနှင့် (၃) အမျိုးသား မှတ်ပုံတင်ရေး တို့ဖြစ်ကြောင်း သိရသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တာဝန်များကိုလည်း --

(၁) တရားမ၀င် ခိုးဝင်၊ ခိုးထွက်မှုမှ ကာကွယ် တားဆီးရေး
(၂) တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်း ခိုးသွင်း၊ ခိုးထုတ်ခြင်းမှ ကာကွယ် တားဆီးရေး
(၃) တရား ဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး
(၄) စစ်ဘက်ရေးရာ လုံခြုံရေး သတင်းများ စုဆောင်း တင်ပြရေး
(၅) နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး
(၆) နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားများကို ထိခိုက်လာမည့် အန္တရာယ်မှ ကြိုတင် ကာကွယ် စောင့်ရှောက်ရေး တို့ဖြစ်သည်ဟု သိရှိရသည်။

န.စ.က ဖျက်သိမ်းပြီး နောက်ပိုင်းတွင် ယာယီ ဒေသန္တရ အမိန့်သည် အလိုအလျောက် ပျက်ပြယ် သွားပြီး ဖြစ်သည်။ ယခု နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ဆောင်ရွက်နေသော ဆွဲ၊တင်၊စစ် လုပ်ငန်းသည် ၎င်းတို့အား လုပ်ဆောင်ရန် အာဏာ အပ်နှင်းခြင်း မရှိဘဲ ပြုလုပ်နေသည်ကို အထက်ပါ တာဝန်နှင့် လုပ်ငန်းများကို ကြည့်ခြင်း အားဖြင့် သိရှိနိုင်ပါသည်။ ယခု နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနှင့် အရာရှိ၊ အရာခံ၊ အကြပ် တပ်သားများ၏ ဆွဲ၊တင်၊စစ် လုပ်ငန်း ဆောင်ရွက်ရန် ရိုဟင်ဂျာ များအား အတင်းအကြပ် ခြိမ်းခြောက် လုပ်ဆောင် နေခြင်းများသည် “ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်” ဟူသည့် အတွေးအခေါ် အယူအဆသာ ဖြစ်ပြီး၊ ယနေ့ မျက်မှောက်ခေတ် Globalization ကမ္ဘာ့ရွာခေတ်တွင် ဤအယူအဆသည် ခေတ်နောက်ပြန် ဆွဲနေသော အယူအဆ ဖြစ်၍ မည်သူကမျှ လက်ခံလိမ့်မည် မဟုတ်ပါ။

ဒုတိယ ကမ္ဘာစစ် မတိုင်မှီက လူမျိုးကြီး ၀ါဒ ကျင့်သုံးပြီး၊ စိတ်ထင်ရာစိုင်း ခဲ့သော နာဇီပါတီဝင်များ၏ မရှုမလှ ကျဆုံးခန်းများနှင့် ၂၁ ရာစုတွင် တောင်အဖရိက နိုင်ငံ၏ အသားအရောင် ခွဲခြားရေးနှင့် လူဖြူကြီးစိုးရေး ၀ါဒသည် မည်ကဲ့သို့ နိဂုံးချုပ် ခဲ့သည်ကို သတိချပ်သင့်ပေသည်။ ထို့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော် တွင်လည်း လွတ်လပ်ရေး ရရှိသည့်အချိန်မှစ၍ ယနေ့အထိ ဗမာ လူမျိုးကြီး ၀ါဒ ကျင့်သုံးနေမှုကြောင့် မြန်မာနိုင်ငံ၏ မြောက်ဖျားမှသည် တောင်ဘက် အစွန်ဆုံးအထိ၊ အရှေ့ဘက်မှသည် အနောက်ဘက် နယ်စပ်အထိ လက်နက်ကိုင် တိုက်ပွဲများဖြင့် အခြား လူမျိုးစုများ၏ အခွင့်အရေးများ ကာကွယ်ရေးနှင့် တန်းတူညီတူ ရရှိရေးတို့ အတွက် ဆောင်ရွက် နေသည်မှာ ယနေ့အထိ ယမ်းငွေ့ မစဲနိုင်သေးပါ။ ဗမာလူမျိုးနှင့် အခြား လူနည်းစုတို့ကြား တိုက်ပွဲများကြောင့် ထိခိုက်သေဆုံး ဘ၀ပျက်ခဲ့ရသူပေါင်း မည်မျှ ရှိခဲ့ပြီကိုလည်း သတိမူသင့်ပေသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော် တပ်မတော်နှင့် ပထမဆုံး လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့သူများမှာ ဌာနေ တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုးများပင် ဖြစ်ကြောင်း သမိုင်းတွင် မှတ်တမ်း တင်ရစ်ခဲ့ပြီ ဖြစ်သည်။ တိတိကျကျ ဆိုရလျှင် ၁၉၆၁ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်မှူးချုပ် အောင်ကြီး၊ မေယု နယ်ခြားဒေသ အုပ်ချုပ်ရေး အရာရှိချုပ် ဗိုလ်မှူးကြီး စောမြင့်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်မှူးချုပ် သန်းဖေ တို့ရှေ့မှောက်တွင် အပြီးအပိုင် လက်နက်စွန့်ခဲ့ပြီး၊ ငြိမ်းချမ်းရေးကို အရယူခဲ့ခြင်း ဖြစ်သည်။

ရိုဟင်ဂျာများ မူလဘူတ ဌာနေ တိုင်းရင်းသားများ အဖြစ် ရရှိခံစားလာခဲ့သော အခွင့်အရေးများကို ဗမာ ဖက်ဆစ်ဝါဒီ၊ စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်း လက်ထက်တွင် တစ်စစီ ဖဲ့ခြွေခြင်းကို ခံခဲ့ရသည်။ မြန်မာ့ ဆိုရှယ်လ် လမ်းစဉ်ပါတီ စတင် အုပ်ချုပ်သည့် ၁၉၇၄ ခုနှစ်တွင် မူဆလင် ဟူ၍ လည်းကောင်း၊ ၁၉၉၂ ခုနှစ်တွင် န.စ.က စတင် ထူထောင်ချိန်မှ စ၍ ဘင်္ဂါလီ ဟူ၍ လည်းကောင်း၊ ရိုဟင်ဂျာများ၏ အခွင့်အရေးများကို တဆင့်စီ လျှော့ချခဲ့ပြီး၊ န.စ.က ဖျက်သိမ်းပြီး နောက်ပိုင်း အသစ် မွေးဖွားလာသော နယ်ခြားစောင့်တပ်နှင့် မ.က.ဖ တို့လက်ထက်တွင် ရိုဟင်ဂျာများကို တရားမ၀င် ရောက်ရှိလာသောသူများ အဖြစ် သမုတ်နိုင်ရန် မ.က.ဖ မှ အိမ်ထောင်စု လူဦးရေ စာရင်းကို ၎င်းတို့ ရုံးတံဆိပ် ထုနှိပ်ပြီး ထုတ်ပေးနိုင်ရန် အတွက် ယခု ဆွဲ၊တင်၊စစ် ကို ဖိအားပေး လုပ်ဆောင် နေခြင်း ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝှမ်းလုံးတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ထုတ်ပေးသော အိမ်ထောင်စု လူဦးရေ စာရင်း တစ်မျိုးတည်းသာ ရှိသည်။ ရခိုင်ပြည် အနောက်ဘက် ဒေသဟု သမုတ် ထားသော မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ် တို့တွင် ရိုဟင်ဂျာများကို န.စ.က ခေတ်တွင် လ.၀.က မှ ထုတ်ပေးထားသော အိမ်ထောင်စု လူဦးရေ စာရင်းများကို တိကျမှု မရှိဟု ဆိုကာ န.စ.က မှ အိမ်ထောင်စု စာရင်းများ ထုတ်ပေးခဲ့ပြီး၊ ယခု မ.က.ဖ ခေတ်တွင် န.စ.က မှ ထုတ်ပေး ထားသော နှစ် (၂၀) ကြာ အိမ်ထောင်စု လူဦးရေ စာရင်းများကို ဖျက်သိမ်းကာ၊ မ.က.ဖ မှ အိမ်ထောင်စု လူဦးရေ စာရင်း ထုတ်ပေးရန် စီစဉ် နေခြင်း ဖြစ်သည်။ ဤကဲ့သို့ နိုင်ငံတစ်ခု အတွင်း စနစ် နှစ်မျိုး ကျင့်သုံးနေခြင်းကို ဒီမိုကရေစီ ဖော်ဆောင်နေသော ယခုလို အချိန်မျိုးတွင် ပြည်သူများမှ လက်မခံ ငြင်းဆန်ခြင်းသည် သဘာဝကျပေသည်။

ရိုဟင်ဂျာ လူထုကို မလျော် သြဇာ သုံးပြီး၊ လက်နက်ဖြင့် ခြိမ်းခြောက်မည့် အစား ရိုဟင်ဂျာ လူထုမှ လက်ခံနိုင်သော အစီအမံမျိုး ဖြစ်သော လ.၀.က မှ အိမ်ထောင်စု လူဦးရေ စစ်ဆေးခြင်းကိုသာ ဆောင်ရွက်သင့်သည်။ ထိုသို့ မပြုလုပ်ဘဲ ဆယ်စုနှစ်ပေါင်းများစွာ မတရားသော အမိန့်အာဏာ များဖြင့် အုပ်ချုပ်လာသည့် အတိုင်း ဆက်လက် ပြုလုပ်နေမည် ဆိုပါက အာဏာစက်ဖြင့် ညှဉ်းပန်း နှိပ်စက်ခြင်း အပေါ် တုန့်ပြန် လာနိုင်သည်။ အလျဉ်းသင့်၍ တင်ပြလိုသည်မှာ မရှိသော လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် RSO အမည်တပ်၍ ယခု ကာလ အတွင်း ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်မှု မျိုးစုံကြောင့် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦး သေဆုံးခဲ့ရသည်။ နယ်ခြားစောင့်တပ်မှ ယခုကဲ့သို့ မရှိသည့် လက်နက်ကိုင် အဖွဲ့အစည်း အမည်ကို တပ်၍ ရိုဟင်ဂျာ လူထုအား မတရား ညှဉ်းပန်း နှိပ်စက်နေပါက ရိုဟင်ဂျာ လူထုအား အစွန်းရောက် သွားစေရန် တိုက်တွန်း သကဲ့သို့ ဖြစ်နေပြီး၊ ငြိမ်းချမ်းရေး မြတ်နိုးသော ရိုဟင်ဂျာ လူထုအား လက်နက် စွဲကိုင်ရန် လှုံ့ဆော် ပေးသလိုလည်း ဖြစ်နေသည်ကို သတိချပ် စေချင်သည်။ လှုံ့ဆော်သကဲ့သို့ ဖြစ်လာမည် ဆိုပါက မြန်မာနိုင်ငံ၏ အခြေအနေသည် မျှော်မှန်းမရသော အနေအထား တစ်ရပ်သို့ ရောက်ရှိသွားမည် ဖြစ်ပြီး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး ကိုလည်း ထိခိုက်သွားမည် ဖြစ်သည်။ ခံစားချက် ပြင်းထန်လာလျှင် အစွန်းရောက်မှု ဖြစ်ပေါ်လာမည်မှာ မလွဲသေချာ ဖြစ်ပြီး ဆုံးရှုံးမှု အကြီးအကျယ် ဖြစ်လာနိုင်သောကြောင့် နိုင်ငံတော် အစိုးရမှ အချိန်မှီ ကာကွယ် တားဆီးသင့်ကြောင့် နိုင်ငံ့ အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။




ကိုဘခက်
RB News
27.1.2015

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် ၂၀၁၄ ဒီဇင်ဘာလ ၂၅ ရက်မှ ၂၀၁၅ ဇန်န၀ါရီလ ပထမပတ်ထိ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲ (၃) ၏ လက်အောက်ခံ ခြင်းသမား ကျေးရွာ အုပ်စုရှိ နယ်ခြားစောင့်ရဲ ကင်းစခန်းမှ ဗိုလ်လေး (ဒုရဲအုပ်) နှင့် တပ်ဖွဲ့ဝင် များသည် ဖောင်တော်ပြင် ကျေးရွာ၊ ငကျဉ်တောက် ကျေးရွာ၊ ဒါပိုင်ဆရာ ကျေးရွာ၊ မိကျောင်းဈေး ကျေးရွာ တို့တွင် လက်နက် အားကိုးဖြင့် ရိုဟင်ဂျာ လူထုကို အနိုင်ကျင့်ကာ ငွေအမြောက်အမြားကို ခြိမ်းခြောက်၍ ညှစ်ယူခဲ့သည်။ အထက်ဖော်ပြပါ ကာလ အတွင်း အဆိုပါ ကျေးရွာများမှ ရိုဟင်ဂျာ ကျေးရွာသား (၂၈) ဦးထံမှ စုစုပေါင်း ငွေကျပ် သိန်း (၉၀) ခန့်ကို စွပ်စွဲချက် အမျိုးမျိုး တပ်၍ ညှစ်ယူခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ စွပ်စွဲချက် များမှာ တရားမ၀င် လက်ထပ် ပေါင်းသင်းခြင်း၊ ရွာထွက် လက်မှတ် မရှိခြင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဆင်းမ်ကဒ်များ သုံးစွဲခြင်း၊ လူ ၅ ယောက်ထက် ပို၍ စုခြင်း စသည်တို့ ဖြစ်သည်။

မိကျောင်းဈေး ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးထံမှ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကဒ်နှင့် smart ဖုန်းကို မတရား သိမ်းယူခဲ့ရာ၊ သိမ်းဆည်းခံရသူက ၎င်း၏ ဖုန်းသည် MPT မှ တရားဝင် ထုတ်ပေး ထားသော SIM ကဒ် ဖြစ်ကြောင်း၊ ဖုန်းမှာလည်း မြန်မာနိုင်ငံတွင် တရားဝင် တင်သွင်းထားသည့် Huawei အမျိုးအစား ဖုန်းဖြစ်ပါလျှက်နှင့် ဖုန်းသိမ်းဆည်း ရခြင်း အကြောင်းကို မေးရာ နယ်ခြားစောင့် ရဲက ဖုန်းနှင့် ဆင်းမ်ကဒ်မှာ တရားဝင် ဖြစ်သော်လည်း ကိုင်ဆောင်သည့် သူမှာ တရားမ၀င်ဖြစ်၍ သိမ်းဆည်းရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ အဆိုပါ နယ်ခြားစောင့် ရဲများသည် ငွေညှစ်ခြင်း၊ မတရား လုယက်ခြင်း အပြင် ကိုယ်ထိလက်ရောက် စော်ကားမှုများလည်း မကြာခဏ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။

ဇန်န၀ါရီလ ပထမပတ် အတွင်းက ဖောင်တော်ပြင် ကျေးရွာ၊ ခြင်းသမား ကျေးရွာ အုပ်စု တို့တွင် အသက် (၁၂) နှစ်နှင့် အသက် (၁၃) နှစ် အရွယ် ကလေး နှစ်ဦး တို့သည် နယ်ခြားစောင့် ရဲကင်းစခန်း အနီးတွင် ခြင်းလုံး ကစား နေခဲ့ပြီး၊ ကလေးများ ကစားနေစဉ် ရုတ်တရက် နယ်ခြားစောင့် ရဲတစ်ဦး ရောက်ရှိလာပြီး ကလေးများကို စခန်းထဲသို့ ဆွဲ၍ ခေါ်သွားခဲ့သည်။ အဆိုပါ ကလေးနှစ်ဦးကို နယ်ခြားစောင့်ရဲက သံတုတ်ဖြင့် ရိုက်နှက်ခြင်း၊ သေနတ်ဒင်ဖြင့် ထုခြင်း တို့ကို လူမဆန်စွာ ပြုလုပ်ခဲ့သည်။ ထို့အပြင် ကလေး နှစ်ဦး၏ ဦးခေါင်းကို မြေပေါ်သို့ ဦးညွတ်စေပြီး ခြေထောက်ဖြင့် ကန်ကျောက်ခဲ့၍ အမျိုးမျိုး လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ဇန်န၀ါရီလ (၉) ရက်နေ့က ခြင်းသမား ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ခမရ (၅၅၂) နှင့် ခြင်းသမား ကျေးရွာ တို့၏ ဘောလုံးပွဲကို ကြည့်ရှုနေစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဗိုလ်လေး (ဒုရဲအုပ်) ရောက်ရှိလာပြီး ကင်းစခန်းထဲသို့ ဆွဲခေါ် သွားခဲ့သည်။ ထို့နောက် အဆိုပါ ဗိုလ်လေးက ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အင်္ကျီ ကော်လံကို ဆွဲ၍ လက်သီးဖြင့် ထိုးခဲ့သည်။ ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျောင်းဆရာ နှစ်ဦးနှင့် မော်လ၀ီ ဆရာ နှစ်ဦး တို့ကို ခေါ်ယူပြီး အထက်ပါ ကလေးနှစ်ဦးကို ရက်ရက်စက်စက် ပြုမူခဲ့ခြင်း အပေါ် တိုင်တန်းခြင်း မပြုပါဟု စာရွက်ပေါ်တွင် ရေးသား ခိုင်းပြီး အတင်းအကျပ် လက်မှတ် ရေးထိုး ခိုင်းခဲ့သည်။

