RB News
23.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျင်းပခဲ့သည့် ဒေသခံများနှင့် အစည်းအဝေးတွင် ရဲမှူးချုပ်တင်ကိုကိုက ပစ်မိန့်ထုတ်ထားသည်ဟု ခြိမ်းခြောက်ပြောဆို ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အုပ်စုရှိ မူလတန်းကျောင်းတွင် ကျီးကန်းပြင် အခြေစိုက် အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး (ယခု ဂေါ်ဒူသာရ တံတားကင်းစခန်းနေ) ရဲမှူးချုပ်တင်ကိုကိုက ဒေသခံ အချို့ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီခွဲ အထိ နှစ်နာရီခွဲကြာ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် မောင်တောခရိုင်၊ ဥပဒေအရာရှိ၊ ကျီးကန်းပြင် အခြေစိုက် မကဖ အဖွဲ့ခွဲမှူး၊ အလယ်သံကျော် အခြေစိုက် အမှတ် (၁၃) ရဲတပ်ရင်းမှူး ဒုရဲမှူးကြီး ခင်မောင်လှ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲစခန်းမှူး တို့တက်ရောက်ခဲ့ပြီး၊ ဒုချီရားတန်း ကျေးရွာ၏ အနီး ပတ်ဝန်းကျင် ကျေးရွာများ ဖြစ်သည့် ပညောင်ပင်ကြီး (ဒေါ့မ်ခါလီ)၊ ဂေါ်ဒူသာရ၊ ဒုညောင်ပင်ကြီး (ချီ့ယာရာ ဖာရာ)၊ ပဒင်း (ဘောဒ္ဒေလ်)၊ တပ်ဦးချောင်း (ဘဂုံးနား)၊ ပန်းတောပြင် (နော်ဘောန္နါ) ကျေးရွာ အုပ်စု များမှ အုပ်ချုပ်ရေးမှူးများ၊ ၎င်းကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကြီးကြပ်မှု အဖွဲ့ (၅) ဦး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ဘာသာရေးဆရာများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ရဲမှူးချုပ်တင်ကိုကိုက ဇန်န၀ါရီလ ၁၃ ရက်နေ့ညတွင် လှည့်ကင်း တာဝန်ထမ်းဆောင်နေစဉ် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို အကြမ်းဖက်မှုကြောင့် ၎င်း၏ လက်နက်၊ ခဲယမ်း အချို့နှင့် အတူ ပျောက်ဆုံးနေသည်မှာ ယခုထိဖြစ်ကြောင်း၊ ၎င်းကို ရှာဖွေဖော်ထုတ် ပေးရန် အစည်းအဝေး ခေါ်ယူ ခဲ့သည်မှာ ယခုဆိုလျှင် တတိယ အကြိမ်မြောက် ဖြစ်ကြောင်း၊ ဇန်န၀ါရီလ ၁၃ ရက်နေ့မှ စ၍ မိမိကိုယ်တိုင် ဂေါ်ဒူသာရ တံတား ကင်းစခန်းတွင် အခြေစိုက် နေထိုင်လျက် ရှိသော်လည်း မည်သူ တစ်ဦးတစ်ယောက်မှ လာရောက်၍ အကြောင်းကြားခြင်း မရှိကြောင်း၊ ဒေသခံများ အနေဖြင့် ဤကိစ္စ ပြီးမြောက်သွားသည်ဟု မယူဆဘဲ ဆက်လက် ဖော်ထုတ်သွားမည်ကို မှတ်ယူရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ စည်းစည်းလုံးလုံးဖြင့် နှုတ်ဆိတ်နေ၍ ရမည် မဟုတ်ကြောင်း၊ ဒေသခံများ အနေဖြင့် ဤကိစ္စကို မဖြစ်မနေ ဖော်ထုတ် ပေးရမည် ဖြစ်ကြောင်း၊ မောရ၀တီရွာနှင့် ဥဒေါင်းရွာကြားသို့ ရဲတပ်ရင်း အမှတ် ၃၉ မကြာမှီ ရောက်ရှိ လာမည်ဖြစ်ကြောင်း၊ လာမည့် ရဲတပ်ရင်း၏ အင်အားကို အသုံးချပြီး ရွာများအားလုံးကို ၀င်ရောက်ရှာဖွေမည် ဖြစ်ကြောင်း၊ အကယ်၍ အင်အားမလုံလောက်ပါက တပ်မမှူးကို အကူအညီတောင်းပြီး စစ်တပ် အင်အားကို ယူသုံးမည် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းက ပဒင်းကျေးရွာတွင် အဒူရော်ဟိမ်း (ခ) မာဇီကို ဖမ်းရန်သွားသည့် အချိန်တွင် ရွာမှ အမျိုးသမီးငယ် များက ၀ိုင်း၍ လာခဲ့ကြောင်း၊ အဒူရော်ဟိမ်းသည် ဒုချီရားတန်း ကိစ္စကို ချုပ်ကိုင် ထားသူ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ၀ိုင်းလာပါက သေနတ်ဖြင့် ပစ်ရန် ဒုရဲအုပ်များကို ပစ်မိန့် ပေးထားပြီး ဖြစ်ကြောင်း၊ အဒူရော်ဟိမ်းသည် ၂၀၁၂ ခုနှစ် အရေးအခင်းတွင်လည်း ပါဝင်ခဲ့သည်ဟု ရဲမှူးချုပ်တင်ကိုကိုက စွပ်စွဲ၍ ထည့်သွင်းပြောကြား ခဲကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ထို့နောက် မြို့နယ် ရဲတပ်ဖွဲ့မှူးက တရား ဥပဒေ စိုးမိုးရေးနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပြီး၊ မြို့နယ် ရဲစခန်းမှူးက ရဲတပ်ကြပ်ကြီး သေဆုံး ပျောက်ဆုံး နေခြင်းနှင့် ပတ်သက်၍ မဖော်ထုတ် မပေးမချင်း ရွာသားများကို ညှဉ်းပန်း နှိပ်စက်သွားမည် ဖြစ်ကြောင်း၊ ရဲများသည် တရား ဥပဒေ စိုးမိုးရေး အတွက် လုပ်ဆောင် နေသူများ ဖြစ်ကြောင်း၊ အနောက်ရွာကို ရဲများက မီးရှို့သည်၊ အောင်ဇံဖြူက လူ ၈ ဦးကို သတ်သည်ဟု ဒေသခံများက ပြောဆို နေကြသော်လည်း နောက်ဆုံးတွင် ဒေသခံများ ကိုယ်တိုင် အလိမ်ခံ နေရပြီဖြစ်ကြောင်း၊ စသည်ဖြင့် ခြိမ်းခြောက်ခြင်း များစွာကို ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မကဖ အဖွဲ့ခွဲမှူးက ကလေး တစ်ယောက် မွေးဖွားလျှင် တစ်ပတ်အတွင်း အကြောင်းကြား၍ အထစ စာရင်းတွင် တင်သွင်းရမည် ဖြစ်ကြောင်း၊ အကယ်၍ ပျက်ကွက်ပါက ထောင်ဒဏ် နှစ်နှစ် အထိ ချမည်ဖြစ်ကြောင်း၊ ထိုနည်းတူစွာ လူတစ်ဦး သေဆုံးလျှင်လည်း တစ်ပတ်အတွင်း အထစမှ ပယ်ဖျက်ပြီး၊ ၎င်းကိုင်ဆောင်သော မှတ်ပုံတင် ကဒ်ပြားကို နီးစပ်ရာ စခန်းသို့ အပ်နှံရမည် ဖြစ်ကြောင်း၊ မအပ်နှံဘဲ တစ်စုံတစ်ဦး လက်ဝယ်တွင် တွေ့ရှိပါက ထောင်ဒဏ် နှစ်နှစ် အထိ ချမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသို့ ထွက်ခွာသွားပါကလည်း အထစမှ အမြန်ဆုံး ပယ်ဖျက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံခြားမှ ပြန်ဝင်လာသူကို လက်ခံထားပါက အိမ်ရှင်ကို ထောင်ဒဏ် ၅ နှစ်အထိ ချမည်ဖြစ်ကြောင်း၊ နစက အဖွဲ့ ဖျက်သိမ်းလိုက်၍ ဆွဲ၊တင်၊စစ်ကို မပြုလုပ်တော့ဟု ယူဆလျှင် မှားမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် နေပြည်တော်သို့ တင်ပြထားပြီး ဖြစ်ကြောင်း၊ မကြာမှီ ဆွဲ၊တင်၊စစ် လုပ်ခွင့် ကျလာမည် ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ပေါင်းစုံနှင့် ပူးပေါင်း၍ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ယခု ဒုချီရာတန်းတွင် လူ ၄၀ ကျော်သေဆုံးသည် ဟုဆိုကာ မီဒီယာများတွင် အမည်စာရင်းများ တွေ့ရကြောင်း၊ မိမိအနေဖြင့် ထိုစာရင်းမှ လူများသည် မိမိတို့၏ ဌာနချုပ်မှ အထစ ပေါင်းချုပ် စာရင်းတွင် မရှိသူများ ဖြစ်ကြောင်းကို နေပြည်တော်သို့ အစီရင်ခံပြီး ဖြစ်ကြောင်း၊ မကြာမှီ သန်းခေါင်စာရင်း ကောက်ခံပါက အချက် ၄၁ ချက်ကို မှန်ကန်စွာ ဖြေဆိုရန် လိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ခရိုင်ဥပဒေ အရာရှိက “ကျွန်တော်က မောင်တောခရိုင် ဥပဒေအရာရှိ၊ ယခုတော့ ညွန်ကြားရေးမှူး ဖြစ်တယ်။ ခင်ဗျားတို့ ၂၀၁၂ ခုနှစ် အရေးအခင်းမှာ ရခိုင်တိုင်းရင်းသား တွေရဲ့ အိမ်တွေကို မီးရှို့ခဲ့တာ ဘာအကျိုးရှိလဲ။ အရင်က အဲဒီအိမ်တွေက သက္ကယ်မိုး ဆိုရင် အခုအဲဒီအိမ်တွေ နှစ်ထပ်အိမ် သွပ်မိုးအိမ် ဖြစ်သွားတယ်။ သူတို့မှာ အရင်က ပိုက်ဆံမရှိဘူး။ အခု ပိုက်ဆံအများကြီး ရှိသွားပြီ။ ခင်ဗျားတို့ ရခိုင်တွေရဲ့ အိမ်တွေကို မီးရှို့တော့ သူတို့ သူဌေး ဖြစ်သွားတယ်။ ကင်တားနား အကြိမ်ကြိမ်လာတယ်။ ခင်ဗျားတို့ကို ဘာအကျိုးမှ မလုပ်ပေးနိုင်ဘူး။ ကင်တားနား မတ်လ ၃၀ ရက်နေ့မှာ အလုပ်ပြုတ်မယ်။ ခင်ဗျားတို့ ခေါင်းဆောင် ဦးရွှေမောင်ကလည်း ရဲလုံခြုံရေးတွေ မီးရှို့တယ်လို့ ပြောတယ်။ ခင်ဗျားတို့ကို ဘာလုပ်ပေးလို့ ရလဲ။ ဘာမှလုပ် မပေးနိုင်ဘူး။ လုပ်ပေးရင် ငါတို့ဘဲ လုပ်ပေးလို့ရမှာ။ ကျွန်တော်တို့ နိုင်ငံမှာ ပဋိပက္ခ ဖြစ်ရင် တခြားနိုင်ငံက ဘာမှလုပ်ပေးလို့ မရဘူး။ လာကြည့်လို့ဘဲ ရမှာ။ ဒုချီရားတန်းမှာ လှည့်ကင်း တာဝန် ထမ်းဆောင် နေတဲ့ ရဲတပ်ကြပ်ကြီး ပျောက်ဆုံးနေတာ ခင်ဗျားတို့အတွက် ဘာအကျိုးရှိလဲ။ အကျိုးက ရဲစခန်း ၅ ခု ထပ်ရတယ်။ ဥဒေါင်းနဲ့ မောရ၀တီကြားကို ရဲတပ်ရင်း ၃၉ လာမယ်။ ခင်ဗျားတို့ရဲ့ အခြေအနေ ဒီထက် ပိုဆိုးလာမှာဘဲ။ ခင်ဗျားတို့ အပြင်တောင် ထွက်လို့မရတဲ့ အခြေအနေ ရောက်လာမယ်” ဟုပြောကြားပြီး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲစခန်းမှူး များကို ပဒင်း ကျေးရွာတွင် အဒူရော်ဟိမ်းကို ဖမ်းဆီးရန် သွားစဉ်က ၀ိုင်းလာသည့် အမျိုးသမီးငယ် များကို ဖမ်းဆီးရန် မှာကြား ခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် ရကဖမှူး ရဲမှူးချုပ်တင်ကိုကိုက နိဂုံးချုပ် ပြောကြားရာတွင် “ကျွန်တော်တို့ ဂေါ်ဒူသာရ တံတား ရဲကင်းမှာ ရှိပါတယ်။ ဒုချီရားတန်း ကိစ္စ မပေါ်မချင်း ကျွန်တော် ပြန်မှာမဟုတ်ဘူး။ ခင်ဗျားတို့ ဖော်ထုတ် ပေးရမယ်။ ကျွန်တော်တို့ ဒုချီရားတန်းရွာကို ရဲတပ်ကြပ်ကြီးနဲ့ ပတ်သက်တဲ့ တရားခံတွေကို ရှာတဲ့အခါ မတွေ့ရင် အားလုံးကို တဖက်နိုင်ငံကို ထွက်ပြေးသွားတယ်လို့ လုပ်ပစ်မယ်။ ရွာကိုလည်း သိမ်းလိုက်မယ် ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားတို့ အစည်းအဝေး အပြီးမှာ ဒုချီရားတန်း အလယ်ရွာကို သွားပြီး ရဲတပ်ကြပ်ကြီးကို ဘယ်နေရာမှာ မြှပ်ထားတယ် ဆိုတာကို ရွာသား နှစ်ယောက်ကို ဂေါ်ဒူသာရ တံတား ရဲကင်းစခန်းကို လာပြောပါလို့ မှာလိုက်ပါ” ဟု ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေး တက်ရောက်သည့် ဒေသခံများက ရကဖမှူး မှာကြားသည့်အတိုင်း ဒုချီရားတန်း အလယ်ရွာသို့ သွားရောက်၍ ဒေသခံများကို ရဲတပ်ကြပ်ကြီးနှင့် ပတ်သက်၍ မေးမြန်းရာ ရွာသားများက ၎င်းတို့အနေဖြင့် ရဲတပ်ကြပ်ကြီးနှင့် ပတ်သက်၍ သိရှိခြင်း မရှိဟု ပြန်လည် ဖြေကြားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဒေသဆိုင်ရာ အာဏာပိုင်များသည် ပြစ်မှုပေါင်းစုံကို ကျူးလွန်ကြပြီး၊ ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုများကို နေပြည်တော် အစိုးရ မသိရှိစေရန် အတွက် ဒေသခံ ပြည်သူများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်၍ ဖုံးဖိကြသည်။ ယခုလည်း ဒုချီရားတန်းနှင့် မသက်ဆိုင်သည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းက ၎င်းကိုယ်တိုင် ဒုချီရားတန်း အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူနှင့် ပူးပေါင်း၍ ကျူးလွန်ခဲ့သည့် ပြစ်မှုကို ဖုံးဖိရန် အတွက် သွားရောက်၍ ဒေသခံများကို ပစ်ခတ် သတ်ဖြတ်ရာမှ ပေါ်ပေါက်ခဲ့သည့် ပြဿနာကို ဒေသဆိုင်ရာ အာဏာပိုင်များက နေပြည်တော် အစိုးရသို့ အမှန်အတိုင်း အစီရင်မခံဘဲ လိမ်ညာ၍ အစီရင်ခံလျက်ရှိပြီး ဒေသခံများကို ခြိမ်းခြောက်နည်း ပေါင်းစုံဖြင့် ခြိမ်းခြောက်လျက် ရှိသည်။
နေပြည်တော် အစိုးရကလည်း အောက်ခြေ အာဏာပိုင်များ အစီရင်ခံသည့် အစီရင်ခံစာကို လက်ကိုင်လျက် နိုင်ငံတကာကို လိမ်ညာနေသည်မှာ နိုင်ငံတော်၏ ဂုဏ်သိက္ခာ ညိုးနွမ်းနေသည်ကို သတိထားဟန် မပေါ်ဘဲ၊ သွားရောက် စုံစမ်းသူများကိုလည်း ဆက်လက် လိမ်ညာရန် ခိုင်းစေလျက်ရှိသည်။

MYARF
RB News
23.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်းတွင် စရဖနှင့် သတင်းတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒေသခံများ၏ သစ်နှင့်ဝါးများကို မတရားသဖြင့် သိမ်းဆည်းလျက်ရှိရာ လွန်ခဲ့သည့် တစ်ပတ်အတွင်း ဒေသခံများ ငွေကျပ် သိန်းတစ်ရာကျော် ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိပါသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် မောင်တောမြို့နယ်၊ မြောက်ပိုင်း ပြူးမချောင်း (ကြိမ်ချောင်း ချောင်း) မှ တဆင့် ဦးကာလာဘော်ဒါ (ဘ) ဦးနူရ်မာမတ်နှင့် အပေါင်းအပါ ၅ ဦးတို့ သယ်ဆောင်လာသည့် ကျပ် ၂၅ သိန်းကျော် တန်ဖိုးရှိ သစ်နှင့်ဝါးများကို ကြိမ်ချောင်း (ဘော်လီဘာဇား) အခြေစိုက် စရဖနှင့် သတင်းတပ်ဖွဲ့တို့က သိမ်းဆည်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ သယ်ဆောင်လာသူ များမှ လောင်းဒုံး ကျေးရွာအုပ်စု ကျွန်းကောင်း (စင်ဂရီ ဖာရာ) မှ ဖြစ်ပြီး၊ စရဖနှင့် သတင်းတပ်ဖွဲ့ တို့က ဖမ်းဆီးရန် လာနေသည်ကို တွေ့ရှိ၍ သစ်နှင့်ဝါးများကို ထားပြီး ထွက်ပြေး ခဲ့ရသည်။ စရဖနှင့် သတင်းတပ်ဖွဲ့မှ သိမ်းဆည်း သွားသည့် ငွေကျပ် ၂၅ သိန်းကျော် တန်ဖိုးရှိ သစ်နှင့်ဝါးများကို မောင်တောမြို့ပေါ်ရှိ Mikko ကုမ္ပဏီသို့ ငွေကျပ် ၁၆ သိန်းဖြင့် ရောင်းချခဲ့ကြောင်း ဒေသခံများမှ ပြောပါသည်။
အလားတူပင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က လောင်းဒုံး ကျေးရွာအုပ်စု၊ မြဇင် (မီဇန်ပုရ်) ကျေးရွာမှ ရိုဟင်ဂျာ အမျိုးသား တစ်ဦး ပိုင်ဆိုင်သည့် ငွေကျပ် သိန်း ၈၀ ကျော်တန်ဖိုးရှိ သစ်နှင့်ဝါး များကိုလည်း သိမ်းဆည်းခဲ့ပြီး၊ Mikko ကုမ္ပဏီသို့ ငွေကျပ် ၂၅ သိန်းဖြင့် ရောင်းချခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရားတန်းရွာသို့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ရောက်ရှိစဉ်က ဒေသခံ ရွာသား တစ်ဦးကို ဓါးဖြင့်ခုတ် ခံရသည့် ဒဏ်ရာများဖြင့် တွေ့ရှိ ခဲ့သဖြင့် မောင်တောမြို့ ပြည်သူ့ ဆေးရုံကြီးသို့ ဆေးကုသရန် ပို့ခဲ့သော်လည်း မောင်တောမြို့မှ ကော်မရှင် ထွက်ခွာပြီးနောက် ရဲများက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဒုချီရားတန်း ကျေးရွာသို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရောက်ရှိခဲ့စဉ်က သေနတ် ဒဏ်ရာ ရရှိထားသူတစ်ဦး၊ ဓါးဒဏ်ရာ ရရှိထားသူ တစ်ဦးတို့နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ဓါးဒဏ်ရာ ရရှိထားသူ ဦးဇီယာဘူ (ဘ) ဦးမာမတ်အာမီးန် (အသက် ၃၀ နှစ်ဝန်းကျင်) ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က တာဝန်ယူ၍ မောင်တောမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသရန် ပို့ပေးခဲ့သည်။
စုံစမ်းရေး စစ်ဆေးရေး ကော်မရှင်သည် မောင်တောမြို့မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထွက်ခွာခဲ့ပြီးနောက် နှစ်ရက်အကြာ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) က ရဲများက ဦးဇီယာဘူကို ဆေးရုံမှ ခေါ်၍ မိသားစုများ ရှိရာရွာသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် မိသားစုများနှင့် ဓါတ်ပုံရိုက်ယူပြီး၊ မိသားစု များကို ပြန်လည် မအပ်နှံဘဲ၊ ပြန်လည် ခေါ်ဆောင်သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ မိသားစုများနှင့် ဓါတ်ပုံရိုက်ယူခြင်းမှာ ကော်မရှင်မှ မေးမြန်းပါက မိသားစုများကို ပြန်လည်အပ်နှံခဲ့သည်ဟု လိမ်ညာရန် ဖြစ်သည်။
