နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
8.3.2014

ဒါးပိုင်၊ စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဒါးပိုင်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အိမ်ထောင်စု ၄၀ ကျော်၊ လူဦးရေ ၅၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားသွားကြောင်း သတင်းရရှိပါသည်။

ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးစတင်လောင်ကျွမ်း ခဲ့ပြီး၊ မီးငြိမ်းသတ်ရန် လာသည့် မီးသတ်ကားများ မီးမငြိမ်းသတ်မှီ နေ့လည် ၂ နာရီ ၃၀ မိနစ်ခန့်တွင် မီးငြိမ်း ခဲ့ကြောင်း သိရှိရပါသည်။ မီးလောင်ကျွမ်းမှုမှာ ပေါ့ဆမီးကြောင့် ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ မီးလောင်ကျွမ်း ရသည်မှာ အမျိုးသမီး တစ်ဦး ချက်ပြုတ်ခြင်းမှ စတင်သည်ဟု ပြောကြားသော်လည်း အချို့က ဆိုလာပြားမှ ၀ါယာရှော့ ဖြစ်၍ စတင်ခြင်းဟု ပြောဆိုခြင်းများလည်း ရှိသည့် အတွက် မည်သည့် အတွက်ကြောင့် မီးစတင် လောင်ကျွမ်းသည်ကို အတည်ပြု၍ မရနိုင်ဟု ဆိုသည်။

၈ လ အရွယ်ရှိ မိန်းကလေး ကလေးငယ် တစ်ဦး ပျောက်ဆုံးလျက်ရှိပြီး၊ သေဆုံးသွားသည်ဟု ယူဆလျက် ရှိသည်။ အဆိုပါ ကလေးငယ်၏ မိခင်လည်း ခြေထောက် မီးလောင်၍ ဒဏ်ရာ ရရှိထားကြောင်း သိရှိ ရပါသည်။ ထို့အပြင် အခြား ဒေသခံ ရိုဟင်ဂျာ ၁၀ ဦးလည်း မီးလောင်မှုကြောင့် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများမှ RB News သို့ပြောပါသည်။

ဒါးပိုင်ရွာ အတွင်းတွင် ဆေးခန်းရှိသော်လည်း ဆေးကုသ ပေးမည့်သူ မရှိသဖြင့် ဒဏ်ရာ ရရှိသူများမှာ အခက်အခဲ ကြုံတွေ့လျက် ရှိသည်။ ယခင်က ဆေးကုသ ပေးသူများမှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် လုပ်ငန်း ရပ်ဆိုင်းခံရသည့် နယ်စည်း မခြား ဆရာဝန်များ အဖွဲ့ (MSF) ဖြစ်သည်။ ယခု မီးလောင်မှုကြောင့် ဒဏ်ရာ ရရှိသူများကို ဆေးပညာ ဗဟုသုတ ရှိသူများမှ တတ်နိုင် သရွေ့ ကုသပေးလျက် ရှိသော်လည်း၊ မလိုအပ်သည့် ရောဂါများ ကူးစက်လာမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောပါသည်။ ကြက်ခြေနီ အသင်းမှ လာရောက် ကူညီမည်ဟု မျှော်လင့်လျက် ရှိသော်လည်း ယခု အချိန်ထိ လာရောက်၍ ကူညီပေးခြင်း မရှိဟု ဆိုသည်။

ဒါးပိုင်ရွာ အတွင်းရှိသူ များမှာ ဒုက္ခသည် ဘ၀သို့ ရောက်ရှိ ခဲ့သော်လည်း ၎င်းတို့တွင် နေအိမ်များ ရှိနေခြင်းကြောင့် ဒုက္ခသည်များဟု မသတ်မှတ် သဖြင့် ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့ (WFP) မှ အကူအညီများ မရရှိသည့် အတွက် နေ့စဉ် စားဝတ် နေရေး ဖြေရှင်းရန် ခက်ခဲ နေသူများလည်း ဖြစ်သည်။ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားသွားသူ များမှာ ပိုင်ဆိုင်မှုများ အားလုံး ဆုံးရှုံး သွားသဖြင့် ၎င်းတို့အား ဆွေမျိုး မိတ်သင်္ဂဟ များကသာ ကူညီမည်ကို မျှော်လင့်နေရပြီး၊ အစိုးရမှ ဒုက္ခသည် စခန်းသို့ ပို့ဆောင်ပေးမှသာ ၎င်းတို့ အသက်ရှင်ရေး အတွက် မျှော်လင့်ချက် ရှိမည်ဟု ဒေသခံများက ဆိုသည်။

မီးလောင်နေသည်ကို ကြည့်ရှုနေသည့် ရဲများမှာ မီးသတ်ရန် လာသည့် ကားများကို နှောင်းနှေး ကြန့်ကြာအောင် ပြုလုပ်ထားပြီး၊ မီးလောင်နေသည်ကို ကြည့်ရှု၍ ရယ်မော လှောင်ပြောင် နေခဲ့ကြောင်း မျက်မြင် သက်သေများက RB News သို့ ပြောပါသည်။

မှတ်ချက်။ ။ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများကို ဆေးဝါး ကုသပေးနေသည့် MSF အဖွဲ့ မရှိတော့သဖြင့် အများစုမှာ ဒဏ်ရာ ရရှိလျှင် ကိုယ့်အားကိုး၍ ဖြေရှင်းရမည် ဖြစ်သည်။ ထို့ကြောင့် ဒဏ်ရာ ရရှိပါက ဒဏ်ရာနှင့် အနီးတ၀ိုက်ကို သန့်ရှင်း စင်ကြယ်သော ဆပ်ပြာ၊ သန့်ရှင်းသော ရေဖြင့် အရင် ဆေးကြောပါ။ ထို့နောက် ဆေးလိမ်း၍ သန့်ရှင်းသော အ၀တ် (သို့) ပက်တီးပတ်၍ မဖြစ်ပွားသင့်သည့် ရောဂါ ကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ပါ။















သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့၏ ဌာနေ ကိုယ်စားလှယ်ကို ဗွီအိုအေ မြန်မာပိုင်းမှ တွေ့ဆုံ မေးမြန်းထားသည်။ သန်းခေါင်စာရင်း ကောက်ခံရခြင်း အကြောင်းရင်းနှင့် ရိုဟင်ဂျာ လူမျိုးဟု ဖြည့်ခွင့် ရှိ/မရှိကို ရှင်းရှင်းလင်းလင်း ပြောကြားထားသည်။ 



အယ်ဒီတာ့အာဘော်
RB News
7.3.2014

စစ်တွေမြို့မှာ လ.၀.က ၀န်ကြီး ဦးခင်ရီက သန်းခေါင်စာရင်း ကောက်တဲ့အခါ ရိုဟင်ဂျာလူမျိုးလို့ မဖြည့်ဖို့ ခြိမ်းခြောက် ပြောဆိုပြီးတဲ့ နောက်မှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကလည်း ခြိမ်းခြောက်တဲ့ ကြေညာချက် တစ်စောင် ထုတ်ပါတယ်။ ဦးခင်ရီနဲ့ RNDP တို့ရဲ့ ပူးပေါင်းမှု ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ခါ လ.၀.က ဒုဝန်ကြီး ဦးဝင်းမြင့်ကလည်း မောင်တောမြို့နယ်မှာ ရိုဟင်ဂျာ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာလူမျိုး မဖြည့်ဖို့ သွယ်ဝိုက် ပြောဆိုသွားခဲ့တယ်။ အခြား ပြည်နယ်နဲ့ တိုင်းတွေမှာ ရှိတဲ့ တိုင်းရင်းသားတွေကလည်း ဦးခင်ရီက သန်းခေါင်စာရင်း ကောက်ခံမှုကို အခွင့်အရေး ယူပြီး နိုင်ငံရေး အမြတ်ထုတ်နေတယ်လို့ ပေါ်ပေါ်တင်တင် စွပ်စွဲ နေကြပါပြီ။

တန်းတူ အခွင့်အရေး မရှိဘဲ အမြဲ အကြမ်းဖက်ခံ နေရတဲ့ ရိုဟင်ဂျာတွေ အတွက် အကြမ်းဖက်ခံ ရလိမ့်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုက အလွန်ခါးသက် နေပါတယ်။ အဲဒါကို ဦးခင်ရီက အခွင့်ကောင်းယူပြီး ခြိမ်းခြောက်လို့ ရိုဟင်ဂျာ မဖြည့်ရင် နိုင်ငံရေးအရ တကယ့် အမြတ်ဘဲ ဆိုတဲ့ ပေါ်လစီနဲ့ လုပ်နေတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ရိုဟင်ဂျာလူမျိုးက သမိုင်းကြောင်း ခိုင်မာသူတွေ ဖြစ်ပြီး၊ RNDP ကရေးထားသလို ခိုးဝင်ဘင်္ဂလီများ မဟုတ်ဘူးဆိုတာ တစ်ကမ္ဘာလုံး သိကြတယ်။ ပြည်တွင်းမှာသာ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းကို အမှောင်ချပြီး အများ အမြင်မှားအောင် လုပ်ကြံနေကြခြင်း ဖြစ်ပါတယ်။ အစိုးရနဲ့ RNDP ပူးပေါင်းပြီး အုပ်စုဖွဲ့ အနိုင်ကျင့်နေခြင်းသာ ဖြစ်တယ်လို့ ဆိုရင် မမှားပါဘူး။ ရိုဟင်ဂျာ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပညာရှင်တွေ ရှေ့မှာ ဖြေရှင်းဖို့ အကြိမ်ကြိမ် စိန်ခေါ်ခဲ့ ပေမယ့်လည်း ဘယ်တုန်းကမှ တုန့်ပြန်ခြင်း မရှိခဲ့ဘူး။ အဲဒါ ဘာကြောင့်လဲ ဆိုတော့ သမိုင်းမှန်ကို မြန်မာပြည်သူတွေ သိသွားရင် နိုင်ငံရေး ကစားကွက် တစ်ခု ပျောက်သွားမှာ စိုးလို့သာ ဖြစ်ပါတယ်။