ယခုကဲ့သို့ ပြုမူနေခြင်းသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို အထက်မှ လုပ်ပိုင်ခွင့်များ ပိုမို ချမှတ်ပေးခြင်း အပေါ် အခွင့်ကောင်းယူ၍ မိမိတို့၏ စိတ်တွင် ဖုံးကွယ်ထားသော လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများကို ရောနှောပြီး ရိုဟင်ဂျာ လူထု အပေါ် အာဏာ အလွဲသုံးစား ပြုလုပ်၍ ညှဉ်းပန်း နှိပ်စက် နေခြင်း ဖြစ်သည်။ လက်ရှိ မြန်မာ အစိုးရ၏ မူဝါဒသည် မွတ်စလင် မှန်လျှင် ဥပဒေ၏ အကာအကွယ် ပေးစရာမလို၊ နှိပ်ကွပ်ရန်သာ ရှိသည်ဟု ဆွဲကိုင်ထားခြင်း အပေါ် နယ်ခြားစောင့် ရဲတပ်ဖွဲ့က အမြတ်ထုတ် နေခြင်းလည်း ဖြစ်သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် များသောအားဖြင့် ရခိုင်လူမျိုးများသာ ဖြစ်ပြီး၊ ပညာရေး အခြေခံမှာလည်း အလွန်နိမ့်ကျသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကို အလျင်စလို စခန်းအပ်ခဲ့ပြီး၊ အသက် (၁၈) နှစ်မှ (၄၄) နှစ် အတွင်းရှိ ရခိုင်လူမျိုး မှန်သမျှ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွင် လက်ခံခဲ့သည်။ အများအားဖြင့် ဖားရိုက်၊ ငါးရှာ လုပ်နေခဲ့သော အခြေခံ လူတန်းစား များသာ ဖြစ်ပြီး၊ ယခု ဖားရိုက်တံ နေရာတွင် မောင်းပြန် သေနတ် ရောက်ရှိနေသဖြင့် မိမိတို့ ထင်ရာစိုင်း နေခြင်းလည်း ဖြစ်သည်။ တဖက်မှာ အစိုးရ၏ ရခိုင်လူမျိုး များအား ပုံမှန် လစာ ရရှိခြင်းကြောင့် စားဝတ် နေရေး ဖူလုံစေကာ၊ အခြားတဖက်တွင် ရိုဟင်ဂျာ လူမျိုးများအား ဓါးပြ တိုက်စေခြင်း၊ ဆင်းရဲတွင်း ပိုမို နက်အောင် ဆောင်ရွက် နေခြင်းလည်း ဖြစ်သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့သည် ပြည်သူ လူထုများကို လူမျိုး၊ ဘာသာ၊ အသားအရောင် မခွဲခြားဘဲ လုံခြုံရေး ဆောင်ရွက် ပေးရန်သာ ဖြစ်သည်။ ယခုကဲ့သို့ လိုင်စင်ရ ဓါးပြများကဲ့သို့ ပြုမှု ဆောင်ရွက် နေခြင်းများကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အပေါ် ပြည်သူများမှ ယုံကြည် အားကိုးမှု လုံးဝ မရှိတော့သည်ကို တွေ့ရသည်။ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေကို လျစ်လျူရှုထားပါက မခံမရပ်နိုင်သော ပြည်သူများမှ အုံကြွလာလျှင် ထိန်းချုပ်ရန် ခက်ခဲမည် ဖြစ်ပြီး၊ တည်ငြိမ်လာသော ရခိုင်ပြည်နယ် အခြေအနေမှာလည်း ပြန်လည် ယိုယွင်းလာမည် ဖြစ်သည်။ အကယ်၍ အခြေအနေ ယိုယွင်းလာမည် ဆိုပါက နိုင်ငံတကာမှ လက်ပိုက် ကြည့်နေတော့မည် မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ၀င်ရောက် ကိုင်တွယ် ဖြေရှင်းမှုများ ပိုမိုများပြား လာမည် ဖြစ်သည်။ ထိုကဲ့သို့ အခြေအနေ ဖြစ်ပေါ်လာပါက ပြည်တွင်းတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင်လည်း ထိခိုက်လာမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဥပဒေ ချိုးဖောက်၍ ထင်ရာစိုင်း နေသည်များကို အချိန်မှီ ထိန်းသိမ်းပေးရန် အထူး လိုအပ်ကြောင်း အကြံပြု တင်ပြအပ်ပါသည်။

န.စ.က လက်ထက်က ဆွဲ၊တင်၊စစ်


ကိုဘခက်
RB News
25.1.2015

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အခြေစိုက် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ရခိုင်ပြည်နယ် အနောက်ဘက် ဒေသ နိုင်ငံခြားသားများ မတရား ခိုးဝင်မှု ကာကွယ် တိုက်ဖျက်ရေး အဖွဲ့ (မ.က.ဖ) များသည် အဖွဲ့လိုက်ခွဲကာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် ဆွဲ၊တင်၊စစ် ဟုခေါ်သော အိမ်ထောင်စု လူဦးရေ စစ်ဆေးခြင်းနှင့် မိသားစု ဓါတ်ပုံ ရိုက်ကူးခြင်း လုပ်ငန်းများကို ၂၀၁၅ ဇန်န၀ါရီလ ၁၃ ရက်နေ့မှ စ၍ ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မိသားစု ဓါတ်ပုံ ရိုက်ခ ၁၀၀၀ ကျပ်၊ ကလေးတစ်ယောက် အိမ်ထောင်စု စာရင်းတွင် တင်လျှင် ၅၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိ (ကလေး အသက်အရွယ်ပေါ် မူတည်၍)၊ မိမိနေရပ်မှ နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာ သွားသူများကို အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ရန် အတွက် ၁၀၀၀၀ ကျပ်မှ ၄၀၀၀ ကျပ် အထိ (ကျေးရွာ တစ်ရွာနှင့် တစ်ရွာ မတူညီ)၊ သေဆုံး သွားသော မိသားစုဝင် များအား အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ရန် အတွက် ၅၀၀၀ ကျပ်၊ လက်ထပ်ခြင်း ကိစ္စများတွင် သတို့သမီး အိမ်ထောင်စု စာရင်း ပြောင်းဝင်နိုင်ရန်နှင့် လက်ထပ် စာချုပ် ဆောင်ရွက် ပေးရန် အတွက် ၃၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်အထိ စသည်ဖြင့် အိမ်ထောင်စု တစ်စုစီမှ ငွေကြေး မြောက်မြားစွာ ကောက်ခံလျက် ရှိသည်။

အသစ်မွေးဖွားလာသော ကလေးများကို အိမ်ထောင်စု လူဦးရေ စာရင်းတွင် တင်ပေးရာ၌ မိဘ နှစ်ပါး စလုံး အိမ်ထောင်စု လူဦးရေ စာရင်းတွင် ရှိမှသာ ဆောင်ရွက် ပေးသည်။ ဤသို့ ငွေကြေး မြောက်မြားစွာ ကောက်ခံခြင်းသည် ဇန်န၀ါရီလ ၁၈ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဦးဥတ္တမ ခန်းမတွင် ကျင်းပသော အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို၏ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ လူကြီးများအား ပြောဆိုခဲ့သည်နှင့် လွန်စွာ ကွဲလွဲနေပါသည်။

ရိုဟင်ဂျာ လူထု အနေဖြင့် န.စ.က မှ ဆောင်ရွက်ခဲ့သော ဆွဲ၊တင်၊စစ် လုပ်ငန်းများကို ယခုအခါ ပြန်လည် လုပ်ဆောင် နေခြင်းနှင့် ပတ်သက်၍ သံသယများစွာ ဖြစ်ပေါ်လျက် ရှိသည်။ ရိုဟင်ဂျာ လူထုသည် ၎င်းတို့အား ဘင်္ဂါလီ ဇတ်သွင်း နေသည်ဟု ယူဆနေသည် သာမက၊ ယခုလတွင် ကြေညာထားသော နိုင်ငံသား စီစစ်ရေး လုပ်ငန်းများတွင် ရိုဟင်ဂျာ များအား ဘင်္ဂါလီဟု အတင်းအကျပ် ခံယူစေရန် စနစ်တကျ ဘက်ပေါင်းစုံမှ ဆောင်ရွက် နေခြင်း ဖြစ်သည်ဟု အလေးအနက် ယူဆနေကြသည်။ ထို့အပြင် အထက်တွင် ဆိုခဲ့သော ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ရဲမှူးချုပ်တင်ကိုကိုမှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် အမေရိကန် သမ္မတကြီး မစ္စတာ အိုဘားမား တို့၏ ရိုဟင်ဂျာများအား နိုင်ငံသား အခွင့်အရေးနှင့် တန်းတူ အခွင့်အရေးများ ပေးအပ်ရန် တောင်းဆိုခဲ့ခြင်း အပေါ် ပြက်ရယ်ပြု စော်ကားခဲ့သည်။ ၎င်းမှ မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာရှိသော နိုင်ငံဖြစ်၍ ပြည်ပမှ စွက်ဖက်ခြင်းသည် မည်သို့မျှ အကျိုးသက်ရောက်မည် မဟုတ်ဟု ပြောဆိုခဲ့သည်။ ရိုဟင်ဂျာ များကိုလည်း မည်သည့်အခါမှ မွေးရာပါ နိုင်ငံသား အခွင့်အရေး ရမည်ဟု အိပ်မက်တောင် မမက်ရန်နှင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ ရရှိသော၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု အဆင့်အတန်း အတိုင်းသာ ရရှိမည်ဟု ပြောဆိုခဲ့သည်။

ရိုဟင်ဂျာ ဆက်လက် ပြောဆိုနေလျှင် ဒုက္ခသည် စခန်းများတွင် ထား၍ တတိယ နိုင်ငံသို့ ပို့ဆောင် ပေးမည်ဟု ခြိမ်းခြောက် ခဲ့သည်။ အမှန်ဆိုလျှင် ရိုဟင်ဂျာများသည် ဒုတိယနိုင်ငံသို့ ရောက်ရှိနေသည်ဟု မြန်မာအစိုးရက ခံယူနေပါက တတိယနိုင်ငံသို့ ပို့ရန် မဟုတ်ဘဲ၊ ပထမနိုင်ငံသို့သာ ပို့ရန် ကြိုးစားသင့်သည်။

လက်ရှိ ဆွဲ၊တင်၊စစ် ဆောင်ရွက်ရာတွင် ရိုဟင်ဂျာများမှ ပါဝင်မှု အနည်းငယ်သာ ရှိသည်။ ဇန်န၀ါရီလ ၁၃ ရက်နေ့မှ ၂၃ ရက်နေ့ အထိ မောင်တောမြို့နယ်တွင် ကျေးရွာ အုပ်စု ၁၀၄ စု အနက် ၉ အုပ်စုတွင် လည်းကောင်း၊ ဘူးသီးတောင် မြို့နယ်ရှိ ၈၅ အုပ်စု အနက် ၃ အုပ်စု၊ ရသေ့တောင် မြို့နယ်ရှိ ရိုဟင်ဂျာများ နေထိုင်ရာ ကျေးရွာအုပ်စု ၁၃ စု အနက် တစ်စုတွင်သာ ဆောင်ရွက်နိုင်ခဲ့သည်။ ကျန်အုပ်စုများတွင် ရိုဟင်ဂျာ လူထုက ဆွဲ၊တင်၊စစ် ဆောင်ရွက်နေမှုတွင် ပါဝင် ဆောင်ရွက်ခြင်း မရှိဘဲ ကန့်ကွက်လျက် ရှိသည်။

ဆွဲ၊တင်၊စစ် ဆောင်ရွက် ပြီးစီးခဲ့သည့် ကျေးရွာများ အနက် ဘူးသီးတောင် မြို့နယ်တွင် တောင်ခြေရပ်ကွက်နှင့် မောင်တောမြို့နယ်ရှိ ကြိမ်ချောင်း ကျေးရွာ တို့သည် ငွေကြေး အများဆုံး ကောက်ခံခဲ့သည့် နေရာများ ဖြစ်သည်။ ဘူးသီးတောင် မြို့နယ်ရှိ ငရန့်ချောင်း ကျေးရွာ အုပ်စုတွင် ဇန်န၀ါရီလ ၁၃ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ဖော်တော်ပြင် ကျေးရွာတွင် မိသားစု ၆ စု၊ ယင်းမရွာတွင် ၅ စု၊ ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် နယ်ခြားစောင့်တပ်မှ ဗိုလ်လေး တစ်ဦးနှင့် တပ်ဖွဲ့ဝင်များက ရိုဟင်ဂျာ မိသားစု ၁၀ စုအား သေနတ်ဖြင့် ချိန်၍ လုပ်ဆောင်ခဲ့သည် -- များအပါအ၀င် မိသားစု အနည်းငယ်သာ ဆွဲ၊တင်၊စစ် တွင် ပါဝင်ခဲ့သည်။

ဤကဲ့သို့ ရွာသားများ၏ ငြိမ်းချမ်းစွာ ကန့်ကွက် နေခြင်းအပေါ် မကျေနပ်သော အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးနှင့် အပေါင်းအပါ များသည် မြို့မိမြို့ဖ အချို့ ဖြစ်သော ဦးရော်ဖိတ်၊ ဆရာ ဦးအဘူကာလာမ် တို့နှင့် အတူ ဘူးသီးတောင် မြို့နယ် ငရန့်ချောင်း ကျေးရွာတွင် ရပ်ရွာလူကြီးများနှင့် တွေ့ဆုံ၍ ဆွဲ၊တင်၊စစ် လုပ်ငန်းတွင် ပါဝင်ရန် ဖိအားပေးခဲ့သည်။ ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် တောင်ဘဇား နယ်ခြားစောင့် စခန်းမှူးသည် ငရန့်ချောင်း ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာလူမျိုး အစိုးရ ၀န်ထမ်းများ အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်များ၊ လယ်သမားကြီးများ စသည်တို့အား ခေါ်ယူ တွေ့ဆုံပြီး ခြိမ်းခြောက်မှုများစွာ ပြုလုပ်ခဲ့သည်။ ၎င်းက ဆွဲ၊တင်၊စစ် တွင် မပါသော ကျေးရွာသားများကို ရွာပြင် ထွက်ခွင့် ပေးမည် မဟုတ်ကြောင်း၊ စက်လှေများကို ခရီးထွက်ခွင့် ပိတ်ပင်ခြင်း၊ ဆိုင်ကယ် တက္ကစီ များကို ခရီးသွားခွင့် ပိတ်ပင်ခြင်း တို့ကို ကနဦး လုပ်ဆောင်၍ ဆက်လက်ပြီး ဆွဲ၊တင်၊စစ် တွင် ပါဝင် ဆောင်ရွက်ခြင်း မရှိပါက ဇန်န၀ါရီလ ၂၆ ရက်နေ့မှ စတင်၍ ကျေးရွာသား များကို ဖမ်းဆီး ချုပ်နှောင်ခြင်း တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

ဤကဲ့သို့ ရိုဟင်ဂျာ လူထုအား ဖိအားပေးခြင်းသည် မြန်မာနိုင်ငံတွင် လက်ရှိ ဖော်ဆောင် နေသော ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ဆန့်ကျင် နေပါသည်။ ထို့အပြင် ဆွဲ၊တင်၊စစ် လုပ်ငန်း ဆောင်ရွက်ရန် မည်သည့် ဥပဒေပေါ်တွင် အခြေပြု၍ ဆောင်ရွက် နေသည်ကိုလည်း ရိုဟင်ဂျာ လူထု အနေဖြင့် သိရှိခြင်း မရှိပါ။

ဤကဲ့သို့ ဥပဒေနှင့် မညီညွတ်သော ဆွဲ၊တင်၊စစ် လုပ်ငန်းအား ပြည်ထောင်စု အစိုးရမှ ချက်ချင်း ရပ်တန့်ပေးရန် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူထုက တောင်းဆိုပါကြောင်း တင်ပြအပ်ပါသည်။



RB News
20.1.2015

၁၉၇၈ ခုနှစ်ဝန်းကျင်က အစိုးရ ပညာသင်ကျောင်းများမှာ သင်ကြားတဲ့ ပထ၀ီဝင် ဘာသာရပ်မှာ မြန်မာနိုင်ငံမှာ မြေပုံမှာ ရိုဟင်ဂျာတွေ နေထိုင်တဲ့ အရပ်ဒေသကိုတောင် ထင်ထင်ရှားရှား ပြသပြီး ရိုဟင်ဂျာ ဆိုတဲ့ လူမျိုးက မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုခံ ခဲ့ရပေမယ့် ၁၉၈၂ ခုနှစ် နောက်ပိုင်းမှာ ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို ပြောရင်တောင် အရေးယူခံရတဲ့ အခြေအနေ ဖြစ်လာခဲ့တယ်။

ပညာသင်ကြားခွင့် ကန့်သတ်၊ သွားလာ လှုပ်ရှားခွင့် ကန့်သတ်၊ ရိုဟင်ဂျာ ဆိုရင် အကျဉ်းထောင် ထဲက အကျဉ်းသားတွေ ထက်တောင် ဆိုးဆိုးရွားရွား ဆက်ဆံခံရလာတော့ ရိုဟင်ဂျာတွေ အကြားမှာ သမိုင်းကြောင်းကို ဖြန့်ဝေဖို့ အခွင့်မသာ ခဲ့ဘူး။

အင်တာနက်ဆိုတာကို ကမ္ဘာမှာ နေရာဒေသ မရွေး သုံးလို့ရနေပေမယ့်လည်း ရခိုင်ဒေသက ရိုဟင်ဂျာတွေ အနည်းငယ်သာ အခွင့်ရနေပြန်တယ်။ ဒါ့ကြောင့် အင်တာနက် သုံးနိုင်သူများက မသုံးနိုင်သူများထံ ဒီအသံဖိုင်ကို လက်ဆင့်ကမ်းပေးပါလို့ မေတ္တာရပ်ခံပါတယ်။

ရိုဟင်ဂျာ ဆိုတာ အာရ်ကာန် ဒေသရဲ့ မူလဘူတ တိုင်းရင်းသား ဆိုတာ ရဲရဲဝံ့ဝံ့ ပြောနိုင်ဖို့ မိမိတို့ရဲ့ သမိုင်းကြောင်း အမှန်ကို လေ့လာကြပါ။

ဤအသံဖိုင် ဖြစ်မြောက်လာအောင် အဖက်ဖက်မှ ကူညီပေးသူများကို RB Team မှ အထူး ကျေးဇူးတင်ပါကြောင်း။




ဌေးလွင်ဦး
RB News
6.1.2015

မြန်မာနိုင်ငံ၏ ပထမဆုံး ပြည့်ရှင်မင်းမှာ အနော်ရထာ ဖြစ်သည်ဟု အစဉ် နားလည် ထားမှုကြောင့် အနော်ရထာ မတိုင်မှီက ပုဂံပြည် (ပေါက်ကံပြည်) မရှိခဲ့ဟုလို့-၊ မြန်မာ လူမျိုးပင် မရှိခဲ့ ဟုလို့ နားလည်မှု လွဲမှားသည်ထိ ဖြစ်လာ ခဲ့ရသည်မှာ လက်တွေ့ပင် ဖြစ်တော့သည်။

အစဉ်အလာ ပြောဆို မိန့်မှာ သင်ရိုးတို့၏ အလွဲမှာ နောက်မျိုးဆက် အတွက် ဦးနှောက်မှိုင်း တိုက်ခံ ရသည်သာ ဖြစ်လေသည်။

အလားတူပင် ရိုဟင်ဂျာ လူမျိုးတို့၏ သမိုင်းအား လိုက်လေသမျှသော လူကြီးလူငယ်များမှာ ၎င်းတို့၏ လူမျိုးအစ သင်္ဘောပျက်မှ ဟုလို့ နားလည်မှုမှာလည်း ကြီးစွာသော လွဲမှားမှုသာ ဖြစ်နေသည်ကို တွေ့ရသည်။ ရိုဟင်ဂျာ လူမျိုး သမိုင်းနှင့် စပ်လျဉ်း၍ သင်္ဘောပျက် ဇတ်လမ်းအား ကျွန်ုပ် ၁၀ တန်းအောင်ပြီးနှစ် ၁၉၈၆ ခုနှစ်မှပင် စတင် ကြားဖူးခဲ့သည်။ ထိုစဉ်က ဟုတ်ချင် ဟုတ်မည်ဟုသာ ခံစားမိခဲ့ပြီး ရိုဟင်ဂျာ လူမျိုးတို့၏ သမိုင်းအား စိတ်ဝင်တစား မလေ့လာမိခဲ့ပေ။