ဦးဇီယာဘူသည် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဒုချီရားတန်းရွာတွင် ဇန်န၀ါရီလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် ဖြစ်ပျက်ခဲ့သည် များကို အမှန်အတိုင်း ဖွင့်ဟခဲ့သူ တစ်ဦးဖြစ်သည်။ ယခုအခါ ကော်မရှင် အဖွဲ့ ပြန်သွားပြီးနောက် ၎င်းကို ဖမ်းဆီးသွားခြင်း ဖြစ်ပြီး မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကို မသိရှိ ရသဖြင့် မိသားစုများက ၎င်းကို သတ်ဖြတ်ပစ်မည်ကို အထူးစိုးရိမ်လျက် ရှိကြသည်။
ဒေသခံများက စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဆက်သွယ်၍ အကြောင်းကြားရန် ကြိုးစားသော်လည်း ကော်မရှင်မှ ၎င်းတို့ကို ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်များ မပေးခဲ့သဖြင့် အကြောင်းကြား၍ မရဖြစ်နေကြောင်း၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်က စစ်ဆေး မေးမြန်းခဲ့သည့် သူများ၏ အသက်အန္တရာယ်ကို ကာကွယ်ပေးရန် အထူးလိုအပ်ကြောင်း၊ ယခုအခါ ကော်မရှင်နှင့် တွေ့ဆုံ၍ အမှန်အတိုင်း ထွက်ဆိုခဲ့သူများမှာ ၎င်းတို့၏ အသက်အန္တရာယ်ကို စိုးရိမ်လျက် ရှိကြောင်း RB News သို့ပြောပါသည်။

အောင်ရဲမောင်မောင်
22.2.2014
အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဌာန်းပြီး ဖြစ်တဲ့အတွက် အဲဒီဥပဒေအရ ဖွဲ့စည်ဖို့လိုနေတဲ့ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဖွဲ့စည်းနိုင်ရေး သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၂ဝ နေ့စွဲနဲ့ လွှတ်တော်အကြီးအကဲတွေဆီကို အငြိမ်းစားဗိုလ်ချုပ် မြဝင်း ဦးဆောင်မယ့် ကော်မရှင်အဖွဲ့ဝင်တွေရဲ့အမည်စာရင်း ပေးပို့ခဲ့တာဖြစ်ပါတယ်။
ကောမရှင်မှာပါဝင်မယ့်သူတွေကတော့ အငြိမ်းစားစစ်မှုထမ်းတွေ၊ သံအမတ်ကြီးဟောင်းတွေ၊ စာရင်းစစ်ချုပ်ရုံး၊ ရှေ့နေချုပ်ရုံးနဲ့ အစိုးရဝန်ကြီးဌာနတွေက ညွှန်ကြားရေးမှူးဟောင်းတွေ ဖြစ်ပါတယ်။
အကျင့်ပျက်ခြစားမှုတွေ အကြီးအကျယ်ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒီကော်မရှင်အနေနဲ့ ဘယ်လေက်ထိ အလုပ်လုပ်နိုင်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်။
“ကျနော်ထင်တယ်။ တပ်မတော်အငြိမ်းစားတွေနဲ့ တခြား- စီမံကိန်းတွေနဲ့ပတ်သက်လို့ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ၊ နောက် သံရေး၊ တမန်ရေးနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေပါတဲ့အခါကျတော့ ဘက်ပေါင်းစုံကတော့သုံးသပ်နိုင်လိမ့်မယ်လို့ထင်တယ်။ ဥပဒေအတိုင်းဘယ်လောက်အထိ လိုက်နာကျင့်သုံးပြီးကာမှ ထိထိရောက်ရောက် ဆောင်ရွက်မလဲဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။”
လာဘ်ပေးလာယူကိစ္စဟာ မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ ပြဿနာဖြစ်နေတဲ့အတွက် ပထမဆုံးအကြိမ် ပြန်လည် ဖွဲ့စည်းလိုက်တဲ့ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဟာ ကြီးလေးတဲ့တာဝန်ကို ထမ်းကြရမှာဖြစ်တယ်လို့ ရှုမြင်တဲ့အကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီကပြောပါတယ်။
“တနည်းအားဖြင့် လာဘ်ပေးလာဘ်ယူဆိုတာက အခွင့်အရေးတစ်ခုအနေနဲ့ကို ထင်ထင်ပေါ်ပေါ်ခံစားနေတဲ့ ပြဿနာက အဲဒါကို အရင်ဆုံး နှိပ်ကွပ်ပစ်ရမှာ။ လာဘ်ပေးလာဘ်ယူဆိုတာဟာ အခွင့်အရေးတစ်ခုမဟုတ်ဘူး၊ ဂုဏ်ယူစရာမဟုတ်ဘူး၊ ရှက်စရာကောင်းတဲ့အရာပါလား ဆိုတာကို အဲဒါကို လူတွေစိတ်ထဲဝင်အောင် ကျနော်တို့ အဓိကလုပ်ရလိမ့်မယ်။ ဘာလို့လဲဆို ပြောရမယ်ဆိုရင် ပေးတဲ့သူတွေကပါ အကျင့်ပါနေပြီဗျာ။ တဘက်က မတောင်းခင်က ကြိုပြီး ပေးရမယ်ဆိုတဲ့အသိကိုက ဝင်နေတယ်။ ဝင်နေတဲ့အတွက် ကျနော်တို့ လာဘ်ပေးလာဘ်ယူကို တိုက်ဖျက်တဲ့အခါမှာ၊ ဥပဒေကြောင်းအရ ကော်မရှင်တွေနဲ့ တိုက်ဖျက်တဲ့အပိုင်းကလည်းတပိုင်း၊ အရေးယူတဲ့အပိုင်းကလည်းတပိုင်းပေါ့၊ နောက်တပိုင်းမှာ လူတွေရဲ့ mindset မှာကိုက၊ လူတွေရဲ့စိတ်နေသဘာဝမှာကိုက လာဘ်ပေးလာဘ်ယူဆိုတာ ရှက်စရာ၊ လာဘ်ပေးလာဘ်ယူဆိုတာ မလုပ်ကောင်းတဲ့အရာဆိုတဲ့ အဲဒီအသိဝင်အောင်လည်း ကျနော်တို့ ကြိုးစားကြရလိမ့်မယ်။”
အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ ကော်မရှင်တစ်ရပ် ဖွဲ့ပြီးပြီးဆိုရင်တော့ အလုပ်ဖြစ်အောင်လုပ်ဖို့ လိုပြီးတော့ ထိရောက်မှုမရှိတဲ့ ကော်မရှင်တစ်ရပ်မဖြစ်ဖို့လိုတယ်လို့ သုံးသပ်ပါတယ်။
“ကော်မရှင်ဖွဲ့တယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ တကယ်လည်း ကိုင်တွယ်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ ကော်မရှင်အဖွဲ့ရှိပြီးတော့ တကယ်တန်းအလုပ်မဖြစ်ဘူးဆိုရင်တော့ ပြောနေကြတဲ့အတိုင်းပေါ့။ ကော်မရှင်တွေ၊ ကော်မတီတွေဖွဲ့ပြီးတော့ လုပ်နိုင်ခြေမရှိလည်း အလကားပဲပေါ့ဗျာ။ အဲလို ပြောသံတွေတော့ ရှိတာပေါ့ဗျာ။ ဝေဖန်သံတွေ ရှိပါတယ်။”
ဒီကော်မရှင်မှာ သမ္မတက ရွေးချယ်ပေးသူ ၅ ဦး၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေက ရွေးချယ်ပေးသူ ၅ ဦးစီနဲ့ စုစုပေါင်း ၁၅ ဦး ပါဝင်ပြီး ကော်မရှင်ဥက္ကဋ္ဌအဖြစ် အငြိမ်းစား ဗိုလ်ချုပ်မြဝင်းနဲ့ အတွင်းရေးမှူးအဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးတင်ဦးတို့ကို တာဝန်ပေးဖို့ လျာထားတယ်ဆိုပြီး တင်ပြလာတာပါ။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမှာ ကော်မရှင်အဖွဲ့ဝင်တွေဟာ တည်ကြည်ဖြောင့်မတ် သမာသမတ်ရှိသူတွေလို့ သတ်မှတ်ခံထားရသူတွေဖြစ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမှာ တာဝန်ထမ်းနေသူတွေမဖြစ်ရသလို အစိုးရဌာနနဲ့၊ ဏုမ္ပဏီဝန်ထမ်းတွေ၊ လူမွဲအဖြစ် ကြေညာခံထားရသူ၊ လာဘ်ပေးလာဘ်ယူမှုနဲ့ အရေးယူခံထားရသူတွေ မဖြစ်ရဆိုပြီးသမ္မတရဲ့ အဆိုပြုချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
Transparency International နိုင်ငံတကာ ပွင့်လင်းမြင်သာမှု စောင့်ကြည့်ရေးအဖွဲ့ရဲ့ မနှစ်ကထုတ်ပြန်တဲ့ အညွန်းကိန်းတွေအရဆိုရင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံမှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုအဆင့်ဟာ ၁၅၇ မှာ ရှိနေဆဲဖြစ်ပါတယ်။
![]() |
| ယူကရိန်း အစိုးရ ဆန့်ကျင် ကန့်ကွက်သူတွေ ဒိုင်းအကာများနဲ့ ပါလီမန် အဆောက်အဦး ဆီသို့ ချီတက်နေစဉ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄) |
22.2.2014
ရွေးကောက်ပွဲကို မေလမကုန်ခင် ကျင်းပနိုင်အောင်လို့ သမ္မတ ယန်နိုကော်ဗစ်ခ်ျ ရာထူးကနေ နုတ်ထွက်ပေးပါလို့ အတိုက်အခံခေါင်းဆောင် Vitaly Klitschko က ဒီကနေ့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီကနေ့မှာပဲ ယူကရိန်းလွှတ်တော်ဥက္ကဌသစ်ကို ရွေးချယ်ခဲ့ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌသစ်
Oleksandr Turchynov ဟာ ထောင်ကျနေတဲ့ အတိုက်အခံခေါင်းဆောင် Yulia Tymoshenko နဲ့ ဟိုးအရင်ကတည်းက မဟာမိတ်ဖွဲ့ထားသူ ဖြစ်ပါတယ်။
အရင်အစိုးရလိုလားသူ လွှတ်တော်ဥက္ကဋ္ဌဟောင်းက ကျန်းမာရေးအကြောင်းပြချက်နဲ့ တာဝန်ကနေ နုတ်ထွက်သွားပြီး မကြာခင်မှာပဲ ဥက္ကဋ္ဌသစ်ကို ဒီကနေ့ ရွေးချယ်ခန့်အပ်တာလည်း ဖြစ်ပါတယ်။ Tymoshenko ပြန်လွှတ်လာနိုင်တဲ့ ဥပဒေတခုကို ပြင်ဆင်ဖို့ လွှတ်တော်အမတ်တွေ မနေ့တုန်းကလည်း မဲခွဲအတည်ပြုခဲ့ကြပါတယ်။
နိုင်ငံရေးပြဿနာတွေအဆုံးသတ်နိုင်ဖို့ သမ္မတနဲ့ အတိုက်အခံခေါင်းဆောင်တွေကြား ရရှိထားတဲ့ သဘောတူချက်ကို ကန့်ကွက်ကြသူ ထောင်နဲ့ချီဟာ Kyiv မြို့တော်ထဲက လွတ်လပ်ရေးရင်ပြင်မှာ ဆက်ပြီးရှိနေကြပါတယ်။
သမ္မတ Viktor Yanukovych ရာထူးကနေ ချက်ချင်းဆင်းပေးဖို့ ဆန္ဒပြသူအများက ဆက်ပြီး တောင်းဆိုနေကြပါတယ်။ ယူကရိန်းအစိုးရနဲ့ အတိုက်အခံတို့ သောကြာနေ့က လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်ဟာ အလွန့်အလွန်ကို အတိမ်းအစောင်းမခံနိုင်တဲ့ အနေအထားမှာ ရှိနေပြီး ကမ္ဘာတဝန်းထောက်ခံမှု လိုအပ်တယ်လို့ အမေရိကန်က ပြောကြားခဲ့ပါတယ်။
လတ်တလောဖြစ်ထားတဲ့ အကြမ်းဖက်မှုတွေ သေဆုံးမှုတွေကြောင့် ဒီသဘောတူညီချက်အပေါ် လမ်းပေါ်ထွက် ဆန္ဒပြသူတွေ လက်ခံနိုင်အောင် လုပ်ဖို့တော့ ခက်ခဲလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရသူက ပြောပါတယ်။
ယူကရိန်းနိုင်ငံ အရေးနဲ့ပတ်သက်လို့ သမ္မတ Barack Obama က Russia သမ္မတ Vladimir Putin ကို သောကြာနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့ပါတယ်။ သဘောတူညီချက်တွေထဲကအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ အကြမ်းဖက်မှုတွေ ရှောင်ရှားကြဖို့ ၂ ဘက်လုံးကို အမေရိကန်နဲ့ Russia သမ္မတတို့က တိုက်တွန်းခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
![]() |
| (ဓါတ်ပုံ - MAPIM Facebook) |
Hla
RB News22.2.2014
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဒုက္ခသည်များကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ ကူညီရန် လာရောက်ခဲ့သည့် မလေးရှားနိုင်ငံ အခြေစိုက် MAPIM မှ ကိုယ်စားလှယ် ၃ ဦးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရခိုင်အစွန်းရောက် များက အကြမ်းဖက်ရန် ကြိုးစားခဲ့ရာမှ လွတ်မြောက်ခဲ့ပြီး မလေးရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိ သွားကြောင်း သတင်းရရှိပါသည်။
မလေးရှားနိုင်ငံ အခြေစိုက် အန်ဂျီအို အဖွဲ့အစည်း တစ်ခုဖြစ်သည့် MAPIM မှ အဖွဲ့ဝင် ၇ ဦးတို့သည် မြန်မာအစိုးရ၏ ခွင့်ပြုချက်ဖြင့် စစ်တွေမြို့သို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရောက်ရှိခဲ့သည်။ အဖွဲ့ဝင် ၃ ဦးသည် မြ တည်းခိုခန်းတွင် တည်းခိုခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီတွင် မိုဟာမတ် မိုဟာမင်း ဆာမတ်နှင့် မိုဟာမတ် ဖီသရီ အဟမတ်တို့သည် အောင်မင်္ဂလာ ရပ်ကွက်သို့ သွားရောက်၍ ဒေသခံများ၏ အခြေအနေကို လေ့လာခဲ့သည်။
အောင်မင်္ဂလာမှ အပြန် မြ တည်းခိုခန်းသို့ ရောက်ရှိပြီးနောက် ရခိုင်အစွန်းရောက်များ ရောက်ရှိလာပြီး ၎င်းတို့၏ ကင်မရာများကို စစ်ဆေးရန် တောင်းဆိုပြီး၊ အကြမ်းဖက်မည့် အသွင်သို့ ပြောင်းလဲရန် ကြိုးစားနေချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀ ခန့်ရောက်ရှိ လာခဲ့ပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် ရခိုင်အစွန်းရောက် အချို့၏ မေးခွန်းများကို အဆိုပါ MAPIM အဖွဲ့ဝင်များမှ ဖြေကြားခဲ့ ရကြောင်း၊ ကံကောင်းထောက်မ၍ မလေးဘာသာ စကားတတ်ကျွမ်း တစ်ဦးကို တွေ့ရှိခဲ့ပြီး ကောင်းမွန်စွာ ဘာသာပြန် နိုင်ခဲ့မှုကြောင့် ၎င်းတို့၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို သိရှိခဲ့ကြပြီး၊ အန္တရာယ် စက်ကွင်းမှ လွတ်မြောက် လာနိုင်ခဲ့ခြင်း ဖြစ်ကြောင်း မလေးရှား နိုင်ငံမှ သတင်းစာ တစ်စောင်တွင် ရေးသား ဖော်ပြထားသည်။
၎င်းတို့ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် လင်းအားကြီး ၁ နာရီ အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက မြ တည်းခိုခန်းမှ စစ်တွေမြို့ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့ပြီး၊ ထိုမှတဆင့် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပို့ဆောင် ပေးခဲ့သည်။ ရန်ကုန်မြို့မှ တဖန် ညနေပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ လေကြောင်းခရီးဖြင့် တင်ဆောင် ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
MAPIM သည် စစ်တွေမြို့တွင် အခြေစိုက်၍ နှစ်ဖက် လူမှုအသိုင်းအ၀ိုင်း များကို လူသားချင်း စာနာ ထောက်ထားသည့် အထောက်အပံ့ များကို ကူညီဆောင်ရွက် ပေးနေသည်မှာ အချိန်ကြာမြင့် နေပြီ ဖြစ်သော်ငြားလည်း၊ ရခိုင်အစွန်းရောက် အုပ်စုမှ ရိုဟင်ဂျာ ဒုက္ခသည်များကို ကူညီပေးခြင်းကို မလိုလားသည့် အတွက် ယခုကဲ့သို့ တိုက်ခိုက်ရန် ကြိုးစားခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ ပြည်တွင်း သတင်းမီဒီယာများမှ ဝေဖန် ပြောဆိုနေကြသည်။ ထို့အပြင် အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံသို့ မလာရောက်မှီ မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် အကြောင်းကြား ခဲ့သော်လည်း လုံခြုံရေး ရအောင် ဆောင်ရွက်ပေးခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။
MYARF
RB News
22.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွက်ညိုတောင် ကျေးရွာနှင့် သရက်အုပ် ကျေးရွာ အကြားရှိ တံတားကင်းစခန်းတွင် အမျိုးသမီးငယ် ၃ ဦး မဖွယ်မရာ ပြုလုပ်ခံရပြီးနောက် ငွေညှစ်ခံရသူများထဲမှ နှစ်ဦးကို ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မောင်တောမြို့နယ် ရွက်ညိုတောင် ကျေးရွာနှင့် သရက်အုပ် ကျေးရွာ အကြားရှိ တံတားကင်းစခန်းမှ စခန်းအမှတ် (၁၂) လုံထိန်း စခန်းမှူးက သရက်အုပ်ရွာသို့ မင်္ဂလာဆောင်ပွဲ တက်ရန်သွားနေသည့် ရိုဟင်ဂျာ လူငယ် ၅ ဦးကို ဘင်္ဂလား မိုဘိုင်းဖုန်း ဆင်းမ်ကဒ် လက်ဝယ် ရှိသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၅ သောင်းစီ ညှစ်ယူခဲ့သည်။ အမျိုးသမီးငယ် ၃ ဦးကို မဖွယ်မရာ ပြောဆို ဆက်ဆံ၍ ကိုယ်ထိလက်ရောက် စော်ကားမှုများပါ ပြုလုပ်ခဲ့သည်။ အဆိုပါသတင်းကို RB News တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖော်ပြခဲ့သည်။ (http://bit.ly/1jTgPbA)