ရိုဟင်ဂျာလူမျိုး ဆိုတာ ၁၈၂၃ ခုနှစ် မတိုင်မှီကတည်းက အာရ်ကာန် ဒေသ (ယခု ရခိုင်ပြည်နယ်) မှာ ရှိခဲ့တဲ့ အထောက် အထား ခိုင်ခိုင်မာမာ ရှိသလို၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပါလီမန် ဒီမိုကရေစီ အစိုးရ လက်ထက်မှာ တရားဝင် တိုင်းရင်းသား ဖြစ်ခဲ့ပါတယ်။ မြန်မာ့အသံက ထုတ်လွှင့်ခဲ့တဲ့ တိုင်းရင်းသား လူမျိုးစုများရဲ့ အသံများ အစီအစဉ်မှာ ရိုဟင်ဂျာပါခဲ့သလို ယနေ့ အချိန်ထိ တက္ကသိုလ် ပညာသင်ရိုးများ မှာလည်း ရိုဟင်ဂျာဆိုတာ ရှေးဦးကျတဲ့ လူမျိုးစု တစ်စု အဖြစ် ပါဝင်နေဆဲပါ။ ၁၉၇၈ ခုနှစ်က နဂါးမင်း စီမံချက်လုပ်ပြီး ဒေသခံ ရိုဟင်ဂျာတွေကို ဘင်္ဂလီလို့ စွပ်စွဲ မောင်းထုတ် ခဲ့ပေမယ့် ဟင်္သာ စီမံချက်နဲ့ ပြန်လည် လက်ခံတဲ့ ပုံစံမှာ “ရိုဟင်ဂျာ” လို့တရားဝင် ရေးသားပြီး ပြန်လည် လက်ခံခဲ့ပါတယ်။ အဲဒါတွေ အပြင် ယနေ့ ရခိုင်ပြည်နယ် အ၀န်းမှာ ရိုဟင်ဂျာ လူမျိုးလို့ တရားဝင် ရေးသားပြီး လ.၀.က ကထုတ်ပေး ထားတဲ့ အိမ်ထောင်စု စာရင်းပေါင်း များစွာ ရှိနေပါတယ်။ အဲဒီ အိမ်ထောင်စု စာရင်းတွေကို နစက က ဆွဲ၊တင်၊စစ်မှာ နှစ်စဉ် မှတ်တမ်း ရေးသွင်း ခဲ့ပါတယ်။ အခုမှ ရိုဟင်ဂျာ မရှိဘူးလို့ ပြောဆို နေခြင်းက လိမ်ညာနေခြင်းသာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ရိုဟင်ဂျာတွေကို ၁၉၇၈ ခုနှစ်ကစပြီး ယနေ့ အချိန်ထိ အကြိမ်ပေါင်း များစွာ အကြမ်းဖက်ခဲ့ပါပြီ။ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ကလည်း အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရ ပါသေးတယ်။ အဲဒီလို သတ်ဖြတ်ခံရတာက ကျွန်တော်တို့ရဲ့ ရိုဟင်ဂျာဆိုတဲ့ လူမျိုး အမည်ကြောင့်သာ ဖြစ်ပါတယ်။ ဘယ်လိုဘဲ သတ်သတ်၊ ဘယ်လိုဘဲ နှိပ်စက် နှိပ်စက်၊ ကျွန်တော်တို့ ရင်ထဲမှာ ရှိတဲ့ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမက ပျောက်ကွယ် မသွားပါဘူး။ ကျွန်တော်တို့ရဲ့ နှလုံးခုန်သံတိုင်းမှာ ရိုဟင်ဂျာဆိုတဲ့ အသံထွက် နေပါတယ်။

အခုလာမယ့် သန်းခေါင်စာရင်း ကောက်ခံပွဲမှာ ရိုဟင်ဂျာလို့ ဥပဒေနဲ့ အညီ ဖြည့်စွက်ခွင့် ရှိပါတယ်။ မမှန်ကန်တဲ့ လူမျိုး ဖြည့်ရင် အရေးယူခံရမယ် ဆိုတာ မီဒီယာများက လုပ်ကြံ ပြောနေခြင်းသာ ဖြစ်ပါတယ်။ တကယ်လို့ ရိုဟင်ဂျာလို့ မဖြည့်နဲ့ ပြောရင်သာ ဥပဒေနဲ့ ငြိစွန်းမှာ ဖြစ်ပါတယ်။ ခြိမ်းခြောက်တဲ့ လ.၀.က ၀န်ကြီး ဦးခင်ရီနဲ့ RNDP တို့က ပြည်ထောင်စု လွှတ်တော်က ပြဌာန်းထားတဲ့ သန်းခေါင် စာရင်း ဥပဒေနဲ့ ငြိစွန်း နေပါပြီ။ အစိုးရရဲ့ လူများသာ ဖြစ်လို့ ဥပဒေရဲ့ အထက် ရောက်နေခြင်း ဖြစ်ပေမယ့် ကျွန်တော်တို့ အနေနဲ့ အဲဒီလို ခြိမ်းခြောက်သူများရဲ့ ခြိမ်းခြောက်သံတွေ နားစွင့်တာထက် ဥပဒေနဲ့ အညီ ကိုယ့်ဘက်က ရိုဟင်ဂျာလို့ ဖြည့်စွက် သွားဖို့သာ ဖြစ်ပါတယ်။

ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ RB – Rohingya Blogger ၀ိုင်းတော်သားတွေက ဒေသခံ ရိုဟင်ဂျာပေါင်း များစွာကို ဆက်သွယ်ပြီး မေးမြန်းခဲ့ပါတယ်။ မြို့ပေါ် ကျေးလက် ဒေသ မကျန် ဒေသခံ နှစ်ရာနီးပါးကို မေးမြန်းပြီး ရရှိတဲ့ အဖြေကတော့ အားလုံးက ရိုဟင်ဂျာ လို့သာ တညီတညွတ်တည်း ဖြည့်ကြမယ်လို့သာ ဖြစ်ပါတယ်။

ခြိမ်းခြောက်မှုကြောင့် စိတ်ထဲ ဒွိဟ ဖြစ်နေသူများကို အသိပေးချင်တာကတော့ ဘယ်လို အခြေအနေမှာဘဲ ဖြစ်ဖြစ် အားလုံးက ရိုဟင်ဂျာလို့သာ ဖြည့်မှာ ဖြစ်တဲ့အတွက် စိတ်ထဲမှာ စိုးရွံမှုမထားဘဲ ရိုဟင်ဂျာလို့ ဖြည့်စွက်ဖို့ တိုက်တွန်း ပါရစေ။

သန်းခေါင်စာရင်း ဥပဒေနဲ့ ပတ်သက်ပြီး လိုအပ်တာကို အသေးစိတ် ထပ်မံ ရှင်းလင်း သွားမှာပါ ဖြစ်ပါတယ်။



RB – Rohingya Blogger ၀ိုင်းတော်သားများ

မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Tomas Ojea Quintana

7.3.2014

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အထူး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) နေရာမှာ အစားထိုးခန့်အပ်မယ့်သူတစ်ဦးကို အမည်စာရင်း တင်သွင်းဖို့ လျာထားပြီဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒီတာဝန်အတွက် လျှောက်ထားသူ ၁၈ ဦးရှိတဲ့ထဲမှာ တောင်ကိုရီးယားနိုင်ငံသူ ပါမောက္ခ မစ္စ ယန်းဂီး အီး (Yanghee Lee) ကို လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌ ဘော်ဒလဲရ် အန်ဒွန်းဂ် အယ်လာ (Baudelaire Ndong Ella) က လျာထား တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

မစ္စ ယန်းဂီး အီးဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် လက်ရှိမှာ တာဝန် ထမ်းဆောင်နေ ပြီး ၂၀၀၃ ခုနှစ်ကတည်းက ဒီကော်မတီမှာ လုပ်ငန်းတာဝန်တွေ ယူလာခဲ့သူဖြစ်ပါတယ်။ သူဟာ အမေရိကန် ဂျော့ခ်ျတောင်း တက္ကသိုလ်နဲ့ မစ်ဇိုရီ-ကိုလမ်ဘီယာ တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့ပြီးတော့ ကလေးသူငယ်နဲ့ မိသားစုဆိုင်ရာ ဘာသာရပ်နဲ့ Ph. D ဒေါက်တာဘွဲ့ကို ရရှိထားသူလည်းဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်ထူးဆောင်ဆု အမျိုးမျိုးကို ချီးမြှင့်ခံခဲ့ရတာမှာ ၂၀၀၉ ခုနှစ်မှာတော့ အရပ်သားတွေကိုပေးတဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင် Suk Ryu ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

မစ္စတာကင်တားနားရဲ့ တာဝန်သက်တမ်းဟာ မေလမှာ ကုန်ဆုံးမှာဖြစ်ပြီး သူ့နေရာမှာ အစားထိုး ခန့်ထားမယ့်သူတစ်ဦးကို ရွေးချယ်ထားပြီးပြီလို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗွီအိုအေနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ မစ္စတာကင်တားနားက ပြောခဲ့ပါတယ်။

ဒီတာဝန်အတွက် လျှောက်ထားသူ ၁၈ ဦးရှိတဲ့ထဲကနေ မစ္စ ယန်းဂီး အီးကို လူ့အခွင့်အရေး ကောင်စီဥက္ကဋ္ဌက လျာထားလိုက်တဲ့ သဘောပါပဲ။