နောက်ပိုင်းတွင်မှ လေ့လာမိသော အခါ- ထိုသမိုင်းသည် ကြီးစွာလွဲမှားသော သမိုင်းရင်းမြစ် ဖြစ်နေကြောင်းကို တွေ့ရတော့သည်။ လွဲမှားသည်ဟူသော အချက်အား ကျွန်ုပ်အနေဖြင့် ယုတ္တိမဲ့ ပြောဆိုခြင်း မဟုတ်ပေ။ အေဒီ ၇ - ၈ ရာစုလောက်တွင် အာရဗ် သင်္ဘောတစ်စင်းသည် ရမ်းဗြဲကျွန်း ရှိ လေးတောင်ရွာ အနီးတွင် ပျက်၏။ ထိုမှ အာရဗ် သင်္ဘောသား များနှင့် ဒေသခံ ရခိုင် အမျိုးသမီးများ စုံဖက်၏။ ထိုမှ ကပြား လူမျိုးများ မွေးဖွားလာ၏- ဟူသည်မှာ ဖြစ်နိုင်ချေ ရှိသော်လည်း-၊ ထိုဖြစ်တည် လာသော လူမျိုးဟူသည်မှာ ယခု ရိုဟင်ဂျာ ဟုခေါ်သော လူမျိုး လုံးဝ မဖြစ်နိုင်ပါ။

အဘယ်ကြောင့် ဆိုသော်- အကယ်၍ ရိုဟင်ဂျာတို့သည် အာရဗ်ကပြားများ ဖြစ်လေလျှင်-၊ ဖခင်ဘက်အား လိုက်၍ အာရဗ် စကားကို ပြောဆိုသည့် လူမျိုး ဖြစ်ရမည်၊ သို့မဟုတ် မိခင်ဘက်အား လိုက်၍ ရခိုင် စကားပြော လူမျိုး ဖြစ်ရပေမည်။ သို့မဟုတ် အာရဗ်နှင့် ရခိုင် ကြား ကပြား ဘာသာ စကား တစ်ရပ်ကို ပြောဆို ရပေလိမ့်မည်။ ယခုမူ ထိုသို့ အလျဉ်း မဟုတ်--၊ ရိုဟင်ဂျာ တို့တွင် ယနေ့တိုင် ကိုယ်ပိုင် ဘာသာစကား ရှိနေပြီး ထိုစကားမှာ ရခိုင် ရှေးဦး ဘုရင်များ၏ ကျောက်စာပါ စကားများ ဖြစ်နေခြင်းပင်။

အစ္စလာမ် သာသနာပြု များကြောင့် အစ္စလာမ် သာသနာသို့ ကူးပြောင်း လာခဲ့သည့် အတွက် ဘာသာရေး ဆိုင်ရာ အသုံးအနှုန်းများတွင်သာ ကုရ်အာန်သုံး အာရ်ဗီ ဝေါဟာရများ ပါဝင်နေခြင်းမှ အပ- အခြားသော ဘာသာစကား အများစုမှာ ရှေးအကျဆုံး မြန်မာ့ လူမျိုးတို့ ပြောဆိုခဲ့သည့် ပါဠိ ဝေါဟာရ များသာ ဖြစ်သည်။

ထို့ကြောင့် ရိုဟင်ဂျာ လူမျိုး၏ မူလဇစ်မြစ် သဘာဝအား လိုက်လျှင် ပင်လယ် သမုဒ္ဒရာအား ကျော်ဖြတ်လျက် တိုင်းခြားမြေခြား အာရဗ်တို့၏ နောက်သို့ လိုက်နေမည့် အစား- အမှန် စင်စစ် အနီးစပ် ဆုံးသော ရခိုင်မြေတွင်သာ ရှာဖွေဖေါ်ထုတ် ရမည်သာ ဖြစ်တော့သည်။

ရခိုင်ကျောက်စာ များအရ သော်လည်းကောင်း၊ ရခိုင် မင်းဆက်တို့၏ အမည်နာမ ရိုးရာ ဓလေ့များ အရသော်လည်း ကောင်း ရိုဟင်ဂျာတို့သည် ရှေးဦးဗမာတို့ ရခိုင်မြေသို့ မရောက်မှီကပင် ရခိုင်မြေတွင် အခြေချပြီးသား လူမျိုးစု ဖြစ်ကြောင်း ကျွန်ုပ်အနေဖြင့် မြောက်များစွာ ဖေါ်ထုတ်တင်ပြပြီး ဖြစ်သည့် အပြင်- ကမ္ဘာ့ ပညာရှင်များမှ ထိုအချက်အား စနစ်တကျ လေ့လာလျှက် ဟုတ်မှန်ကြောင်း သက်သေတည်ပြီး ဖြစ်နေခဲ့လေပြီ။

ဤနေရာတွင် တင်ပြလိုသည်မှာ- ရိုဟင်ဂျာ တို့သည် ရခိုင်မြေ၏ မည်သည့် အရပ်ထိ ပျံ့နှံ့ အခြေချ နေထိုင်ခဲ့ကြ သနည်း ဟူသည်ပင်-။ အမှန်သော်ကား ရိုဟင်ဂျာတို့၏ မျိုးနွယ်များမှာ နီပေါလ် ဘက်မှ တစ်ဆင့် အာသံ မဏိပူရဘက်မှ ဆင်းသက်လာ သော လူမျိုးနွယ်စု ဖြစ်၍ စစ်တကောင်း တောင်တန်း၏ အရှေ့ဘက် အခြမ်းတွင် နေထိုင် အခြေချသူများ ဖြစ်ကြသည်။ သို့သော် ကာလဒေသနှင့် အချုပ်အခြာ သတ်မှတ် ပိုင်စိုးမှု အလျှောက် ယခုရခိုင်ဒေသဟု ခေါ်တွင်သော မြေဒေသတွင် နေထိုင်အခြေချခဲ့သော လူမျိုးစုမှာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ ဟု သတ်ခေါ်တွင်ကာ ရခိုင်မြေမှ အနောက်ဘက်သို့ ယွန်းသော ဒေသတွင် နေထိုင်သည့် လူမျိုးစုအား အာနီကြာ ဟု ရှေးနှစ်ပေါင်း ပဋိစ္ဒေမှပင် ခွဲခြားသတ်မှတ်ခဲ့လေသည်။ (ရှမ်း၊ လော၊ ထိုင်း လူမျိုးများကဲ့သို့ အနွယ်တူသော်လည်း ကိုယ်မြေဖြင့်ကိုယ် သတ်မှတ်ခွဲခြားပြီး ဖြစ်ခဲ့သည်- ကို ယှဉ်တွဲနားလည်စေလိုသည်။)

ရခိုင်ဒေသသို့ ရှေးဦး မြန်မာ လူမျိုးနွယ်များ ရောက်ရှိလာခဲ့ပြီး အေဒီ ၉ ရာစုနောက်ပိုင်းတွင် ရှေးဦးမြန်မာလူမျိုး ဖြစ်သည့် မော့ဂ်ခေါ် (ရခိုင်သား) တို့က သြဇာ လွှမ်းမိုးသွားခဲ့သော်လည်း လူမျိုးနှစ်စု၏ ထိပ်ဆိုင် ပဋိပက္ခမှာ ကြီးထွားမှု မရှိခဲ့ပေ။ ထိုမျှသာမက ရခိုင်ဒေသအတွင်း အခြေချနေထိုင်ကြသော ချင်း၊ လင်း၊ ခမွီး၊ မြို စသည့် မည်သည့် လူမျိုးနှင့်မျှ- လူမျိုးတုံး သတ်ဖြတ်သည်ထိ ရန်လိုမုန်းထားခြင်း ရှိခဲ့ကြောင်း သမိုင်းနောက်ခံ မတွေ့ရ ပေ။ ထိုစဉ်က ရခိုင်ဒေသသား အားလုံး ဗမာ တို့၏ ရန်အား ကာကွယ်ရန် လည်းကောင်း၊ ဘင်္ဂလားတို့၏ ရန်အား တုံ့ပြန်ရန် လည်းကောင်း ညီညွတ်ခဲ့ဟန်သည်။ ပြည်ပ ရန်အား ကာကွယ်နေရသူတို့ သဘာဝ ပြည်တွင်း ပြဿနာအား မကြီးထွားရစေရန် ထိန်းသိမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

သမိုင်းစဉ်ဆက် အတူနေထိုင်ခဲ့သော လူမျိုးများ၏ အကြားတွင် မမျှော်လင့်သော ပြဿနာကြီး တစ်ခုမှာ ၁၉၄၂ ခုနှစ်တွင်မှ စတည်ခဲ့ခြင်း ဖြစ်ပြီး- ကမ္ဘာနှင့် အ၀န်း ကိုလိုနီနိုင်ငံများ အမျိုးသားရေးစိတ် ထကြွလာခြင်းကြောင့် ဟု သုံးသပ်နိုင်သည်။ လူမျိုးကြီး လူမျိုးငယ်ကြား ပြဿနာ၊ ဘာသာ တရား ကိုးကွယ်ရာ အုပ်စု မတူညီမှုကြောင့် ခွဲခြားခြင်း ပြဿနာ- တို့မှ ကမ္ဘာနှင့်အ၀ှမ်း ဖြစ်တည်ခဲ့ပြီး ထိုပယောဂမှာ မြန်မာနိုင်ငံသို့ပါ ထိုးဖောက်ခြေကုပ်ယူခဲ့ ခြင်းဖြစ်သည်။

အခြားသော နိုင်ငံအများတွင် ထိုရောဂါဆိုးအား ပြန်လည် ကုစားနိုင်ခဲ့သော်လည်း- ဒုတိယ ကမ္ဘာစစ်မတိုင်မှီ ဖြစ်တည်နေသည့် ဂျပန်တို့၏ အမျိုးသားရေးဝါဒ အစွဲ စစ်ပညာကို သင်ယူခဲ့သော မြန်မာ့ တပ်မတော်မှ မြန်မာနိုင်ငံအား စဉ်ဆက်မပြတ် အုပ်ချုပ်သွားသော အခါ- မြန်မာနိုင်ငံတွင် ထိုလူမျိုးရေး ဘာသာရေး ပြဿနာ ကြီးမှာ နှစ်ရှည်လများ ကုရခက်သော အနာဆိုးကြီး သဖွယ် လှိုက်စားလျက် ရှိနေတော့သည်။ (အကယ်၍သာ ယခုခေတ် ဂျပန်တို့၏ စိတ်နေစိတ်ထားဖြင့် စစ်ပညာအား သင်ယူခဲ့ရလျှင် ထိုမျှ ဆိုးနိုင်ဖွယ် အကြောင်း မရှိနိုင်ပေ။) တနည်းအားဖြင့် စိတ်နေစိတ်ထား သင်ရိုးညွှန်းတမ်း အဟောင်းအတိုင်း ဆက်လျှောက်နေမိခြင်း ကြောင့်ဟု သုံးသပ်နိုင်သည်။

ရိုဟင်ဂျာတို့၏ ပျံ့နှံ့မှုမှာ မေယုဒေသမှ ရမ်းဗြဲကျွန်းထိ ရှိခဲ့သည်။ သို့သော် ၁၉၄၂ ခုနှစ် မတိုင်မှီထိ လူမျိုးရေး ဘာသာရေး ပြသနာ မရှိခဲ့ သဖြင့် မိမိလူမျိုးဟူသော ရပ်တည်ချက် တစ်ခုပေါ်တွင် ရိုဟင်ဂျာတို့ အဖြေထုတ် ရပ် တည်ခဲ့ခြင်း မရှိခဲ့ပေ။ ၁၉၄၂ နှစ် လူမျိုးရေး ပြဿနာနှင့် ဖိနှိပ်ခံလိုက်ရမှုကြောင့်သာ ရိုဟင်ဂျာ ဟူသော ရပ်တည်ချက်ဖြင့် ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်လေသည်။

သို့တိုင် ရိုဟင်ဂျာ လူနည်းစုနေထိုင်သော ရမ်းဗြဲကျွန်းရှိ ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူ တို့မှ ရိုဟင်ဂျာများ အနေဖြင့် ဘေးအန္တရာယ်များကို ကြောက်ရွံ့ရလျှက် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ မျိုးနွယ်မှ ဖြစ် သည်ဟု ထုတ်ဖေါ်ပြောဆိုရဲခြင်း အလျဉ်းမရှိခဲ့ပေ။

သင်္ဘောပျက်ဇတ်လမ်းအား ဖက်တွယ်လျက် အာရဗ်- ရခိုင်ကပြားလိုလို မအူမလည် ရပ်တည်ခဲ့ရသည်သာ ဖြစ်တော့သည်။ ရံဖန်ရံခါ သူတို့ကိုယ်သူတို့ ရခိုင် အစ္စလာမ် ဟုလည်း ရပ်တည်ခဲ့မှုများ ရှိခဲ့သည်။

ကျွန်ုပ် ကျောက်နီမော်ရွာတွင် လနှင့်ချီ၍ တည်းခိုနေထိုင်ခဲ့ဖူးသည်။ ကျောက်နီမော်ရွာသို့ ရောက်မှ ကမန် လူမျိုးဟူသော အစ္စလာမ် သာသနာဝင်တို့အား စတင် တွေ့ဖူးခဲ့ခြင်း ဖြစ်သည်။ ကျောက်နီမော် တစ်ရွာလုံးတွင် ကမန်ဟု ခံယူသော အိမ် လေးအိမ်မျှသာ တွေ့ရပြီး- ၎င်းတို့မှာ ကျောက်နီမော် ကျောက်ထရံရှိ လူများနှင့် ရုပ်ရည်၊ ဓလေ့ ကွဲပြားနေသည်မှာ ထင်ရှားပေါ်လွှင်လှပေသည်။ လူတို့သဘာဝ ခွဲခြားမှု ရှိသည်နှင့်အညီ ကမန် တို့နှင့် ကျောက်နီမော်၊ ကျောက်ထရံ ရွာသားများကြားတွင်လည်း လူမျိုးမတူဟူသော အစွဲဖြင့် ခွဲခြားမှု ရှိနေ ကြောင်းလည်း မျက်ဝါးထင်ထင် မြင်ခဲ့တွေ့ခဲ့ရသည်။

ခေတ်ကာလ စနစ်ဆိုးအား ကာကွယ်လိုသည့် သဘောဖြင့် ဖြစ်စေ၊ အရှေ့သား အနောက်သား ခွဲခြားလိုသည့် စိတ်ဖြင့် ဖြစ်စေ- ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူ ပိုက်ဆိပ်တို့မှ လူများက "ငါတို့သည် ရိုဟင်ဂျာ လူမျိုးမှ မဟုတ်" ဟု ကြွေးကြော်လေလျှင် ထိုသို့ ကြွေးကြော်ရင့်ကျူးမှုမှာ သမိုင်းမှားအား ကျူလွန်ခြင်းသာ ဖြစ်ပေမည်။

ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူ ရှိ လူမျိုး၏ ဘာသာစကားမှာ ရခိုင်စကား လုံးဝ မဟုတ်ပေ။ ဓလေ့ စရိုက်မှ အစ ရခိုင်လူမျိုးနှင့် ကွဲပြားလျက် ရှိနေသည်။ သို့ဖြစ်၍- ပိုးဟပ်အား အမြှီးတပ်လျှင်လည်း အိမ်မြှောင် မဖြစ်နိုင် သကဲ့သို့၊ အိမ်မြှောင်အား အမြှီးဖြတ်လျှင်လည်း ပိုးဟပ် မဖြစ်နိုင်ပေ။ ထိုဒေသရှိ လူတို့ ပြောဆို သုံးစွဲ နေသော ဘာသာစကားမှာ မြောက်ပိုင်း ရိုဟင်ဂျာများနှင့် အသံအနည်းငယ်သာ ၀ဲသော- ဘာသာ စကားတူပင် ဖြစ်သည်။ ယနေ့ ရခိုင်လူမျိုးများသည်လည်း မြောက်ပိုင်း စစ်တွေဘက်မှ ပြောသော အသံနှင့် တောင်ပိုင်း ရမ်းဗြဲ တောင်ကုတ်တို့မှ ပြောသော အသံမှာ အကြီးအကျယ် ကွဲပြားလျက် ရှိနေသည်။ သို့သော် အသံသာ ကွဲလျက် (အနည်း အကျဉ်းသော အခေါ်အဝေါ်သည်သာ ကွဲလျက်) ဘာသာစကား အတူတူပင် ဖြစ်လေသည်။

ဒေသစွဲ၊ နေရာစွဲ အမျိုးစွဲများကြောင့် လူမျိုးစု တစ်စု အတွင်း စည်းလုံးညီညွတ်မှုများ မယုတ်လျှော့သင့်ပေ။ မိမိတို့အား ဖိနှိပ်နေသည့် လူမျိုးအား ကြောက်ရွံ့သောကြောင့်လည်း အချင်းချင်း သွေးမကွဲသင့်ပေ။

အကယ်၍ ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူမှ လူမျိုးစုသည် မိမိကိုယ်မိမိ ရိုဟင်ဂျာ ဟု မခံယူဘဲ ရခိုင် လူမျိုးဟု ခံယူလျှင် ရခိုင်လူမျိုးတို့မှ ကြည်ဖြူပါမည်လော-၊ စဉ်းစားသင့်သည်။ ကျွန်ုပ်ပြောနိုင်သည်မှာ- ဝေးလာမှ ဝေးပါလိမ့်မည်။ သို့ဖြစ်နေသည်ကို သိနေပါလျက် မိမိလူမျိုး၏ အစစ်အမှန်အား မထုတ်ဖေါ်ရဲလျှင်လည်း အချိန် ကာလ အလျောက် နှုတ်ဆိတ်၍သာ နေသင့်ပြီး- ရိုဟင်ဂျာ လူမျိုး မဟုတ်ဟု အတင်း ခြံခုန် မထွက်သင့်ပေ။