ယနေ့ နေ့လည် ၁၂ နာရီအချိန်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ငွေညှစ်ခံရသူ များထဲမှ မဇာဟီဒါဘေဂမ် (ဘ) ဦးဇော်ဟိရ် အာမတ် (အသက် ၁၇ နှစ်) နှင့် ရော်ရှိတ်အာမတ် (ဘ) ဦးဇာဖော်ရ်အာမတ် (အသက် ၁၉ နှစ်) တို့နှင့် ၎င်းတို့၏ ဖခင်များကို လုံထိန်းစခန်းသို့ ဆင့်ခေါ်၍ စခန်းမှူးက “ဟိုတစ်နေ့က ကိစ္စကို RB News ကိုဘာကြောင့် ပြောတာလဲ။ မင်းတို့ဆီက ယူခဲ့တဲ့ငွေ နှစ်သိန်းငါးသောင်းက အခုထိ ရွက်ညိုတောင် အုပ်ချုပ်ရေးမှူး ဆီမှာဘဲ ရှိသေးတယ်။ အဲဒါကို ဘာကြောင့် ငါယူတယ်ဆိုပြီး သတင်းပို့တာလဲ။ ခုတော့ မင်းတို့ဆီက ရတဲ့ ဘင်္ဂလား ဆင်းမ်ကဒ်နဲ့ တရားဆွဲမယ်” ဟု ပြောဆို ခြိမ်းခြောက်ရာ လူငယ်နှစ်ဦး၏ ဖခင်များက အဆိုပါ သတင်းကို ၎င်းတို့ ပို့ခဲ့ခြင်း မဟုတ်ကြောင်း၊ ဆင်းရဲ နွမ်းပါးသူ များဖြစ်၍ ယခုကဲ့သို့ စွပ်စွဲပြီး တရားဆွဲလျှင် နစ်နာဒုက္ခ ရောက်ရမည် ဖြစ်ကြောင်း၊ အမျိုးမျိုး ပြော၍ တောင်းပန်သော်လည်း စခန်းမှူးက ကြိမ်ချောင်း ရဲစခန်းတွင် ရဲမှူးကိုယ်တိုင် ဤကိစ္စကို စစ်ဆေးရန် ရှိသည်ဟုဆိုကာ နေ့လည် ၃ နာရီခန့်တွင် ကြိမ်ချောင်း ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။
စခန်းမှူးက ကြိမ်ချောင်း ရဲစခန်းတွင် မေးမြန်းပါက ဆင်းမ်ကဒ် တစ်ခုကို လမ်းတွင် ကောက်ရခဲ့သည်ဟု ထွက်ဆိုပါက အမှုလျှော့မည်ဟု လိမ်လည်ထွက်ဆိုရန် ပြောကြားခဲ့သည်။ ကြိမ်ချောင်း ရဲစခန်းတွင် လူငယ်နှစ်ဦးနှင့် ဖခင်တို့ကို စစ်ဆေးပြီးနောက် ညနေ ၅ နာရီတွင် မောင်တောရဲစခန်းသို့ ခေါ်ဆောင်လာ၍ လူငယ်နှစ်ဦး ဖြစ်သည့် မဇာဟီဒါဘေဂမ်နှင့် ရော်ရှိတ်အာမတ်တို့ကို ထိန်းသိမ်းထားကြောင်း သိရှိရပါသည်။
အဆိုပါ ရွက်ညိုတောင် ရွာသား လူငယ်များသည် RB News နှင့် ပတ်သက်သူများ မဟုတ်ဘဲ၊ ဒေသတွင်းရှိ သတင်းထောက်များ၏ စုံစမ်းမှုကြောင့် မတရားသဖြင့် မဖွယ်မရာ ပြုလုပ်ခံရမှုနှင့် ငွေညှစ်ခံရမှု အကြောင်း သတင်းအဖြစ် ပါလာခြင်း ဖြစ်သည်။ ဒေသတွင်းရှိ အာဏာပိုင် များသည် ဒေသခံ ရိုဟင်ဂျာ များကို မတရားညှင်းပန်း နှိပ်စက် ငွေညှစ်သည့် အပြင် ယခုကဲ့သို့ မီဒီယာတွင် သတင်းပါလာခြင်း အတွက် ဖမ်းဆီးခြင်းမှာ ဥပဒေမဲ့ လုပ်ရပ်သာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ အောက်ခြေ အာဏာပိုင်များမှ မင်းမဲ့စရိုက် ဆန်ဆန် ပြုလုပ်နေသည်ကို ပြည်ထောင်စု အစိုးရမှ အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် လိုကြောင်း ဒေသခံများမှ RB News သို့ပြောပါသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ဗိုလ်မှူးရွာ လုံထိန်း ကင်းစခန်းမှ လုံထိန်းများက ငွေညှစ်ခြင်းကို ခံရသည့် ကျူရှင်ဆရာ တစ်ဦးကိုလည်း RB News တွင်သတင်းပါ လာသည့် အတွက်ဟုဆိုကာ မောင်တော ရဲစခန်းမှ စခန်းမှူးက ဆင့်ခေါ်၍ အမျိုးမျိုး ခြိမ်းခြောက် ခဲ့ကြောင်း သိရှိရပါသည်။
RB News
22.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်း ကွမ်းသီးပင် ကျေးရွာတွင် ဒေသခံ ရိုဟင်ဂျာများအား နေအိမ်များ တိုးချဲ့ဆောက်လုပ် နေသည်ဟု စွပ်စွဲ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
မောင်တောမြို့နယ်၊ မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ အပိုင် ကွမ်းသီးပင် ကျေးရွာအုပ်စု၊ နံ့သာတောင် အလယ်ရွာသို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေ၊ ဆယ်အိမ်မှူး နှစ်ဦးနှင့် ချောင်းဝ ရဲကင်းစခန်းမှ ရဲများ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရောက်ရှိ လာခဲ့ပြီး ဒေသခံ ရိုဟင်ဂျာ အချို့ကို နေအိမ်များ တိုးချဲ့ဆောက်လုပ် နေသည်ဟု စွပ်စွဲ၍ မတရားသဖြင့် ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ငွေညှစ်ခံရသူများမှာ --
(၁) ဒေါ်အနိုဝါဘေဂမ် (ဘ) ဦးအဘူရှာမာ (အသက် ၄၅ နှစ်) - ပေးရသည့်ငွေ ကျပ် ၂၅၀၀၀/-
(၂) ဦးဆယာဒ်အာလမ် (ဘ) ဦးအဘူတာလတ် (အသက် ၅၅ နှစ်) - ပေးရသည့်ငွေ ကျပ် ၂၅၀၀၀/-
(၃) ဦးဆယာဒ်မာမတ် (ဘ) ဦးအဘူရှာမာ (အသက် ၅၆ နှစ်) - ပေးရသည့်ငွေ ကျပ် ၂၈၀၀၀/-
(၄) ဦးအဘူဆီဒိတ် (ဘ) ဦးဆယာဒ်အာလမ် (အသက် ၂၅ နှစ်) - ပေးရသည့်ငွေ ကျပ် ၂၃၀၀၀/-
(၅) ဦးဆယာဒုလ္လာ (ဘ) ဦးမာမတ်ဆီဒိတ် (အသက် ၂၆ နှစ်) - ပေးရသည့်ငွေ ကျပ် ၂၅၀၀၀/-
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းတွင် ၁၉၉၀ ခုနှစ်နှောင်းပိုင်းမှ စ၍ နစကမှ နှစ်စဉ် ဆွဲ၊တင်၊စစ် စီမံကိန်းချမှတ် ခဲ့ပြီး၊ မိသားစု ၀င်များ၏ ဓါတ်ပုံများ၊ နေအိမ်များ၏ ဓါတ်ပုံများကို အသေးစိတ် မှတ်တမ်းတင်ခဲ့သည်။ နေအိမ်ပြုပြင်လျှင်ပင် နစကမှ ခွင့်ပြုမိန့် ယူခဲ့ရပြီး၊ နစကမှ တောင်းသည့် ငွေကြေးကို ပေးမှသာ ပြုပြင်ခွင့် ရခဲ့ကြသည်။ ယခုအခါ ကျေးရွာ အုပ်ချုပ်ရေးမှူး များက ၎င်းတို့ ရာထူးရရေး အတွက် ဒေသဆိုင်ရာ အာဏာပိုင်များကို လာဘ်ထိုးရသည့် ငွေကြေးများ ပြန်လည်ရရှိရေး အတွက် ဒေသခံများအား မတရား အနိုင်ကျင့်၍ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိခြင်း ဖြစ်သည်။

| အိုဘားမားနဲ့ ဒလိုင်းလားမားတွေ့ဆုံခဲ့ကြစဉ်က။ |
21.2.2014
တရုတ်နိုင်ငံထဲမှာရှိနေတဲ့ တိဘက်လူမျိုးတွေအတွက် အလယ်အလတ် ချဉ်းကပ်မှုလို့ ဆိုတဲ့ သီးခြားလွတ်လပ်ဖို့အတွက်လဲ မဟုတ် တသားထဲ အံဝင်ဖို့ အတွက်လဲ မဟုတ်တဲ့ ဘုန်းတော်ကြီး Dalai Lama ရဲ့ ရပ်တည်မှုဆောင်ရွက်မှုကို အမေရိကန်က ထောက်ခံတယ်လို့ အိမ်ဖြူတော်ရဲ့
ကြေညာချက်မှာ ဖော်ပြပါတယ်၊ ဒီတွေ့ဆုံမဲ့အစီအစဉ်ကို ဖျက်ဖို့ တရုတ်နိုင်ငံခြားရေးဌာနက အမြန်အဆန်ပဲ တိုက်တွန်းခဲ့ပါတယ်။
တရုတ် အမေရိကန် ဆက်ဆံရေး အတွက် အကြီးအကျယ် ထိခိုက်မဲ့ သံတမန်ရေးအရ အကျိုးဆက်တွေ ရှိလာနိုင်တယ် လို့ တရုတ် နိုင်ငံခြားရေး ဌာနပြောခွင့်ရသူက သတိပေးခဲ့တာပါ၊ 2010 နဲ့ 2011 ခုနှစ်တွေ တုန်းကလဲ သမ္မတအိုဘားမားနဲ့ ဘုန်းတော်ကြီး Dalai Lama တို့တွေ့ဆုံခဲ့ အပြီး တရုတ်အစိုးရဖက်က အလားတူခြိမ်းခြောက်မှုမျိုး လုပ်ခဲ့ဖူးပါတယ်။
![]() |
| လိုင်ဇာရှိ ကချင်ဒုက္ခသည်စခန်းတစ်ခု။ |
မနန္ဒာချမ်း
21.2.2014
မြန်မာနိုင်ငံတ၀ှမ်း သန်းခေါင်စာရင်း ကောက်ယူမယ့် ကိစ္စ လောလောဆယ် ရွှေ့ဆိုင်းထားသင့်ကြောင်း ပြောဆိုမှုတွေ ရှိနေပေမဲ့ - အစိုးရ ကတော့ လာမယ့် မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့ အထိ မြန်မာနိုင်ငံအနှံ့မှာ သန်းခေါင်စာရင်းကို ကောက်ယူ သွားမယ်လို့ ကြေညာ ထားတာပါ။ ဒီလိုကြေညာထားပေမဲ့လို့ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အခုချိန်ထိ ညွှန်ကြားထားတာမျိုးတွေ မရှိသေးဘူးလို့ ဒုက္ခသည်ရေးရာကော်မတီတွေ က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး မရသေးတဲ့ကာလမှာ အခုလို သန်းခေါင် စာရင်း ကောက်ယူမှု တွေက ဒုက္ခသည်တွေရဲ့ ရသင့်တဲ့ အခွင့်အရေးတွေကို ဆုံးရှုံးနိုင်တယ်လို့ လိုင်ဇာအခြေစိုက် ကချင်ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆာ က ပြောပါတယ်။
" ဒါက ကျနော်တို့က စစ်ပြေးဒုက္ခသည်ဆိုတော့ ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသမှာ ပြန်ဖို့ဆိုတာက လုံခြုံမှုရှိမှ ကျနော်တို့ ပြန်နိုင်မယ့်အခြေအနေ၊ သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီးမှ ကျနော်တို့ ဘာမှ စဉ်းစားထားတာ မရှိပါဘူး။ ကျနော့်အမြင်ပေါ့လေ။ ဒါ IDP ကာလမှာ ကျနော်တို့ သန်းခေါင်စာရင်း လုပ်လာလို့ရှိရင် ကျနော်တို့အတွက် နစ်နာမှုအများကြီးရှိတယ်လို့ ကျနော် ဒီလိုပဲ ယူဆရမယ်။ ဘာဖြစ်လို့ဆိုတော့ IDP ကနေ ကိုယ့်ရပ်ရွာမှာ ကိုယ့်ပိုင်ဆိုင်တဲ့ နယ်မြေ အိမ်ထောင်စာရင်းဖြစ်လို့ သူတို့လက်ခံမလား။ အဲ့တာတွေ အများကြီး ရှိတယ်။ ဒါကြောင့်မို့လို့ IDP မှာ စာရင်းကောက်ရင်တော့ နစ်နာမှုအများကြီးရှိနိုင်ပါတယ်။"
အဲ့ဒီလိုင်ဇာဒေသမှာဆိုရင် IDP ဒုက္ခသည်စခန်း ၄ ခုရှိပြီး ဒုက္ခသည် ဦးရေကတော့ ၁ သောင်း ၅ ထောင်နီးပါးရှိတယ်လို့ လည်း ဦးဒွဲပီဆာက ပြောဆိုခဲ့ပါတယ်။
အလားတူ ဒုက္ခသည်ဦးရေ သိန်းနဲ့ချီရှိတဲ့ ထိုင်းနယ်စပ်တလျှောက် ဒုက္ခသည်စခန်း တွေမှာလည်း ဒီသန်းခေါင်စာရင်းကောက်ယူမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူ ဘယ်သူကမှ ပြောဆိုလာတာ မရှိသေးဘူးလို့လည်း ကရင်ဒုက္ခသည်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ထွေး က ပြောပါတယ်။
"ဒုက္ခသည်စခန်းက သန်းခေါင်စာရင်းကောက်ဖို့ရာ အစီအစဉ်လည်း မရှိဘူး။ အဲ့ဒီ့ကိစ္စနဲ့ပတ်သက်တာ KNU ကလည်း ဒုက္ခသည်စခန်းက ညွှန်ကြားချက် ဘာမှလည်း တခုမှ မလာဘူး။"
အရင်ကတော့ ဒီသန်းခေါင်စာရင်းကောက်မှုနဲ့ ပတ်သက်ပြီး KNU ကရင်အမျိုးသားအစည်းအရုံးက သူတို့ထိန်းချုပ်ရာ နယ်မြေမှာရှိတဲ့ သူတွေကို သူတို့ကိုယ်တိုင် ကောက်ယူခွင့်ပြုဖို့ အစိုးရကို တောင်းဆိုထားတာပါ။ ထိုင်းနယ်စပ်တလျှောက်မှာဆိုရင် ကရင်ဒုက္ခသည် စခန်း စုစုပေါင်း ၇ ခုထိရှိပြီး ဒုက္ခသည်ဦးရေကတော့ ၁ သိန်း ၇ သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တခြား တိုင်းရင်းသားဒုက္ခသည်စခန်းတွေလည်း ရှိနေတာဖြစ်ပါတယ်။
တခါ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြားမှာတော့ - တချို့လည်း ဒီသန်းခေါင်စာရင်း ကောက်ယူမယ့် ကိစ္စနဲ့ပတ်သက်ပြီး ပြန်သင့်-မပြန်သင့် ဒွိဟဖြစ်နေကြတယ်လို့ FTUB မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ပြောပါတယ်။ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက အလုပ်သမားရေး တာဝန်ခံ ဦးကျော်ကျော်လွင် ကတော့ မြန်မာအလုပ် သမားတွေအနေနဲ့ ပြန်စရာ မလိုတဲ့ အကြောင်း သူတို့ကို ပြောဆိုထားတယ်လို့ FTUB မဟာချိုင်ဒေသ တာဝန်ခံ ကိုဖိုးခွား က ပြောပြပါတယ်။
"သန်းခေါင်စာရင်းကတော့ ဦးကျော်ကျော်လွင်တို့ပြောတာပေါ့နော်။ ကိုယ်က မြန်မာနိုင်ငံသားဖြစ်တယ်။ မြန်မာနိုင်ငံသားဖြစ်ရဲ့သားနဲ့ ပြည်ပမှာ လုပ်ကိုင်စားသောက်နေတယ်။ မြန်မာပြည်မှာပေါ့ ဟိုဟာပေါ့ ဘယ်လိုပြောမလဲ။ မြန်မာပြည်မှာ မိသားစုဝင်တွေ ကျန်ခဲ့တယ်ဆိုရင် သူတို့ကသွင်းပေးလို့ရတယ်ပေါ့နော်။ အဲ့ဒီ့သန်းခေါင်စာရင်းစာရင်းကို သွင်းပေးလို့ရတယ်ပေါ့နော်။ အဲ့တာတွေက ကျယ်ကျယ်ပြန့်ပြန့် တကယ်မသိတဲ့သူက များနေတယ်လေ။ တချို့ကျတော့ ငါတို့ မြန်မာပြည်ကိုပြန်ရတော့မယ်။ သန်းခေါင်စာရင်းလုပ်ရမယ်။ အဲ့လိုမျိုးလူတွေက များတယ်။ "
မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမယ့် ဒီသန်းခေါင်စာရင်း အစီအစဉ်ဟာဆိုရင် နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်လည်ကောက်ယူမှုလည်း ဖြစ်ပါတယ်။
![]() |
| (ဓါတ်ပုံ - AFP) |
မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ၏ သတင်း ထုတ်ပြန်ချက်
သောမတ်စ် အိုဟေးယား ကင်တားနားမှ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ထုတ်ပြန်ပါသည်။
ကျွန်တော့်ရဲ့ ၆ ရက်တာ ကြာမြင့်ခဲ့တဲ့ ဒီခရီးစဉ်ကို ယနေ့ အဆုံးသတ်လိုက်ပါသည်။ ကျွန်တော်သည် ပေးအပ်ထားသော ဤ Mandate တာဝန်တွင် ၆နှစ်တာ အပြည့်အ၀ထမ်းဆောင်ခဲ့ပြီးဖြစ်သည့်အတွက် အခုခရီးစဉ် သည် န၀မအကြိမ်မြောက်နှင့် နောက်ဆုံးခရီးစဉ်ဖြစ်သည်။ ယခုလိုလာရောက်နိုင်ရန် စီစဉ်ဖိတ်ကြားပြီး ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အတွက် မြန်မာနိုင်ငံအစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။
နေပြည်တော်တွင် ကျွန်တော်သည် နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံတော်သမ္မတ ရုံးဝန်ကြီးများ ၊ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် သစ်တောထိန်းသိမ်းရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ အပြင် ရှေ့နေချုပ်၊ တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားရုံးချုပ် အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းနှင့် နိုင်ငံတကာဆက်ဆံရေးလွှတ်တော် ကော်မတီများ အပါအ၀င် လွှတ်တော် ကော်မတီများမှ အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံတော် သမ္မတ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ အကြံပေးများနှင့် ရဲချုပ်ကြီးနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပါသည်။
ရန်ကုန်တွင် ကျွန်တော်သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ ရသူများ၊ အကျဉ်းသား စီစစ်ရေး ကော်မတီ၊ သတင်းမီဒီယာများမှ ပုဂ္ဂိုလ်များ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ လူထုအခြေပြုလွတ်လပ်မှု တောင်းဆိုသူများ၊ မြေယာပိုင်ဆိုင်မှု အခွင့်အရေး တောင်းဆိုသူများ၊ လူ့အခွင့်အရေးရှုထောင့်မှ ဖွံ့ဖြိုးမှုဆောင်ရွက် လိုသူများပါဝင်သည့် လူမှုအခြေပြု အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ရှေ့နေများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အင်းစိန်အကျဉ်းထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ နှစ်ဦး တို့နှင့် တွေ့ခဲ့ပါသည်။ ထို့အပြင် ကျွန်တော်သည် ခရီးစဉ်တွင် အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် လည်းကောင်း ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်များနှင့် လည်းကောင်း သံတမန်အသိုင်းအ၀န်းတို့နှင့်လည်း တွေ့ဆုံခဲ့ရသည်။ ကျွန်တော်၏ ခရီးစဉ်တွင် ကူညီထောက်ပံ့ ပေးခဲ့သော ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှုးနှင့် ဌာနေကိုယ်စားလှယ်အဖွဲ့ကိုလည်း အထူးကျေးဇူးတင် ရှိကြောင်း ပြောလိုပါသည်။