မစ္စ ယန်းဂီး အီးကို ခန့်အပ်ဖို့ အတည်ပြု မပြုဆိုတာကို လက်ရှိ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၂၅ ကြိမ်မြောက်အစည်းအဝေးအတွင်း မတ်လ ၇ ရက် သောကြာနေ့ကျရင် ဆုံးဖြတ်မယ့်သဘောရှိပါတယ်။

လက်ရှိ စုံစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆို င်ရာ နောက်ဆုံး အစီရင်ခံစာကို လည်း ဒီအစည်းအဝေးအတွင်းမှာပဲ မတ်လ ၁၇ ရက်နေ့ကျရင် တင်သွင်းမှာဖြစ်ပါတယ်။



MYARF
RB News
7.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလယ်သံကျော် ကျေးရွာတွင် ရဲစခန်း အသစ်တစ်ခု ဖွင့်လှစ်ရန် အတွက် ဒေသခံ ရိုဟင်ဂျာများ၏ သင်္ချိုင်းနှင့် အိမ် ၉ အိမ်ကို အတင်း အဓမ္မ သိမ်းပိုက်လိုက်ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရကဖမှူး ရဲမှူးချုပ်တင်ကိုကို၊ လုံထိန်း ရဲတပ်ရင်း များမှ တပ်ရင်းမှူးများ၊ မြေတိုင်း ဦးစီးဌာနမှ တာဝန် ရှိသူများသည် အလယ်သံကျော် ကျေးရွာရှိ မွတ်စလင် သင်္ချိုင်းသို့ သွားရောက်၍ မြေတိုင်း ပြီးနောက် သင်္ချိုင်းအနီးရှိ အိမ် ၉ အိမ်ကို ဖျက်ပေးရန် အမိန့်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ သင်္ချိုင်းသည် အလယ်သံကျော်ရွာ ဘောလုံးကွင်း၏ အနောက်ဘက်တွင် တည်ရှိပြီး၊ သင်္ချိုင်းအနီးမှ ဖျက်ရန် အမိန့်ပေးခံရသည့် အိမ်များ၏ ခြံများအားလုံး အကျယ်အ၀န်းမှာ ၆ ဧက ကျော်ရှိသည်။ ထို့အပြင် ဒေသခံ ရွာသားများကို အဆိုပါ သင်္ချိုင်းတွင် ထပ်မံ၍ သဂြိုဟ်ခြင်း မပြုရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။ ဖျက်ခံရမည့် အိမ်များ၊ သင်္ချိုင်း အတွက် မြေနေရာ အစားပေးခြင်းမျိုး မရှိဘဲ ပုဂ္ဂလိကပိုင် ပစ္စည်းများကို အာဏာပိုင်များက အာဏာ အလွှဲသုံးစားလုပ်၍ သိမ်းဆည်းခြင်းသာ ဖြစ်သည်။

ဖျက်ရန် အမိန့်ပေးခံရသည့် အိမ်များ၏ ပိုင်ရှင်များမှာ --

(၁) ဦးဆော်လီမုလ္လာ (ဘ) ဦးအဒူဆလာမ်
(၂) ဦးဟာရှင်မုလ္လာ (ဘ) ဦးနိုဇူမျာ
(၃) ဦးရဟီမုလ္လာ (ဘ) ဦးအရှာဒူ
(၄) မော်လ၀ီ ဦးရရှီဒုလ္လာ (ဘ) ဦးနိုဇူမျာ
(၅) ဦးအာမန်အုလ္လာ (ဘ) ဦးအဒူဟူစိန်း
(၆) ဦးမိုဟာမတ်ဇာကဲရ်
(၇) ဦးအဘူလူ
(၈) ဦးဟာရှင်မုလ္လာ
(၉) ဦးအာရှာဒူ (ဘ) ဦးအဒူဂနီ -- တို့ဖြစ်သည်။

RB News
6.3..2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဥဒေါင်း အနောက်ရွာမှ ကျွဲနွားရောင်းဝယ်သူ များကို ရွာအုပ်ချုပ်ရေးက မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၂၈ သိန်းနီးပါး ညှစ်ယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဥဒေါင်း အနောက်မှ ဒေသခံ ရိုဟင်ဂျာ အချို့သည် သက်ဆိုင်ရာမှ ခွင့်ပြုချက်ယူပြီး နယ်မြေ အတွင်း အနီးအနားရှိ ကျေးရွာ များမှ ကျွဲနွား ရောင်းဝယ်ခြင်း လုပ်ကိုင်လျက် ရှိရာ၊ ရွာအုပ်ချုပ်ရေးနှင့် ဦးဂေါ်နိုတို့ ပူးပေါင်း၍ တစ်ဖက်နိုင်ငံသို့ ကျွဲနွား မှောင်ခို လုပ်နေသည်၊ ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုတွင် ပါဝင် ပတ်သက်ခဲ့သည်ဟု စွပ်စွဲ၍ ငွေကျပ် ၂၈ သိန်း နီးပါး ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသူ များမှာ --

(၁) ဦးဆွေဒုလ္လာ (ဘ) ဦးအင်ဇုလ်ဟူဆောင်း (ပေးရသည့်ငွေ ၃ သိန်း)
(၂) ဦးလာလ်မျာ (ဘ) ဦးချီဒါအလီ (ပေးရသည့်ငွေ ၄ သိန်း ၆ သောင်း)
(၃) မော်လ၀ီ အင်ဇုလ်ဟူဆောင်း (ဘ) ဦးဖောဇောလ် (ပေးရသည့်ငွေ ၂ သိန်း ၆ သောင်း)
(၄) ဦးဟာမိတ် (ဘ) ဦးဖောဇော်လ် (ပေးရသည့်ငွေ ၃ သိန်း ၅ သောင်း)
(၅) ဦးကာလာယာ (ဘ) ဦးနော်ဇီရ်အာမတ် (ပေးရသည့်ငွေ ၃ သိန်း ၈ သောင်း)
(၆) ဦးဟာမိတ် (ဘ) ဦးအဒူဆတာရ် (ပေးရသည့်ငွေ ၄ သိန်း ၇ သောင်း)
(၇) ဦးမာမတ်အယုဘ် (ဘ) ဦးနော်ဇီရ် (ပေးရသည့်ငွေ ၅ သိန်း ၄ သောင်း) -- တို့ဖြစ်သည်။

ဦးဂေါ်နိုဆိုသူသည် ယခင် ဥဒေါင်း အုပ်ချုပ်ရေးမှူး၏ ဆွေမျိုး တော်စပ်သူ တစ်ဦး ဖြစ်သည်။ ယခင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ကို အလုပ်မှ ဖြုတ်ပြီးနောက် ၎င်း၏ ယောက်ဖဖြစ်သူ ဦးမောင်မြကို ယာယီ ခန့်အပ်ထားသော်လည်း၊ ဦးတင်မောင်က မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းကို ငွေကျပ် သိန်း ၂၀ ပေး၍ ထောက်ခံချက် ယူကာ ပြည်နယ် အစိုးရထံ အသနားခံရန် စစ်တွေမြို့သို့ သွားခဲ့ကြောင်း သိရှိရပါသည်။ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်း ကလည်း ဦးတင်မောင်ကို ပြန်လည်၍ အလုပ်ခန့်၍ စီစဉ်လျက်ရှိသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။


ဥဒေါင်းရွာတွင် အဓမ္မခိုင်းစေခံရသည့် ရွာသားများ လယ်ထွန် နေစဉ် (ဓါတ်ပုံ - RB News)

RB News
6.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဥဒေါင်း ကျေးရွာ အုပ်စု ယာယီ အုပ်ချုပ်ရေးမှူးက ဒေသခံ ရိုဟင်ဂျာ များကို မိမိတို့၏ လယ်ယာမြေများတွင် နွေစပါး စိုက်ပျိုးခွင့် မပြုဘဲ ၎င်း၏ လယ်ယာမြေများတွင် ရွာသားများကို အတင်း အဓမ္မ စေခိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဥဒေါင်း ကျေးရွာ အုပ်စုတွင် ယာယီ အုပ်ချုပ်ရေးမှူး အဖြစ် ဦးမောင်မြကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ခန့်အပ်ပြီးနောက် ဦးမောင်မြက ဒေသခံ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ညဉ်းပန်း နှိပ်စက်လျက်ရှိရာ ယခုအခါ ဒေသခံ ရိုဟင်ဂျာများကို မိမိတို့၏ လယ်ယာမြေများတွင် နွေစပါး စိုက်ပျိုးခွင့် မပေးဘဲ၊ ၎င်း၏ လယ်ယာမြေတွင် အတင်း အဓမ္မ ခိုင်းစေလျက်ရှိသည်။ ဒေသခံ ရိုဟင်ဂျာများမှာ မိမိတို့၏ ကိုယ်ပိုင်နွားများဖြင့် ဦးမောင်မြ၏ လယ်ယာမြေများတွင် ထွန်ယက်၍ စိုက်ပျိုးပေးနေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် အလုပ်မှ ဖြုတ်ခံရသည့် ယခင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်နှင့် တပည့် ၃ ယောက် ဖြစ်သူ (၁) ဦးဂေါ်နို (ဘ) ဦးနူရ်အာမတ် (၂) ဦးကော်ရီမုလ္လာ (ဘ) ဦးဘော်ဒီရောင်းနှင့် (၃) ဦးအဆော်ဒုလ္လာ (ဘ) ဦးအဒူလာဇိတ် တို့ကလည်း ရွာသားများကို ၎င်းတို့၏ လယ်များတွင် အတင်း အဓမ္မ ခိုင်းစေမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