ယခုအခါ- ရိုဟင်ဂျာ လူမျိုးစု ဆိုသည်မှာ ကမ္ဘာ့ ကုလသမဂ္ဂမှ တရားဝင် အသိအမှတ် ပြုထားသော ကမ္ဘာပေါ်တွင် တစ်ခုတည်း ရှိသည့် လူမျိုးစု ဖြစ်နေလေပြီ။ ရိုဟင်ဂျာတို့အား မတရားသဖြင့် ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ စော်ကားမှုတို့အား ကာကွယ်စောင့်ရှောက်ရန် ကုလသမဂ္ဂမှ အတည်ပြု ဆုံးဖြတ်ပြီးလည်း ဖြစ်နေခဲ့လေပြီ။ ထိုအခြေအနေ မျိုးတွင်မှ ခြံခုန်ထွက်လိုသူတို့သည် - အမျိုးသား သစ္စာဖေါက်များသာ ဖြစ်ရပေလိမ့်မယ်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

နေဆန်းလွင်
RB News
29.12.2014

ဆယ်ခုနှစ်ပေါင်း များစွာ အမိုးပွင့် ထောင်ထဲမှာ ပညာရေး နိမ့်ပါး၊ အ၀ီစီတွင်းအောက် ရောက်နေတဲ့ လူနေမှု အဆင့်အတန်း၊ ဗဟုသုတ ဆိုတာ ရှာဖွေဖို့ စာအုပ်ဆိုင် ဆိုတာမျိုးတောင် မရှိတဲ့ နယ်မြေမှာ၊ နေ့စဉ် ထမင်းနပ် မှန်အောင် စားဖို့သာ ရုန်းကန် နေရတဲ့သူတွေက ရိုးသားတယ် ဆိုတာဘာလဲ၊ ကောက်ကျစ်ဆိုတာ ဆိုတာဘာလဲ ဝေခွဲဖို့ အချိန်လည်း မရှိ၊ အထူးသဖြင့် ကောက်ကျစ်မှုတွေကို နားမလည်တဲ့သူတွေ။

အဲဒီလို လူတွေ အရူးလုပ်ခံနေရတာ မြင်ရရင် တော်တော်လေး စိတ်မသက်မသာ ဖြစ်ရတယ်။ အမှန်ပြောတော့ အမှားနဲ့ အရိုးထုတ်မယ်ဆိုတဲ့ လူတွေက မခံနိုင်ကြ၊ အမုန်းပွား အမျက်ထွက်နဲ့၊ အဲဒါတွေကို ဂရုစိုက်ပြန်လည်း အမှားတွေထဲ မျောပါသွားမယ့် ရိုးသားတဲ့ လူတွေရဲ့ ကံကြမ္မာ။ အဲဒီတော့ အမှန်အတွက် ကျွန်တော် ဆက်ပြီး အမုန်းခံမယ်။

ခေတ်ကိုက မတရားတဲ့ခေတ်၊ သေနတ်ပစ်ခံရပြီး ဒဏ်ရာပေါင်းများစွာနဲ့ ဆေးကုခွင့်မရတဲ့သူ တစ်ယောက်ကို စာနာမိတယ်လို့ ဆိုရှယ်မီဒီယာပေါ် ရင်ဖွင့်ဖို့ ၀န်လေးကြပေမယ့်၊ နည်းနည်းပါးပါး ဟိုလှုပ် ဒီလှုပ် အဆင့်လောက်က သာမာန် နှာစေးတာမျိုး ဆိုရင်တောင် ဆုတောင်းပေးကြရတာ အမော။ စုပ်ပြတ်နေတဲ့ စက်လှေပေါ်မှာ လနဲ့ချီ ခရီးကြမ်းနှင်နေတဲ့ သူတွေရဲ့ ကံကြမ္မာတွေ ဘယ်လိုရှိနေမလဲ ဆိုတာ အတွေးထဲ နယ်ချဲ့နေတဲ့ သူတွေကတော့ တကယ်တမ်း မြေပြင်မှာ လူးလွန့်နေတဲ့ အမိုးပွင့် အကျဉ်းထောင်ထဲက အကျဉ်းသားများသာ။ ခမ်းနား ထယ်ဝါတဲ့ နောက်ဆုံးပေါ် လေယာဉ်ပျံ ပေါ်တက်မယ့်သူ အတွက် ကောင်းမွန်တဲ့ ခရီးစဉ် ဖြစ်ပါစေလို့ ဆုတောင်းပေးတဲ့ မြို့ကြီးသားများ အများသား။

ဥပဒေက ဘယ်တုန်းကမှ ကာကွယ်ပေး မခံရတဲ့သူတွေကို ဥပဒေ ဘောင်တွင်းကနေ မိမိတို့၏ အခြေခံ လူ့အခွင့်အရေး အတွက် ချီတက်ကြပါစို့လို့ ဖိအားနေတဲ့ ဥပဒေဘက်တော်သား တွေကို မေးစရာ မေးခွန်းတွေ တန်းစီ လာတော့ ကျွန်တော် အမုန်းခံပါ့မယ်။ နေ့စဉ်နဲ့ အမျှ နယ်ခြားစောင့်ရဲတွေက လိုင်စင်ရ ဓါးပြတွေလို ငွေညှစ်နေတာတွေ၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်နေတာတွေကို သိရက်နဲ့ ဒီဥပဒေ ဘက်တော်သားတွေ အသံတုန်တုန်ရင်ရင်နဲ့ ပြောခဲ့တာများ ရှိရဲ့လား? နယ်ခြားစောင့် ရဲတွေက စိတ်မထင်ရင် မထင်သလို သေနတ်နဲ့ ပစ်သတ်ရုံတင်မက လိင်အင်္ဂါတွေပါ ဖြတ်ပစ်ပြီး လူမဆန်စွာ နှိပ်စက်တာတွေကို ဥပဒေ ဘက်တော်သား တွေပြောဖို့ တွေးတောင် တွေးမိကြရဲ့လား? အမျိုးသမီးတွေကို ၀တ်လစ်စလစ်လုပ်ပြီး ကင်းစခန်းတွေမှာ စစ်ဆေးရုံတင်မက မုဒိန်းကျင့်တာတွေကို ဥပဒေ ဘက်တော်သားတွေ သိပါတယ်လို့ အသိအမှတ် ပြုရုံတောင် ပြောဖူးကြရဲ့လား? သေသွားသူရဲ့ အလောင်းကို ဘောလုံးလိုကန်၊ အလောင်းသယ်သူ တွေကို ရိုက်နှက်၊ ဆေးရုံပေါ်မှာ သေဆေးထိုးခံရပြီး သေဆုံး သွားသူ များအတွက် ဥပဒေ ဘက်တော်သားတွေ ဥပဒေဆိုတဲ့ စကားလုံးနဲ့ ကိုင်ပေါက်ခဲ့ရဲ့လား? ဘာသာရေး လွတ်လပ်ခွင့် ပေးထားပါတယ်လို့ အခြေခံ ဥပဒေမှာ အတိအလင်း ပြောထားရက်နဲ့ နေ့ကြီးရက်ကြီး တွေမှာတောင် ၀တ်ပြုခွင့် ဆုံးရှုံးနေတာ နှစ်နဲ့ချီနေပြီ ဖြစ်ပေမယ့် ဥပဒေ ဘက်တော်သားများ ဘက်က ဥပဒေနဲ့ မညီညွတ်တဲ့ ပိတ်ပင်မှုတွေကို ရပ်တန့်ပါလို့ရော တစ်ခွန်းလောက် ပြောဖူးရဲ့လား? ပညာ ဆက်လက် သင်ကြားခွင့် မရတဲ့ ကျောင်းသား/သူတွေ၊ ဆေးကုသခွင့် မရလို့ သေဆုံးသွားသူတွေ အတွက်ရော အလွန်ကို ၀မ်းနည်း ပူဆွေးရပါတယ်လို့ နွေးထွေးတဲ့ စကားလုံးတွေနဲ့တောင် နှစ်သိမ့်ဖူးကြရဲ့လား? မေးရမယ် ဆိုရင်တော့ မေးခွန်းတွေ အများကြီးပဲ။

တကယ်လို့ ကိုယ့်ရဲ့ မိဘ၊ မောင်နှမ၊ သားသမီးတွေက အဖိနှိပ်ခံ တွေဖြစ်နေမယ် ဆိုရင် ဥပဒေ ဘက်တော်သား တွေရဲ့ နှုတ်ခမ်းဖျားက ကာကွယ် မပေးတဲ့ ဥပဒေကို စက္ကန့်နဲ့ အမျှ ရှုတ်ချမှာ ဧကန် မလွဲ သေချာပါ။ သို့ပေမယ့် ကိုယ့်ရဲ့ သွေးရင်း သားရင်းတွေက အဖိနှိပ်ခံတွေ မဟုတ်ဘဲ လွတ်မြောက် နယ်မြေထဲ ရောက်နေလေတော့ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ အတွေးနဲ့ မင်းတို့ကြောင့် ငါတို့ထိုင်ခုံ မလှုပ်စေနဲ့ မူဝါဒကို စွဲကိုင်ပြီး အဖိနှိပ်ခံတွေကို မလှုပ်နဲ့လို့ ဖိအားပေးခြင်းက လူမဆန်သလို ဖြစ်နေမလားလို့ အတွေးပွား ကြည့်မိရဲ့လားလို့ မေးချင်မိပါသေးတယ်။

အဖိနှိပ်ခံတွေ အတွက် တိုက်ပွဲဝင်မယ်လို့ ကတိ အထပ်ထပ်ပေးပြီး ကျုပ်တို့ကို ရွေးချယ်ပါလို့ ပြောခဲ့တဲ့ စကားတွေက ပြောခဲ့တဲ့ နေရာမှာ ကျန်နေခဲ့တယ် ဆိုတာ လှုပ်ရှားမှု အသွင်သဏ္ဍန်နဲ့ ယခုသုံးစွဲနေတဲ့ စကားလုံးများက သက်သေတည် နေပါပြီ။

ကိုယ့်ရဲ့ အမျိုးသားရေး အတွက် လှုပ်ရှားမှုတိုင်းကို လူတိုင်းက ချီးမြှင့် မြှောက်စား ရမယ်လို့ ခံယူတယ်ဆိုရင် လွန်စွာ မှားယွင်းနေတဲ့ အတွေးအခေါ်လို့သာ ဆိုရပါမယ်။ တဖက်က ပြန်တွေးဖို့ လိုတာက တခမ်းတနား ပွဲတွေ တက်ခွင့် ရရေး အတွက် ကိုယ့်ကို နေရာပေးခဲ့သူ တွေရဲ့ ဆန္ဒတွေထဲက ဘယ်နှစ်ခုကို ဖြည့်ဆည်း ပြီးပြီလဲဆိုတာ။ ကိုယ်က ဖြည့်ဆည်း မပေးနိုင်တဲ့ အပြင် ပိုဆိုးနေတဲ့ အခြေအနေကို ရောက်နေတာမို့ ဒါက ရှက်ဖို့ ကောင်းသလား ဆိုတာ မတွေးမိတာကိုက မိမိရဲ့ ညံ့ဖျင်းမှုဆိုတာကို အနည်းဆုံး ကိုယ့်ကိုယ်ကိုတော့ ၀န်ခံဖို့ သင့်နေပြီ။

ပြည်သူတွေ ရွေးချယ်တဲ့ ကိုယ်စားလှယ် ဆိုတာ ပြည်သူ့ဝန်ကို ထမ်းဖို့ဘဲ။ ရွေးချယ်ခံရတဲ့ ကာလ တစ်ခုမှာ ပြည်သူတွေနဲ့ အနီးကပ်ဆုံး နေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အော်လံ တစ်ခုသုံး၊ လွှတ်တော်ထဲအော်ပြီး ဖြည့်ဆည်း ပေးဖို့ မဟုတ်လား။ လုံခြုံရေး မကောင်းလို့ အနားမှာ မနေနိုင်ပေမယ့် ကိုယ့်ရဲ့ လူမျိုးနာမည်ကိုတောင် မထုတ်ဖော်ဝံ့ဘဲ အသံတိတ်လိုက်ရမယ့် တခဏတာ ခရီးစဉ် တစ်ခုကို သမိုင်းဝင် ခရီးစဉ် အဖြစ် နှလုံးသားထဲသွင်း မှတ်တမ်းတင်ပါလို့ လာပြောတော့ ဆွံ့အ နားမကြားလို ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။ ဒီနေရာမှာ ဖြစ်သင့်တာက ပျက်ကွက်မှု အားလုံး အတွက် တောင်းပန်ပါတယ်၊ တခဏတာပေမယ့် ရသမျှ အချိန်မှာ ပြည်သူများကို ဖြည့်ဆည်း ပေးမယ်လို့ ပြောသင့်တာ မဟုတ်လား?

ကိုယ်ကျိုး အတွက်လား၊ ပြည်သူ့ အကျိုးအတွက်လား၊ ကိုယ့်ဟာကိုယ် မေးပါ။ ရင့်ကျက်လာတဲ့ ပြည်သူတွေကတော့ သိပြီးသား၊ ထပ်လိမ်ရင်လည်း အပိုဘဲ။ ၂၀၁၀ နဲ့ မတူတော့တာမို့ အကြံ တစ်ခုတော့ ပေးပါရစေ။ ၄၇ နှစ်အရွယ် ဦးအဒူကရီးမ်က ကြိုဆိုဖို့ စောင့်နေလိမ့်မယ်။ အဲဒီတော့ လုံခြုံရေး များများနဲ့သာ သွားပါ ကိုယ်စားကြီး .. အော် .. မှားလို့ ကိုယ်စားလှယ်ကြီး .. ။

သနားစရာ ကောင်းတာ ရိုးသားတဲ့ ပြည်သူတွေ၊ မျှော်လင့်ချက် များစွာနဲ့၊ တစ်ခုခု ပြောင်းလဲလေမလားလို့ မျှော်လင့်ရင်းနဲ့ အသက်ရှင် နေကြရတာ။ ဒီကြားထဲ လှည့်စားမှု ပေါင်းစုံကို ခံရမယ့် ၂၀၁၅ ထဲကို နောက်နှစ်ရက်ဆို ရောက်ပြီ။ ၂၀၀၈ နဲ့ ၂၀၁၀ တို့က စံနမူနာကောင်း တွေပါ။ အလိမ်မခံနဲ့တော့။ ကိုယ့်အတွက် ဘယ်သူတွေ ဘယ်မှာ ဘယ်လိုအော်သလဲ ဆိုတာလည်း အားလုံး သိသင့်သလောက် သိနေကြပြီ။

ကိုယ့်ရဲ့ ဒုက္ခတစ်ခုကို မျှဝေခံစားပြီး၊ မိမိရဲ့ ရာထူး၊ ဥစ္စာ၊ ဘ၀ကို မတွေးတောဘဲ ကိုယ့်ဘက်က ရပ်တည်ပေးတဲ့ သူသာလျှင် ကိုယ့်ရဲ့ ကိုယ်စားလှယ်လို့ မှတ်ပါ။ ၂၀၁၅ နီးပြီ - နှစ်ကြိမ် အလိမ်ခံခဲ့ ရပေမယ့် သုံးကြိမ်မြောက် အလိမ်ခံရရင် ကိုယ့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါလိမ့်မယ်။


BGP ရဲအုပ် တစ်ဦး 

တပ်မတော်သားဟောင်း ဦးဘအောင်
RB News
21.12.2014

န.စ.က သည် ကမ္ဘာပေါ်တွင် လူမဆန်ဆုံးသော နည်းလမ်း ပေါင်းစုံဖြင့် ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက်၍ မောင်တောခရိုင်ကို ၂၃ နှစ်ကြာ အုပ်စိုးခဲ့သည်။ ထိုစဉ်က စစ်အစိုးရ အုပ်စိုးသည့် ကာလ ဖြစ်သဖြင့် န.စ.က က ဖိနှိပ်ခွင့် ရရှိနေသည်ဟု အများက ယူဆခဲ့ကြသည်။ န.စ.က ကိုဖျက်သိမ်း ပြီးနောက် ဒီမိုကရေစီ အစိုးရ ကာလတွင် အနည်းငယ် သက်သာလာမည်ဟု အများက ယူဆခဲ့သော်လည်း BGP တံဆိပ်ဖြင့် Border Guard Police ဟုဆိုကာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ပေါ်ပေါက်လာသည်။ BGP ၏ သာမာန် တစ်ပွင့် သမား တစ်ဦး ဒေသအခေါ် ဗိုလ်လေးသည် စစ်ပွဲများ ဖြစ်နေသည့် နယ်မြေများရှိ တပ်ရင်းမှူး တစ်ဦးထက်ပင် ပိုမို၍ အာဏာပါဝါ သုံးနေသည်ကို တွေ့ရှိရသည်။

နယ်ခြားစောင့် ရဲများသည် ၎င်းတို့၏ ပင်မတာဝန် ဖြစ်သော နယ်ခြားစောင့်ရဲ အလုပ်ကို စိတ်ဝင်စားခြင်း မရှိဘဲ အထွေထွေ အုပ်ချုပ်ရေး ဌာန၏ အလုပ်များကို ချုပ်ကိုင်နေသည်။ ရွာတစ်ရွာတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲကင်းစခန်း တစ်ခုမှ လေးခု အထိ တည်ဆောက် ထားပြီး၊ လမ်းမကြီး၊ တံတားကြီး၊ တံတားငယ် တိုင်းတွင် စစ်ဆေးရေး ဂိတ်များစွာ ဖွင့်လှစ် ထားသည်။ မောင်တောမြို့ တောင်ပိုင်း၊ မြောက်ပိုင်းရှိ ဂိတ်များသည် အိမ်နီးချင်း လာအို၊ ဗီယက်နမ်နှင့် ထိုင်းများရှိ ဂိတ်များထက်ပင် များလိမ့်မည်ဟု ယူဆရသည်။

မောင်တောမြို့ တောင်ပိုင်း ၃ မိုင် အကွာတွင် ဂေါ်ဒူသာရ တံတား ရှိပြီး၊ တံတားပေါ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းသည် မောင်တောမြို့မှ တောင်ဘက် ၃ မိုင်အကွာတွင် ဆဌမမြောက် ကင်းစခန်း ဖြစ်သည်။ စခန်း တာဝန်ခံမှာ ရဲမှူးငြိမ်းချမ်းအေး ဖြစ်ပြီး၊ အနီးအနားရှိ ကျေးရွာ အုပ်စု (၅) အုပ်စုကို စားကျက်မြေ အဖြစ်သုံး၍ ထင်ရာစိုင်းနေသော ရဲမှူး တစ်ဦး ဖြစ်သည်။ ဂေါ်ဒူသာရ စခန်း ရဲမှူးသည် နူရူလ္လာရွာရှိ ကင်းစခန်းမှ ဗိုလ်လေးနှင့် ပူးပေါင်း၍ ညအချိန် ရောက်လျှင် လူဖမ်းပွဲ ပြုလုပ်လျက် ရှိသည်။ ညစဉ်ညတိုင်း ဖမ်းဆီး ခေါ်ဆောင် သွားသော ရွာသူရွာသား များကို နယ်ခြားစောင့်ရဲ ကားများ၏ အလယ်တွင် လဲလျောင်းခိုင်းပြီး အပေါ်မှ ရွက်ဖျင်များ အုပ်ကာ ထိုင်ခုံသဖွယ် အသုံးပြု၍ အပေါ်မှ ထိုင်ပြီး ညှဉ်းပန်း နှိပ်စက်ခြင်းများ စတင်ပြီး ၎င်းတို့ တောင်းခံသည့် ငွေကို ပေးနိုင်လျှင် ပြန်လည် လွှတ်ပေးပြီး၊ မပေးနိုင်သူများကို ဖမ်းဆီး ထားပြီး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိသည်။