ယခုခရီးစဉ်အတွင်း ကျွန်တော်ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး စစ်တွေအကျဉ်းထောင်၊ စစ်တွေမြို့ရှိ ရွှေစေတီကျောင်း၊ IDP ကယ်ဆယ်ရေးစခန်းများနှင့် အောင်မင်္ဂလာရပ်ကွက်သို့ သွားရောက်ခဲ့ပါသည်။ ကျွန်တော် ကချင်ပြည်နယ် ကိုလည်း သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည့်အပြင် ကချင် လွတ်မြောက်ရေးအဖွဲ့(KIO)မှ တာဝန်ရှိသူများ၊ လူမှုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။ ကျွန်တော် KIO ၏ ဌာနချုပ်ရှိရာ လိုင်ဇာသို့လည်း သွားရောက်ခဲ့ပြီး Je Yang စစ်ဘေးရှောင် ဒုက္ခသည် ကယ်ဆယ်ရေးစခန်းသို့လည်း သွားရောက်ခဲ့ပါသည်။ ကျွန်တော်သည် ရန်ကုန်မြို့၏ တောင်ဘက်အရပ်တွင် ရှိသော သီလ၀ါအထူးစီးပွားရေးဇုံကိုလည်း သွားရောက်ခဲ့ပြီး စီမံကိန်းကြောင့် ရွှေ့ပြောင်းခံ ရသူများနှင့် တွေ့ခဲ့ပြီး သီလ၀ါထိန်းသိမ်းမှုကော်မတီဝင်များနှင့်လည်း ဆွေးနွေးခဲ့သည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာရှိ လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းအပါအ၀င် လက်ပန်းတောင်းတောင် ကြေးနီတွင်း စီမံကိန်းဆောင်ရွက်မှုများကို လေ့လာပြီး ကြေးနီတွင်းဆန့်ကျင်သူများ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းကို ဆောင်ရွက်နေသည့် ၀မ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။
ကချင်ပြည်နယ်
အစိုးရနှင့် မြန်မာနိုင်ငံတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်ရှိငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးကျိုးပမ်းချက်များဖြင့် ကျွန်တော် စတင်ပြောပါရစေ။ ပြည်နယ်အစိုးရ၊ နိုင်ငံတော်အစိုးရနှင့် KIO တို့သည် ကျွန်တော့်အား အစိုးရထိန်းချုပ်နယ်မြေအောက်၌ မရှိသော ကချင်ပြည်နယ် လိုင်ဇာသို့သွားရောက် ခွင့်ပြုခဲ့သည်။ ထိုသို့ သွားရောက်နိုင်ခဲ့ခြင်းသည် လူ့အခွင့်အရေး အထူးအစီအရင်ခံစာ တင်သွင်းသူတစ်ဦးအနေဖြင့် လိုင်ဇာသို့ ပထမဆုံး သွားရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤခရီးစဉ်ကို ခွင့်ပြုခြင်းသည် ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် လူ့အခွင့်အရေးအစိတ်အပိုင်းများ ပါဝင်နိုင်စေခြင်းကို အထောက်အကူပြုပြီး အစိုးရနှင့် KIO အဖွဲ့တို့အကြား ယုံကြည်မှု တည်ဆောက်ပေးစေမည့် ကောင်းမွန်သော အပြုအမှုတစ်ရပ်ဟု ကျွန်တော် ယူဆ ပါသည်။
လိုင်ဇာတွင် KIO မှ ဥက္ကဌနှင့် ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တာဝန်ရှိသူများနှင့် တွေ့ဆုံသည့်အခါ ၄င်းတို့က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် ဆန္ဒရှိကြသော်လည်း နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုကိုပါ အာမခံချက် တောင်းဆိုသည်။ အပစ်အခတ်ရပ်စဲမှုသဘောတူညီချက်တွင် လူ့အခွင့်အရေး အခြေအနေပေါ်မှာ အပြုသသော သက်ရောက်မှု ချက်ချင်းရှိနိုင်စေမည်ဟု ကျွန်တော့်အနေဖြင့် ယူဆသည့်အချက်အလက်များဖြစ်သည့် စစ်တပ်ဆုတ်ခွာမှု အပါအ၀င် တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကိုပါ ထည့်သွင်းရေးဆွဲစေလိုကြောင်း ၄င်းတို့က ထုတ်ဖော်ပြောခဲ့သည်။
မြစ်ကြီးနားမှ လိုင်ဇာသို့ ကားဖြင့်သွားသော ခရီးစဉ်တလျှောက်တွင် တိုးဝင်လာသော စစ်တပ်ကို ရှောင်ပြေးခဲ့ရပြီး စွန့်ခွာထားသော ရွာများကို ကျွန်တော်တွေ့ခဲ့ရသည်။ လိုင်ဇာရှိ Je Yang ဒုက္ခသည်စခန်းမှာ ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ရွာများသို့ တိုးဝင်လာသည့် စစ်တပ်များကြောင့် ပြင်းထန်စွာ ရွှေ့ပြောင်းလိုက်ရသောသူများနှင့် တွေ့ခဲ့ရပြီး ၄င်းတို့၏ မိသားစုနှင့် ရပ်ကျေးလူထု ကြုံတွေ့ခဲ့ရသော လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ကြားသိခဲ့ရသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အဓမ္မပြုခြင်း၊ လက်လွတ်စပယ် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် စစ်ကြောရေးတွင် နှိပ်ဆက်ညှင်းပန်းခြင်း အပါအ၀င် လတ်တလော ဖြစ်ပွားခဲ့သော ဖြစ်ရပ်များတွင် လူအခွင့်အရေးချိုးဖောက်မှု ရှိခဲ့သည်ဟု စွပ်စွဲချက်များ ကြားသိခဲ့ရသည်။ နေပြည်တော်ရောက်ရှိချိန်တွင် အာဏာပိုင်တွေကို ဤအကြောင်းတွေ ကျွန်တော်တင်ပြခဲ့သည်။ KIA တပ်မှ ကလေးစစ်သားများ ဆက်လက် စုဆောင်းနေကြောင်း စွပ်စွဲချက်များအပေါ် ကျွန်တော် စိုးရိမ်မကင်းရှိကြောင်း KIO အဖွဲ့အား ကျွန်တော်ပြောကြားခဲ့သည်။ လိုင်ဇာကို သွားရောက်ခြင်းအားဖြင့် ပဋိပက္ခ ဖြစ်ပွားမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု မည်မျှဆက်စပ်မှုရှိသည်ကို ကျွန်တော် အနီးကပ် သိရှိလာခဲ့ရပြီး လာမည့်လများတွင် အမျိုးသား အပစ်အခက်ရပ်စဲမှု သဘောတူညီချက်ရရှိရန် မည်မျှပင် အရေးကြီးလှသည်ကို ကျွန်တော် ကောင်းစွာ သဘောပေါက် ခဲ့သည်။
ကျွန်တော် သွားရောက်ခဲ့သည့် ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ဒေသတွင်းက ဘာသာရေး အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂကတို့မှ ထောက်ပံ့နေသော လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ မည်မျှပင် အရေးပါလှသည်ကို ကြားသိခဲ့ရသည်။ ထို့ကြောင့် ပြည်နယ်နှင့် ဗဟိုအာဏာပိုင်များက အစိုးရထိန်းချုပ်မှု နယ်မြေအောက်၌ မရှိသော ဒေသများသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးသောအဖွဲ့များက ပုံမှန်နှင့် ကြိုတင်တွက်ဆနိုင်သော လက်လှမ်းမီနိုင်ခြင်းရှိနိုင်ရန် ခွင့်ပြုချက်ပေးခြင်းသည် အရေးပါကြောင်း ထင်ရှားစေပါသည်။
အမျိုးသားအပစ်အခက်ရပ်စဲရေးဆွေးနွေးမှုများ
အမျိုးသားအပစ်အခက်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုခြင်းသို့ ဦးတည်သော အပြုသဘောဆောင် ရွက်သည့် တိုးတက်မှုများ ဆက်လက်ပြီးရှိနေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၄ ဖွဲ့နှင့် လတ်မှတ်ရေး ထိုးနိုင်ခဲ့ပြီး ယခုအခါ ၂ဖွဲ့သာ ကျန်ရှိပါတော့သည်။ ရှေ့လာမည့် ဧပြီလမှာ တမျိုးသားလုံးအပစ်အခတ်ရပ်စဲနိုင်မည့် အလားအလာ ရှိနေပါသည်။ ကျွန်တော့်အနေဖြင့် ယခုလို တိုးတက်မှုကို ဆက်လက်၍ ချီးမွမ်းပြီး ထောက်ခံပါသည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ဆက်လက်၍ ယုံကြည်မှုတည်ဆောက်ရန်သာ လိုပါတော့သည်။ စောင့်ကြည့်စစ်ဆေးသည့်ယန္တရားများ(Monitoring Mechanisms) မရှိသောကြောင့် အပစ်အခက် ရပ်စဲရေး သဘောတူညီချက်စာချုပ် အကောင်အထည်ဖော်ဆောင်ရေး အားနည်းနေသည်။ ကရင်ပြည်နယ် အပါအ၀င် ဒေသမြောက်များစွာ တွင် တပ်မတော်သည် စစ်တပ်အင်အားလျှော့ချခြင်း မပြုခဲ့သည့်အပြင် လက်ရှိ ရှေ့တန်းကင်းစခန်းများကို ပိုမိုအားဖြည့်ခဲ့ပြီး မြေယာများလည်း သိမ်းခဲ့သည်။ ပြည်ထောင်စုအစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆောင်ရွက်လျှက်ရှိသော်ငြားလည်း စစ်တပ်က ဆက်လက်၍ တိုးဝင်လာပြီး ရှေ့တန်းကင်းစခန်း များကို ၀င်ရောက်တိုက်ခိုက်လျှက် ရှိသည်ဟု KIO က ကျွန်တော့်အားပြောပါသည်။ နေပြည်တော်တွင် သက်ဆိုင်ရာ အကြီးတန်းအရာရှိများက ဤပြဿနာကို ဖြေရှင်းရန် ဌာနတွင်းအချင်းချင်း ပိုမိုညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း လက်ခံပြောဆိုခဲ့သည်။ ထို့အပြင် အပစ်အခက်ရပ်စဲမှု ဆွေးနွေးပွဲများတွင် အောက်ခြေလူထု ပါဝင်ခြင်းမရှိသဖြင့် ချုပ်ဆိုထားပြီးသော သဘောတူစာချုပ်များ အကောင်အထည် ဖော်ဆောင်ရာတွင် လူထုယုံကြည်မှု ကင်းမဲ့နေ ကြောင်း တွေ့ရှိရသည်။ ဆွေးနွေးညှိနှိုင်းမှုများတွင် ပွင့်လင်းမြင်သာမှု မရှိသောကြောင့် တိုင်းရင်းသားခေါင်းဆောင် များ စီးပွားရေး အကျိုးအမြတ်ရရှိစေသဖြင့် ဆွေးနွေးပွဲများတွင် မိမိ၏ အကျိုးများအပေါ် အမှန်တကယ် ဆွေးနွေးမှု ရှိမရှိကို ရပ်ကျေးလူထုများက သံသယ ရှိလာသည်။
ရှိနေသော မကျေနပ်ချက်များကို ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးပြီးချိန်တွင် ဘက်ပေါင်းစုံပါဝင်သော နိုင်ငံရေး ဆွေးနွေးမှုများ ချက်ခြင်းဆက်လက် ဖော်ဆောင်နိုင်ရန် လိုအပ်ပေသည်။ သို့မှသာ ယုံကြည်မှုကွာဟမှုများကို ပြန်လည်စေ့စပ်ပေးနိုင်ပါလိမ့်မည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများဦးဆောင်ပေးနေသော သမ္မတရုံး ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံရာတွင် ၄င်းက အမျိုးသား အပစ်အခက်ရပ်စဲရေးသဘောတူညီမှုစာချုပ် ရေးထိုးပြီးသည့်နောက်တွင် နိုင်ငံရေးဆွေးနွေးပွဲများ ချက်ခြင်းစတင်ရန် အစိုးရက သန္နိဋ္ဌာန်ချထားကြောင်း ကျွန်တော့်အားပြောကြားခဲ့သည်။ ယုံကြည်မှုကင်းမဲ့ခြင်းပြဿနာကို ဖြေရှင်းနိုင်ရန် အစိုးရက အပြည်ပြည်ဆိုင်ရာ ကြားဝင်ဆောင်ရွက်သူများ(International Mediators) ပါဝင်ခွင့်ပြုရန် လိုပေသည်။
ဆွေးနွေးမှုများ မည်သည့်လမ်းကြောင်းပေါ်ရောက်စေကာမှု စစ်တပ်နှင့် စစ်တပ်မဟုတ်သောအဖွဲ့ (Non-state Actors)များက လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာဥပဒေများကို လိုက်နာကျင့်သုံးရန် လိုအပ်ပေသည်။ ၄င်းသည် ကျွန်တော့်၏ အလုပ်တာဝန်(Mandate)တလျှောက် တစိုက်မတ်မတ် တောင်းဆိုခဲ့ သည့် အချက်ပင်ဖြစ်ပေသည်။ ကျွန်တော်၏ ခရီးစဉ်များတွင် ဒုက္ခသည်များနှင့် ဒေသတွင်း ပြောင်းရွှေ့ခံရသူများကို တောက်လျှောက်တွေ့ဆုံခဲ့ပြီး ၄င်းတို့၏အဖြစ်အပျက်များ စိုးရိမ်ကြောင့်ကြမှုများနှင့် အနာဂတ်အတွက် မျှော်လင့်ချက်များ ကို ကြားသိခဲ့ရသည်။ ၄င်းတို့မှာ မိမိ၏ဌာနေသို့ ပြန်လိုသော်လည်း မိမိတို့ထွက်ပြေးရခြင်း အကြောင်းရင်းဖြစ်သော စစ်တပ်ကို ဆက်လက်၍ ကြောက်ရွံပြီး ယုံကြည်မှုကင်းမဲ့ လျှက်ရှိသည်။ ဒုက္ခသည်များ ဌာနေသို့ ပြန်လာလိုစိတ် ရှိလာနိုင်ရန် ကရင်ပြည်နယ်ကဲ့သို့ ပြည်နယ်အချို့တွင် ပြည်ထောင်စုနှင့် ပြည်နယ်အာဏာပိုင်များက မြေယာပြန်လည် ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကြောင်း အခွင့်အရေး အာမခံချက်များ ပေးရန်လိုအပ်ပေသည်။ ရပ်ကျေးလူထုများကို ကြိုဆိုသောအားဖြင့် ပြန်လည်သင့်မြတ် မှုကို နိုင်ငံတော်အစိုးရက ထင်ရှားစွာ ထုတ်ဖော်ရန် လိုအပ်ပေသည်။
အခြေခံဥပဒေပြင်ဆင်ရေး
မြန်မာနိုင်ငံ၏တိုင်းရင်းသားများအတွင်း စွဲငုပ်နေသော မကျေနပ်ချက်များကို ဖြေရှင်းနိုင်ရန် အခြေခံဥပဒေ ပြင်ဆင်မှုများ လိုအပ်ပါသည်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်နိုင်ရန်အတွက် အခြေခံဥပဒေ ပြင်ဆင်ရေးအား ခွဲခြားထား၍ မရနိုင်ပါ။ ပြုပြင်ပြောင်းလည်းမှုသည် တိုင်းရင်းသားပြည်သူလူထု၏ မျှော်မှန်းချက် နှင့် အနာဂတ်ကို ကိုယ်တိုင်ဖော်ထုတ်ခွင့်ရှိစေပြီး မိမိတို့၏ ဒေသတွင်း သယံဇာတများ၏ အကျိုးအမြတ်ကို ခံစားခွင့် ရှိစေရမည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်လည်း အခြေခံဥပဒေ ပြင်ဆင်ရေးလိုအပ်ပေသည်။ စစ်တပ်ကို ဒီမိုကရေစီ မဆန်သော အာဏာများပေးအပ်ထားခြင်းကို ရင်ဆိုင်ဖြေရှင်းရမည့် အပြင်၊ ဒီမိုကရေစီကျင့်စဉ်များ ပိုမိုရှိသော လွှတ်တော်ကို ဖော်ဆောင်ခြင်း၊ ပြည်သူက မိမိ၏အစိုးရနှင့် သမ္မတကို ရွေးချယ်ပိုင်ခွင့် ဦးထိပ်ထားခြင်း စသည့် ပြုပြင်ပြောင်းလဲမှုများ လိုအပ်ပေသည်။
ဥပဒေပြုရေးဆိုင်ရာ အခြားပြုပြင်ပြောင်းလဲမှုများ
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုတည်ဆောက်ပြီး လူ့အခွင့်အရေးများကို ဆုပ်ကိုင်သော ပတ်ဝန်းကျင် ဖော်ဆောင်နိုင်ရန် အခြေခံဥပဒေပြောင်းလဲမှုအပြင် အခြားဥပဒေပြောင်းလဲမှုများလည်း လိုအပ်ပါသည်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်စည်းရုံးခွင့် ဥပဒေ ပုဒ်မ ၁၈ ပြောင်းလဲရန်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံနှုန်းများ ရှိသော အသင်းအဖွဲ့ဥပဒေ နှင့် ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေ ချမှတ်ရန် လိုအပ်ပေသည်။ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လွတ်မြောက်လာသူတို့မှာ မိမိတို့အားစွဲဆိုထားသော ပြစ်မှုဆိုင်ရာ ဥပဒေများဆက်လက်၍ တည်ရှိနေသဖြင့် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နှင့် စုဝေးခွင့် စသည့် လူ့အခွင့်အရေးများကို ချိုးဖောက်ဆဲရှိနေပါသည်။ အာဏာပိုင်များနှင့် တွေ့ဆုံရာတွင် ဤဥပဒေနှင့် အခြားဥပဒေများ ပြောင်းလဲလျှက် ရှိနေသည်ဟု ထပ်မံပြောကြားခဲ့သော်လည်း ထင်ရှားသော ဖော်ဆောင်မှုများ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ဥပဒေပြုပြောင်းလဲချက်များမှာ အချိန်ယူရမည်ဖြစ်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်လက်၍ ရှိစေသော ဥပဒေများကို လွှတ်တော်က ဦးစားပေး၍ ပြောင်းလဲရန် လိုအပ်ပေသည်။
သတင်းမီဒီယာလွတ်လပ်ခွင့်
မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့် ပိုမို တိုးမြင့်လာကြောင်း ကျွန်တော် ချီးမွမ်းပြောကြား ခဲ့ပါသည်။ သို့ရာတွင် လက်ရှိအခြေအနေမှာ သတင်းမီဒီယာ၏ လွတ်လပ်ခွင့်သည် အတိုင်းအတာတခုသာ ရှိနေပါသည်။ ယခုခရီးစဉ်တွင် သတင်းစာဆရာကြီးများက မသေချာမရေရာသော အခြေအနေဖြင့် လုပ်ကိုင်နေရပြီး စစ်တပ်နှင့် အခြားအာဏာရှိလူတန်းစားများ၏ အရေးကိစ္စများအကြောင်း နီးစပ်စွာရေးသားထုတ်ဖော်လာပါက ဖမ်းဆီးခြင်းကို စိုးရိမ်နေရသော အခြေအနေအောက်တွင် လုပ်ကိုင်နေရကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သော ရက်သတ္တပတ်များက ယူနတီဂျာနယ်မှ သတင်းစာဆရာ ၄ ဦးနှင့် အကြီးတန်းအရာရှိ ၁ ဦး တို့သည် ဓာတုလက်နက်စက်ရုံများအကြောင်း သတင်း ရေးသားစုံစမ်းရာတွင် ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံခဲ့ရပေသည်။ ကယားပြည်နယ်တွင် Daily Eleven မှ သတင်းထောက်တစ်ဦးသည် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်သော သတင်းလိုက်ရင်း ၃ လ အကျဉ်းချခံခဲ့ရသည်။ ကျွန်တော် အင်းစိန်ထောင်ရောက်စဉ်က ယူနတီဂျာနယ်မှ သတင်းစာဆရာများကို တွေ့ရန်ကြိုးစားခဲ့သော်လည်း ၄င်းတို့အား လွန်ခဲ့သော ၂ရက်က အခြားအကျဉ်းထောင်သို့ ပြောင်းရွှေ့ထားကြောင်း သိရှိခဲ့ရသည်။ ကျွန်တော် ပြန်ကြားရေးဝန်ကြီးနှင့် တွေ့ခဲ့စဉ်က ယာယီစာနယ်ဇင်း ကောင်စီနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံရန်နှင့် သတင်းစာဆရာများသည် အာဏာပိုင်များနှင့် ငြင်းပွားမှုရှိပါက ကြားဝင်ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။ လျှို့ဝှက်မှုကြီးမားသော သတင်းလိုက်သည့် သတင်းစာဆရာများအား ထိန်းသိမ်းချုပ်နှောင်ခြင်းသည် မြန်မာနိုင်ငံ၏ အတိတ်တွင်သာ ထားခဲ့ရမည့် လုပ်ရပ်ဖြစ်ပေသည်။
ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်မှာ ပြည်နယ်ရဲချုပ်နှင့် ကျွန်တော် အချိန်ယူဆွေးနွေးခဲ့ပါသည်။ ဇန္န၀ါရီလ ၁၃ရက်နှင့် ၁၄ရက်နေ့၌ ဒူချီးယာတန်းရွာမှာ ရွာသားများကခေါ်ဆောင်ပြီးသတ်ဖြတ်ခဲ့သည်ဟု သိခဲ့ရသော ရဲအရာရှိ တစ်ဦးအား ရဲသား ၁၀၀ ကျော်က ကျည်ပါလက်နက်များဖြင့် ကြီးမားသောလုံခြုံရေး စီမံချက်ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်ရဲချုပ်က ပြောပါသည်။ ရွာသားများအား ကိုယ်ထိလက်ရောက်ခံစားစေပြီး ၄င်းတို့၏ ပစ္စည်းများ ပျက်ဆီးစေသည့် အဖြစ်အပျက်များရှိခဲ့ခြင်းကို ၄င်းက ငြင်းဆိုခဲ့ပေသည်။ သို့ရာတွင် အဆိုပါရဲစီမံချက်ဆောင် ရွက်နေစဉ် ဆိုးဝါးသော လူအခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဟု စွပ်ဆွဲချက်များကို ကျွန်တော် ဆက်လက်၍ ရရှိသည့် အပြင် ထိုစွပ်ဆွဲချက်များတွင် ရခိုင်လူအုပ်များပါဝင်ပြီး အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများ ရက်စက်စွာ သက်ဖြတ်ခြင်း၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုခြင်းနှင့် ပစ္စည်းဥစ္စာလုယက် မီးရှို့ခြင်း စသည့် စွပ်ဆွဲချက်များလည်း ပါဝင်သည်။ ပြည်တွင်းစုံစမ်းမှုများသည် ဤဆိုးရွားသော စွပ်စွဲချက်များကို ကျေနပ်မှုရသည် အထိ ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံအစိုးရသည် အရေးကြီးသော အကြောင်းအရာများဖြစ်သည့် အဓမ္မစေခိုင်းခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရဲနှင့် စစ်တပ်အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံချိန် စံနှုန်းများနှင့်ဆိုင်သော သင်တန်းများပေးအပ်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀န်းနှင့်အတူ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြသခဲ့သည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံလက်ရှိရင်ဆိုင် နေရသော အရေးကြီးဆုံးစိန်ခေါ်မှု တစ်ရပ်ကိုပါ ထည့်သွင်းဖြေရှင်းသွားရန် လိုအပ်နေပေသည်။ ထိုစိန်ခေါ်မှုမှာ နိုင်ငံ၏ သမိုင်းတလျှောက်တွင် ပြစ်ဒဏ်ပေးခြင်းမှ ကွင်းလုံးကျွတ် လွတ်ကင်းခွင့်ရှိနေကြခြင်း(impunity) ပင်ဖြစ်သည်။ အကယ်၍ နိုင်ငံတော်သမ္မတမှ မကြာခင်ကဖွဲ့စည်းခဲ့သော ဒူချီယားတန်းဖြစ်ရပ်စုံစမ်းရေး ကော်မရှင် သည် နိုင်ငံတကာစံချိန်စံနှုန်းပြည့်မီသော စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ခြင်းမပြုနိုင်ပါက မြန်မာနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတို့ ပူးပေါင်းပြီး ဒူချီယားတန်းဖြစ်ရပ်မှန်ကို ဖော်ထုတ်နိုင်သော ခိုင်လုံမှုရှိသည့် စုံစမ်းစစ်ဆေးရေး ဆောင်ရွက်ကာ လူ့အခွင့်အရေးချိုးဖောက်သည့် မည်သူ့ကိုမဆို အရေးယူရမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀န်း၏ နည်းပညာကူညီမှု၊ ပါဝင်ခြင်းနှင့် ထောက်ပံ့ခြင်း ရှိသော စုံစမ်းစစ်ဆေးမှု သည် မြန်မာနိုင်ငံတွင်း၌ ပြစ်ဒဏ်ပေးခြင်းမှ ကွင်းလုံးကျွတ် လွတ်ကင်းခွင့်ရှိနေခြင်းထုံးစံကို ပယ်ဖျက်နိုင်ရန် အခွင့်အလမ်း တစ်ရပ်ပင်ဖြစ်သည်။
ဤအကြောင်းနှင့် စပ်လျှဉ်း၍ ဒူချီယားတန်းအဖြစ်အပျက်ကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှုရရှိနိုင်ရန်နှင့် နိုင်ငံတကာ ကျွမ်းကျင်သူများ ပါဝင်ခြင်းအတွက် အကြံပေးမှုများကို ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးရာတွင် ၄င်း၏ ပွင့်လင်းမှုကြောင့် ကျွန်တော် အားတက်ခဲ့သည်။
ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ဒုက္ခသည်များ၏ အခြေအနေမှာ ယခုအချိန်အထိ စိုးရိမ်မကင်း ဖြစ်ဖွယ်ရာ ရှိနေသေးသည်။ မူဆလင်အသိုင်းအ၀န်းသည် ဗုဒ္ဓဘာသာအသိုင်းအ၀န်းနှင့် ကင်းကွာစွာ ဖယ်ထုတ်ခြင်းခံရပြီး ၄င်းတို့၏ လွတ်လပ်စွာ သွားလာခွင့်မှာ လုံးဝ ပိတ်ပင်ခြင်းခံရသည်။
ကျွန်တော် အောင်မင်္ဂလာရပ်ကွက်ကို တဖန်သွားရောက်လေ့လာ ခဲ့ပါသည်။ ထိုရပ်ကွက်မှာ စစ်တွေမြို့ လယ်ရှိ လူမျိုးတစ်စုနေ ကန့်သတ်ရပ်ကွက်(ghetto)ဟုသာ ဆိုနိုင်ပေသည်။ ထိုကဲ့သို့ လွတ်လပ်စွာ သွားလာမှုအပေါ် ချိန်ရွယ်ကန့်သတ်ခြင်းသည် အခြားလူ့အခွင့်အရေးများဖြစ်သော အသက်မွေးဝမ်းကြောင်း ရှာနိုင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့အပေါ် သက်ရောက်မှုရှိသည့်အပြင် ရိုဟင်ဂျာ အသိုင်းအ၀န်းအပေါ် စနစ်တကျ ခွဲခြားဆက်ဆံမှုကို ပိုမိုခိုင်မြဲစေပါသည်။
အထူးစိုးရိမ်ဖွယ်ဖြစ်ရသည့်အချက်မှာ ရိုဟင်ဂျာများအပေါ် မုန်းတီးမှု လှုံဆော်ဆောင်ရွက်မှုများရှိနေခြင်း ပင်ဖြစ်ပါသည်။ သာမန်ရခိုင် ဗုဒ္ဓဘာသာဝင်များသည် နှစ်ပေါင်းများစွာ လစ်လျူရှုခြင်း ခံထားရသည့် ၄င်းတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများအား လေးစားစေလိုခြင်း၊ မြှင့်တင်ကာကွယ်လိုခြင်းတို့ကို ရိုးဆင်းစွာနှင့် တရားနည်းလမ်းကျစွာ လိုလားကြပါသည်။ ရခိုင်ဗုဒ္ဓဘာသာအသိုင်းအ၀န်း၏ နာကျည်းခံစားချက် များကို ကြားနာလက်ခံစဉ်းစားပေးရမည်။ သို့သော်လည်း အချို့ လူထုအခြေပြုအဖွဲ့များနှင့် နိုင်ငံရေးအဖွဲ့ အစည်းများက ၄င်းတို့အား မိမိတို့၏ နိုင်ငံရေးနှင့် အစွန်းရောက် ရည်ရွယ်ချက်များ ဖော်ကျုးနိုင်ရန် ကြိုးကိုင် အသုံးချပြီး အမုန်းတရားဖြစ်ပေါ်စေရန် လှုံဆော်မှုများ ပြုလုပ်လျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် အကျိုးဆက်များ အဖြစ်တွေ့ရှိရသည်မှာ ရိုဟင်ဂျာများအား ပြင်းထန်သည့် တိုက်ခိုက်မှုများ ဖြစ်ပေါ်စေခဲ့ပြီး အဆိုပါ အကြမ်းဖက်မှုများ သည် ရခိုင်ပြည်နယ် ပြင်ပသို့ ကူးစက်ပြန့်နှံခဲ့ပါသည်။
ရိုဟင်ဂျာများနှင့် ရခိုင် ဗုဒ္ဓဘာသာဝင်များအား အသက်ကယ်တင်သည့် အကူအညီများပေးနေသည့် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများလုပ်ဆောင်နေသည့် အဖွဲ့အစည်းများအား ခြိမ်းခြောက်မှုများ ပိုမိုများပြားလာပြီး ၄င်းတို့၏ လုပ်ငန်းလုပ်ဆောင်မှုများကို တားဆီးမှုများ ရှိနေပါသည်။ ဤလုပ်ရပ်များကို ရပ်တန်းက ရပ်နိုင်ကြရန် ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များက အမုန်းတရားဟောပြောခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဥပဒေစိုးမိုးရေးနှင့်အညီ ရင်ဆိုင်တားမြစ်ရန် လိုအပ်ပေသည်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအား ပြန်လွှတ်ပေးရာတွင် မြန်မာနိုင်ငံအနေဖြင့် တိုးတက်မှု များစွာ ရှိခဲ့ပါသည်။ ၂၀၁၁ခုနှစ် မေလမှ စတင်ပြီး နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့် ၁၅ ကြိမ် ကြေညာခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူပေါင်း ၁၁၀၀ကျော်အား လွှတ်ပေးခဲ့ပါသည်။ အဆိုပါအချက်မှာ ဦးသိန်းစိန် အစိုးရအတွက် အထူးအရေးပါသည့် အောင်မြင်မှုဖြစ်ပါသည်။ လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလက ဖွဲ့စည်းခဲ့သည့် အကျဉ်းသားများ စီစစ်ရေးကော်မတီ၏ လုပ်ဆောင်ချက်များကိုလည်း ကျွန်တော် ချီးကျူးလိုပါသည်။
အချို့သော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ကျန်ရှိနေပါသေးသည်။ နေပြည်တော်တွင် ကျွန်တော် ဦးစိုးသိမ်း နှင့် တွေ့ဆုံစဉ် ၄င်းက ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အားလုံးကို လွှတ်ပေးရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျွန်တော့်ကို ထပ်လောင်း ကတိပေး ပြောကြား ခဲ့ပါသည်။ အကျဉ်းသားများ လွတ်မြောက်စေရန်နှင့် နောင်အနာဂတ်တွင် နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်းမပြုရန် အကျဉ်းသားများ စီစစ်ရေးကော်မတီနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် ကျွန်တော် အစိုးရကို တိုက်တွန်းပြောကြားလိုပါသည်။
ထို့အပြင် ယုံကြည်ချက်ကြောင့် ဖမ်းဆီးခြင်းများကို နောင်အနာဂတ်တွင် တားဆီးနိုင်ရန်အတွက် လိုအပ်သော ဥပဒေနှင့် ဌာနပိုင်းဆိုင်ရာ(Institutional Reform) ပြုပြင်ပြောင်းလဲမှုများ ယခုအချိန်အထိ ဖော်ဆောင်ထားခြင်း မရှိသေးပါ။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်နေ့က ထုတ်ပြန်ခဲ့သည့် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဥပဒေဆိုင်ရာ အမှုများလည်း ပလပ်ခဲ့ပါသည်။ သို့ရာတွင် ဤဥပဒေများနှင့် ပြဿနာတက်ဖွယ်ရှိနိုင်သော အခြားဥပဒေများမှာ တည်ဆဲရှိနေ ပါသည်။ နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီးနောက်ပိုင်း မြေပိုင်ခွင့် အခွင့်အရေး လှုပ်ရှားသူ များ အပါအ၀င် အခြားသူများကိုလည်း အဆိုပါ ဥပဒေ ပုဒ်မ ၁၈ အရ ဖမ်းဆီးမှုများ ရှိခဲ့ပါသည်။
လွှတ်တော်က မတရားအသင်းဖျက်သိမ်းခြင်းဥပဒေအပါအ၀င် အဆိုပါဥပဒေများကို ဦးစားပေး ပြောင်းလဲ သွားရန် လိုအပ်ပေသည်။ ထိုကဲ့သို့ လုပ်ဆောင်နေချိန်တွင် ဤကဲ့သို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံနှုန်းများ မမီသော ဥပဒေများကို ရဲနှင့် တရားရေးမဏ္ဍိုင်တို့က မကျင့်သုံးတော့ရန် အစိုးရမှ တာဝန်ယူလုပ်ဆောင်ပေးရမည်။
စစ်တွေအကျဉ်းထောင်အတွင်း သန်းရွှေအမည်ရှိ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော ရိုဟင်ဂျာ အကျဉ်းသားတစ်ဦးအား ကျွန်တော် တွေ့ဆုံခဲ့ပါသည်။ ၄င်းအားဖမ်းဆီးရခြင်း အကြောင်းအရင်းမှာ ကျွန်တော် လွန်ခဲ့သည့်နှစ် သြဂုတ်လအတွင်းက ဘူးသီးတောင်မြို့သို့ရောက်စဉ် ကျွန်တော်နှင့် လာရောက်တွေ့ဆုံရန် ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုသို့သော လူ့အခွင့်အရေးချိုးဖောက်မှုသည် လူ့အခွင့်အရေး အစီအရင်ခံစာ တင်သွင်းသူအား လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး ၄င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများကို နားထောင်ခွင့် တားမြစ်မှုဖြစ်၍ ကျွန်တော့်အား အပ်နှင်းထားသည့်တာဝန်အား ထိခိုက်စေပါသည်။ စစ်တွေအကျဉ်းထောင်တွင် ကျော်လှအောင်နှင့် လည်းကောင်း အင်းစိန်အကျဉ်းထောင်သို့ မကြာသေးခင်က ပြောင်းရွှေ့ခဲ့သော ဒေါက်တာထွန်းအောင်နှင့်လည်း ကောင်း တွေ့ဆုံခဲ့ပြီး အဆိုပါ အသက်ကြီး အကျဉ်းသားများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သည့်အဖွဲ့မှ ၀န်ထမ်း ၃ ဦး တို့အား အမြန်ဆုံးလွှတ်ပေးရန်လိုကြောင်း အစိုးရအား ထပ်လောင်းပြောကြားခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ( ILO )နှင့် ဆက်သွယ်ပြီး စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုခဲ့သည့် အတွက် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ဦးချစ်ကိုနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ထိုအချက်အရ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအား နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်မှု ထမ်းဟောင်းများ အကျုံးဝင်ခြင်းမရှိကြောင်း သိရသည်။ အဆိုပါအချက်အား အစိုးရအနေဖြင့် ဖြေရှင်းရန် လိုမည်ဖြစ်သည်။ ကျွန်တော် အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး နေပြည်တော်တွင် ပြည်ထဲရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့ ပါသည်။
ရဲအချုပ်ကျနေစဉ် ညှင်းပန်းနှိပ်စက်ခြင်း
အချုပ်ခန်းများတွင် ညှင်းပန်းနှိပ်စက်ခြင်းများ ဆက်လက်ဖြစ်ပေါ်နေမှုများအတွက် ကျွန်တော်စိုးရိမ် မကင်းဖြစ်ရပါသည်။ ယခုအခါ နိုင်ငံတ၀ှမ်းရှိ အချုပ်ခန်းများတွင် စီစီတီဗီ ကင်မရာများ တပ်ဆင်ထားပြီးဖြစ်ကြောင်း ရဲချုပ်က ကျွန်တော်နှင့် တွေ့ဆုံစဉ်က ပြောပါသည်။ ထိုသို့ပြုလုပ်ခြင်းမှာ အပြုသဘောဆောင်သည့် လုပ်ဆောင်မှု ဖြစ်ပါသည်။ သို့ရာတွင် ညှင်းပန်းနှိပ်စက်ခြင်း ကျုးလွန်သူများအား အပြစ်ပေးအရေးယူခြင်းများမှာ အားနည်းလျှက် ရှိပါသည်။ ရဲအချုပ်တွင် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည့် ဦးသန်းထွန်း၏ မိသားစုနှင့် ကျွန်တော် ရန်ကုန်တွင် တွေ့ဆုံခဲ့ပါသည်။ ပြစ်မှုကျူးလွန်သူကို သိသည့်တိုင် ၄င်းအား ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူခြင်း မရှိသေးပါ။ အုပ်ချုပ်ရေးဆိုင်ရာနည်းလမ်းအရ ဒဏ်ခတ်ခြင်းသာ ရှိခဲ့ပါသည်။
ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရာတွင် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းနှင့် စည်းမျဉ်းများ၏ အရေးပါမှုမှာ ဦးစားပေးရမည့် အချက်ဖြစ်ပါသည်။ ရန်ကုန်တွင် ကျွန်တော် သီလ၀ါ အထူးစီးပွားရေးဇုံသို့ သွားရောက်ခဲ့ပါသည်။ အဆိုပါ စီးပွားရေးဇုံအား ဂျပန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ထောက်ပံ့လျှက်ရှိပါသည်။ အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် ရွာသားပေါင်းမြောက်များစွာ ပြောင်းရွှေ့ခံခဲ့ရပါသည်။ သီလ၀ါ ဖွံ့ဖြိုးရေးဇုံ စီမံခန့်ခွဲ မှုကော်မတီနှင့် တွေ့ဆုံရာတွင် ၄င်းတို့အနေဖြင့် အဆိုပါ စီမံကိန်း အကောင်အထည်ဖော်မှုနှင့် ပက်သက်နေသည့် လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဖြေရှင်းသွားရန် လိုလားမှု ပြသခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအပြီးတွင် ဒေသခံများအား ပြောင်းရွှေ့ထားသော နေရာများကို သွားရောက်လေ့လာခဲ့ပြီး လယ်သမားများနှင့် စကားပြောခဲ့ရာတွင် ၄င်းတို့သည် နေရာအသစ်တွင် အသက်မွေးဝမ်းကြောင်းအတွက် အလုပ်အကိုင်အခက်အခဲနှင့် ကြုံတွေ့နေရပြီး ၄င်းတို့ ရွေးချယ်ထားခြင်း မဟုတ်သည့် နေရာသစ်တွင် အသားတကျနေထိုင်ရန် အခက်အခဲနှင့် တွေ့ကြုံနေရကြောင်း သိရှိခဲ့ရပါသည်။ စိန်ခေါ်မှုတစ်ရပ်မှာ ၄င်းတို့အတွက် အခွင့်အလမ်းများပိုမိုတိုးပွားလာနိုင်သည့် ရေရှည် အသက်မွေးဝမ်းကြောင်း အကူအညီပေးအပ်ရန် လိုအပ်ပြီး စီမံခန့်ခွဲရေးကော်မတီကပင် ထိုသို့လုပ်ဆောင်ပေးနိုင်ရန်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၀န်ခံပြောကြားခဲ့ပြီး အကူအညီနှင့် အကြံဥာဏ်အသစ်များတောင်းဆိုခဲ့ပါသည်။ နိုင်ငံတကာ အသိုင်းအ၀န်းအနေဖြင့် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းဆောင်တာများအား အကူအညီပေးသင့်ပါသည်။ ထိုမှသာ သီလ၀ါစီမံကိန်းသည် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများဖြင့် အကောင်အထည်ဖော်ထားသည့် ကြီးမား ကျယ်ပြန့်သည့် စီးပွားရေးဖွံ့ဖြို့မှု စီမံကိန်းတစ်ရပ်အနေဖြင့် စံနမူနာပြုဖော်ဆောင်နိုင်မည် ဖြစ်သည်။