ဦးဂေါ်နို ဦးဆောင်ပြီး အတင်းအဓမ္မ ခိုင်းစေရန် ခေါ်ခြင်းကြောင့် မိမိတို့၏ ကိုယ်ပိုင်နွား များဖြင့် လယ်ထွန်ပေးခဲ့ရသူ များမှာ --

(၁) ဦးဟာမိတ် (ဘ) ဦးဆုလ်တာန် (ခိုင်းစေခံရသည့် အကြိမ်အရေအတွက် -- ၅ ကြိမ်)
(၂) ဦးအန်ဇုလ်ဟူစိန်း (ဘ) ဦးအစ္စမာအိလ် (ခိုင်းစေခံရသည့် အကြိမ်အရေအတွက် -- ၁၀ ကြိမ်)
(၃) ဦးအော်လီအာမတ် (ဘ) ဦးကာလာသာန် (ခိုင်းစေခံရသည့် အကြိမ်အရေအတွက် -- ၅ ကြိမ်)
(၄) ဦးရာမတ်အုလ္လာ (ဘ) ဦးနော်ဇီရ်အာမတ် (ခိုင်းစေခံရသည့် အကြိမ်အရေအတွက် -- ၃ ကြိမ်)
(၅) ဦးအလီအုလ္လာ (ဘ) ဦးနော်ဇီရ်အာမတ် (ခိုင်းစေခံရသည့် အကြိမ်အရေအတွက် -- ၃ ကြိမ်)
(၆) ဦးဆွေဒုလ္လာ (ဘ) ဦးအင်ဇူ (ခိုင်းစေခံရသည့် အကြိမ်အရေအတွက် -- ၂ ကြိမ်)
(၇) ဦးကာလာယာ (ဘ) ဦးနော်ဇီရ်အာမတ် (ခိုင်းစေခံရသည့် အကြိမ်အရေအတွက် -- ၁ ကြိမ်)
(၈) ဦးအေဘာဒုလ္လာ (ဘ) ဦးအလီအာမတ် (ခိုင်းစေခံရသည့် အကြိမ်အရေအတွက် -- ၂ ကြိမ်)
(၉) ဦးဂူရာသာန် (ဘ) ဦးဒေါလုဟူဆောင်း (ခိုင်းစေခံရသည့် အကြိမ်အရေအတွက် -- ၂ ကြိမ်)
(၁၀) ဦးကာလာမျာ (ဘ) ဦးရှိဒါအလီ (ခိုင်းစေခံရသည့် အကြိမ်အရေအတွက် -- ၃ ကြိမ်)
(၁၁) ဦးဆော်လာမတ် (ဘ) ဦးအဒူဆလာမ် (ခိုင်းစေခံရသည့် အကြိမ်အရေအတွက် -- ၃ ကြိမ်) -- တို့ဖြစ်သည်။ (မှတ်ချက်။ နံနက် ၆ နာရီမှ ၁၁ နာရီထိ လယ်ထွန် ပေးရခြင်းကို တစ်ကြိမ်ဟု သတ်မှတ်သည်)

ကောက်စိုက်ပေးရသူ များမှာ -- ဦးရာမတ်အုလ္လာ (ဘ) ဦးနော်ဇီရာမတ်နှင့် အပေါင်းအပါ ၁၀ ဦး၊ ဦးဒိလ်မာမတ် (ဘ) ဦးအင်ဇုလ်ဟူဆောင်းနှင့် အပေါင်းအပါ ၁၀ ဦး၊ ဦးရော်ဟီမုလ္လာ (ဘ) ဦးကာလာနှင့် အပေါင်းအပါ ၁၆ ဦး၊ စုစုပေါင်း ၃၆ ဦး ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ဗုဒ္ဓဘာသာဝင် ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ဆန္ဒမဲတွေကို ၂၀၁၅ မှာ ရယူဖို့ ရည်ရွယ်ပြီး ဦးသိန်းစိန် အမျိုးသားရေးဝါဒဆီ ဦးတည်နေပြီလို့ ဝေဖန်နေကြပြီ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သာလွန်ဇောင်းထက်
6.3.2014

၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး စည်းရုံးရေး နည်းနာ အပြောင်းအလဲတွေက စိတ်ဝင်စားစရာ ကောင်းလာပါတယ်။ အခုနောက်ဆုံး သူရွေးတဲ့လမ်းက စတက် ခါစကလို Reformist ပြုပြင်ပြောင်းလဲရေးလမ်း မဟုတ်တော့ဘဲ Nationalist အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးလမ်းကို ရွေးချယ်လိုက်တဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ ဆက်အရွေးခံဖို့ ပြင်ဆင်နေပြီလို့ ဆိုရမယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိပ်မြားခြင်းဆိုင်ရာ ဥပဒေ၊ တလင် တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့နဲ့ ဒီဥပဒေတွေကို ပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်က အမျိုး ဘာသာ သာသနာနဲ့ တိုင်းပြည်အကျိုးကို စောင့်ရှောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါဝင်တယ်ဆိုပြီး ပြည်ထောင်စု လွှတ်တော်ကို သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာမှာ နိုင်ငံတော် ဩဝါဒစရိယ ဆရာတော်လည်းဖြစ်၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသရဲ့ တင်ပြမှုနဲ့ ရဟန်းရှင်လူ ၁၃ သိန်းကျော် (လူဦးရေ ၁၃၃၅၆၀ဝ ဦး) က လက်မှတ်ရေးထိုး တင်ပြလာခြင်းကြောင့် ဒီဥပဒေတွေ လွှတ်တော်က ပြဋ္ဌာန်းပေးဖို့ တောင်းဆိုခဲ့တာလို့ ဖော်ပြပါတယ်။

ဒီဖြစ်ရပ်ဟာ ဦးသိန်းစိန်အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားတာနဲ့အတူ နိုင်ငံရေးမှာ ဗုဒ္ဓဘာသာဝင် ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ဆန္ဒမဲတွေကို ရယူဖို့ ရည်ရွယ်ပြီး အမျိုးသားရေး ဝါဒတွေဆီ ဦးတည်နေတာလို့ နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။

ဦးသိန်းစိန်အစိုးရက “အမျိုး ဘာသာ သာသနာ” ဆိုတဲ့ စကားရပ်တွေ သုံးစွဲလာတဲ့အချိန်ဟာ အတိုက်အခံတွေ ဆန္ဒထုတ်ဖော်နေတဲ့ “၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး” အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒါဟာ ဒီမိုကရက်တွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ရည်ရွယ်မှုတွေကို ဝေ၀ါးစေဖို့၊ “အမျိုးသားရေး” ကြွေးကြော်သံနဲ့ ပြည်သူ့ဆန္ဒမဲတွေ ရယူဖို့ဆိုတဲ့ ရွေးကောက်ပွဲ ဗျူဟာတွေ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် တချို့က သုံးသပ်ပါတယ်။ ဘာသာရေး၊ အမျိုးသားရေးနဲ့ နိုင်ငံရေး ရောယှက် ခြင်းဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အလေးထားတဲ့ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲမှာ မဲရှုံးစေဖို့ စနစ်တကျ စီမံလာတာလို့လည်း သုံးသပ်ကြပါတယ်။

“ကျမတို့ နိုင်ငံမှာ အမျိုး၊ ဘာသာ သာသနာကို စောင့်ရှောက်ဖို့ ဥပဒေ ပြဋ္ဌာန်းရတဲ့အထိ ကျမတို့ မြန်မာလူမျိုးတွေက မယိမ်းယိုင်သေးပါဘူး။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့ ငယ်စဉ် ကတည်းက စိတ်ထဲမှာရှိထားပြီးသား။ ဥပဒေပြဋ္ဌာန်း စရာမလိုပါဘူး။ အဲဒီတော့ ပြည်သူတွေကို သိစေချင် တာက ဒါက နိုင်ငံရေး လှည့်ကွက်တခုဆိုတာ သိစေချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာသာရေးကို နိုင်ငံရေးအတွက် ခုတုံးလုပ် အသုံးမချရဆိုတာလည်း ပါထားပြီးသားပါ” လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧရာဝတီကို ပြောဆိုပါတယ်။

သူရဦးရွှေမန်း ဦးစီးတဲ့ လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်နေပေမယ့် သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆောင်ရွက်တဲ့ နေရာမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူဘောင်အတွင်းက ပြဋ္ဌာန်းကြဖို့ သတိပေးလိုက်တဲ့အပြင် မကြိုက်နှစ်သက်ပေမယ့် နိုင်ငံကြီးသား ပီသစွာ တရားဥပဒေကို လေးစားလိုက်နာရမှာ ဖြစ်တယ်လို့ မတ်လ ၁ ရက်နေ့ ထုတ်လွှင့်တဲ့ လစဉ် ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။ သမ္မတရဲ့ မိန့်ခွန်းက အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ ဦးရွှေမန်းနဲ့ လွှတ်တော်ကို တိုက်ရိုက်သတိပေးချက် ဆိုရင်လည်း မမှားနိုင်ပါဘူး။

တချိန်တည်းမှာပဲ ပြုပြင်ပြောင်းလဲရေး မသွားချင်တဲ့ သဘောထားတင်းမာသူလို့ လူသိများတဲ့ ယခင် စက်မှု (၁) ဝန်ကြီးဟောင်းလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တဦးလည်းဖြစ်၊ တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းနဲ့ ဦးသိန်းစိန်ကြားမှာ နီးကပ်တဲ့ ဆက်ဆံရေးတွေ ဖြစ်ထွန်းလာပါတယ်။