ရဲမှူးငြိမ်းချမ်းအေးသည် ၎င်း၏ စခန်းနှင့် အနီးအနားရှိ ဖွဲရာရွာဟု ခေါ်သည့် ရွာငယ်နှင့် ဒုချီးရားတန်း ရွာများသို့ ဒီဇင်ဘာလ (၃) ရက်နေ့မှ (၁၆) ရက်နေ့ အတွင်း (၈) ကြိမ်တိုင်တိုင် ၀င်ရောက် စီးနင်း၍ လူဖမ်းပွဲများ ပြုလုပ်ခဲ့သည်။ ပထမ အကြိမ်တွင် အလယ်တန်း ကျောင်းသား လေးဦးကို ဖမ်းဆီး၍ နှစ်ရက်ကြာ ညှဉ်းပန်း နှိပ်စက်ပြီးနောက် ငွေကျပ် ၁၂ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ဒုတိယ အကြိမ်တွင် ဖွဲရာရွာမှ ဦးကာဆိမ်းကို ဖမ်းဆီး၍ ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့သော်လည်း ပြန်လည် လွှတ်မပေးခဲ့ပေ။ တတိယ အကြိမ်တွင် ဘဂုံးနားနှင့် ဖွဲရာရွာ များသို့ ၀င်ရောက် ဒေသခံ (၉) ကို ဖမ်းဆီး၍ ကားပေါ်တွင် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်စဉ် သက်ကြီး ရွယ်အိုကို သေဆုံးသွားပြီ ယူဆ၍ ကားပေါ်မှ ပစ်ချ ခဲ့သော်လည်း ကျန် (၆) ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ခေါ်ဆောင် သွားသူများ ထံမှ ငွေကျပ် ၁၅ သိန်းစီ ညှစ်ရာ၊ (၃) ဦးက (၄၅) သိန်း ပေးနိုင်ခဲ့သော်လည်း၊ ငွေကြေး မတတ်နိုင်သည့် ကျန် (၃) ဦးက (၄၅) သိန်း မပေးနိုင်သည့် အတွက်ဟု ဆိုကာ (၆) ဦးစလုံးကို ယခု အချိန်ထိ ချုပ်နှောင် ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်။ စတုတ္တ အကြိမ်တွင် မော်လာနာ ဟာရွန်ကို ဖမ်းဆီး၍ ငွေကျပ် သိန်း ၂၀ တောင်းရာ မပေးနိုင်သဖြင့် ဖမ်းဆီးခံထား ရဆဲ ဖြစ်နေသည်။ ပဉ္စမ အကြိမ်တွင် ဖွဲရာရွာမှ ဒေါ်ရော်မိဒါကို ဒီဇင်ဘာလ (၁၅) ရက်နေ့က ဖမ်းဆီး သွားပြီး ယခုအချိန် ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။

မောင်တော မြို့နယ် မြောက်ပိုင်း တွင်လည်း ညပိုင်း အချိန်တွင် နယ်ခြားစောင့်ရဲများ ၀င်ရောက်ပြီး သက်ကြီး ရွယ်အို မရွေး ဖမ်းဆီးခြင်းများ ညစဉ်ညတိုင်း ပြုလုပ်လျက် ရှိသည်။ BGP ဟုခေါ်သည့် ရဲများက လူမဆန်စွာ ရိုက်နှက် သတ်ပုတ်ခြင်း၊ ရင်ဘတ်ပေါ်သို့ စီးထားသည့် စစ်ဖိနပ်များဖြင့် နှစ်ဦးစီ အချိန် အတော်ကြာ မတ်တပ်ရပ်၍ လူမဆန်စွာ နှိပ်စက်ခြင်း၊ လူမျိုးရေး ဘာသာရေးကို စော်ကား၍ ညစ်ညမ်းစွာ ဆဲဆို ရိုင်းပျခြင်း၊ ကမ္ဘာပေါ်တွင် မရှိမည့် နည်းလမ်းများဖြင့် ညှဉ်းပန်း နှိပ်စက်ခြင်း များကို ပြုလုပ်လျက် ရှိသည်။ အကျဉ်းထောင် များတွင် နှိပ်စက်ခြင်းသည် BGP ရဲများ နှိပ်စက်ခြင်းကို မှီလိမ့်မည် မဟုတ်ဟု BGP ရဲများ နှိပ်စက်ခြင်းနှင့် အကျဉ်းထောင်တွင်း နှိပ်စက်ခြင်း နှစ်မျိုးလုံးကို ခံစားဖူးသူ များက ဆိုသည်။

BGP ရဲများသည် အစ္စလာမ် ဘာသာရေး ဆရာ (မော်လ၀ီ) များကို ပိုမို ပစ်မှတ်ထား၍ ဖမ်းဆီးလေ့ ရှိပြီး၊ ၎င်းတို့၏ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည့် မော်လ၀ီ မြောက်မြားစွာ ရှိပါသည်။

အချိန်တိုကာလအတွင်း မည်သည့် နိုင်ငံ၊ မည်သည့် အရပ်ဒေသတွင်မှ မရှိသည့် နှိပ်စက်နည်း များဖြင့် ညှဉ်းပန်း နှိပ်စက် နေသည့် BGP ရဲများ အကြောင်းကို ဒေသခံများက RB News မှတဆင့် အစိုးရနှင့် အများ သိရှိနိုင်ရန် နေ့စဉ် ပေးပို့လျက် ရှိကြသည်။ ဒီမိုကရေစီ လိုလားသော နိုင်ငံရေး ပါတီများ၊ အသင်းအဖွဲ့များနှင့် လူထုကို မိမိ ပြောချင်သည်မှာ အသင်တို့၏ ဒီမိုကရေစီ အစိုးရသည် စစ်အစိုးရ ထက်ပင် အဆပေါင်းများစွာ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ် နေသည်၊ ချုပ်နှောင် ထားနေသည်၊ ပြန်ပြေးဆွဲ၍ ငွေညှစ်ခြင်းများ ပြုလုပ်နေသည်။

BGP ရဲများသည် ၎င်းတို့၏ ရာထူး အရှိန်အ၀ါကို အသုံးပြု၍ ဘီလီယံနာ သူဌေးများ ဖြစ်လာနေကြသည်။ ၎င်းတို့ ပိုင်ဆိုင်မှု များအားလုံးသည် ဒေသခံ ရိုဟင်ဂျာများ၏ မျက်ရည်ဖြင့် ရထားသည်များ ဖြစ်သည်။ တပ်မတော် အုပ်ချုပ်ရေးသည် ၎င်းတို့ကို ပုန်ကန်သူ များကိုသာ တိုက်ခိုက်နေသည်။ သို့သော်လည်း ပြည်သူများ၏ အိုးအိမ် စည်းစိမ်ကို လုယက်၍ ညှဉ်းပန်း နှိပ်စက်နေသည့် BGP ရဲများ၏ လုပ်ရပ်များကို လျစ်လျူရှု ထားရုံသာမက အချို့သော ကျေးရွာများတွင် စစ်တပ်မှ ရဲဘော်များက BGP ရဲများနှင့် ပူးပေါင်း၍ ဝေစားမျှစား ပြုလုပ်နေကြသည်။

ရဲမှူးငြိမ်းချမ်းအေးသည် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ဘဂုံးနား ရွာတွင် မိသားစု နှစ်စု စကားများ ကြရာ၊ စကားများသည့် သတင်းကို ရသည့် အခါ အကယ်၍ အငြင်းပွား နေသည့် ကိစ္စကို ရပ်မိရပ်ဖ များက ဖြေရှင်း၍ ပြေလည် သွားလျှင်ပင် ၎င်း၏ စခန်းသို့ ငွေကျပ် ၂၅ သိန်း ပို့ပေးရမည်ဟု ရာဇသံ ပေးခဲ့သည်။ ပြဿနာ ပြေလည်လျှင် ငွေကျပ် ၂၅ သိန်း ပေးရမည် ဖြစ်သောကြောင့် ပြဿနာ ဖြစ်သူ နှစ်ဦးမှ ပြဿနာကို မဖြေရှင်းတော့ဘဲ ထားခဲ့သော်လည်း ရဲမှူး ငြိမ်းချမ်းအေးက ငွေကျပ် ၂၅ သိန်း လာရောက်၍ မပို့ပါက ရွာကို ၀င်တိုက်မည်ဟု ရာဇသံ ပေးပြန်ခဲ့သည်။ ရဲမှူးငြိမ်းချမ်းအေး ရာဇသံ ပေးခဲ့သည့် အတိုင်း ရွာငယ်ထဲသို့ ၎င်း၏ လက်အောက်ငယ်သား ၅၀ ခန့် ခေါ်ဆောင်လာပြီး၊ စိတ်တိုင်းကျ ရွှေ၊ ငွေ၊ ပစ္စည်းများ လုယက်ကာ သက်ကြီး ရွယ်အို မရွေး ဖမ်းဆီးသွားခဲ့သည်။ ဤသည်မှာ ရဲမှူးငြိမ်းချမ်းအေး၏ တိုက်ခိုက်ပုံ ဖြစ်သည်။

BGP ရဲများသည် မောင်တောခရိုင်ကို အပိုင်စား သဖွယ် ရရှိထားပြီး၊ မည်သည့် ဥပဒေကမှ ၎င်းတို့ကို အရေးယူ ဟန့်တားခြင်း မရှိသောကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မောင်တောခရိုင်ကို BGP ရဲများထံ ရောင်းချ လိုက်ပြီလားဟု မေးခွန်းထုတ်စရာပင် ဖြစ်နေတော့သည်။



ဆွေမွန်
16.12.2014

ဒီရက်ပိုင်း အတွင်းမှာ ဘာသာရေး ကိုင်းရှိုင်း လှတဲ့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ မြန်မာနိုင်ငံမှာ ထူးခြား ဖြစ်စဉ်လို့ သတ်မှတ် နိုင်တဲ့ သတင်းထူး တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ ဒီသတင်း ကတော့ ဗုဒ္ဓ ရုပ်ပွား တော်မှာ နားကြပ် တပ်ထားတဲ့ ပုံကို ဒီဇိုင်းလုပ် အသုံးပြုပြီး Buddha-bar အမည် တပ်ထားတဲ့ V-Gastro bar အရက်ဘားရဲ့ ကြော်ငြာ တစ်ခု မြန်မာ့ လူမှု ကွန်ယက် ပေါ်မှာ ထွက်ပေါ် လာခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓ ရုပ်ပွားတော်မှာ နားကြပ်တပ် ထားတဲ့ပုံဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ကစပြီး ဖေ့စ်ဘုတ် လူမှု ကွန်ယက်မှာ အရှိန် အဟုန်နဲ့ ပြန့်နှံ့ခဲ့ပြီး နောက်နေ့ မကူးဘဲ ၁၁ ဒီဇင်ဘာညမှာပဲ ဘားဆိုင်ကို အာဏာပိုင်တွေ ၀င်ရောက် စစ်ဆေးပြီး ဆိုင်းဘုတ်တွေ ဖြုတ်ကာ ဆိုင်ကို အပြီး ပိတ်သိမ်း ခဲ့ပါတယ်။ အရက်ဘားကို ၀င်ရောက် စစ်ဆေးတဲ့ အခါ နားကြပ်တပ် ထားတဲ့ ဗုဒ္ဓ ရုပ်ပွားတော် ဓာတ်ပုံဟာ ဆိုင်မှာ တပ်ဆင် အသုံးပြု ထားတာ မရှိ ခဲ့ပေမယ့် (ဖေ့စ်ဘုတ် ပေါ်မှာ ဒီလို ဓာတ်ပုံ တင်ပြီး အရက်ဆိုင်ကို ကြော်ငြာတယ်) ဆိုတဲ့ အပြစ် တစ်ခုတည်း နဲ့တင် ဗုဒ္ဓဘာသာကို စော်ကားရာ ရောက်တယ်လို့ သတ်မှတ် ခဲ့ပါတယ်။ ဒါကြောင့် နယူးဇီလန် နိုင်ငံသား Philip Blackwood၊ ပိုင်ရှင် ထွန်းသူရိန်နဲ့ မန်နေဂျာ ထွဋ်ကိုကိုလွင် တို့ကို ဗဟန်း ရဲစခန်းမှာ (ပ) ၄၉၉/၂၀၁၄ နဲ့ အမှု လက်ခံပြီး၊ ပုဒ်မ ၂၉၅ ၊ ၂၉၅(က) ပုဒ်မ နှစ်ခုတပ် အမှု ဖွင့်ထားကာ အာမခံလည်း မပေးကြောင်းနဲ့ ထိထိ ရောက်ရောက် အရေးယူမှာ ဖြစ်ကြောင်း သိရပြန် ပါတယ်။ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ ပုံရိပ်တော်ကို မရိုမသေလုပ် နားကြပ်တပ်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ အရက်ဘား ကြော်ငြာတဲ့ VGastro Bar က တာဝန် ရှိသူ တိုင်းဟာ ဗုဒ္ဓဘာသာကို စော်ကားတဲ့ အတွက် တည်ဆဲ ဥပဒေအရ အပြစ်ပေး အရေးယူခြင်း ခံထိုက် ပါတယ်။ ဒီလို အရေးယူ လိုက်တာဟာလည်း မှန်ကန် ထောက်ခံ သင့်တဲ့ အကြောင်း အရာ ဖြစ်သလို ဗုဒ္ဓဘာသာဝင် အများ အပြား အတွက် အင်မတန်လည်း ကျေနပ်စရာ ဖြစ်စေ ခဲ့ရပါတယ်။ မည်သည့် ဘာသာ ကိုးကွယ် နေသည် ဖြစ်စေ ဘာသာ တရား တစ်ခုကို မည်သည့် အကြောင်းကြောင့် နဲ့မှ စော်ကားခွင့် ခွဲခြားခွင့် မပေးဘဲ ဥပဒေ အတိုင်း ထိထိ ရောက်ရောက် ကိုင်တွယ် တာဟာ အလွန် ကောင်းမွန်တဲ့ စံနမူနာ ဖြစ်စေ ပါတယ်။

တချိန်တည်းမှာ ဗုဒ္ဓဘာသာကို တစ်ကြိမ် တစ်ခါ စော်ကားမိတဲ့ ဗုဒ္ဓဘာသာဝင် တွေကို ရက်မဆိုင်း နာရီ မဆိုင်းဘဲ ထိထိ ရောက်ရောက် အပြစ်ပေး အရေးယူ သလို အခြား ကိုးကွယ်ရာ ဘာသာ တွေကို နှစ်နဲ့ချီပြီး စော်ကား ချင်တိုင်း စော်ကား နေကြတဲ့ ပုဂ္ဂိုလ်တွေ ကိုလည်း ဒီလိုပဲ တူညီစွာ အရေးယူ ရမှာ ဖြစ်သလို လိုအပ် သလို တားဆီး ပိတ်ပင်တာ ကိုလည်း လုပ်ကို လုပ်ရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို စော်ကားသူ တွေကိုသာ ဒီလို ဥပဒေ တွေနဲ့ ငြိစွန်းတယ် ဆိုပြီး အရေးယူ ပေမယ့် အခြား သာသာတရား တွေကို စော်ကားခဲ့၊ စော်ကား နေသူတွေ ကိုတော့ မသိချင် ယောင်ဆောင် ဥပက္ခာပြု တမင် လွှတ်ပေး နေရင် ဥပဒေ ရှေ့မှောက်မှာ တန်းတူ ညီမျှမှု မရှိဘူး၊ တရားဥပဒေ ဟာ ကွက်ကျားမိုး လိုမျိုး၊ မလိုတစ်မျိုး လိုတစ်မျိုး ကျင့်သုံး နေပါတယ်လို့ သက်သေ ပြနေသလို ဖြစ်နေပါ လိမ့်မယ်။

"တရား ဥပဒေ" ဆိုတဲ့ စကားလုံးကို ကိုင်တွယ် သုံးစွဲကြတဲ့ အခါ တရား ဥပဒေ ပြုသူတွေနဲ့ အာဏာပိုင်တွေ အပါအဝင် မြန်မာ နယ်နိမိတ်ထဲမှာ နေထိုင် ရှင်သန် သူတိုင်းဟာ နိုင်ငံတော်က ပြဌာန်း ထားတဲ့ တည်ဆဲ ဥပဒေတွေရဲ့ ရှေ့မှောက်မှာ ကျောသား ရင်သား မခွဲခြားဘဲ တန်းတူညီမျှမှု ရှိကို ရှိဖို့ လိုအပ် ရပါတယ်။ ဒါကြောင့် "တရားဥပဒေ" လို့ပြောရင် တန်းတူညီမျှရှိမှုကို ချန်ထားလို့ မရပါဘူး။ မည်သည့် နေရာမှာ ကျူးလွန်သည် ဖြစ်စေ တူညီသော ပြစ်မှုကို ကျူးလွန်သူတိုင်းဟာ တူညီသော ပြစ်ဒဏ်ကို ကျခံမှ သာလျင် တရား ဥပဒေ ရှေ့မှောက်မှာ တန်းတူညီမျှမှု ရှိတယ်လို့ ယူဆနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ No one is above the law ဆိုတဲ့ အချက်ကို သက်သေပြ ဖော်ဆောင်နိုင်တဲ့ တရား ဥပဒေ စိုးမိုးရေးရဲ့ အဓိက အကျဆုံး အချက်လည်း ဖြစ်ပါတယ်။