ကျွန်တော့် ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်ရှိ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း များကို သွားရောက်ခဲ့ပါသည်။ အစိုးရက ထိခိုက်ခံစားရသူ ဒေသခံများ၏ လိုအပ်ချက်များအားဖြည့် ဆည်းပေးရန် ကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့ခြင်းအား ကျွန်တော် ချီးကျူးသည့်အလျှောက် အဆိုပါ ကော်မတီ၏ အဓိကအကြံပြုချက်များကို အကောင်အထည်ဖော်ရန်အတွက် အစိုးရမှ နိုင်ငံရေးသန္နိဋ္ဌာန်ချမှတ်ထားခြင်း မရှိကြောင်း တွေ့ရပါသည်။ အကျိုးဆက်အနေဖြင့် စီမံကိန်းအနီးတ၀ိုက် နေထိုင်သူများမှ လျှော်ကြေးပေးမှု၊ အဓမ္မရွှေ့ပြောင်းမှုနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး မကျေနပ်မှုများ ဆက်လက်ကျန်ရှိနေပါသေး သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အစိုးရက ဆန္ဒပြပွဲကို အင်အားအလွန်အကျွံအသုံးပြုပြီး ဖြိုခွင်းခဲ့ရာတွင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်နှစ်ပါးနှင့် မုံရွာတွင် ကျွန်တော် တွေ့ဆုံခဲ့ပါသည်။ ဘာသာရေးဆိုင်ရာ အဆောက်အဦးများ ရွေ့လျှားခြင်းနှင့် ဖျက်ဆီးခြင်းများ ပက်သက်ပြီး ၄င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများကို ထုတ်ဖော် ပြောကြားခဲ့ပါသည်။ အဆိုပါ တောင်းဆိုသံများကို ဖိနှိပ်မည့်အစား ဒေသခံများ၏ လိုအပ်ချက်များကို နည်းလမ်းကျပြီး ရေရှည်တွင် အကျိုးရှိစေမည့် ညှိနှိုင်းဆွေးနွေးမှုနှင့် စီမံကိန်းနှင့် ပတ်သက်သည့် လူ့အခွင့်အရေး ဆိုင်ရာ ရှု့ထောင့်အားနိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် ဆန္ဒရှိမှုတို့ လိုအပ်မည် ဖြစ်ပါသည်။
လတ်တလောအချိန်၌ မြန်မာနိုင်ငံတွင် မြေယာအသုံးချသူများ၏ အခွင့်အရေးမှာ လုံခြုံစိတ်ချမှု မရှိပါ။ ဥပဒေအရ ခိုင်မာသည့် မြေယာပိုင်ခွင့် မရှိသည့်အတွက် ပြည်သူများမှာ အဓမ္မနှင်ထုတ်ခြင်း ခံနေကြရပါသည်။ ထိုသို့ပြုလုပ်မှုကြောင့် အိမ်ယာမြေနေထိုင်ခွင့်၊ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်းလုပ်ပိုင်ခွင့်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းတို့၏ လုံခြုံရေးတို့နှင့် ပတ်သက်သည့် လူ့အခွင့်အရေးများအား ဆိုးရွားစွာ ချိုးဖောက်ရာ ရောက်သည်။ မကြာသေးမီက အင်အားသုံးပြီးရွှေ့ပြောင်းခံခဲ့ရသည့် ရန်ကုန်မြောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွင် နေထိုင်သူများနှင့် ကျွန်တော် ယခုခရီးစဉ်အတွင်း တွေ့ဆုံခဲ့ပါသည်။ ၄င်းတို့အား စစ်တပ်ပိုင်မြေတွင် နေထိုင်နေသည်ဟု ပြောဆိုကာ ရွှေ့ပြောင်းစေခဲ့ပါသည်။ ရွှေ့ပြောင်းမှုတွင် အစိုးရအရာထမ်း ၂၀၀၀ ခန့် ပါဝင် လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။ မြေယာပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးသည် လာမည့်နှစ်များအတွင်း အစိုးရမှ ကြုံတွေ့ရမည့် အဓိက စိန်ခေါ်မှုများအနက် တစ်ခုပါဝင်ပါသည်။ အဆိုပါအချက်အား ထိပ်တန်းအစိုးရ အကြီးအကဲများ ကိုယ်တိုင်က အသိအမှတ်ပြုကြောင်း ကျွန်တော့် ခရီးစဉ်အတွင်း သိရှိခဲ့ရပါသည်။
တရားဥပဒေစိုးမိုးရေး
တရားဥပဒေစိုးမိုးရေးသည် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် လူ့အခွင့်အရးဆိုင်ရာစိန်ခေါ်မှုများ အားလုံးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့်အပြင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်တို့အတွက်လည်း အဓိကကျပါသည်။ နေပြည်တော်တွင် ကျွန်တော် တရားသူကြီးချုပ်နှင့် ရှေ့နေချုပ်တို့နှင့် တွေ့ဆုံစဉ် တရားရေးနှင့် သက်ဆိုင်သူများနှင့် ၀န်ကြီးဌာနများ၏ စွမ်းရည်မြှင့်တင်ရေးများ လုပ်ဆောင်နေကြောင်း ကြားသိခဲ့ရသည့်အတွက် အားရကျေနပ်ပါသည်။ သို့ရာတွင် တရားစီရင်ရေးမဏ္ဍိုင်သည် လွတ်လပ်မှုမရှိပါက တရားဥပဒေစိုးမိုးရေးဟူ၍ မရှိနိုင်ပါ။ ထို့အပြင် တရားဥပဒေစိုးမိုးရေး မရှိပါက စီးပွားရေးဖွံ့ဖြိုး တိုးတက်လာခြင်းသည် မြန်မာနိုင်ငံ၏ လူမှုအဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်အား ပျက်ဆီးစေနိုင်ပါသည်။ ထိုမှတဆင့် ခေါင်းပုံဖြတ်မှု ပိုမိုဖြစ်ပွားပြီး အခွင့်ထူးခံ လူတန်းစားများ၏ အခြေအနေများ ပိုမိုခိုင်မာလာစေနိုင် မည်ဖြစ်သည်။ စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ယခုလို အခြေအနေမျိုးရောက်ရှိ လာလေခြင်းမှာ မှန်သော်ငြားလည်း အသွင်ကူးပြောင်းမှု ကာလတွင် တရားဥပဒေစိုးမိုးရေး တည်မြဲရန် လိုအပ်ပေ သည်။
နိဂုံး
ကျွန်တော်၏ ခြောက်နှစ်တာ Mandate တာဝန်ကာလအတွင်း မြန်မာနိုင်ငံတွင် အရေးပါသည့် ပြောင်းလဲမှုများဖြစ်ခဲ့ပြီး လူ့အခွင့်အရေးအခြေအနေများ တိုးတက်မှုများ ကျွန်တော် မြင်တွေ့ခဲ့ရသည်။ ထိုသို့ တိုးတက်မှုများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလွှတ်ပေးခြင်း၊ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ပိုများလာခြင်း၊ နိုင်ငံရေး လွတ်လပ်ခွင့် တိုးတက်လာခြင်းနှင့် တိုင်းရင်းသားလူမျိုးများနေထိုင်ရာ နယ်စပ်ဒေသများအတွင် တိုက်ပွဲများဖြစ်ပွားမှု အဆုံးသတ်ရေးအတွက် အရေးပါသည့် တိုးတက်မှုများရှိလာခြင်းတို့ ပါဝင်ပါသည်။ နောက်ကြောင်းပြန်လှည့်နိုင်သည့် အလားအလာမှာ နည်းပါးသော်လည်း ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ နုနယ်လျှက်ရှိနေသေးကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးက နေပြည်တော်တွင် ကျွန်တော့်ကို ၀န်ခံခဲ့သည်။ လက်ရှိအခြေအနေတွင် စစ်တပ်သည် မြန်မာနိုင်ငံ၏ လူမှုဘ၀နှင့် အဖွဲ့အစည်း များအပေါ်တွင် လွှမ်းမိုးနေသည့် အနေအထားတွင် ရှိနေပါသေးသည်။ ယေဘုယျအားဖြင့် နိုင်ငံတော်၏ အဖွဲ့အစည်း များသည် တာဝန်ခံယူမှု မရှိသေးသည့်အပြင် တရားစီရင်ရေး မဏ္ဍိုင်မှာလည်း အစိုးရနှင့် သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ ထို့ပြင် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှုရှိနေပြီဟု မဆိုနိုင်ပါ။ ရခိုင်ပြည်နယ်တွင်းရှိ အခြေအနေသည် အထူးစိန်ခေါ်မှုတစ်ရပ်ဖြစ်သည့်အလျှောက် ဖြေရှင်းမှု မရှိပါက(နိုင်ငံ၏) ပြုပြင်ပြောင်းလဲမှုကို အန္တရာယ်ပြုလာနိုင်သည်။
မြန်မာနိုင်ငံသည် လူမျိုး ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်သည့် လူမှုအဖွဲ့အစည်းသို့ ပြောင်းလဲသွားနိုင် ရန် တိုင်းရင်းသားလူမျိုးစုများအကြား အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးသဘောတူညီချက်များ ရရှိနိုင်ခြင်းသည် အရေးပါသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေသည်။
လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် လွတ်လပ်သော မီဒီယာများကို ပေးအပ်ထားသော လက်ရှိကန့်သတ်ထားသည့် လွတ်လပ်မှုများ ယခုထက်မက ပိုမိုလွတ်လပ်နိုင်ရန် အစိုးရအဖွဲ့အလွှာအသီးသီးတွင် စိတ်ဓာတ်ပိုင်းပြောင်းလဲမှု(A change of mindset) ဖြစ်ပေါ်လာရန် လိုနေသေးသည်။ အတိတ်ကာလက အဖြစ်အပျက်များကို ပြန်လည်သုံးသပ်ရန်လည်း အရေးကြီးလှပါသည်။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အောင်မြင်နိုင်စေရန်နှင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းကို အားသစ်လောင်းစေရန်အတွက် မျိုးဆက်သစ်လူငယ်များနှင့် အမျိုးသမီးထု ပိုမိုပါဝင်လာစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအ၀န်းနှင့် ဆက်ဆံရေးတွင် ရရှိထားပြီးဖြစ်သည့် တိုးတက်မှုများ အပေါ် ထပ်ဆင့် တိုးတက်အောင်ဆောင်ရွက်သွားရမည်။ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ပိုင်ခွင့် အပြည့်အ၀ အပ်နှင်းထားသည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) ရုံးဖွင့်လှစ်ခွင့်ပြုရန် ပါဝင်သည်။
ကျွန်တော်၏ ခြောက်နှစ်တာ Mandate တာဝန်ကာလအတွင်း မြန်မာနိုင်ငံပြည်သူများ၏ လူ့အခွင့်အရေး အခြေအနေတိုးတက်လာခဲ့မည်ဟု ကျွန်တော်မျှော်လင့်ပါသည်။ အဆိုပါ Mandate သည် လူ့အခွင့်အရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ထည့်သွင်းလာစေပြီး ဆက်လက် ထည့်သွင်းထားရန်လိုအပ်သောကြောင့် ဤ Mandate တာဝန်ကို နိုင်ငံအတွင်း လူအများသိရှိလေးစားအောင်လုပ်ရန် အရေးကြီးလှပါသည်။ ကျွန်တော်၏ တာဝန်သက်တမ်းတလျှောက်နှင့် ယခုခရီးစဉ်အတွင်း ဤလူ့အခွင့်အရေး Mandate တာဝန်ကို မြန်မာနိုင်ငံတ၀ှမ်း မည်မျှပင်အလေးထားကြောင်း ကျွန်တော် သတိပြုမိခဲ့သည်။ ကျွန်တော်၏ Mandate တာဝန်အပြီးတွင် အစိုးရကလည်းကောင်း လူထုအခြေပြုအဖွဲ့အစည်းများကလည်းကောင်း နိုင်ငံတကာအသိုင်းအ၀န်းတို့က လည်းကောင်း ဆက်လက်ဆောင်ရွက်သွားရမည့် လူ့အခွင့်အရေး လုပ်ငန်းစဉ်ကို ထင်ရှားမြင်သာစွာ ထားရှိပေး ခဲ့သည်။
ဤ Mandate တာဝန်ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ယခင်နှင့် လက်ရှိမြန်မာနိုင်ငံအစိုးရတို့ကို ကျွန်တော် ချီးကျုးထောပနာ ပြုလိုပါသည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် ကုလသမဂ္ဂပဋိဥာဏ်စာချုပ်တွင် ဖော်ဆောင်ထားသည့် လူ့အခွင့်အရေး အချက်အလက်များအပေါ် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀န်းနှင့် ပူးပေါင်းခြင်းဖြင့် တိုးတက်မှုရှိနိုင်မည်ကို ပြသသည့် ဥပမာကောင်းတစ်ရပ်ဖြစ်ကြောင်း ကျွန်တော် ယုံကြည်ပါသည်။
(United Nations Information Centre Yangon Page မှကူးယူဖော်ပြသည်)
MYARF
RB News
20.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သရက်အုပ် ကျေးရွာနှင့် ရွက်ညိုတောင် ကျေးရွာအကြားရှိ စစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ အမျိုးသမီးငယ်များကို မဖွယ်မရာ ပြုလုပ်သည့် အပြင် မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ် ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် မောင်တောမြို့နယ် ရွက်ညိုတောင် ကျေးရွာမှ မိုဟာမတ် ဟာရှိမ် (ဘ) ဦးဒွေလ္လာ (အသက် ၁၆ နှစ်)၊ ရော်ရှိတ်အာမတ် (ဘ) ဦးဇာဖော်ရ်အာမတ် (အသက် ၁၉ နှစ်)၊ မဇာဟီဒါဘေဂမ် (ဘ) ဦးဇော်ဟိရ်အာမတ် (အသက် ၁၇ နှစ်) နှင့် အခြား အမျိုးသမီးငယ် နှစ်ဦးတို့သည် သရက်အုပ် ကျေးရွာတွင် ကျင်းပနေသည့် မင်္ဂလာဆောင်ပွဲ တစ်ခုသို့ အသွားတွင် ရွက်ညိုတောင် ကျေးရွာနှင့် သရက်အုပ် ကျေးရွာ အကြားရှိ တံတားကင်းစခန်းမှ လုံထိန်းများနှင့် ရွက်ညိုတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဦးဌေး တို့က စစ်ဆေးစရာ ရှိသည်ဟုဆိုကာ အမျိုးသမီးငယ် ၃ ဦးကို စခန်းအထဲသို့ သွင်း၍ မဖွယ်မရာ ပြောဆိုဆက်ဆံပြီး ကိုယ်ထိလက်ရောက် စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် အမျိုးသမီးငယ်များထံမှ မည်သည့် အရာမှ ရှာဖွေမတွေ့ရှိ ခဲ့သော်လည်း ဘင်္ဂလား ဆင်းမ်ကဒ်များ လက်ဝယ်ရရှိသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ထားခဲ့သည်။
ဖမ်းဆီးထားခဲ့သည့် အမျိုးသမီးငယ် ၃ ဦးကို ညနေ ၆ နာရီအချိန်တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး တစ်ဦးထံမှ ငွေကျပ် ၅ သောင်းစီ ယူခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ပြီးနောက်တွင် ရိုဟင်ဂျာများ နေထိုင်သည့် ကျေးရွာများတွင် လုံခြုံရေး တိုးမြှင့်ချထားခဲ့ရာ အဆိုပါ လုံခြုံရေးများက ဒေသခံ ရိုဟင်ဂျာများထံမှ အကြောင်းမဲ့ ငွေညှစ်ခြင်း၊ မတရား ဖိနှိပ် ချုပ်ချယ်ခြင်း၊ မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခြင်း၊ လူမဆန်စွာ ရိုက်နှက် ပြောဆို ဆက်ဆံခြင်း များကို နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိရာ ဒေသဆိုင်ရာ အာဏာပိုင်များက သိရှိသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်းမရှိကြောင်း ဒေသခံ များက ပြောပါသည်။

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဲချောင်း (ဂွာလာဒိလ်) ယာယီဈေးတွင် မိုဘိုင်းဖုန်းနှင့် အထွေထွေ ကုန်ပစ္စည်း ရောင်းသော ဆိုင်တစ်ဆိုင်သို့ စစ်သားများ ၀င်ရောက်ပြီး ဆိုင်ရှင်ကို ကိုယ်ထိလက်ရောက် စော်ကားမှုများ ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၉ နာရီအချိန်တွင် စစ်တွေမြို့၊ သဲချောင်း (ဂွာလာဒိလ်) ယာယီဈေးရှိ မိုဘိုင်းဖုန်းနှင့် အထွေထွေ ကုန်ပစ္စည်း ရောင်းသော ဆိုင်တစ်ဆိုင်သို့ သဲချောင်း၊ မရမ္မာကြီးရွာတွင် အခြေစိုက်ပြီး လုံခြုံရေး တာဝန် ယူထားသည့် အမှတ် (၃၅၄) ခြေလျင် တပ်ရင်းမှ စစ်သားများ ရောက်ရှိလာပြီး၊ ဆိုင်ရှင်ကို စစ်သားများက ရန်စခဲ့ရာ စကားများကြပြီးနောက် ကိုယ်ထိ လက်ရောက် စော်ကား ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထို့နောက် ပတ်ဝန်းကျင်ရှိ ဒေသခံများ ၀ိုင်းအုံလာသည့် အခါ စစ်သားများက မိုးပေါ်သို့ သေနတ် ၃ ချက် ပစ်ပေါက်၍ လူစုခွဲခဲ့ပြီး၊ ခြိမ်းခြောက် ဆဲဆိုမှုများ ပြုလုပ်၍ ထိုနေရာမှ ထွက်ခွာ သွားခဲ့ကြောင်း သိရှိရပါသည်။
သဲချောင်း ပတ်ဝန်းကျင်တွင် လုံခြုံရေး တာဝန်ယူထားသည့် စစ်သားများမှ ဤကဲ့သို့ မကြာခဏ ရန်စလေ့ရှိပြီး၊ ပြဿနာ ဖြစ်ပွားရန် တမင်ဖန်တီးမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများမှ ပြောပါသည်။

အယ်ဒီတာ့အာဘော်
RB News
20.2.2014
လာမယ့်မတ်လ ၃၀ ရက်နေ့မှာ စတင်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရာမှာ ရိုဟင်ဂျာ လူမျိုးများ အနေနဲ့ အဓိက အရေးကြီးဆုံး သိထားရမယ့် အချက် ၃ ချက်ရှိပါတယ်။ အဲဒါတွေကတော့ -