သူရဦးရွှေမန်းကို ပါတီရဲ့ သမ္မတရာထူး ကိုယ်စားလှယ်အဖြစ် လျာထားထားတယ်လို့ ပြောခဲ့တဲ့ ဦးအောင်သောင်းက ဦးသိန်းစိန်နဲ့အတူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဦးအောင်သောင်းရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ တောင်သာမြို့ကို သွားရောက်ပြီး ရေတွင်းရေကန် တူးဖော်မှုတွေ စစ်ဆေးခဲ့တဲ့အပြင် ၂ ဦး တူယှဉ်တွဲလို့ ဒေသခံ ပြည်သူတွေကို နှုတ်ဆက်ခဲ့ပါတယ်။

လွှတ်တော်နဲ့ အစိုးရကြားမှာ တဖက်နဲ့တဖက် အပြန်အလှန် ဝေဖန်ထိုးနှက်မှုတွေ ရှိနေပေမယ့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက တောင်သာမြို့နယ်မှာ ဖွံ့ဖြိုးရေးလုပ်ပေးလို့ သမ္မတ ဦးသိန်းစိန် အစိုးရကို ကျေးဇူးတင်တယ်လို့ ထုတ်ဖော် ပြောဆိုသွားပါတယ်။ ဦးအောင်သောင်းဟာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်အဖွဲ့က ဦးဆောင်သူတဦးဖြစ်တဲ့ ဦးဝီရသူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားဆီးထားတဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး အပြင်းအထန် ကန့်ကွက်နေတဲ့ ဦးဝီရသူ ဦးဆောင်ပါဝင်နေတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ လှုပ်ရှားမှုတွေနဲ့ သမ္မတ ဦးသိန်းစိန် ယခင်ကတည်းက ဆက်စပ်မှုတွေ ရှိနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဌေးကြွယ်ကတော့ သမ္မတ ဦးသိန်းစိန် ရဲ့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကြိုးပမ်းမှုက မြန်မာ့နိုင်ငံရေးမှာ သေချာပေါက် ဘာသာရေးနဲ့ နိုင်ငံရေး ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာမယ်လို့ သုံးသပ်ပြောဆိုပါတယ်။



RB News
6.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့် သွားရောက်ပြီး၊ ဒေသခံ ရိုဟင်ဂျာများနှင့် တွေ့ဆုံ၍ သန်းခေါင်စာရင်း ကောက်ခံရာတွင် ရိုဟင်ဂျာ လူမျိုး အမည် မဖြည့်ရန် သွယ်ဝိုက် ပြောဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ နံနက် ၈ နာရီတွင် လ.၀.က ဒုဝန်ကြီး၊ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ၀န်ကြီး ဦးမြအောင်၊ ပြည်နယ် လ.၀.ကမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် တို့မှ ဌာနဆိုင်ရာ အကြီးအကဲ များသည် မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ နံနက် ၁၀ နာရီထိ ဒေသခံ ရခိုင်လူမျိုးများနှင့် တွေ့ဆုံခဲ့ပြီး၊ နံနက် ၁၀ နာရီတွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များမှ ရိုဟင်ဂျာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။

ရိုဟင်ဂျာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရာတွင် လ.၀.က ဒုဝန်ကြီးက သန်းခေါင်စာရင်း ကောက်ခံရခြင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး မပါဝင်ကြောင်း၊ ပြည်သူ့ အကျိုးစီးပွား အတွက် သက်ရှိများ၏ စာရင်းကောက်ခံခြင်း ဖြစ်ကြောင်း၊ သန်းခေါင် စာရင်း ကောက်ခံရာတွင် လူမျိုး အမည် ထည့်သွင်းခြင်းဖြင့် တိုင်းရင်းသား အခွင့်အရေး ရမည် မဟုတ်ကြောင်း၊ လူဦးရေ စာရင်း ပြုစုခြင်းသာ ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ခံရာတွင် ချော့ချော့မွတ်မွတ် ဖြစ်ရန်လိုကြောင်း၊ ယခု ကောလဟလ ကြားသိနေရသည့် ရိုဟင်ဂျာနာမည်သည် အသစ်ဖြစ်ကြောင်း၊ ရိုဟင်ဂျာ ဆိုသည်မှာ လူမျိုး ၁၃၅ မျိုးထဲတွင် မပါဝင်ကြောင်း၊ ယခင် ၁၉၇၃ နှင့် ၁၉၈၃ ခုနှစ်များတွင် သန်းခေါင် စာရင်း ကောက်ခံရာတွင်လည်း ရိုဟင်ဂျာဟု ထည့်သွင်းခြင်း မရှိခဲ့ကြောင်းတို့ကို ထည့်သွင်း ပြောကြား၍ သန်းခေါင်စာရင်း ကောက်ခံရာတွင် ရိုဟင်ဂျာလူမျိုး အမည် မဖြည့်ရန် သွယ်ဝိုက်ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ထို့နောက် ပြည်နယ် စည်ပင်သာယာရေး ၀န်ကြီး ဦးမြအောင်က မိမိသည် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း၊ မိမိ ယခုလို နေရာတွင် ရောက်ရှိနေခြင်းမှာ မွတ်စလင် အများစုက ထောက်ခံ၍ မဲပေးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်များ၏ ထောက်ခံမဲ မရခဲ့ကြောင်း၊ မိမိအနေဖြင့် အထူးမှာကြား လိုသည်မှာ သန်းခေါင် စာရင်း ကောက်ခံရတွင် လုံခြုံရေးကို အထူးစိုးရိမ် နေရကြောင်း၊ သန်းခေါင်စာရင်း ကောက်ခံရာတွင် ပြဿနာ တစ်စုံတစ်ရာ မဖြစ်ဘဲ ချောချောမွတ်မွတ် ဖြစ်ရန် လိုအပ်ကြောင်း၊ ၂၀၁၂ ခုနှစ်ကဲ့သို့ မဖြစ်ရန် လိုအပ်သလို၊ ဒုချီရားတန်း ကဲ့သို့လည်း မဖြစ်ရန် လိုအပ်ကြောင်း စသည်ဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက သန်းခေါင်စာရင်း ကောက်ခံမှုကို အပြည့်အ၀ ထောက်ခံကြောင်း၊ ကောက်ခံမည့် အဖွဲ့အစည်း များနှင့်လည်း အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

ဒေသခံ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးရော်ဖိတ်က မိမိတို့ ဒေသအတွင်းရှိ လူအများအပြားမှာ ဘာသာစကားနှင့် ပညာအရည် အချင်း မပြည့်ဝသူများ ဖြစ်သဖြင့် ဒေသခံများထဲမှ ဘာသာစကား တတ်ကျွမ်းသူများ၊ ပညာအရည် အချင်း ပြည့်ဝသူများနှင့် ပူးပေါင်း ဆောင်ရွက် သွားရန် ဆန္ဒရှိသဖြင့် ၀န်ကြီး အနေဖြင့် လိုအပ်သလို ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် ကူညီ ပံ့ပိုးပေးရန် တောင်းဆိုကြောင်း ပြောကြားခဲ့သည်။

လ.၀.က ဒုဝန်ကြီးက တွေ့ဆုံပွဲသို့ တက်ရောက် လာသော အာဏာပိုင် အချို့နှင့် ဆွေးနွေးပြီးနောက် သန်းခေါင် စာရင်း ကောက်ခံရန် အတွက် မောင်တော ခရိုင်မှ ဆရာ/မများနှင့် အထောက်အကူပြု အဖွဲ့များ ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ ၎င်းတို့နှင့် အာဏာပိုင်များ၊ ဒေသခံများ ပူးပေါင်းဆောင်ရွက်ရန် ပြောကြားပြီးနောက် တွေ့ဆုံပွဲ ပြီးစီးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

လ.၀.က ဒုဝန်ကြီး၏ ပြောဆိုမှုများနှင့် ပတ်သက်၍ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက “ကျွန်တော်တို့ကို ရိုဟင်ဂျာ မဖြည့်ဖို့အတွက် အာဏာပိုင်တွေက နည်းမျိုးစုံနဲ့ ကြိုးစားနေပါတယ်။ ၇၃ ခုနှစ်တုန်းက ကျွန်တော်တို့ အားလုံး ရိုဟင်ဂျာ ဖြည့်ခဲ့ပါတယ်။ အဲဒါကို အာဏာပိုင်တွေ စိတ်တိုင်းကျ ဖျက်ပြီး ဘင်္ဂလီ လုပ်ခဲ့တယ်။ ၈၃ တုန်းကလည်း ကျွန်တော်တို့ ရိုဟင်ဂျာလို့ ဖြည့်ခဲ့တယ်။ အဲဒီတုန်းက စာရင်းကောက်တွေက ရခိုင်လူမျိုးတွေပါဘဲ။ ဘယ်ရခိုင်လူမျိုးကမှ မကန့်ကွက်ခဲ့ဘူး။ ဒါပေမယ့် လ.၀.က အရာရှိတွေက ရလက စာရေးတွေနဲ့ ပေါင်းပြီး ကျွန်တော်တို့ ရေးခဲ့တာတွေကို ဖျက်ပြီး ဘင်္ဂလီ လုပ်ခဲ့တယ်။ ကျွန်တော်တို့ မောင်တောမြို့နယ်မှာ လ.၀.က က ရိုဟင်ဂျာလို့ ဖြည့်ပြီး တရားဝင် ထုတ်ပေးထားတဲ့ အိမ်ထောင်စု စာရင်းများကို ကြည့်ပါလို့လည်း ပြောချင်ပါတယ်။ ကျွန်တော်တို့ကို ဘယ်လိုဘဲ ခြိမ်းခြောက်ပါစေ၊ သန်းခေါင်စာရင်း ဥပဒေ အရ ကျွန်တော်တို့ရဲ့ လူမျိုးနာမည် ရိုဟင်ဂျာ ဖြည့်ခွင့် ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အားလုံး တညီတညွတ်တည်း ရိုဟင်ဂျာလို့သာ ဖြည့်မှာပါ” ဟု RB News သို့ပြောပါသည်။