၂၀၁၂ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ရခိုင် အဓိကရုဏ်းကနေ အစပြုပြီး အသက် အိုးအိမ်ပေါင်း များစွာ သေကျေ ပျက်စီးခဲ့ ရပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်နီမော်ကျေးရွာသူ မသီတာထွေးကို သတ်ဖြတ် ပါတယ် ဆိုတဲ့ တရားခံ ထက်ထက်ဟာ အချုပ်ခန်း ထဲမှာပဲ သေဆုံး ခဲ့သလို ကျန်တရားခံ နှစ်ဦး ကိုလည်း လျှင်မြန်စွာ အရေးယူ ဖမ်းဆီး ထောင်ချ ခဲ့ပါတယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ ၂၀၁၂ခုနှစ် ဇွန်လ ၄ ရက်နေ့ တောင်ကုတ်မြို့မှာ နိုင်ငံသား မွတ်ဆလင် ခရီးသည် ၁၀ ဦးကို ကားပေါ်က ဆွဲချပြီး လူပေါင်း ၃၀၀ လောက်က နေ့ခင်းကြောင်တောင် လူမြင်ကွင်း အလယ်မှာ အရှင် လတ်လတ် ဦးနှောက် ထွက်အောင် ရိုက်သတ် ခဲ့ပေမယ့် အရေးယူ ဖမ်းဆီးမှု တစ်စုံ တစ်ရာ မရှိခဲ့ပါဘူး။ နိုင်ငံပိုင် သတင်းစာတွေ ကိုယ်တိုင်က "ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင် ကုလား ၁၀ ဦး အသတ်ခံရ" ခေါင်းစဉ် မည်းကြီး တပ်ကာ တရား ဥပဒေနဲ့ အညီ ကာကွယ် မပေးတဲ့ အပြင် "မသီတာထွေးကို ရက်စက်စွာ စော်ကား သတ်ဖြတ်" တဲ့အတွက် ဒီလို ပြန်လည် တုန့်ပြန် သတ်ဖြတ်တာဟာ တရားမျှတတဲ့ ပုံစံမျိုး မီဒီယာ ကျင့်ဝတ် သိက္ခာမဲ့စွာ ရေးသားခဲ့ ပါသေးတယ်။ နိုင်ငံတကာ ဖိအားပေါင်း များစွာ ခံရပြီးနောက် မှာတော့ ကျူးလွန် သူပေါင်း ၃၀၀ ကျော်ထဲက ၇ ဦးတည်းကိုသာ တစ်နှစ်ကျော် အကြာမှာ ဖမ်းဆီးခဲ့ပြီး နောက်ထပ် တစ်နှစ်ခွဲ နီးပါး အကြာမှာမှ ထောင်ဒဏ် ၇ နှစ် ချမှတ် ခဲ့ပါတယ်။ တောင်ကုတ် လူသတ်ပွဲကြီး နောက်မှာ ဘယ်နေ့မှာ ဘယ်ရပ်ကွက်ကို ဘယ်နှစ်နာရီမှာ ၀င်မယ် စသည်ဖြင့် အချိန်အခါ အတိအကျနဲ့ အချိန် ဇယား ထွက်ကာ မီးလောင် တိုက်သွင်း ခံရတဲ့ အဓိကရုဏ်း အမည်ခံ ရခိုင်ပြည်နယ် လုံးကျွတ် မီးရှို့ လူသတ် လုယက်ကာ မိမိပိုင် နေအိမ် များမှ (လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် အပြည့် ရှိပါတယ်လို့ အခြေခံ ဥပဒေ ထဲမှာ ထည့်သွင်း ရေးသား သတ်မှတ် ထားတဲ့ နိုင်ငံမှာ အစ္စလာမ်ကို ကိုးကွယ်မိတဲ့ အပြစ် တစ်ခု တည်းကြောင့်) ကြိုတင် စီစဉ် ထားတဲ့ လုံခြုံတဲ့ နေရာ (ဒုက္ခသည် စခန်း) တွေဆီကို စစ်တပ်ကား တွေနဲ့ အစီအရီ အပို့ခံ ရတဲ့ ဖြစ်ရပ်တွေ တန်းစီ ဖြစ်လာခဲ့ ပါတော့တယ်။ မွတ်ဆလင်တွေ အတွက် တရား ဥပဒေ စိုးမိုးမှု၊ တရား ဥပဒေရဲ့ အကာ အကွယ်ပေး စောင့်ရှောက်မှု ဆိုတဲ့ စကားလုံးနဲ့ တန်းတူညီမျှမှု ဆိုတဲ့ စကားလုံး တွေကို ရှာမတွေ့ ခဲ့ရပါဘူး။

အရေးအခင်း အတွင်း အိမ်ဖျက်ဆီး ခံရတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင် တွေဟာ နိုင်ငံတော် ဒုသမ္မတကြီး ဦးစိုင်းမောက်ခမ်း ကိုယ်တိုင် လာရောက် လည်ပတ် အားပေး နှစ်သိမ့်ကာ အစား ပြန်ဆောက်ပေးတဲ့ ရွာအသစ်၊ အိမ်အသစ် ကိုယ်စီနဲ့ စီစီရီရီ သပ်သပ် ယပ်ယပ် ပြန်လည် ဖြစ်ထွန်းကာ အဓိကရုဏ်း ဒဏ်ရာတွေကို ကုစားပေးခြင်း ခံခဲ့ရပေမယ့် အဓိကရုဏ်းနဲ့ လုံးဝ မပတ်သက်ဘဲ အိုးအိမ် ဆိုင် စီးပွား လုယက် ဖျက်ဆီးခံ ရတဲ့ တိုင်းရင်းသား ကမန်တွေ၊ နိုင်ငံသား မွတ်ဆလင်တွေရဲ့ အိမ်တွေ စီးပွား ဥစ္စာတွေဟာ ဒီနေ့ထိ ပြန်လည် အစားရခြင်း လုံးဝ မရှိတဲ့ အပြင် တရား ဥပဒေရဲ့ အကာ အကွယ် ပေးမှု၊ အာဏာပိုင် အစိုးရ မင်းများရဲ့ စာနာ ထောက်ထားတဲ့ အားပေး စကားပြောသံ တစ်ခု ကလေးမှ မရခဲ့ဘဲ မိမိတို့ ဘိုးစဉ် ဘောင်ဆက်ပိုင် ဆိုင်ရာ နေအိမ် စီးပွားတွေ ကနေ အတင်း အကျပ် စွန့်ခွာ စေကာ ဒုက္ခသည် စခန်းတွေ ဆီကို အတင်း ပို့ဆောင် ခံရတာ၊ ဒါမှမဟုတ် ရန်ကုန်မြို့က နီးစပ်ရာ ဆွေမျိုးတွေ ဆီမှာ ထွက်ပြေး ခိုလှုံရတဲ့ အဆင့်ကို ရောက်ရှိ သွားရပါတယ်။ တရားဝင် တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ပါဝင်တဲ့ ဒေသခံ တိုင်းရင်းသားချင်း တူပေမယ့် ကိုးကွယ်ရာ ကွဲပြားတဲ့ ရခိုင် ဗုဒ္ဓဘာသာ ၀င်တွေ နဲ့ (ရခိုင် စကားပြော၊ ရခိုင်လို ၀တ်စား ဆင်ယင် ကြတဲ့) ကမန် အစ္စလာမ် ဘာသာဝင်တွေ၊ နိုင်ငံသား မွတ်ဆလင် တွေဟာ တရား ဥပဒေ ရှေ့မှောက်မှာ တန်းတူညီမျှမှု၊ စာနာ ထောက်ထားမှု မတူမျှ ခဲ့ပါဘူး။ ရခိုင် ဖြစ်ရပ် နောက်ပိုင်း ၂၀၁၃ ကစလို့ မြန်မာ ပြည်မမှာ နေထိုင် ကြတဲ့ မွတ်ဆလင် တွေကိုပါ ပစ်မှတ်ထား လာပြန်ကာ မြန်မာနိုင်ငံ အနှံ့ ၉၆၉ အမည်ခံလို့ တစ်ဖုံ၊ မဘသ အမည်ခံလို့ တစ်မျိုး အမည် ပေါင်းစုံ တပ်ကာ မွတ်ဆလင် တွေနဲ့ မပေါင်း သင်းရေး၊ မွတ်ဆလင် ဆိုင်တွေမှာ ဈေးမ၀ယ်ရေး၊ မွတ်ဆလင် တွေနဲ့ လက်မထပ်ရေး၊ မွတ်ဆလင် တွေကို အိမ်မရောင်းရ စသည်ဖြင့် အခြေခံ ဥပဒေပါ နိုင်ငံသား တစ်ဦးချင်းစီရဲ့ ရသင့် ရထိုက်တဲ့ အခွင့် အရေး ပြဌာန်း ချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ လုပ်ရပ်တွေ၊ လှုံ့ဆော်မှုတွေ၊ အမုန်းတရား ဟောကြားမှု တွေဟာ ပေါ်ပေါ် ထင်ထင် ဖြစ်ပေါ် လာခဲ့ ပေမယ့်လည်း မည်သည့် အာဏာပိုင်ကမှ တားမြစ်ခြင်း မရှိသလို ဥပဒေနဲ့ အညီ အရေး ယူခြင်းလည်း မရှိခဲ့ပြန်ပါဘူး။

အမုန်း တရားတွေရဲ့ ပြန့်နှံ့ ကူးစက် လွယ်တဲ့ သဘာဝဟာ မြန်မာပြည် အနှံ့ အတား အဆီးမဲ့ လောင်ကျွမ်း ပါတော့တယ်။ အခြေခံ ဥပဒေက ခွင့်ပြုထားတဲ့ ကိုးကွယ်ရာ ဘာသာကြီး တစ်ခု ဖြစ်တဲ့ အစ္စလာမ် ဘာသာနဲ့ အစ္စလာမ် ဘာသာ ကိုးကွယ် သူတိုင်းဟာ အမုန်း တရား လှုံ့ဆော်သူတွေ၊ ၉၆၉တွေ၊ မဘသ တွေရဲ့ ပစ်မှတ်သစ် ဖြစ်လာ ခဲ့ပါတယ်။ အမျိုး ဘာသာ စောင့်ရှောက်ရေး တရားပွဲ အမည်ခံကာ မွတ်ဆလင် ဆန့်ကျင် မုန်းတီးရေး ဟောပြော လှုံ့ဆော်ပွဲ တွေကို နေရာအနှံ့ လမ်းဒေါင့် အနှံ့ ဗီနိုင်းတွေ ထောင်ကာ ဟောပြော ချင်တိုင်း စိတ်တိုင်းကျ ဟောပြောခွင့် လွတ်လွတ် လပ်လပ် ရရှိတဲ့ အပြင် မွတ်ဆလင် ဆန့်ကျင်ရေး ဗီဒီယိုခွေ တွေဟာ နိုင်ငံအနှံ့ ကျေးရွာအနှံ့၊ လမ်းတွေအနှံ့ ပြန့်နှံ့အောင် ဖြန့်ဝေခွင့် ရခဲ့ပြန်ပါတယ်။ မြို့နယ် အဆင့် အာဏာပိုင်တွေ ကိုယ်တိုင် ခွင့်ပြုချက်တွေ ပေးကာ တရား ဥပဒေနဲ့ မညီတဲ့ အမုန်းတရား လောင်စာ တွေကို နိုင်ငံအနှံ့ ဖြန့်ကျဲချ နေတဲ့ လုပ်ရပ်တွေကို သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်က တားဆီး ပိတ်ပင်မှု မရှိခဲ့တဲ့ အတွက် နိုင်ငံအနှံ့ အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှု တွေဟာ ပေါ်ပေါ် ထင်ထင် ဖြစ်လာကာ မိတ္ထိလာ၊ လားရှိုးက စလို့ မြန်မာပြည် အနှံ့ အစ္စလာမ် ဘာသာ ကိုးကွယ်သူ တိုင်းကို တိုင်းရင်းသား၊ နိုင်ငံသား မခွဲခြား တော့ဘဲ "ခိုးဝင် ဘင်္ဂလီ" တွေလို့ တစ်ဖက်သတ် သမုတ်ကာ အနိုင်ကျင့် လုယက်မှုတွေ၊ ကလေးအရွယ် လူမမယ်လေး တွေကိုမချန် အရှင် လတ်လတ် မီးပုံထဲ ပစ်သွင်း သတ်ဖြတ် မှုတွေ၊ မြို့လုံးကျွတ် မီးလောင် တိုက်သွင်းမှု တွေဟာ ဥပဒေမဲ့ နိုင်ငံ အလား လုံခြုံရေးတွေ ရှေ့မှောက်၊ သတင်းထောက်တွေ ရှေ့မှောက်မှာ ကျူးလွန်ရဲတဲ့ အဆင့်ကို တိုးတက် ရောက်လာ ခဲ့ပြန်ပါတယ်။ တရား ဥပဒေရဲ့ အကာ အကွယ်ပေး စောင့်ရှောက်မှုကို မရခဲ့ပြန်တဲ့ အပြင် အာဏာပိုင်တွေ ကိုယ်တိုင်က ကျူးလွန် ခံရသူ မွတ်ဆလင် တွေကိုပဲ တစ်ဖက်သတ် အရေးယူ အပြစ်ပေး ခဲ့ပြန်ပါတယ်။ မြို့လုံးကျွတ် မီးရှို့ကာ မွတ်ဆလင် တွေကို မိမိတို့ နေအိမ်တွေက အတင်းအကျပ် မောင်းထုတ်တဲ့ အကြမ်းဖက်မှု ကျူးလွန်သူ တွေဟာ ဥပဒေရဲ့ အပြစ်ပေးခြင်းကို မခံရဘဲ ခေတ္တ ခဏသာ အချုပ်အနှောင် ခံရကာ နောက်ပိုင်း ကျူးလွန်သူ အကြမ်းဖက် သမား အားလုံးနီးပါး ပြန်လွှတ်ပေး ခံခဲ့ရပါတယ်။ တရား ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှမှု မရှိခဲ့ပြန်ပါဘူး။

၂၀၁၃ ဒီဇင်ဘာလ အာဆီယံ အားကစား ပြိုင်ပွဲ မတိုင်မီမှာပဲ တစ်မြို့ပြီး တစ်မြို့ ခြိမ့်ခြိမ့် သဲသဲ ပွဲဆက် နေတဲ့ အဓိကရုဏ်း ပွဲတော်ကြီးဟာ ကြိုတင် ညှိနှိုင်းထား သလို ရပ်တန့် သွားခဲ့ပြီး အမုန်း တရား လှုံ့ဆော်မှု တွေဟာလည်း အံ့သြစရာ ကောင်းလောက်အောင် တိကနဲ ရပ်တန့် သွားခဲ့ပါတယ်။ အာဆီယံ အားကစား ပွဲအပြီးမှာတော့ အမုန်း တရား လှုံ့ဆော်မှု တွေဟာ အချိန်အခါကိုက် ပြန်လည် ပေါ်ထွက် လာပြန် ပါတယ်။ တရားပွဲတွေ အစား ပုံနှိပ် စာစောင်တွေ မှာပါ အစ္စလာမ်ကို ဆန့်ကျင်ရုံ သာမက တိုက်ရိုက် စော်ကားတဲ့ အဆင့်ကိုပါ ရောက်လာ ခဲ့ပြန်ပါတယ်။ သာကီသွေး ဂျာနယ်၊ အောင်ဇေယျတု ဂျာနယ်စတဲ့ ၉၆၉ အမည်ပြောင်း မဘသတွေ ထုတ်ဝေတဲ့ စာစောင်တွေမှာ အစ္စလာမ်ကို အကြိမ်ကြိမ် စော်ကားမှုတွေ ပြုလုပ်တဲ့ အတွက် အစိုးရ အသိအမှတ်ပြု အစ္စလာမ့် ဘာသာရေး အဖွဲ့ကြီးတွေက သမ္မတ အဆင့်ထိ လိပ်မူပြီး တိုင်ကြားမှုတွေ ပြုလုပ် ခဲ့တဲ့ အတွက် တိုင်းသိပြည်သိ ကမ္ဘာသိ ဖြစ်လာခဲ့ပြီး မဖြစ်မနေ ထုတ်ပြန်ရတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ၂၀၁၄ အောက်တိုဘာ ၂၄၊ ၀န်ကြီးဋ္ဌာန စာအမှတ် ၁-၆(၈)/၂၀၁၄(၇၁၈၂) နဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန် ကြေညာချက်မှာ"အောင်ဇေယျတု ဂျာနယ်ရဲ့ ရေးသားချက် တွေဟာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ဖျက် ကျူးလွန်ရာ ရောက်တယ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မ ၃၆၂၊ ၃၆၃၊ ၃၆၄ တို့အား လည်းကောင်း၊ သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ဇ)(ဈ) နှင့် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ) တို့အား လည်းကောင်း ဖောက်ဖျက် ကျူးလွန်ရာရောက်တယ်"လို့ ၀န်ခံခဲ့ပြီး ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး အချို့ အကြိမ်ကြိမ် ကျူးလွန်တဲ့ ပုဒ်မတွေကို ရွတ်ပြရုံ ရွတ်ပြ ပေမယ့်လည်း အရေးယူမှု တစ်စုံ တစ်ရာ မပြုလုပ်နိုင်တဲ့ စာနယ်ဇင်းကောင်စီ(ယာယီ) အဆင့်ကို လွှဲပေး ဖြေရှင်းစေ ခဲ့ပြန်ပါတယ်။

ကိုးကွယ်ရာ ဘာသာကြီး တစ်ခုကို ပုံနှိပ် စာစောင် တစ်ခု ပေါ်မှာ ရိုက်နှိပ် ဖော်ပြပြီး စိတ်တိုင်းကျ စော်ကားတာဟာ ပုဒ်မ ၉ ခုလောက်ကို တစ်ပြိုင်တည်း ကျူးလွန်ရာတယ်လို့ ၀န်ကြီး ဌာနက ကိုယ်တိုင် စာထုတ် ၀န်ခံပေမယ့် နောက်ဆက်တွဲ အရေးယူ ဆောင်ရွက် တားဆီး ပိတ်ပင်ခြင်းကို ဘယ်အာဏာပိုင် ကမှ ထိထိ ရောက်ရောက် မလုပ်ဆောင် ပေးခဲ့ပါဘူး။ ယနေ့ ထိလည်း အစ္စလာမ် ဘာသာ အပေါ် ဆန့်ကျင် စော်ကားမှု တွေဟာ အရှိန် မပြယ် သေးပေမယ့် "ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခြား ဘာသာ တရားတွေ"ကို စော်ကားလို့ တရား ဥပဒေနဲ့ အညီ အရေးယူ ပါတယ် ဆိုတဲ့ အသံ မရှိဖူး မကြားခဲ့ ရဖူးပါဘူး။ မြန်မာ တိုင်းရင်းသား မွတ်ဆလင်တွေ၊ မြန်မာနိုင်ငံသား မွတ်ဆလင်တွေ အတွက် တရား ဥပဒေရဲ့ အကာ အကွယ်ပေး စောင့်ရှောက်မှု ဆိုတဲ့ စကားလုံးနဲ့ တရား ဥပဒေရဲ့ ရှေ့မှောက်မှာ တန်းတူညီမျှမှု ဆိုတဲ့ စကားလုံး တွေဟာ တစိမ်း သက်သက် ဖြစ်နေအောင် ပြုပြင် ဖန်တီးခံ ထားရတာဟာ ကြာလှပါပြီ။