(၁) ကုဒ်နံပါတ် - ၉၁၄ ကိုရွေးချယ်ရန်
(၂) လူမျိုးနေရာမှာ - “ရိုဟင်ဂျာ” လို့မှန်မှန်ကန်ကန်ရေးရန်
(၃) ကိုးကွယ်သည့်ဘာသာနေရာမှာ - “အစ္စလာမ်” လို့မှန်မှန်ကန်ကန်ရေးရန် -- တို့ဖြစ်ပါတယ်။
အခြားမေးခွန်းတွေကို အမှန်အတိုင်းဖြေဖို့ တိုက်တွန်းပါတယ်။ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းထားတဲ့ ဥပဒေအရ အခြားမေးခွန်းတွေကို မေးရခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ဘဲဖြစ်ပြီး၊ အခွန်အခ ကောက်ခံဖို့ မဟုတ်ဘူးဆိုတာ အတိအလင်း ကြေညာထားပါတယ်။
သတိထားရမယ့် အချက်ကတော့ သန်းခေါင်စာရင်း ကောက်တဲ့အခါမှာ မိမိတို့ရဲ့ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားကဒ်ပြား၊ ယာယီကဒ်ပြားနဲ့ အမျိုးသားမှတ်ပုံတင်တွေကို ပြဖို့မလိုအပ်ပါဘူး။
သန်းခေါင်စာရင်းမှာ လူမျိုးဖြည့်ရမှာနဲ့ ပတ်သက်ပြီး ပြောလိုပါတယ်။ လ.၀.က ၀န်ကြီး ဦးခင်ရီက ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စစ်တွေမြို့က ဒေသခံ ရိုဟင်ဂျာများနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ ရိုဟင်ဂျာလို့ ဖြည့်ရင် ဖြစ်လာမယ့် ပြဿနာကို တာဝန်ယူရမယ်လို့ ခြိမ်းခြောက် ခဲ့ပါတယ်။ ဆိုလိုတဲ့ သဘောက ရိုဟင်ဂျာလို့ ဖြည့်ရင် ပြဿနာဖြစ်ကို ဖြစ်လိမ့်မယ်။ ဒါက ကြိုတင် ကြံစည်ထားမှန်း သိသာလွန်း နေပါတယ်။ အဲဒီလို ခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်ပေါင်းများစွာ အကြောက်တရားတွေ ရင်ဝယ်ပိုက် နေရတဲ့ ရိုဟင်ဂျာ ပြည်သူတွေရဲ့ ရင်ထဲမှာ စိုးရွှံမှု အနည်းငယ် ၀င်လာတာကို လေ့လာ တွေ့ရှိ ရပါတယ်။
ဝန်ကြီး ဦးခင်ရီက နိုင်ငံတော်ဝန်ထမ်း တစ်ယောက် ဖြစ်ပါတယ်။ ဥပဒေ အထက်မှာ ဦးခင်ရီ မရှိပါဘူး။ သူ့ရဲ့နှုတ်က ပြောနေတာ အတည်လို့ မသတ်မှတ်ဘဲ ကျွန်တော်တို့ အနေနဲ့ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းထားတဲ့ ဥပဒေနဲ့ အညီ ပါဝင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ၂၀၁၃ ဇူလိုင်လ ၂၉ ရက်နေ့မှာ အတည်ပြု ပြဌာန်း ထားတဲ့ လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်း ဥပဒေ ပုဒ်မ ၁၆ (ဂ) အရ ၀န်ကြီး ဦးခင်ရီ အနေနဲ့ မေးခွန်း ဖြေဆိုမည့်သူတွေကို မမှန်မကန် ဖြေဆိုရန် တိုက်တွန်းခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ သွေးဆောင် ဖြာယောင်းခြင်း ပြုလုပ်လို့ မရပါဘူး။ တကယ်လို့ ရိုဟင်ဂျာလို့ ဖြည့်စွက်ခြင်းက မမှန်ကန်ဘူးဆိုရင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ရိုဟင်ဂျာလူမျိုးလို့ ရေးသားပြီး တရားဝင် ထုတ်ပေးထားတဲ့ အိမ်ထောင်စုစာရင်း သောင်းနဲ့ချီပြီး ရခိုင်ပြည်နယ်တွင်းမှာ ရှိနေပါတယ်။ ရိုဟင်ဂျာ လူမျိုးဆိုတာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်က တရားဝင် တိုင်းရင်းသား လူမျိုးစု အဖြစ် ရပ်တည်ခဲ့တဲ့ လူမျိုးဖြစ်ပါတယ်။ ဦးခင်ရီ (သို့မဟုတ်) ပြည်ထောင်စု အစိုးရ (သို့မဟုတ်) ရခိုင်ပြည်နယ် အစိုးရက ရိုဟင်ဂျာကို အတင်းအဓမ္မ ဘင်္ဂလီလုပ်တဲ့ ခေတ်ကုန်သွားပါပြီ။ အရင်က နစက လုပ်သလိုမျိုး လုံးဝ (လုံးဝ) လုပ်လို့ရမှာ မဟုတ်တော့ဘူး ဆိုတာ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းထားတဲ့ ဥပဒေက သက်သေ ဖြစ်ပါတယ်။
တိုင်းရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာ မပါဝင်ခြင်းက စစ်အာဏာရှင်များရဲ့ အလိုကျလုပ်ခဲ့လို့သာ ဖြစ်ပြီး၊ လာမယ့် သန်းခေါင်စာရင်း ကောက်ခံပွဲ အပြီးမှာ တိုင်းရင်းသား သတ်မှတ်ခြင်း၊ မသတ်မှတ်ခြင်းက ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဦးခင်ရီရဲ့ ပါးစပ်ကနေ သတ်မှတ်ရမှာ မဟုတ်ပါဘူး။ တိုင်းရင်းသား ၁၃၅ မျိုးရှိလေမလား၊ ဒါမှမဟုတ် ထပ်တိုးမလား၊ လျော့သွားမလား ဆိုတာ သန်းခေါင်စာရင်း ကောက်ပြီး နောက်ပိုင်း သိရမှာပါ။
အဲဒီတော့ အထက်မှာ ပြောခဲ့သလို အရေးကြီးဆုံး အချက် ၃ ချက်ကို မှန်ကန်စွာ ဖြည့်စွက်နိုင်ဖို့သာ အသင့်ပြင်ထားကြပါ။
သန်းခေါင်စာရင်း ကောက်ခံမယ့်သူတွေနဲ့ ပတ်သက်ပြီး၊ ဦးခင်ရီ ခြိမ်းခြောက်တာနဲ့ ဆက်စပ် တွေးမယ်ဆိုရင် ဦးခင်ရီ အနေနဲ့ သန်းခေါင်စာရင်း ကောက်ခံရာကနေ အကြမ်းဖက်မှု အသွင် ဖြစ်အောင် နောက်ကွယ်ကနေ ကြိုတင် ကြိုးကိုင် နေတယ်လို့ စွပ်စွဲလို့ရတဲ့ အနေအထားမှာ ရှိနေပါတယ်။
ရိုဟင်ဂျာ လူမျိုး များဟာ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း များနဲ့ နစကရဲ့ နှစ်စဉ် ဆွဲ၊တင်၊စစ်များကို ကြုံတွေ့ခဲ့ ရသူများ ဖြစ်ပါတယ်။ ရိုဟင်ဂျာလို့ အကြိမ်ကြိမ် ပြောပေမယ့်လည်း အစိုးရရဲ့ ပေါ်လစီအတိုင်း အတင်းအဓမ္မ ဘင်္ဂလီလို့ ဖြည့်စွက် မှတ်တမ်းတင် သွားတာကို အကြိမ်ကြိမ်ခံ ခဲ့ရပါတယ်။ အဲဒီတော့ ဒီတစ်ကြိမ်မှာ အဲဒီလို မဖြစ်ဖို့ အတွက် နိုင်ငံတော်အစိုးရ အနေနဲ့ ရိုဟင်ဂျာ လူမျိုးများကို သန်းခေါင်စာရင်း ကောက်ခံရာမှာ ကောက်ကွက် တစ်ခုကို စာရင်းစစ် ၅ ဦး ပါမယ် ဆိုရင် အနည်းဆုံး ၃ ဦးက ရိုဟင်ဂျာ လူငယ် များသာ ဖြစ်ဖို့ စီမံပေးရမှာပါ ဖြစ်ပါတယ်။ ဦးခင်ရီ အနေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် သွေးထိုး လှုံ့ဆော်မှုတွေ ပြုလုပ်နေမယ့် အစား ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံပွဲကို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အောင်မြင်စွာ ပြီးဆုံးဖို့ ကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ်။
RB - Rohingya Blogger ၀ိုင်းတော်သားများ
![]() |
| ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား |
ကိုသားညွန့်ဦး၊ မဆုမွန်
20.2.2014
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် ရောက်ရှိလာတဲ့ သူ့ရဲ့ခရီးစဉ် အဆုံးသတ်တဲ့နေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်လေဆိပ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ၀ိုင်းတော်သား ကိုသားညွန့်ဦး ကို မဆုမွန် က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ဒီနေ့ မစ္စတာ ကင်တားနားက ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်ဆိုတော့ အဓိကက သူ ဘယ်လိုအကြောင်းရာတွေကို အလေးပေး ပြောဆိုသွားပါသလဲရှင့်။
ဖြေ။ ။ ဟုတ်ကဲ့ မဆုမွန်ရေ.. ဒီကနေ့ မစ္စတာ ကင်တားနား ပြောသွားတဲ့ အကြောင်းရပ်တွေကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အကြောင်းရပ်တွေ တော်တော်များများ စုံတာ တွေ့ရပါတယ်။ သူ တော်တော်လေး အလေးအနက်ထားပြီးတော့ ပြောသွားခဲ့တဲ့အထဲမှာတော့ ရခိုင်ပြည်နယ်ကိစ္စပါတယ်။ နောက် ဒီ ကချင်ပြည်နယ်ကိစ္စနဲ့ ဒီအပစ်အခတ်ရပ်စဲရေး ကိစ္စတွေပါသလိုပဲ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ပေါ့နော် ယဉ်ကျေးမှု မြန်မာနိုင်ငံမှာ ထွန်းကားဖို့ဆိုတဲ့ကိစ္စတွေ ပြောသွားပါတယ်။ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်လို့ဆိုရင်တော့ မကြာသေးခင်တုန်းက ဒူချီးရားတန်းမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ သူ အလေးအနက် အခုလို ပြောသွားပါတယ်။
သမ္မတကနေပြီးတော့ ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်းရေးကော်မရှင်လိုဟာမျိုး၊ နောက်တခုက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်လိုမျိုး စုံစမ်းရေးဝင်တဲ့ဟာမျိုး၊ ပြည်တွင်းမှာလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ လွတ်လပ်မှု၊ နောက်တခုက တရားမျှတမှု ရှိ မရှိ ဆိုတာ အတော်လေးကို မေးခွန်းထုတ်ထားပါတယ်။ တကယ်တမ်း ဒီစုံစမ်းရေးကော်မရှင်တွေဟာဆိုရင် သူပြောတာက နိုင်ငံတကာ စံနှုန်းစံထားနဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီးတော့ ဝေဖန်သွားတာ တွေ့ရပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း သူ့အနေနဲ့ ဒီလူ့အခွင့်အရေးကောင်စီကို တင်ပြပြီးတော့ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာအစိုးရနဲ့ လက်တွဲပြီးတော့ ဒူချီးရားတန်းကိစ္စကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တိုက်တွန်းသွားမယ်ဆိုပြီးတော့ ထောက်ပြသွားပါတယ်။
နောက် ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ပဲ သူပြောသွားတာက ရခိုင်ပြည်နယ်ကိစ္စဟာ ပြည်တွင်းရေးကိစ္စမဟုတ်ဘူး။ ဒေသတွင်းကိစ္စမဟုတ်ဘဲနဲ့ ပတ်ဝန်းကျင်ဒေသ တခုလုံးကိုပါ ရိုက်ခတ်တဲ့ အခြေအနေ ရှိနေတယ်ဆိုပြီးတော့ ဥပမာ - မလေးရှားမှာ ဖြစ်သွားခဲ့တဲ့ကိစ္စကိုပါ ထောက်ပြပြောဆိုသွားတာရှိပါတယ်။ တချိန်တည်းမှာပဲ သူက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စတွေ၊ ဒီ မူဆလင်ဆန့်ကျင်ရေး အမုန်းတရားတွေ ပြန့်ပွားနေ၊ ပြောဆိုနေကြတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ သူ ထောက်ပြသွားတာကတော့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရခိုင်လူမျိုးတွေရဲ့ ခံစားချက်တွေကို ပြောဆိုသင့်တယ်၊ ဒါကိုလည်း သိဖို့လိုတယ်၊ နားထောင်ဖို့ လိုပါတယ်။ ဒါပေမဲ့ တဘက်မှာ ဒီအခြေအနေတွေကို နိုင်ငံရေးအရ အမြတ်ထုတ်တာ၊ လှုံ့ဆော်တာတွေကို သူ တွေ့နေရတယ်။ အဲ့ဒီကနေပြီးတော့မှ အဖြစ်အပျက်တွေ၊ အခြေအနေတွေဟာ ရခိုင်ပြည်နယ်ကိုပါ ကျော်လွန်ပြီးတော့ တခြားနေရာတွေကိုပါ ရောက်လာပြီဆိုပြီးတော့ သူက ထောက်ပြသွားပါတယ်။
ရခိုင်ပြည်နယ်ထဲမှာဆိုရင် နောက်တခု သူ စိုးရိမ်တာတခုက ကုလသမဂ္ဂနဲ့ INGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ လုပ်နေရတဲ့ လက်ရှိ လူသားချင်းစာနာမှု ကိစ္စတွေမှာ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ သူ့အနေနဲ့ တော်တော် စိုးရိမ်တယ်လို့ ပြောသွားပါတယ်။
နောက်တခု ကချင်ပြည်နယ်နဲ့ ပတ်သက်လို့ကတော့ ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သူ သွားခဲ့တဲ့အခါကျတော့ ဒုက္ခသည်တွေ ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို သူ ထောက်ပြပါတယ်။ အဲ့ဒီမှာ ရှမ်းပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှာဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တော်တော်များများရှိနေတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ နောက်တခုက အတင်းအဓမ္မ ဖမ်းဆီးမှုတွေ၊ နောက်တခုက ညှဉ်းပန်းနှိပ်စက်မှုတွေ ဒါမျိုးတွေဟာဆိုရင် အစိုးရဘက်ကရော၊ တဘက်က လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ သူပုန်အဖွဲ့အစည်းတွေကပါ လုပ်နေတာတွေ့ရတော့ KIO နဲ့ တွေ့တဲ့အခါမှာလည်း ဒီကိစ္စကို သူ တော်တော်လေး ပြောခဲ့တယ်လို့ ပြောပါတယ်။ တဘက်မှာ ဒီကိစ္စတွေ ပြေလည်ဖို့ဆိုရင် အပစ်အခတ်ရပ်စဲရေးကို အောင်အောင်မြင်မြင် လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။
KIO ဘက်ကလည်း သူ့ကို ဆွေးနွေးတာကတော့ အပစ်အခတ်ရပ်စဲရေး အောင်မြင်အောင် လုပ်ဖို့ဆိုရင်တော့ တဘက်မှာ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ရှိလာရမယ်ဆိုတဲ့ အာမခံချက်မျိုး ပေးဖို့လိုတယ်ဆိုပြီးတော့ ထောက်ပြပါတယ်။ သူမြင်တဲ့အချက်ကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးမှာ စောင့်ကြည့်ရေးစနစ်တွေ အားနည်းတဲ့အခါကျတော့ အပစ်အခတ်ရပ်စဲရေး လုပ်ကြတယ်သာပြောတယ်။ ပစ်ခတ်မှုတွေ ပြန်ပြန်ဖြစ်နေတာကို သူ ထောက်ပြသွားတယ်။ အဲတော့ မြန်မာနိုင်ငံဟာ အခု သွားနေတဲ့ အသွင်ကူးပြောင်းရေးမှာ ငြိမ်းချမ်းရေးရဖို့ဆိုတဲ့ကိစ္စက အတော်လေးကို Challenging စိန်ခေါ်ချက် ပြဿနာတရပ် ဖြစ်တယ်ဆိုတာကို သူ ထောက်ပြသွားပါတယ်။
နောက်တချက်ကတော့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဒါဟာ ပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိကာလမှာ အတော်လေး အရေးကြီးတယ်ဆိုတာကိုလည်း ထောက်ပြသွားတာ တွေ့ရပါတယ်။
မေး။ ။ အဲတော့ မစ္စတာ ကင်တားနားက အင်းစိန်အကျဉ်းထောင်ကိုလည်း သူ့ဒီခရီးစဉ်ထဲမှာ သွားရောက် လေ့လာခဲ့တယ်ဆိုတော့ အခု အာဏာပိုင်တွေဘက်ကနေ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါး ပြန်လွှတ်ပေးလိုက်ပြီလို့ ပြောတယ်။ ဆိုတော့ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်လို့ရော သူ ဘာများ ပြောဆိုခဲ့တာ ရှိပါသလဲရှင့်။
ဖြေ။ ။ မစ္စတာ ကင်တားနားက သူ့ရဲ့ သက်တမ်းကာလအတွင်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ ကာလအတွင်းမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ခုန သူ့အနေနဲ့ အသိအမှတ်ပြုပြီးတော့ ပြောရမယ့် အပြောင်းအလဲတွေဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်တာကို သူ အလေးအနက်ထားပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသားတချို့ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတယ်ဆိုတာကို သူ ထောက်ပြပါတယ်။ ဥပမာ - အင်းစိန်ထောင်ကိုသွားတယ်။ နိုင်ငံရေးအကျဉ်းသား ၄ ဦးနဲ့လည်း တွေ့ခဲ့ပါတယ်။ နောက်တခုက မကြာသေးခင်တုန်းက အဖမ်းခံရတဲ့ Unity သတင်းစာတိုက်က သတင်းထောက်တွေနဲ့ တွေ့ဖို့ သူ ကြိုးစားတယ်။ ဒါပေမဲ့ ထောင်ပြောင်းလို့ဆိုပြီး သူ မတွေ့ရဘူးလို့ ပြောပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီက ဦးစိုးသိန်းနဲ့ တွေ့တယ်လို့ သိရပါတယ်။ တွေ့တဲ့အခါ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောတဲ့အခါမှာ မြန်မာအာဏာပိုင်တွေဘက်ကလည်း နိုင်ငံရေးအကျဉ်းသား စိစစ်မှုတွေကို ဆက်လုပ်သွားမယ်၊ လွှတ်ပေးစရာ ရှိတာတွေ လွှတ်ပေးသွားမယ်ဆိုတဲ့အတွက် သူ့အနေနဲ့ အားရမိတယ်လို့ ပြောပါတယ်။
တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်ပြီးတော့ အဖမ်းခံထားရတဲ့ ဒေါက်တာထွန်းအောင်ပေါ့။ သူကတော့ INGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ် ၃ ဦးဟာ နိုင်ငံရေးအကျဉ်းသား စာရင်းထဲမှာ မပါဘူးဆိုတာ သူသိရတော့ ဒီလူတွေကို ပြန်လွှတ်ပေးဖို့ ဆိုတဲ့ကိစ္စကိုလည်း သူ့အနေနဲ့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