MYARF
RB News
5.3.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက် (ဒုံးဆေးဖာရာ) မှ ထင်းရှာသွားသည့် ရိုဟင်ဂျာ လူငယ်တစ်ဦးကို ရခိုင်အစွန်းရောက် များက သေနတ်ဖြင့် ပစ်ခတ်၍ အကြမ်းဖက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက် (ဒုံးဆေးဖာရာ) မှ ဒေသခံ ရိုဟင်ဂျာ ၅ ဦးသည် တောထဲတွင် ထင်းရှာရန် သွားစဉ် ရခိုင်အစွန်းရောက် အုပ်စု တစ်စု၏ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ ရသည်။ အကြမ်းဖက် တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ထွက်ပြေးစဉ် ဘိုင်လာ (ဘ) ဦးနာဆဲရ် (အသက် ၂၂ နှစ်) ကို ရခိုင် အစွန်းရောက်များက ဖမ်းဆီး၍ သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သေနတ် ၄ ချက်ပစ်ခတ်မှုကြောင့် လက်မောင်း၊ လက်ဖ၀ါးနှင့် ပေါင်တို့ကို ထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိ ရပါသည်။ ဘိုင်လာကို သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ကြိုးတုတ်၍ ချုံထဲတွင် ပစ်ထားခဲ့ပြီး ရခိုင်အစွန်းရောက်များ ထွက်ပြေး သွားခဲ့ကြသည်။ အကြမ်းဖက်မှုမှ ထွက်ပြေး လွတ်မြောက်ခဲ့သူ ၄ ဦးတို့က ရွာသို့ ပြန်လာပြီး၊ ရွာသားများနှင့် အတူ ဖမ်းဆီးခံရသူကို လိုက်ရှာကြရာ ချုံထဲတွင် လက်ကိုကြိုးတုတ်၍ ပစ်ထားသည့် အတိုင်း ညနေ ၅ နာရီတွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီး အကြမ်းဖက်ခံရသူသည် ဒဏ်ရာများစွာ ရရှိခဲ့သော်လည်း ဆေးကုသရန် ဆေးခန်းမရှိသဖြင့် နာကျင်သည့် ဒဏ်ရာများဖြင့် ဝေဒနာကို အလူးအလိမ့် ခံစားနေရသည်ဟု ဒေသခံများက ပြောပါသည်။ ယခင်က မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်တွင် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF) မှဆေးခန်းရှိခဲ့ပြီး၊ ရသေ့တောင် မြို့နယ်မှ လူနာများကိုပါ ထိုဆေးခန်းတွင် ဆေးကုသ ပေးခဲ့သည်။ ယခုအခါ အစိုးရနှင့် အစွန်းရောက်များ ပူးပေါင်းပြီး ရခိုင်ပြည်နယ်မှ MSF ကိုမောင်းထုတ် လိုက်သဖြင့် ရောဂါဝေဒနာ ခံစားနေရသူ အများအပြားမှာ ဆေးကုသမှု ခံယူရန် အခက်အခဲ ကြုံတွေ့လျက်ရှိသည်။ ထိုအထဲတွင် ရခိုင်အစွန်းရောက် များ၏ အကြမ်းဖက်မှုကြောင့် ဒဏ်ရာရခဲ့သူ ဘိုင်လာလည်း တစ်ဦး အပါအ၀င် ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။




MYARF
RB News
5.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒို ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို စစ်သားများက အကြောင်းမဲ့ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ ကျောက်ပန္ဒို ကျေးရွာ အုပ်စု၊ စေတီပြင် ကျေးရွာမှ ရဟီမုလ္လာ (ဘ) ဦးလတီခ်ျ (အသက် ၁၈) နှစ်သည် ဟင်းသီးဟင်းရွက် စိုက်ခင်းမှ နေအိမ်သို့ အပြန်တွင် စစ်သားနှစ်ဦးက အကြောင်းမဲ့ ရိုက်နှက် ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် မတ်လ ၂ ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် စေတီပြင် ကျေးရွာမှ မော်လ၀ီ ဟာရှင်မုလ် (ဘ) ဦးအလီအဟမတ် (အသက် ၃၄ နှစ်) သည် အနောက်ပိုင်း ရွာသို့ သွားနေစဉ် ဆောက်လုပ်ရေးတပ် (ဂျီအီးတပ်) မှ စစ်သား နှစ်ဦးက အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်ခဲ့ပြီး ဒဏ်ရာများဖြင့် လမ်းဘေး တစ်နေရာတွင် ပစ်ထားခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

မောင်တောမြို့တွင် ထိုကဲ့သို့ စစ်သား၊ ရဲနှင့် လုံထိန်းများက ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ရိုက်နှက်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး၊ အာဏာပိုင်များကို တိုင်ကြားလျှင်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည့်အပြင် တိုင်ကြားသူကို ငွေညှစ်ခြင်းပါ ပြုလုပ်လေ့ ရှိသဖြင့် မတရားမှုများ အတွက် သက်ဆိုင်ရာသို့ တိုင်ကြား၍ မရဘဲ မတရားမှန်း သိရက်နှင့် ခေါင်းငုံခံ နေရသည်ဟု ဒေသခံများက ပြောပါသည်။



RB News
5.3.2014

ဝါရှင်တန် ။ ။ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ လူမျိုးများ အပေါ် လက်ရှိ အကြမ်းဖက် နေမှုများနှင့် ပတ်သက်၍ အမေရိကန် အစိုးရနှင့် ရိုဟင်ဂျာ အရေး၊ မြန်မာ မွတ်စလင် အရေး ဆောင်ရွက်သူများ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း အမေရိကန် ကွန်ဂရက်၊ ဆီးနိတ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ ကုလသမဂ္ဂ အဖွဲ့များမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။



အဆိုပါ အဖွဲ့များနှင့် တွေ့ဆုံခဲ့သူ ဦးဌေးလွင်ဦးက “ကျွန်တော်တို့ ဆွေးနွေးမှုကို ၃ နေရာမှာ လုပ်တယ်။ ၂၇ ရက်နေ့က ကွန်ဂရက်မှာ၊ ပြီးတော့ ၂၈ ရက်နေ့က ဆီးနိတ်နဲ့ အစိုးရ အဖွဲ့ State Department မှာ ဆွေးနွေးခဲ့တယ်။ အထူးသဖြင့် လောလောဆယ် MSF အပါအ၀င် NGO တွေကို နယ်မြေတွင်းက ပထုတ်လိုက်ခြင်းက လူမျိုးစု နှစ်စုကြားမှာ လုပ်ချင်တိုင်း လုပ်လို့ မရအောင် တားဆီးပေးထားတဲ့ Buffer Zone ကိုဖျက်လိုက်ခြင်း ဖြစ်တယ်။ ဒီလို ဖျက်လိုက်ခြင်း အားဖြင့် ရိုဟင်ဂျာ တွေအပေါ် ဒုချီရားတန်းထက် အဆပေါင်းများစွာ ဆိုးဝါးတဲ့ သတ်ဖြတ်မှုကြီးကို ညတွင်းချင်းမှာ လုပ်ပစ်နိုင်တယ်။ အဲ့လို ဖြစ်လာခဲ့ရင် ကျွန်တော်တို့ ဘက်က ကယ်တင်ရာမှာ နောက်ကျ သွားနိုင်တယ်။ ဒါကြောင့် အရေးကိစ္စ တစ်ခုခု ဖြစ်လာရင် အချိန်မဆိုင်းဘဲ ဘယ်လို တားဆီး သင့်တယ်၊ ကာကွယ်သင့်တယ် ဆိုတာကို အဓိကထား ဆွေးနွေးခဲ့ပါတယ်” ဟု RB News သို့ပြောပါသည်။

ရိုဟင်ဂျာ အရေးနှင့် မြန်မာမွတ်စလင် အရေး ဆောင်ရွက်သူ များသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီး အချို့နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး၊ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။



RB News
5.3.2014

ဒက္ကား ။ ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ တိုင်းရင်းသား ရိုဟင်ဂျာ ဒုက္ခသည် ငါးသိန်းခန့်ကို ပြန်လည် လက်ခံရန် ဆွေးနွေးမည်ဟု မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်တို့ လွန်ခဲ့သည့် မတ်လ ၃ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် သဘောတူညီ ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြေစိုက် Dhaka Tribune သတင်းစာတွင် ရေးသား ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီမှ တရားဝင် အသိအမှတ်ပြု ခံထားရသည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည် ၃ သောင်းခန့်ရှိပြီး၊ ရိုဟင်ဂျာ လူမျိုး ဒုက္ခသည် ၃ သိန်းမှ ၅ သိန်းကြား တရားမ၀င် ခိုလှုံလျက် ရှိသည်။

BIMSTEC အစည်းအဝေးသို့ တက်ရောက်ရန် လာရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာသည် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံစဉ် ရိုဟင်ဂျာ အရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း Dhaka Tribune မှ ဖော်ပြသည့် သတင်းတွင် ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး မိုဟာမတ် ရှဟီဒုလ်ဟာခ်က ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တို့ ပူးတွဲ၍ ရိုဟင်ဂျာ အရေးကိစ္စများကို ဖြေရှင်းရန် လိုအပ်သည်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက နှစ်နိုင်ငံ ခေါင်းဆောင်များက ရိုဟင်ဂျာ အရေး ကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီး ဖြေရှင်းသွားရန် သဘောတူညီ ခဲ့ကြောင်း ပြောပါသည်။