အစ္စလာမ် ဘာသာကို စော်ကားချင်တိုင်း စော်ကား နေသူတွေကို အရေးယူ တားဆီးမှု တစ်စုံတစ်ရာ မပြုလုပ် ဖူးတဲ့ မြန်မာ အာဏာပိုင် တွေဟာ ဒီရက်ပိုင်း အတွင်းမှာပဲ ထူးထူး ခြားခြား ဖြစ်ပွား ခဲ့တဲ့ ဗုဒ္ဓ ရုပ်ပွားတော်မှာ နားကြပ်တပ် ထားတဲ့ပုံနဲ့ Buddha-bar အမည်တပ်ပြီး ကြေညာ ထားတဲ့ V-Gastro bar အရက်ဘား ကလပ် တစ်ခုရဲ့ ကြော်ငြာ ကိုတော့ တစ်ရက် တစ်ည ကလေးတောင် သည်းခံနိုင်ခြင်း မရှိခဲ့ပြန် ပါဘူး။ မြန်မာ နိုင်ငံမှာ တည်ဆဲ ဥပဒေအရ မည်သည့် ဘာသာ တရား ကိုမဆို စော်ကားခြင်း၊ ဖျက်ဆီးခြင်း၊ ဂုဏ်သရေ ပျက်ပြား စေခြင်း တို့ကို ပြုလုပ်တယ် ဆိုရင် မည်သူ မဆို ထောင်ဒဏ် နှစ် နှစ် ကျ ခံစေရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓ မြတ်စွာ ဘုရားရဲ့ ပုံရိပ်တော်ကို မရိုမသေ လုပ်ပြီး နားကြပ်တပ် ကြော်ငြာတဲ့ V-Gastro Bar က တာဝန် ရှိသူတိုင်းဟာ ဗုဒ္ဓဘာသာဝင် ဖြစ်ပေမယ့် ဗုဒ္ဓဘာသာကို တစ်ကြိမ် တစ်ခါ စော်ကား မိတာကို (သည်းခံစရာ မလိုဘဲ) တည်ဆဲ ဥပဒေ အရ အပြစ်ပေး အရေးယူခြင်း ခံထိုက်ပါတယ်။

ဗုဒ္ဓဘာသာကို တစ်ကြိမ် တစ်ခါ စော်ကား မိတဲ့ ဗုဒ္ဓဘာသာဝင် တွေဟာ ဖေ့စ်ဘုတ် ပေါ်မှာ တင်လိုက်တဲ့ နားကြပ်တပ် ဗုဒ္ဓ ရုပ်ပွားတော် ဒစ်ဂျစ်တယ် ဓာတ်ပုံ တစ်ပုံက လွဲရင် ကျန်တဲ့ သက်သေ အထောက် အထား တစ်စုံ တစ်ရာ လက်ဆုတ် လက်ကိုင် မဖမ်းမိ ပေမယ့် အာမခံ မရဘဲ အချုပ်ခန်းထဲကို ချက်ချင်းပို့ ချက်ချင်း အမှုဖွင့်၊ ချက်ချင်း တရားစွဲ၊ အရက်ဘားကို ချိတ်ပိတ်ကာ လိုင်စင် အပြီး ပိတ်သိမ်း ခံရပြီး တည်ဆဲ ဥပဒေတွေနဲ့ အညီ ညမကူးဘဲ ချက်ချက် လက်ငင်း အရေးယူ ပြတာဟာ အများ သဘောကျ စရာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘာသာရေး လွတ်လပ်ခွင့် အပြည့် ရှိပါတယ်၊ ဖိနှိပ် ချိုးဖောက်မှု မရှိပါဘူးလို့ ဖော်ထုတ် ကြွေးကြော် ထားတဲ့ မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာကို နှုတ်နဲ့တသွယ်၊ ဒီဗီဒီခွေ ဖြန့်လို့ တစ်မျိုး၊ ပုံနှိပ် မီဒီယာတွေနဲ့ တဖုံ စော်ကား ချင်တိုင်း စော်ကား ခဲ့ကြ စော်ကား နေကြတဲ့ ဗုဒ္ဓ ဘုန်းတော်ကြီး အချို့နဲ့ လူပုဂ္ဂိုလ်တွေ အပြင် ဗလီဝတ် ကျောင်းတော် များစွာကို မီးလောင် တိုက်သွင်း မြေလှန်ပစ် ခဲ့ကြတဲ့ အကြမ်းဖက် သမားတွေကို သက်သေ အထောက် အထား အပြည့်နဲ့ နိုင်ငံ ဥသျှောင် သမ္မတကြီးထိ တိုင်တန်း ပေမယ့် အရေးယူ တားဆီး ပိတ်ပင်မှု တစ်စုံ တစ်ရာ မပြုလုပ် ခဲ့တဲ့ အတွက် မြန်မာနိုင်ငံမှာ "လွတ်လပ်စွာ ကိုးကွယ်ခွင့်" ဆိုတဲ့ စကားလုံးဟာ အင်မတန် သံသယ ရှိစရာ ဖြစ်နေ ရပါပြီ။ မြန်မာ အာဏာပိုင် တွေရဲ့ သူ့လူ ကိုယ့်ဖက်သား ခွဲခြားနေတဲ့ မူဝါဒကို ကိုင်စွဲ နေသမျှ တရား ဥပဒေ စိုးမိုးမှု မရှိဘူး၊ တရား ဥပဒေ ရှေ့မှောက်မှာ နိုင်ငံသား တိုင်းဟာ တန်းတူညီမျှမှု မရှိဘူး၊ ကိုးကွယ်ရာ ဘာသာ တရားကို လိုက်ပြီး ကျောသား ရင်သား ခွဲခြားမှုတွေ ရှိတယ်ဆိုတဲ့ အသံ ကျယ်ကျယ် လောင်လောင် တွေကို နိုင်ငံ တကာမှာ ဆက်လက်ကြား နေရမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ကို သွားနေတဲ့ လမ်းကြောင်းမှာ အမဲစက်ကြီး တစ်ခု အဖြစ် ဆက်လက် မြင်နေကြဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် “များလူ ခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်၊ တို့ပြည်….တို့မြေ…”လို့ လိပ်ပြာ သန့်သန့် ဟစ်ကြွေးနိုင်ဖို့၊ "ကျောသား ရင်သား မခွဲခြားတဲ့ တရား စီရင်ရေး စနစ်ကြီး မြန်မာပြည်မှာ ထွန်းကား နေပြီ၊ ကိုးကွယ်ရာ ဘာသာ မတူရင်လည်း တရား ဥပဒေ ရှေ့မှောက်မှာ အကာ အကွယ် တကယ်ရ နိုင်နေပြီ၊ သာတူညီမျှမှု ရှိနေပြီ" လို့ အများက သတ်မှတ် နိုင်စေဖို့ ပြုပြင် ပြောင်းလဲ ရေးတွေ အများကြီး လိုအပ်ပါ ဦးမယ်လို့ပဲ ထောက်ပြချင်ပါတယ်။

အချက်အလက် ကိုးကားစရာများ မျှဝေပေးကာ စာကြမ်း ဖတ်ရှု အကြံဥာဏ် ပေးခဲ့တဲ့ ကိုဖီးနစ်ကို ကျေးဇူး တင်ပါတယ်။

(ဓါတ်ပုံ - ရိုက်တာ)

နေဆန်းလွင်
RB News
9.12.2014

Press TV က မနေ့က ထုတ်လွှင့်တဲ့ Rohingyas: Still Unwanted ဆိုတဲ့ Documentary ကိုကြည့်ပြီး မရေးဖြစ် ခဲ့တာတွေ ရေးဖို့ အကြောင်းဖန် လာပါပြီ။

အစွန်းရောက် ဆိုတာ လူမျိုး အသိုင်းအ၀ိုင်း တိုင်းမှာ ရှိသလို၊ ရခိုင်လူမျိုး ထဲမှာလည်း အစွန်းရောက်တွေ ရှိပါတယ်။ ၂၀၁၂ ခုနှစ်က စပြီး ရခိုင် အစွန်းရောက်တွေ ပိုများလာတယ်။ အဲဒီ အစွန်းရောက်တွေကို အစွန်းရောက်တွေ ဖြစ်လာအောင် နောက်ကွယ်ကနေ အစိုးရက ရည်ရွယ်ချက်ရှိရှိနဲ့ ကျောသပ် မွေးခဲ့ပြီး၊ အစွန်းရောက် တွေရဲ့ ဘာသာရေး မှိုင်းတိုက်မှုကြောင့် အခုဆိုရင် ရခိုင်လူမျိုးတွေဟာ အမှောင်ကိုသာ မြင်နေပါတော့တယ်။

အမှောင်တွေသာ မြင်နေရတဲ့ ရခိုင်လူမျိုးတွေရဲ့ ပါးစပ်ဖျားမှာ ရိုဟင်ဂျာ လူမျိုးတွေဟာ တရားမ၀င် ခိုးဝင်လာတဲ့ ဘင်္ဂလီများ လို့သာ ၂၀၁၂ ခုနှစ်ကတည်းက ရေပန်းစား လာပါတယ်။ ရိုဟင်ဂျာတွေဟာ အမှန်တကယ် ခိုးဝင်လာသူတွေ ဟုတ်/မဟုတ် ဆိုတာ သိပေမယ့်လည်း ရခိုင်များရဲ့ အိပ်မက်၊ မြန်မာ အစိုးရရဲ့ မူဝါဒနဲ့ ၀ါဒဖြန့်မှုတွေကြောင့် အမှန်တရားကို ဖုံးကွယ်ဖို့သာ ကြိုးစားရင်းနဲ့ ကမ္ဘာ့အလယ်မှာ မြန်မာ အစိုးရနဲ့ တန်းတူ လူလိမ်များ အဖြစ် ရောထွေးပြီး အစွန်းရောက် ရခိုင်များလို့ နာမည်ဆိုးနဲ့ ကျော်ကြား လာတာတော့ စိတ်မကောင်းစရာ ပါဘဲ။

ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းများစွာ မနေဖူးပေမယ့်လည်း အရင်တုန်းက ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေရဲ့ ဆက်ဆံရေးကို သေချာ သိနေသူ တစ်ဦး ဖြစ်တဲ့ အပြင်၊ လူမှန်းသိတတ်တဲ့ အရွယ်မှာ ရခိုင်ပြည်ကို ပြန်လည် ရောက်ဖူးခဲ့သူ တစ်ဦး ဖြစ်တာကြောင့် ရခိုင်တွေက ရိုဟင်ဂျာတွေကို တကယ်မုန်းသလား၊ ဘယ်လူမျိုးကို ရင်ထဲက တကယ် မုန်းသလဲ ဆိုတာတော့ ကျွန်တော် သေချာ သိပါတယ်။ ၁၉၈၇ ခုနှစ်တုန်းက ကျွန်တော့်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံ တစ်ခုကို ရေးပြမယ် ဆိုရင် တော်တော်လေး ရှင်းသွားမှာပါ။ သို့သော်လည်း လူမျိုး အချင်းချင်းကြား ပြဿနာ ဖြစ်ပွားအောင် လှုံ့ဆော်သလို ဖြစ်မယ့် အပေါစား ဆန်ဆန် အလုပ်ကို မလုပ်ချင်လို့ အဲဒီ အကြောင်းကို မရေးဘဲ Press TV ထဲမှာ မတရား သဖြင့် ပြောဆို သွားတာတွေကို ရေးပါမယ်။

မှိုင်းတိုက်ခံထားရတဲ့ ရခိုင်ဒုက္ခသည်များနဲ့ မြို့ပေါ်က ရခိုင်များ

၂၀၁၂ ခုနှစ် ဇွန်လမှာ မြန်မာအစိုးရက ဖန်တီးခဲ့တဲ့ အကြမ်းဖက်မှုများရဲ့ ရလာဒ်မှာ ရိုဟင်ဂျာပေါင်း တစ်သိန်းခွဲခန့် အတူ ရခိုင်လူမျိုး ငါးထောင်ကျော်လောက်လည်း ဒုက္ခသည်တွေ ဖြစ်လာပါတယ်။ အဲဒီ ဒုက္ခသည်တွေကို အစိုးရ လက်ပါးစေ ရခိုင် အစွန်းရောက်များနဲ့ အစိုးရ ကိုယ်တိုင်က ရိုဟင်ဂျာ ဒုက္ခသည်တွေက ဇိမ်နဲ့ နေနေရတယ်၊ အစားကောင်း သောက်ကောင်း စားနေရတယ်၊ နိုင်ငံတကာက ငွေကြေးတွေ အမြောက်အမြားတွေ ပေးနေတယ် စတဲ့ စကားလုံးများနဲ့ မှိုင်းတိုက် ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ အမှန်တကယ် ဘယ်လို နေရသလဲ ဆိုတာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရတွေက ကမ္ဘာ့ အဆိုးရွားဆုံး ဒုက္ခသည် စခန်းလို့ ပြောတဲ့ စကားနဲ့တင် လုံလောက်ပါတယ်။

အထူးသဖြင့် စစ်တွေမြို့ အောင်မင်္ဂလာမှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့ အရင် ရခိုင် အိမ်နီးချင်းတွေက ဆက်ဆံ ချင်နေပေမယ့်လည်း အစိုးရနဲ့ အစွန်းရောက်တွေက လုံးဝ ဆက်ဆံခွင့် မပေးတဲ့ အပြင်၊ အဲဒီကိုသွားရင် မင်းတို့ အသတ်ခံရလိမ့်မယ်လို့ ခြိမ်းခြောက် ထားပါတယ်။ အောင်မင်္ဂလာမှာ လက်နက် အပြည့်အစုံနဲ့ တိုက်ပွဲ စခန်းလို ရှိနေတဲ့ ပုံစံမျိုး စကားတွေ ပြောပြီး မှိုင်းတိုက်ပါတယ်။ အဲဒီလိုဘဲ အခြားမြို့နယ် တွေက ရခိုင်လူမျိုးတွေကိုလည်း အဲဒီလိုနည်းနဲ့ မှိုင်းတိုက် ထားတော့ အရင်တုန်းကလို အတူ ပြန်နေဖို့ နည်းလမ်း မရတော့တဲ့ အသွင် ဖြစ်နေပါပြီ။ ဖြစ်ပျက် နေတာတွေ အားလုံးရဲ့ အဓိက တရားခံက မြန်မာ အစိုးရပါဘဲ။ အစိုးရရဲ့ ဖန်တီးမှု အဆင့်ဆင့်ကို ရေးပြရမယ် ဆိုရင် စာအုပ် တစ်အုပ်လောက် ရေးရပါလိမ့်မယ်။

ရခိုင်ပြည်နယ်ကို သွားဖို့ အခွင့်အလမ်း မရှိသူ တစ်ယောက် အနေနဲ့ ရခိုင်ပြည်နယ်ကို သွားနိုင်သူတွေက တစ်ဆင့် နှစ်ဖက် အသိုင်းအ၀ိုင်းရဲ့ အသံတွေကို နားထောင်ပြီး အမှန်တကယ် ဖြစ်ပျက် ခဲ့တာက ဘယ်လို၊ အခု ဘာတွေ ဖြစ်ပျက် နေသလဲ ဆိုတာ လေ့လာ ဆန်းစစ်ရပါတယ်။ ၂၀၁၂ ခုနှစ်က စပြီး ယခုအချိန်ထိ ရခိုင် အဖွဲ့အစည်း တွေရဲ့ အသံ၊ ရခိုင် ဒုက္ခသည် တွေရဲ့ အသံ၊ မြို့ပေါ်က ရခိုင်တွေရဲ့ အသံတွေ အများကြီးကို ကျွန်တော်တို့ လေ့လာ ဆန်းစစ်ခဲ့တယ်။ အနှစ်ချုပ်ကို ပြောရမယ်ဆိုရင် ရခိုင် လူမျိုး အားလုံးဟာ အစိုးရ လက်ပါးစေ ရခိုင် အချို့နဲ့ မြန်မာ အစိုးရရဲ့ အသုံးချခံတွေ ဖြစ်နေရတယ် ဆိုတာပါဘဲ။

Press TV Documentary ပေါ်တက်လာတဲ့ မှိုင်းများ

ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မှိုင်းတိုက်ခံထားရသူ တွေက ရိုဟင်ဂျာတွေက မိန်းမ ၅/၆ ယောက်ယူပြီး ကလေး ၄၀/၅၀ လောက်မွေးတယ်၊ ဘုန်းကြီးကျောင်းတွေကို မကြာခဏ မီးရှို့တယ်၊ ဗုဒ္ဓဘာသာ အမျိုးသမီးတွေကို သာသနာ ပြန့်ပွားဖို့ အတွက် ခဏခဏ မုဒိန်းကျင့်တယ်။ လူဦးရေ တိုးပွားလာရင် ပြည်နယ်ကို သိမ်းမယ်၊ နိုင်ငံ ထူထောင်မယ်၊ ဒါတွေပါဘဲ။

ရိုဟင်ဂျာတွေရဲ့ အိမ်ထောင်ရေးနဲ့ သားသမီး

မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာ လူမျိုး ၁၃ သိန်းကျော် ရှိပါတယ်။ ၁၃ သိန်းကျော်ရဲ့ တစ်ရာခိုင်နှုန်း ၁၃၀၀၀ မှာ မိန်းမ တစ်ယောက်ထက် ပိုရှိနေသလား ဆိုတာ မေးခွန်း ထုတ်ဖို့ လိုပါတယ်။ မိန်းမ တစ်ယောက်ထက် ပိုယူထားတဲ့ ရခိုင်တွေ ရှိသလို၊ ဗမာတွေ၊ အခြား လူမျိုးတွေ အများကြီးပါ။ သို့သော်လည်း ယူခြင်း/ မယူခြင်းက လူတစ်ဦး တစ်ယောက်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်လို့ - ရိုဟင်ဂျာ လူမျိုးမှ ဆိုပြီး ပြောခြင်းက မှန်ကန်တဲ့ လုပ်ရပ်တော့ မဟုတ်ဘူး။ အပေါစား အရမ်း ဆန်ပါတယ်။ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ တစ်ရာခိုင်နှုန်း မပြောနဲ့၊ တကယ်လို့ ၀.၀၁ ရာခိုင်နှုန်း လူပေါင်း ၁၃၀ က မိန်းမ တစ်ယောက်ထက် ပိုယူထားတာ ရှိတယ် ဆိုရင် ရိုးသားတဲ့ နည်းနဲ့ စာရင်း ပြုစုပြပါ။ သားသမီး (၇) ယောက်ထက် ပိုတဲ့ မိသားစု တစ်ရာခိုင်နှုန်း ရှိလား ဆိုတာကို စာရင်း ပြုစုပြပါ။