မေး။ ။ မစ္စတာ ကင်တားနားက အခု သူက သက်တမ်းကုန်တော့မယ့်အချိန်မှာ ပြန်သွားတော့မယ်ပေါ့နော်။ ဆိုတော့ သူ့ရဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး တိုးတက်မှုတွေ၊ နောက် ဆုတ်ယုတ်မှုတွေ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ရော ဘာများသုံးသပ်ချက် ပေးသွားတာရှိပါသလဲရှင့်။
ဖြေ။ ။ သူ ၆ နှစ်တာ တာဝန်ယူခဲ့တဲ့ ကာလအတွင်းပေါ့နော် အထူးသဖြင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေလုပ်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်ကာလအတွင်းမှာ ထူးခြားတဲ့ တိုးတက်မှုတွေ တော်တော်များများ ရှိခဲ့တာကိုတော့ သူ အသိအမှတ်ပြုပါတယ်။ ခုန ကျနော်ပြောသလိုပေါ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့ကိစ္စတွေ၊ နောက်တခုက တစုံတရာ နိုင်ငံရေးအရ လွတ်လပ်ခွင့်တွေ ပေးလိုက်တာတွေ၊ နောက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ပေးလိုက်တာတွေ ဒါတွေ ရှိတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ လက်ရှိ မြန်မာနိုင်ငံ သွားနေတဲ့ အသွင်ကူးပြောင်းရေးမှာ အကဲစမ်းချက်၊ အဓိကကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကိစ္စပါ။ တဘက်မှာ ဖယ်ထားလို့ မရဘူးပေါ့။ နိုင်ငံရေးအရ တိုးတက်မှုပဲဖြစ်ဖြစ်၊ စီးပွားရေးအရ တိုးတက်မှုပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးကိစ္စကို အလေးအနက်ထားဖို့ ဆိုတဲ့ကိစ္စကို သူ အတော်လေး ထောက်ပြသွားပါတယ်။
ဥပမာဆိုရင် - သီလ၀ါကိစ္စဆိုရင် ဖွံ့ဖြိုးရေးကိစ္စကို လုပ်တယ်ဆိုပေမဲ့ တဘက်မှာ လယ်သိမ်း၊ ယာသိမ်းတွေ လုပ်တဲ့အခါမှာ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေဖြစ်တယ်။ လူ့အခွင့်အရေးကိစ္စကို အလေးအနက်ထားမှ ဒီကိစ္စက အသွင်ကူးပြောင်းရေးက ချောချောမွေ့မွေ့နဲ့ ဖြစ်နိုင်မယ်ဆိုတာ သူ ထောက်ပြပါတယ်။ နောက် တချိန်တည်းမှာပဲ သူ ပြောတာက ရဲတပ်ဖွဲ့ဝင်တွေ၊ နောက် တရားရေးဆိုင်ရာ ကိစ္စတွေမှာ အားနည်းချက်တွေ တော်တော်များများ ရှိသေးတယ်။ သူပြောတာက - သူကိုယ်တိုင်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ရဲစခန်းတခုမှာ ဖမ်းဆီးခံရပြီးတော့ နှိပ်စက်ညှဉ်းပန်းခံခဲ့ရလို့ သေဆုံးသွားခဲ့သူရဲ့ မိသားစုနဲ့ သူ တွေ့ဆုံခဲ့ပါတယ်။ လက်ရှိ အချိန်ထိကို ဒီတရားရေးစနစ်တွေနဲ့ ရဲဌာနတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ နောက်တခုက မမျှတမှုတွေ ရှိနေတုန်းပဲ။ ဒါတွေက တရားဥပဒေစိုးမိုးရေးအတွက် အတော်ကြီးကို အန္တရာယ်ရှိနေတုန်းပဲဆိုတာကို သူ ထောက်ပြသွားပါတယ်။
ဒါကတော့ ရန်ကုန်လေဆိပ်ကို ကိုယ်တိုင်သွားရောက်ပြီးတော့ သတင်းယူထားတဲ့ ၀ိုင်းတော်သား ကိုသားညွန့်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
နေဆန်းလွင်
RB News
20.2.2014
ဖေဖော်ဝါရီ ၆ ရက်နေ့က သမ္မတဦးသိန်းစိန် ဖွဲ့စည်းပေးခဲ့တဲ့ ဒုချီရားတန်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ရိုဟင်ဂျာပြည်သူတွေက မယုံကြည်ကြပေမယ့်လည်း စုံစမ်းမေးမြန်းရင် အမှန်ပြောဖို့က ငါ့တို့တာဝန်ဘဲလို့ စိတ်ထဲစွဲမှတ်ပြီး၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စုံစမ်းမေးမြန်းဖို့ ရောက်ရှိလာခဲ့တဲ့ ကော်မရှင် အဖွဲ့ဝင်တွေကို ဖြစ်စဉ်အမှန်တွေ ရဲရဲဝံ့ဝံ့ တင်ပြခဲ့တယ်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ စုံ/ကော် အဖွဲ့ဟာ ဒုချီရားတန်း အနောက်ရွာကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ရိုဟင်ဂျာအမျိုးသမီးတွေကို တွေ့ဆုံပြီး အနောက်ရွာ မီးလောင်ရခြင်းနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါမှာတော့ အမျိုးသမီးတွေက သူတို့ရဲ့နေအိမ်တွေဟာ ရခိုင်တွေနဲ့ ရဲတွေပူးပေါင်းပြီး မီးရှို့တာကိုခံခဲ့ရတဲ့ အကြောင်း အသေးစိတ် ထွက်ဆိုခဲ့ပါတယ်။ ထွက်ဆိုတဲ့ထဲမှာ မီးရှို့နေတာကိုမြင်တဲ့ မျက်မြင်သက်သေတွေ အများကြီးပါတယ်။ စုံ/ကော်ကလည်း အမျိုးသမီးတွေ ထွက်ဆိုသမျှကို အသံသွင်းပြီး မှတ်တမ်းတင်ခဲ့တယ်။ နှလုံးသားထဲက ငိုကြွေးသံတွေကို မျိုသိပ်မထားနိုင်လို့ အန်ထွက်လာတဲ့ အမျိုးသမီးများရဲ့ ငိုကြွေးသံတွေကြောင့် စုံ/ကော်အဖွဲ့ဝင် တစ်ဦးပါ မျက်ရည်ကျခဲ့ရတယ်။
မနက် ၁၁ နာရီကျော်မှာ ဒုချီရားတန်း မူလတန်းကျောင်းကို စုံ/ကော် အဖွဲ့ဝင်တွေ ရောက်လာခဲ့တယ်။ အမျိုးသားတွေ ရှောင်တိမ်းနေရတဲ့ အချိန်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက်တောင် ရဲစွမ်းသတ္တိ အပြည့်အ၀နဲ့ သူတို့ရဲ့ သားသမီးတွေ ဘယ်လိုဘယ်ပုံ အသတ်ခံရပုံ၊ မုဒိန်းကျင့်ခံရပုံတွေကို တိတိကျကျ ထွက်ဆိုခဲ့တယ်။ နာကျည်းချက်တွေနဲ့ ပြည့်နှက်နေပြီး၊ ဒေါသတွေ ၀မ်းနည်းပူဆွေးမှုတွေကို ထိန်းချုပ်လို့ မရနိုင်တော့တဲ့ ဒုချီရာတန်း အလယ်ရွာက မိခင်တစ်ဦးကတော့ ဒုချီရားတန်းရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူရဲ့ အင်္ကျီကော်လာကိုဆွဲပြီး “ကျွန်မရဲ့ ၁၄ နှစ်သားလေးကို ရဲတွေနဲ့ပေါင်းပြီး ကျွန်မရှေ့မှာ ရက်ရက်စက်စက် သတ်ခဲ့တဲ့ထဲမှာ ဒီအုပ်ချုပ်ရေးမှူး ကိုယ်တိုင်ပါတယ်။ ကျွန်မ၀င်ဆွဲလို့ ကျွန်မကို ၀ိုင်းရိုက်ခဲ့တယ်။ ကျွန်မကို ရိုက်ထားတဲ့ ဒဏ်ရာ အခုထိရှိတယ်” လို့ထွက်ဆိုပြီး ခါးကိုပြတဲ့အချိန်မှာ ခရိုင်ရဲမှူးကြီးနဲ့ အခြားရဲတွေက ဦးအောင်ဇံဖြူကို အဲဒီကျောင်းရဲ့ အပြင်ကိုဆွဲထုတ် ခေါ်သွား ခဲ့ပါတယ်။ ၁၄ နှစ်သားလေးရဲ့ မိခင်က သူ့ရဲ့သားကို သတ်ခဲ့တဲ့ သွေးတွေ အိမ်နံရံမှာ အခုထိရှိနေတယ်လို့ ပြောခဲ့တာကြောင့် စုံ/ကော်အဖွဲ့ဝင်တွေက အဲဒါကိုလည်း သွားကြည့်ခဲ့ပါသေးတယ်။
အဲဒါတွေအပြင် ဦးအောင်ဇံဖြူ ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ ၈ လောင်းပြိုင် လူသတ်မှုအကြောင်းကို တင်ပြခဲ့တယ်။ အဲဒီအလောင်းတွေကို ပထမမြှပ်ထားခဲ့တဲ့ နေရာကိုလည်းသွားပြီး ပြခဲ့တယ်။ အလောင်းတွေကတော့ ပထမမြှပ်ထားတဲ့ နေရာမှာမရှိတော့ပါဘူး။ အဲဒီကိစ္စသတင်းထွက်ပြီးတာနဲ့ အကြံပက်စက်တဲ့ ဦးအောင်ဇံဖြူနဲ့အဖွဲ့က အလောင်းတွေကို နေရာရွှေ့လိုက်ပါပြီ။ ကင်းချောင်းနဲ့ ခရေမြိုင် ရခိုင်ရွာတွေကို စုံ/ကော်အဖွဲ့ သွားရောက်ပြီး စုံစမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် သူခိုးကတော့ ငါခိုးပါတယ်လို့ ၀န်ခံရိုးထုံးစံမရှိဘူးလေ။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာလည်း မောင်တောမြို့ပေါ်မှာ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ ၂၅ ယောက်လောက်ကို စုံ/ကော်အဖွဲ့က ခေါ်တွေ့ပါသေးတယ်။ အဲဒီမှာ မြို့မိမြို့ဖတွေက သူတို့သိသမျှကို အမှန်အတိုင်း တင်ပြခဲ့တာ ရှိပေမယ့်လည်း အစိုးရအလိုကျ ပြောဖို့ခေါ်လာတဲ့ အုပ်ချုပ်ရေးမှူး အချို့နဲ့ ရပ်မိရပ်ဖအချို့ ကတော့ အာဏာပိုင်တွေ သင်ပေးထားသလိုဘဲ ပြောဆိုခဲ့ပါတယ်။ အဲဒီလို အစိုးရအလိုကျ ထွက်ဆိုပေးတဲ့ (၇) ဦးကတော့ --
(၁) ဦးမောင်မောင်စိန် (ခ) မူစ်တော်ဖီစ် (အမှတ် ၂ ရပ်ကွက်မှ၊ သားသတ်လိုင်စင်ရထားသူ)
(၂) ဦးဂျမာလ် (အမှတ် ၃ ရပ်ကွက်မှ၊ ငါးဈေးလိုင်စင်ရထားသူ)
(၃) ဦးကာဆိမ်း (ဧတာလျ ကျေးရွာမှ)
(၄) ဦးအီဆုပ် (အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး)
(၅) ဦးအဒူရာမန် (ကညင်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူး)
(၆) ဦးဘာဆဲရ် (အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး)
(၇) ဦးဟာဖဲဇူရာမန် (ဧတာလျ ကျေးရွာ အုပ်ချုပ်ရေးမှူး) -- တို့ဖြစ်ပါတယ်။
အသားထဲကလောက်လို့ ပြောရမလား၊ ဒါမှမဟုတ် အကြောက်တရားကို ရဲစွမ်းသတ္တိနဲ့ အစားမထိုးရဲတဲ့ သရဲဘောကြောင်သူ များလို့ ပြောရမလား၊ ကြိုက်သလို ခေါင်းစဉ်တပ်လို့ ရတဲ့လူ (၇) ဦးဖြစ်ပါတယ်။ ဒီလူတွေရဲ့ နာမည်ကို ရေးရတာကတော့ စုံ/ကော်ရဲ့ အစီရင်ခံစာ မထွက်ခင် ဒီလူတွေက ဒီလိုပါဆိုတာကို ကြိုတင် အသိပေးထားတာပါ။
၁၇ ရက်နေ့မှာ ဒုချီရာတန်း အရှေ့ရွာက အမျိုးသမီး ၄၀ ကျော်ကလည်း သူတို့ရဲ့ ခံစားချက်တွေ၊ မြင်တွေ့ခဲ့ရတာတွေကို ရင်ဖွင့်ဖို့ အသင့်ရှိနေခဲ့တယ်။ သို့ပေမယ့် ခရိုင်ရဲမှူးကြီး ဦးရွှေသိန်းနဲ့ အဖွဲ့က အဲဒီအမျိုးသမီးတွေကို သွားတွေ့ခွင့်မပေးဘဲ အိမ်တစ်အိမ်မှာ ပိတ်လှောင်ထားခဲ့တယ်။ နောက်ဆုံးမှာ အမျိုးသမီး ၁၀ ယောက်ကို ဒုချီရားတန်း မူလတန်းကျောင်းကို သွားပြီး စုံ/ကော်အဖွဲ့နဲ့ တွေ့ဖို့ အခွင့်အရေးပေးခဲ့တယ်။
ဒေသခံတွေက ဇန်န၀ါရီလ ၁၃ ရက်နေ့ ညသန်းခေါင်ယံနဲ့ ၁၄ ရက်နေ့ နံနက် ၄ နာရီမှာ ကျွန်တော်တို့ရွာမှာ ကျည်ဆံမိုးရွာသွန်း ခဲ့တယ်လို့ ဆိုကြတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဘီဘီစီမြန်မာပိုင်းနဲ့ ဒုချီရားတန်းရွာသား ကိုတင်မောင်ဝင်းတို့ရဲ့ အင်တာဗျူးမှာ ကိုတင်မောင်ဝင်း ပြောသွားတာကတော့ ဆူနာမီမုန်တိုင်းလိုပါတဲ့။
အခင်းဖြစ်ပွားတဲ့ နောက်မှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သွားခဲ့ပေမယ့်လည်း ဒုချီရားတန်း ရွာသားတွေရဲ့ နှလုံးသားထဲက ငိုကြွေးသံတွေကို စာနာပေးနိုင်ပေးနိုင်ခဲ့တဲ့ အဖွဲ့မဟုတ်ဘူးလို့ ပြောရမှာပါ။ ပုဒ်မ ၄၂၀ လိမ်လည်မှုနဲ့ တရားစွဲမယ်ဆိုရင်တောင် ထောင်နန်းစံရမယ့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ပါ။ ဒေသခံတွေ ပြောတာကို နားထောင်ပြီးတာနဲ့ ချက်ချင်းဆိုသလို RFA မြန်မာပိုင်းက အင်တာဗျူးမှာ လိမ်ပြီးပြောနိုင်ခဲ့တဲ့ ဦးစစ်မြိုင်ကတော့ အင်မတန်ကို အံ့သြစရာကောင်းတဲ့ သတ္တ၀ါလို့ ပြောရပါလိမ့်မယ်။ DVB မြန်မာပိုင်းရဲ့ ဗီဒီယိုသတင်းမှာလည်း ဦးစစ်မြိုင်တို့ရဲ့ အလိမ်အညာတွေကို လက်ဝါးရိုက်ထားပေမယ့် အမျိုးသမီးတွေရဲ့ ရင်ဖွင့်သံတွေပါနေတာကို ဘာသာပြန်မကြည့်ဘဲ ထည့်ထားတာက သက်သေ အထောက်အထား တစ်ခု ဖြစ်ပါတယ်။
လိမ်လည်မှုကို ပေါ်ပေါ်တင်တင် ကျူးလွန်ခဲ့တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က RB – Rohingya Blogger ကတင်ပေးလိုက်တဲ့ အသတ်ခံရသူ ၅၂ ဦး စာရင်းကို မရခဲ့ဘူးလို့ အရှက်မရှိ ငြင်းဆိုခဲ့တယ်။ အဲဒီစာရင်းကို ကိုယ်တိုင် သွားယူခဲ့တဲ့ သတင်းထောက်က နေပြည်တော် (သို့) ရန်ကုန်မှာ မျက်နှာချင်းဆိုင် ရှင်းဖို့အသင့်ရှိနေတယ်။ ဒါပေမယ့် အစိုးရရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကတော့ အရှက်မဲ့စွာ မသိကျိုးကျွန် လုပ်နေဦးမှာပါ။
အခုလည်း ဒေါက်တာ ကျော်ရင်လှိုင် ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒေသခံတွေ ပြောတာတွေ အားလုံးကို နားထောင်ပြီးပါပြီ။ မောင်တောမြို့က ဒေသခံတွေဆီက ပဲ့တင်ထပ်လာတဲ့ အသံတစ်ခုကတော့ “ကျွန်တော်တို့ ဘယ်လိုမှ မယုံကြည်တဲ့ သူကတော့ ဒေါက်တာ ကျော်ရင်လှိုင်ပါ”။
စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေနဲ့ လိမ်မယ်ဆိုလည်း လိမ်လို့ရပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ အိပ်မက်တွေထဲ ဒုချီရားတန်းက ငိုကြွေးသံတွေ ၀င်ရောက်မလာပါစေနဲ့လို့ ဆန္ဒပြုရင်း ..
နေဆန်းလွင်
Feb 20, 2014
အချက်အလက်များ ပံ့ပိုးပေးသည့် Sindi Khan နှင့် ဒေသခံများကို အထူးကျေးဇူးတင်ရှိပါကြောင်း။
MYARF
RB News
19.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဗိုလ်မှူးရွာသို့ သွားသည့် ခရီးသည် ရခိုင်အမျိုးသမီး တစ်ဦးကို လိုက်ပို့သည့် ရိုဟင်ဂျာ ဆိုက်ကားသမား တစ်ဦးကို ရခိုင်အစွန်းရောက်များက ၀ိုင်းဝန်းရိုက်နှက် ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ ဆေးရုံအနောက်ပိုင်းရှိ ဗိုလ်မှူးရွာမှ ရခိုင်အမျိုးသမီး တစ်ဦးသည် မြို့မကညင်တန်း ဈေးမှ အပြန် ဦးအဒူရှကူရ် (ဘ) ဦးနာဆဲရ်အာမတ် (အသက် ၄၃ နှစ်) ၏ ဆိုက်ကားကို စီးနင်း၍ အိမ်ပြန်ခဲ့သည်။ အဆိုပါ အမျိုးသမီးသည် ၎င်း၏ အိမ်ရှေ့သို့ ရောက်ပြီး၊ ဆိုက်ကားပေါ်မှ ဆင်းသွားခဲ့သည်။ ထို့နောက် ရုတ်တရက် ရခိုင်အစွန်းရောက် ၇ ဦးခန့် ပတ်ဝန်းကျင် နေအိမ်များမှ ထွက်လာပြီး ဆိုက်ကားသမား ဖြစ်သူ ဦးအဒူရှကူရ်ကို ၀ိုင်းဝန်း၍ ထိုးကြိတ်ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
လူမဆန်စွာ ထိုးကြိတ်ရိုက်နှက် ခံရမှုကြောင့် ဦးအဒူရှကူရ်၏ မျက်နှာတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ရခိုင်အစွန်းရောက်များမှာ ဦးအဒူရှကူရ်ကို လူမဆန်စွာ ရိုက်နှက်ပြီးနောက် မိမိတို့၏ နေအိမ်များထဲသို့ ပြန်လည်ဝင်သွားခဲ့သည်။
ရိုဟင်ဂျာလူမျိုး များသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို လိုလားပြီး၊ ရခိုင်လူမျိုးများနှင့် သင့်မြတ်အောင် အမြဲနေထိုင်သော်လည်း ရခိုင်အစွန်းရောက် များမှ အမြဲတစေ အကြမ်းဖက်မှုများ ဖြစ်အောင် လှုံ့ဆော်ဖန်တီးခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောပါသည်။
ဓါတ်ပုံသတင်း
- ရိုဟင်ဂျာ ဘာသာစကား သို့မဟုတ် တိုင်းရင်းသား ဘာသာစကား
- 2014 Census တွင် ရိုဟင်ဂျာ ဟူ၍ Code နံပါတ်ထည့် ပေးရန် DHRP မှ သမ္မတထံ စာရေးသား
- RB News စာဖတ် ပရိသတ်များ သိစေရန် အသိပေးခြင်း
- UN Humanitrian Chief ရခိုင်ပြည်နယ်သို့သွားမည်
- ရဲတပ်ကြပ်ကြီးက ငွေညှစ်သည့် အပြင် လူမျိုးရေး ရိုင်းပျ စော်ကားမှုပါ ပြုလုပ်
- ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ထံသို့ အိတ်ဖွင့် တိုင်ကြားစာ
- ရခိုင်ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ထံသို့ မောင်တောဒေသခံများမှ အိတ်ဖွင့်ပေးစာ
- အာရ်ကာန်မြေ၏ ဟစ်ခေါ်သံ (သို့) အဝေးရောက်သားများသို့ (၃)
- ကြိမ်ချောင်း - တောင်ပြို ကားလမ်းမပေါ်မှ ဖြတ်သန်းသွားလာသူများကို စစ်သားများက ရပ်တန့်ခိုင်းပြီး လုယက်
- ရိုဟင်ဂျာများသည် တရားမ၀င် ၀င်ရောက်လာသူများ မဟုတ်ဟု သမ္မတ အိုဘားမားပြော
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