ယခင်ကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်များကို မြန်မာအစိုးရက ပြန်လည် လက်ခံရန် အကြိမ်ကြိမ် ကတိပေးခဲ့သည်။ သို့သော်လည်း ကတိပေးခဲ့သည့် အတိုင်း လက်တွေ့ အကောင်အထည် ဖော်ခြင်းမရှိသဖြင့် နိုင်ငံတကာ အစိုးရ၏ အယုံအကြည်မဲ့ခြင်းကို ခံနေရသည်။ လွန်ခဲ့သည့်လက အမေရိကန်နိုင်ငံ အစိုးရ အဖွဲ့၏ မြန်မာနိုင်ငံ အတွက် အကြီးတန်း အကြံပေး Judith Beth Cefkin သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ခဲ့ပြီး ရိုဟင်ဂျာ အရေးကိစ္စ အတွက် အမေရိကန်နိုင်ငံမှ ပါဝင် ဖြေရှင်း ပေးသွားမည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၏ ဌာနေ တိုင်းရင်းသား ဖြစ်သည့် ရိုဟင်ဂျာ လူမျိုးများကို ခိုးဝင် ဘင်္ဂလီများဟု အစိုးရ ကိုယ်တိုင် ၀ါဒဖြန့်နေသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၀န်ကြီးချုပ်ကို ခိုးဝင်သူများကို ပြန်လည် ခေါ်သွားပါဟု ပြောဆို နိုင်ခြင်း မရှိသည်ကို လေ့လာ တွေ့ရှိရပါသည်။

တိုင်းရင်းသား ဘာသာစကား အလိုက် ထုတ်ဝေထားသည့် သန်းခေါင်စာရင်း လမ်းညွှန် လက်ကမ်း စာစောင်အား လေ့လာနေသော တိုင်းရင်းသား လူငယ်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သူဇာ
5.3.2014

သန်းခေါင်စာရင်း ကောက်ခံမှုကို ခုတုံးလုပ်ပြီး ၀န်ကြီး ဦးခင်ရီက တိုင်းရင်းသားများ အပေါ် နိုင်ငံရေး အမြတ်ထုတ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပလောင် လူမျိုးများက စွပ်စွဲ ပြောဆိုလိုက်သည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန ၀န်ကြီး ဦးခင်ရီနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ နေပြည်တော်၌ မတ်လ ၂၆ ရက်က တွေ့ဆုံမှုအပေါ် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

“တိုင်းရင်းသားတွေက သူတို့ သဘောထားတွေကို တင်ပြ ကြတယ်၊ ဒါပေမယ့် တင်ပြတဲ့ အချိန်မှာ သူတို့ဘက်က ပြင်ဆင် ပိုင်ခွင့် မရှိဘူး၊ ပြင်ဆင်ပေးဖို့ အစီအစဉ် မရှိဘူး၊ ကောက်ခံပြီးမှ ပြင်ဆင် ပေးမယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားရေး ရာ ၀န်ကြီးနဲ့ပဲ သက်ဆိုင်တယ် ဆိုပြီး ပြောတယ်၊ အဲဒီအပေါ် တိုင်းရင်းသားတွေက သဘောတူ နေတာ မဟုတ်ဘူး၊ ဒါနဲ့ ပတ် သက်ပြီး မီဒီယာတွေကို သူက တိုင်းရင်းသားတွေနဲ့ အဆင်ပြေပြီး အားလုံးက သဘောတူပြီ ဆိုပြီး ပြောတယ်၊ အဲဒါကို ကြည့် ရင် တိုင်းရင်းသားတွေ အပေါ်မှာ နိုင်ငံရေး အမြတ်ထုတ်တာ ပေါ်လွင် နေပါတယ်”ဟု ပလောင် (တအာင်း)အမျိုးသမီး အဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး မဒီဒီပိုးကျိန်က ပြောသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှု အပေါ် ပလောင် လူမျိုးများက အချက် ၄ ချက် ပါဝင်သော သဘောထား ထုတ်ပြန်ချက်ကို မတ် ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကို ပလောင်(တအာင်း) လူမျိုး ပါတီ၊ အဖွဲ့အစည်း စုစုပေါင်း ၉ ခုက စုပေါင်း ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ၀န်ကြီး ဦးခင်ရီ၏ သန်းခေါင်စာရင်း ကောက်ခံပြီးမှ ပြင်ဆင် ညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက် ပေးမည့် ကိစ္စကို လုံးဝ သဘောမတူကြောင်းလည်း ဖော်ပြ ထားသည်။

သန်းခေါင်စာရင်း မကောက်ခံမီ ပလောင် လူမျိုးများ အတွက် သီးသန့် ကုတ်(Code) နံပါတ် ထုတ်ပေးရန်လည်း တောင်းဆို ထားသည်။

“ကျမတို့ မျိုးနွယ်စုက မွန်(ခမာ) ကနေ ဆင်းသက် လာတာပါ၊ ရှမ်း မျိုးနွယ်စု မဟုတ်ပါဘူး၊ ဒါကိုလည်း ပြင်ဆင်ပေးဖို့ပါ၊ နောက်ပြီး အခု ပလောင် လူမျိုး ကုတ် သတ်မှတ်ထားတာ ပလောင်က ကုတ် နံပါတ် တခု အနေနဲ့ ပါနေသလို၊ ပလေး ဆိုပြီး လူမျိုး ခွဲခြား ထားတယ်၊ ပလေး ဆိုတာ လုံးဝ မရှိပါဘူး၊ ဒါကိုလည်း ပြင်ဆင် ပေးဖို့ပါ၊ ကျမတို့ အနေနဲ့ တောင်းဆိုချက်တွေကို အဆင့်ဆင့် တောင်းဆို သွားမှာပါ”ဟု မဒီဒီပိုးကျိန်က ပြောသည်။

ယင်းအပြင် ၀န်ကြီး ဦးခင်ရီ ပြောသည့် ငြိမ်းချမ်းမှု မရှိသေးသည့် နေရာ ဒေသများတွင် လူဦးရေစာရင်း အမှန် ရရှိနိုင်ရန် ဆောင်ရွက် နေကြောင်း ပြောဆိုမှုကို လက်မခံနိုင်ကြောင်း သဘောထား ထုတ်ပြန်ချက် အရ သိရသည်။

ယနေ့ အချိန်ထိ ပလောင် ဒေသများနှင့် တချို့နေရာ ဒေသများတွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်နေသည့် အတွက် မငြိမ်းချမ်းသည့် နေရာများတွင် လူဦးရေ အမှန်စာရင်း ကောက်ခံရန် မဖြစ်နိုင်ကြောင်း မဒီဒီပိုးကျိန်က ဆိုသည်။

“ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေ အပေါ် ထိခိုက်မှု ရှိ၊ မရှိ ဆိုတာထက် သေချာတာ တခုက မငြိမ်းချမ်းတဲ့ နယ်မြေမှာ သန်းခေါင်စာရင်း ကောက်ခံမယ် ဆိုရင် လုံးဝ အချက်အလက် အမှန် မရမှာ သေချာတယ်၊ ဒါကြောင့် ကျမတို့က စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ပြီးမှ သန်းခေါင်စာရင်း ဆက်ကောက်ခံဖို့ တောင်းဆိုတာပါ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်က နေပြည်တော်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ပြီး ၀န်ကြီး ဦးခင်ရီက တိုင်းရင်းသား အဖွဲ့အစည်းများအား နေပြည်တော် တွင် တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် တိုင်းရင်းသားများက မိမိတို့၏ မျိုးနွယ်စု သဘောထားများကို အသီးသီး တင်ပြခဲ့ပြီး အများစု တင်ပြချက် မှာ လူမျိုး သတ်မှတ်သည့် ကုတ်နံပါတ် ပြင်ဆင်ရေးကို အဓိက တောင်းဆို ကြကြောင်း သိရသည်။



ကိုသားညွန့်ဦး
4.3.2014

ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ BIMSTEC ထိပ်သီး အစည်း အဝေးကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပ ပြီးစီးခဲ့ပြီး၊ သဘော တူညီချက် စာချုပ် သုံးရပ် လက်မှတ်ထိုး ခဲ့ကြ ပါတယ်။

BIMSTEC လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန် တည်ဆောက်ရေး ရည်မှန်းချက် အရ ဒီနှစ်ကုန်ပိုင်းမှာ ကုန်ပစ္စည်း ကုန်သွယ်မှုဆိုင်ရာ သဘော တူညီချက် တရပ် ရဖို့ လုပ်သွားမယ်လို့ BIMSTEC အဖွဲ့ဝင် ၇ နိုင်ငံ အကြီးအကဲတွေ သဘောတူ ခဲ့ကြ ပါတယ်။ BIMSTEC ထိပ်သီး အစည်းအဝေးမှာ ကိုယ်တိုင် သတင်းယူ နေတဲ့ ဗွီအိုအေသတင်းထောက် ကိုသားညွန့်ဦးက သတင်းပေး ပို့ထားပါတယ်။

၂၀၀၉ ခုနှစ်ကတည်းက BIMSTEC ရဲ့ အလှည့်ကျ ဥက္ကဌအဖြစ်နဲ့ မြန်မာနိုင်ငံ တာဝန်ယူခဲ့ပေမဲ့လို့ ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ဖို့ ၅ ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ဘဲ အခု ၂၀၁၄ ခုနှစ်ကျမှ အလှည့်ကျဥက္ကဌအနေနဲ့ မြန်မာနိုင်ငံမှာ ထိပ်သီး အစည်းအဝေးကို ကျင်းပနိုင်ခဲ့တာပါ။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စတွေကြောင့် ထိပ်သီးအစည်းအဝေး မခေါ်နိုင်ခဲ့တာဖြစ်တယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်က အစည်းအဝေးအပြီး သတင်းထောက်တွေကို ရှင်းလင်းရာမှာ ပြောဆိုပါတယ်။