အစိုးရက လိမ်ညာ ၀ါဒဖြန့်မှု တစ်ခု

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကမ်တန်းနား လာတုန်းက ဓါတ်ပုံ တစ်ပုံ ပြခဲ့ပါတယ်။ မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော်က ဦးဆယာဒူလ္လာ ဆိုတဲ့ လူရဲ့ မိသားစုဝင် တွေလို့ ဆိုပါတယ်။ အားလုံး ၈၂ ယောက်ပါ။ အဲဒီလူနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းခဲ့ပါတယ်။ အစိုးရက ဘယ်လို ၀ါဒ ဖြန့်သလဲ ဆိုတော့ ဦးဆယာဒူလ္လာမှာ မိန်းမ လေးယောက် ရှိတယ်။ သားသမီး များလွန်းလို့ အိမ်ထောင်စု စာရင်းမှာ ၈၂ ယောက် ရှိတယ်လို့ ကမ္ဘာကို မောင်းတီး ပြပါတယ်။

တကယ် အမှန်တရားက - ဦးဆယာဒူလ္လာမှာ မိန်းမ (၃) ယောက် တရားဝင် ရှိတယ်။ သား ၁၄ ယောက်နဲ့ သမီး ၁၀ ယောက် စုစုပေါင်း ၂၄ ယောက်၊ ဆိုတော့ သူအပါအ၀င် မိသားစုဝင် အားလုံး (၂၈) ယောက်ကို (၈၂) ယောက်ဆိုပြီး ပြောင်းပြန် လုပ်လိုက်တာပါ။ ဦးဆယာဒူလ္လာရဲ့ သားသမီးတွေ အားလုံး ၂၀၁၂ ခုနှစ် မတိုင်ခင် ကတည်းက နိုင်ငံရပ်ခြားကို ထွက်သွားပါပြီ။ ဦးဆယာဒူလ္လာရဲ့ အိမ်ထောင်စု စာရင်းမှာ လူ (၅) ဦးသာ ရှိပါတယ်။ မယုံတဲ့သူတွေ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဈေးကုန်တန်း ကျေးရွာမှာ သွားပြီး လေ့လာနိုင်ပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ ဦးဆယာဒူလ္လာလို (၃) ယောက် ယူထားသူ နောက်တစ်ဦး ရှိတယ်ဆိုရင် ရိုးသားတဲ့ နည်းနဲ့ လက်ညိုးထိုးပြပါ။

ဦးဆယာဒူလ္လာရဲ့ မိသားစု ဆိုပြီး ဓါတ်ပုံရိုက် လုပ်ကြံမှု

၂၀၁၂ ခုနှစ် ဇွန်လ အလွန်မှာ အလယ်သံကျော်ကို အစိုးရ အကြီးအကဲ တွေသွားပါတယ်။ အဲဒီမှာ မိသားစု အချို့ကို သီးသန့်ရွေးပြီး ဖိတ်တယ်။ ဦးဆယာဒူလ္လာ အပါအ၀င်ပါ။ အဲဒီမှာ လာတဲ့ မိသားစု အချို့ကို ဓါတ်ပုံ ရိုက်မယ် ဆိုပြီး ဦးဆယာဒူလ္လာက လူကြီး ဆိုတော့ အလယ်မှာထည့်၊ လုပ်ကြံ ဓါတ်ပုံ ဖန်တီးခဲ့တာပါ။ အဲဒီ ဓါတ်ပုံမှာ ဦးဆယာဒူလ္လာရဲ့ ဆွေမျိုး အချို့ ပါပေမယ့် သားသမီးတွေ၊ မိန်းမတွေ မပါပါဘူး။ အဲဒီ ဓါတ်ပုံကို ဘာကြောင့် ရိုက်သလဲ ဆိုတာ ဦးဆယာဒူလ္လာနဲ့ ဓါတ်ပုံထဲ ပါသူတွေ လုံးဝ မသိခဲ့ဘူး။

ဒီကိစ္စကို အစိုးရ အနေနဲ့ ဓါတ်ပုံထဲ ပါတဲ့ လူတွေ အားလုံးပါ မီဒီယာပေါ် ခေါ်ပြီး ရှင်းရဲလား မေးကြည့် ကြပါ။

နှစ်ပေါင်း ၄၀ လှောင်အိမ်ထဲက ရိုဟင်ဂျာ

ရိုဟင်ဂျာတွေကို လှောင်အိမ်ထဲမှာ ထည့်ထားတာ အခု ဆိုရင် နှစ်ပေါင်း ၄၀ ရှိပြီ။ အဲဒီ နှစ်ပေါင်း ၄၀ တင်မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ဘူးသီးတောင်၊ မောင်တောမှာ ဘုန်းကြီးကျောင်း မီးရှို့တာတွေ စာရင်းနဲ့ ထုတ်ပြပါ။ ပြီးတော့ မိန်းကလေး ဘယ်နှစ်ယောက်ကို မုဒိန်းကျင့်တယ် ဆိုတာ စာရင်း အတိအကျ၊ တရားခံ၊ တရားလို တို့ကိုပါ တွဲပြီး မီဒီယာပေါ် ထုတ်ပြပါ။ ပြီးတော့ သာသနာ ပြန့်ပွားဖို့ အတွက် မွတ်စလင်တွေက ဗုဒ္ဓဘာသာ ယူထားတာ အယောက် ၅၀ လောက် ရှိမယ်ဆိုရင်လည်း ထုတ်ပြပါ။ လက်ထပ်တယ် ဆိုတာ လူနှစ်ဦးရဲ့ လွတ်လပ်ခွင့်မို့ ဘယ်တုန်းကမှ မယူခဲ့ဘူးလို့ ပြောရင် လိမ်ရာကျပါလိမ့်မယ်။ သို့သော် စကားထဲ ထည့်ပြောရလောက်အောင်၊ ရေတွက် ရလောက်တဲ့ ကိန်းဂဏန်း မဟုတ်တာတော့ အမှန်ဘဲ။ ပါးစပ်က ပြောမယ်ဆိုရင် အကုန် ပြောလို့ ရပါတယ်။ သို့သော်လည်း ကိုယ့်ရဲ့ ပါးစပ်ကို တန်ဖိုး ရှိအောင် ထားဖို့ လိုပါတယ်။

မသီတာထွေးကို မုဒိန်း မကျင့်ခဲ့ဘူး ဆိုတာ ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်က အဖွဲ့ဝင်တွေ အားလုံးသိပါတယ်။ သို့သော်လည်း အဲဒီ အဖွဲ့ဝင်တွေ အားလုံးက အစိုးရ လက်ပါးစေ၊ ကျွန်တွေ ဖြစ်တဲ့ အတွက် အမှန်တရား ထွက်မလာ ခဲ့တာ။ မြန်မာ အစိုးရ အနေနဲ့ ဒီကိစ္စကို ရှင်းရဲတယ် ဆိုရင်လည်း ဆေးစစ်ခဲ့တဲ့ ဆရာဝန်နဲ့ပါ မီဒီယာပေါ် တက်လာဖို့ လိုပါလိမ့်မယ်။

အနှစ်ချုပ် ပြောရရင် ရိုဟင်ဂျာတွေက နိုင်ငံ ထူထောင်ချင်တာလား၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရချင်တာလား ဆိုတာ နောက်ရေးမယ့် ဆောင်းပါးမှာ ထည့်ရေးပါမယ်။ Press TV ပေါ်မှာ ပြောသွားတဲ့ ဘုန်းကြီးနဲ့ RNDP အဖွဲ့ဝင် တို့ဟာ လက်ပါးစေ အဆင့် မဟုတ်ဘဲ၊ မှိုင်းတိုက်ခံ ထားရတဲ့သူတွေသာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဥာဏ်ကို အလွှာလိုက် မသုံးဘဲ ပြောသမျှ ယုံနေမယ် ဆိုရင်တော့ ကိုယ်ကိုယ်တိုင်လည်း လူလား မြောက်တဲ့ လူတစ်ဦး ဖြစ်လာတော့မှာ မဟုတ်ဘူး။ လက်ပါးစေ ဖြစ်တဲ့ ပါတီ အဖွဲ့အစည်း အကြီးအကဲ တွေကတော့ သူတို့ရဲ့ ကိုယ်ပိုင် ရပိုင်ခွင့်၊ စည်းစိမ်၊ စီးပွားတွေ အတွက် အခြေခံ လူတန်းစားကို အသုံးချမယ်။ ကိုယ်ကိုယ်တိုင် အသုံးချခံ အဖြစ်မခံဘူး ဆိုရင် ဒီနေ့ ရခိုင်ပြည်နယ်မှာ ဒုက္ခသည် စခန်းဆိုတာ ရှိမှာ မဟုတ်သလို၊ မြန်မာ အစိုးရက ဂက်စ်တွေကိုလည်း မောင်ပိုင်စီးလို့ ရခဲ့မှာမဟုတ်ဘူး။




စည်သူအောင်မြင့်
7.12.2014

ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး Harry Harris Jr. က မြန်မာ နိုင်ငံဟာ စစ်တပ်ရဲ့ တင်းတင်း ကြပ်ကြပ် ချုပ်ကိုင်မှု အောက်မှာ ရှိနေဆဲမို့ စစ်တပ်ချင်း ပူးပေါင်း ဆောင်ရွက်ဖို့ အချိန် မကျသေးဘူးလို့ ပြောဆို လိုက်ပါတယ်။ အမေရိကန် ဆီးနိတ် လွှတ်တော် ကြားနာပွဲမှာ မူဝါဒ ဆိုင်ရာ မေးခွန်းကို သူက စာနဲ့ တုန့်ပြန် ဖြေကြား လိုက်တာ ဖြစ်ပြီး ဒီပြောဆိုမှု မြန်မာနိုင်ငံ အတွင်း မှာလည်း အတော် ဂယက် ရိုက်ခတ် သွားခဲ့ ပါတယ်။ အရပ်သား အစိုးရ အုပ်ချုပ်နေပြီလို့ ဆိုတဲ့ ဒီကနေ့ အချိန် မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ချုပ်ကိုင်မှု ဘယ်လောက် ရှိနေသလဲ၊ ပစိဖိတ် ဒေသအတွင်း အမေရိကန် တပ်မှူးအဖြစ် အမည် စာရင်း တင်သွင်း ခံရသူ ဗိုလ်ချုပ်ကြီးရဲ့ ပြောစကား ဘယ်လောက် မှန်ကန်မှု ရှိသလဲ ဆိုတာ ဒီကနေ့ ဆန်းစစ်ကြည့် ကြရအောင်။

၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံဟာ သမ္မတ အုပ်ချုပ်တဲ့ စနစ်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံထဲမှာ သမ္မတဟာ နိုင်ငံရဲ့ အထွဋ်အထိပ် ဖြစ်တယ်လို့ ဖော်ပြထားပြီး သမ္မတ ဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ရဲ့ သဘောတူညီချက်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ တကယ့်တကယ် လက်တွေ့မှာတော့ သမ္မတ ဟာ ကာကွယ်ရေးဦးစီးချုပ်ကို အမိန့်ပေးနိုင်တဲ့ စစ်သေနာပတိချုပ် မဟုတ်သလို၊ စစ်တပ်ကို ကိုင်တွယ်နိုင်တဲ့ ပြဌာန်းချက် တစ်စုံတစ်ခုမှလည်း ရှိမနေပါဘူး။

ပြောရရင် ဖွဲ့စည်းပုံအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကသာ နိုင်ငံရဲ့ သြဇာအာဏာ အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ လက်ရှိ တပ်မတော် နဲ့ တပ်မတော်က ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းအားလုံး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရဲ့ လက်ထဲမှာ ရှိပြီး ဘယ်သူတစ်စုံတစ်ယောက်ကမှ ၀င်ရောက်စွက်ဖက်လို့ မရပါဘူး။ တိုင်းပြည်မှာ အများဆုံးဖြစ်တဲ့ ကာကွယ်ရေး ဘတ်ဂျက်ကိုလည်း ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်တည်းက ကိုင်ထားတာ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သြဇာအာဏာကို အဓိက ဖော်ပြတဲ့ အချက်ဟာ သမ္မတ ရွေးချယ်မှုမှာဖြစ်ပါတယ်။ ကာချုပ်ဟာ တပ်မတော်သား အမတ်တွေကနေ တဆင့် သမ္မတ ရွေးချယ်မယ့် မဲရဲ့ ၂၅ %ကို ချုပ်ကိုင်ထားပါတယ်။ ဒါကို ရှင်းလင်းအောင် အဓိပ္ပါယ် ဖွင့်ရရင် ကာချုပ်ဟာ သူ့ကိုယ်သူဖြစ်စေ၊ အခြားတစ်စုံတစ်ယောက်ကို ဖြစ်စေ တပ်မတော်သား အမတ်တွေကနေ တဆင့် ဒုသမ္မတ အဖြစ် အမည်စာရင်း တင်သွင်းနိုင်ပါတယ်။ ထပ်ပြီး အဓိပ္ပါယ်ဖွင့်ရရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သဘောကျ၊ ထောက်ခံတဲ့ ပါတီ တစ်ခုခုဟာ ရွေးကောက်ပွဲမှာ ၃၄ % အနိုင်ရတာနဲ့ သမ္မတ အဖြစ် ရွေးချယ်ခံရနိုင်၊ အစိုးရ ဖွဲ့နိုင်ပြီး အခြား သီးခြားပါတီ တစ်ခုခု ဆိုရင်တော့ ၆၇ %ကျော် အနိုင်ရမှ သမ္မတ တစ်ယောက် တင်နိုင်၊ အစိုးရဖွဲ့နိုင်ပါလိမ့်မယ်။

နိုင်ငံမှာ သြဇာ အကြီးဆုံးလို့ ဆိုနိုင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကို ပြန်ကြည့်ရင် အဖွဲ့ဝင် (၁၁) ယောက်အနက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်နဲ့ သူက ခန့်ထားသူ (၅) ယောက် စုစုပေါင်း (၆) ယောက် ပါဝင်တဲ့အတွက် တိုင်းပြည်မှာ သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဟာ ကာချုပ်လို့ ပြောနိုင်တာ ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်က ဖွဲ့စည်းပုံထဲက တစ်ခုခု ပြင်ချင်တယ်ဆိုရင် လွှတ်တော်အမတ် စုစုပေါင်းရဲ့ ၇၅ %ကျော် ထောက်ခံမှ ပြင်နိုင်မယ်လို့ ပြဌာန်းထားတဲ့အတွက် တပ်မတော်သား အမတ်တွေ သဘောတူတာကိုမှ ပြင်နိုင်ပါလိမ့်မယ်။ တစ်နည်းပြောရရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောမတူတဲ့ ဖွဲ့စည်းပုံထဲက ဘယ်အချက်ကိုမှ ဘယ်သူမှ ပြင်နိုင်မှာ မဟုတ်ပါဘူး။

တပ်တော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ၀န်ကြီးတွေကို တိုက်ရိုက်ခန့်ထားနိုင်ပါတယ်။ ပြောရရင် မြန်မာနိုင်ငံထဲမှာ ပြည်သူတွေကို တိုက်ရိုက် အုပ်ချုပ်နေတာဟာ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပါ။ မြို့နယ်၊ ခရိုင်အဆင့် အထွေထွေ အုပ်ချုပ်ရေးမှူးတွေကို တပ်မတော်က တိုက်ရိုက် ထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက စီမံခန့်ခွဲနေတာ ဖြစ်ပြီး အောက်ခြေ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုလည်း အဲဒီ ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကပဲ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း အဓိပ္ပါယ်ဖွင့်ရရင် တိုင်းပြည်ဟာ စစ်တပ်ရဲ့ တိုက်ရိုက် အုပ်ချုပ်မှုအောက်မှာ ရှိနေဆဲ လို့တောင် ဆိုနိုင်ပါတယ်။

ဒါတွေအားလုံးကိုခြုံငုံသုံးသပ်လိုက်ရင် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ရဲ့ သုံးသပ်ပြောဆိုချက် မှန်ကန်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမယ့်လည်း ၁၉၆၂ ခုနှစ်က စခဲ့ပြီး နှစ်ပေါင်း ၅၀ နီးပါးကြာတဲ့ အရင် စစ်အာဏာရှင်ခေတ်နဲ့ နှိုင်းယှဉ်ရင်တော့ အများကြီး ပြောင်းလဲ တိုးတက်လာတယ်ဆိုတာလည်း အမှန်ပဲ ဖြစ်ပါတယ်။ အရင်က တစ်သွေး တစ်သံ၊ တစ်အာဏာ နဲ့ အုပ်ချုပ်ခဲ့ပြီး လူ့အခွင့်အရေး၊ ပြည်သူ့အခွင့်အရေး အားလုံး ချိုးဖေါက်ခံရရုံမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အားလုံးမှာ ရက်ရက်စက်စက် ဖိနှိပ်ခံခဲ့ရတာဖြစ်ပါတယ်။ အခု အဲဒီအခြေအနေနဲ့ ခြားနားတာတွေ ရှိလာပါပြီ။ လက်ရှိ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန် ရဲ့ အစိုးရလက်ထက်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကိုင်တွယ်လာပါတယ်။ ကလေးစစ်သားတွေ တပ်က ထွက်ခွင့်ပေးပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံးလောက်နီးနီး လွှတ်ပေးပြီး နိုင်ငံရေး လုပ်ခွင့်ပေးပါတယ်။ ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲ ၀င်ခွင့်ပေးပါတယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ အပစ်ရပ်စာချုပ် ချုပ်နိုင်အောင် ကြိုးစားပါတယ်။ တံခါးပိတ် စီးပွားရေးကနေ တကယ့်ကို တံခါးဖွင့် စီးပွားရေးဖြစ်အောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါတယ်။ ရုပ်သံ၊ ရေဒီယိုကို အပြည့်အ၀ ထိန်းချုပ်ထားဆဲ ဖြစ်ပေမယ့် စာနယ်ဇင်း ပုံနှိပ်မီဒီယာကို လွတ်လပ်ခွင့်ပေးပါတယ်။

အခြေအနေအားလုံးကို ခြုံငုံသုံးသပ်လိုက်မယ် ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ လမ်းစ ပွင့်လာတာမှန်ပေမယ့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တစ်နည်းပြောရရင် စစ်တပ်ရဲ့ ချုပ်ကိုင်မှုအောက်မှာ ရှိနေဆဲ ဆိုတာကတော့ ငြင်းလို့မရပါဘူး။ ဒီအတွက် လက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell တို့ရဲ့ မြန်မာနိုင်ငံကို သတိထား စောင့်ကြည့်နေပြီး၊ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်းငံ့ထားသေးတာဟာ သဘာဝ ကျပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ အမြစ်တွယ်ဖို့ အကူအညီပေးရမယ် ဆိုတဲ့ ချဉ်းကပ်နည်းဟာလည်း မှန်ကန်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Rohingya Exodus