BIMSTEC အနေနဲ့ ရုံးပုံစံထားပြီး မလည်ပတ်နိုင်တာကြောင့် ပြီးခဲ့တဲ့ကာလအတွင်း ပူးပေါင်းဆောင်ရွက်မှုတွေမှာ အကန့်အသတ် ရှိတယ်ဆိုတာကို သမ္မတ ဦးသိန်းစိန်က ၀န်ခံပြောပြီး၊ အခု ဒီအစည်းအဝေးမှာ ပထမဆုံး အတွင်းရေးမှူးချုပ်ကို ခန့်အပ်လိုက်ပြီး မကြာခင် အတွင်းရေးမှူးချုပ်ရုံးလည်း ဖွင့်လှစ်နိုင်တောမှာမို့ အဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဦးသိန်းစိန်က သတင်းထောက်တွေကို ပြောပါတယ်။

“အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါတဲ့ သဘောတူညီချက် ၃ ရပ်ကို ဒီကနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ BIMSTEC နိုင်ငံတကာ အတွင်းရေးမှူးချုပ်ရုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ၊ နောက် BIMSTEC အဖွဲ့ဝင်နိုင်ငံများရဲ့ ယဉ်ကျေးမှုလုပ်ငန်းများကော်မရှင်နဲ့ ယဉ်ကျေးမှုလုပ်ငန်းများ လေ့လာစရာများကို ဘူတန်နိုင်ငံ Thimphu မြို့မှာ တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများရဲ့ မိုးလေ၀သနဲ့ ရာသီဥတု ဗဟိုဌာနကို အိန္ဒိယနိုင်ငံမှာ တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတို့ပဲ ဖြစ်ပါတယ်။ BIMSTEC အဖွဲ့အစည်းမှာ အာဆီယံအဖွဲ့ကြီးလို အတွင်းရေးမှူးချုပ် ယခင်က မရှိသေးတဲ့အတွက်ကြောင့်မို့ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်ရေးမှာ အကန့်အသတ်ရှိခဲ့ပါတယ်။ အခုဆိုရင် အတွင်းရေးမှူးချုပ်ရုံး စတင် ထူထောင်နိုင်မည်ဖြစ်တဲ့အတွက် လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။”

တတိယအကြိမ် BIMSTEC ထိပ်သီးအစည်းအဝေး ကြေညာစာတမ်းကိုလည်း ထုတ်ပြန်လိုက်ပြီး၊ အဲဒီထဲမှာ ကဏ္ဍ ၁၄ ခုမှာ အဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မူဝါဒသဘော ချမှတ်ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီကဏ္ဍအသီးသီးမှာလည်း ဦးဆောင်နိုင်ငံတွေဆိုပြီး သဘောတူ သတ်မှတ်ရာမှာ မြန်မာနိုင်ငံကတော့ စွမ်းအင်နဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေကို ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ စွမ်းအင်နဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိနေပါတယ်။ ဒီကဏ္ဍတွေအတွက် ဖော်ထုတ်ထားတဲ့ စီမံကိန်းလုပ်ငန်းတွေကို အောင်မြင်ဖို့အတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။”

BIMSTEC နိုင်ငံတွေအကြား လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန်ထားရှိရေး ရည်မှန်းချက် အစိတ်အပိုင်းတရပ် အနေနဲ့ကတော့၊ အခု ၂၀၁၄ ခုနှစ်အကုန်ပိုင်းမှာ ကုန်ပစ္စည်း ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တရပ် ထွက်လာဖို့ နိုင်ငံခေါင်းဆောင်တွေအကြား သဘောတူခဲ့ပြီး၊ အဲဒီကနေ ၀န်ဆောင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် ထွက်လာဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံရဲ့ ပြည်သူအချင်းချင်းကြား နားလည်မှုနဲ့ ခင်မင်ရင်းနှီးမှုတွေ ဖြစ်လာအောင် အစီအစဉ်တွေလည်း ဆောင်ရွက်ဖို့ ရှိတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။

“BIMSTEC အဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူများကြား နားလည်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုတွေ တိုးပွားရေးတို့အတွက် ဦးစားပေး ဆောင်ရွက်နေတဲ့ ကဏ္ဍတရပ်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်နဲ့ပတ်သက်၍ ရုပ်ရှင်ပွဲတော်များ စီစဉ်ကျင်းပပြီး၊ ကျောင်းသားများ အချင်းချင်းကြား အပြန်အလှန် လေ့လာရေးခရီးစဉ်များ ဆောင်ရွက်၍ နှီးနှောဖလှယ်ပွဲများ စတင် တိုးတက် ပြုလုပ်သွားကြရမှာဖြစ်ပါတယ်။”

BIMSTEC အဖွဲ့ဟာ တကယ်တော့ တောင်အာရှဒေသနဲ့ အရှေ့တောင်အာရှဒေသကို ချိတ်ဆက်ထားတဲ့ ဒေသတွင်း အဖွဲ့အစည်းတရပ် ဖြစ်ပါတယ်။ အရင်အချိန်တွေတုန်းကတော့ အလှည့်ကျဥက္ကဌဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေအရရော အခြားနိုင်ငံတွေရဲ့ နိုင်ငံတွင်း ပြဿနာတွေကြောင့်ပါ ပူးပေါင်းဆောင်ရွက်ရေးမှာ ရပ်တန့်သလို ဖြစ်ခဲ့ရတာပါ။

အခု တတိယအကြိမ် ထိပ်သီး အစည်း အဝေး ခေါ်ယူပြီးတဲ့ နောက်ပိုင်း မှာတော့ ဒေသ အဖွဲ့အစည်း တရပ်ရယ်လို့ ပီပီပြင်ပြင် ရှိလာဖို့ လမ်းစ တွေ့လာပြီလို့ မျှော်လင့် ရပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ထိပ်သီး အစည်အးဝေး ဖွင့်ပွဲမိန့်ခွန်းမှာတော့ ဒီနေ့ ကမ္ဘာ့ ပေါင်းစည်းမှု အနေအထား အရ ယဉ်ကျေးမှုနဲ့ ရည်မှန်းချက် တူတဲ့ နိုင်ငံတွေ အကြား ဒေသ အစုအဖွဲ့တွေ ဖြစ်လာတာဟာ ရွေးချယ်မှုကြောင့် မဟုတ်ဘဲ အချိန်ရဲ့လိုအပ်ချက်ကြောင့် ဖြစ်တယ် ဆိုပြီး ပြောဆို မှတ်ချက် ပေးခဲ့ပါတယ်။

ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ ခြိမ်းခြောက်မှုသစ်တွေကို BIMSTEC ရဲ့ခေါင်းစဉ်အောက်မှာ အခြားနိုင်ငံတကာအဖွဲ့တွေနဲ့ လက်တွဲပြီး ဖြေရှင်းဆောင်ရွက်သွားရမယ်လို့ သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။

BIMSTEC အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ဘူတန်၊ နီပေါလ် ၇ နိုင်ငံ စုစုပေါင်းဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ရှိပြီး၊ ပြည်တွင်းထုတ်လုပ်မှု တန်ဖိုးဟာဆိုရင်လည်း ဒေါ်လာ ၂ ဒဿမ ၅ ထရီလီယံ ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားကြပါတယ်။

ယူကရိန်း နိုင်ငံ Kyiv မြို့မှာ ကျဆုံးသွားသူ တွေရဲ့ အမှတ်တရ ဗိမာန်ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အင်္ဂါနေ့က သွားရောက် လည်ပတ်စဉ်။

4.3.2014

နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စိတ်ဝမ်းကွဲနေကြတဲ့ ယူကရိန်းနိုင်ငံကို အမေရိကန်ပြည်ထောင်စုက ဒေါ်လာသန်း ၁,၀၀၀ ချေးငွေ အထောက်အကူ ပေးမယ်လို့ ကြေညာဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ Kyiv မြို့တော်ကို အင်္ဂါနေ့မှာပဲ ရောက်ရှိသွားခဲ့ပါတယ်။

မစ္စတာ Kerry က ယူကရိန်းကြားဖြတ်အစိုးရအပေါ် အမေရိကန်ရဲ့ထောက်ခံမှု ပြသနေချိန်မှာပဲ ရုရှားသမ္မတ Vladimir Putin ကတော့ ယူကရိန်းနိုင်ငံထဲမှာ ရှိနေတဲ့ ရုရှားနွယ်ဖွားတွေကို အကာအကွယ်ပေးရေးမှာ နည်းမျိုးစုံသုံးဖို့ အဆင်သင့်ပဲလို့ ပြောသွားပါတယ်။ ဒါပေမဲ့ အင်အားသုံးဖို့ မလိုလောက်ဘူးလို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။

ယူကရိန်းနိုင်ငံက အာဏာအပြောင်းအလဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနည်းကျ မဟုတ်တဲ့ အာဏာသိမ်းမှုဖြစ်ပြီး၊ အာဏာကို လက်နက်နဲ့ အရယူလိုက်တာပဲလို့ ယူကရိန်းနိုင်ငံမှာ သမ္မတ Viktor Yanukovych က Kyiv မြို့်တော်ကနေ ထွက်ပြေးသွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောကြားမှုအဖြစ် သမ္မတ Putin က ပြောသွားပြီး ပြန်အရွေးခံရကိန်း မရှိတော့ပေမဲ့ မစ္စတာ Yanukovych ကပဲ ယူကရိန်းရဲ့ တရားဝင်ခေါင်းဆောင်ဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံ Crimea ဒေသမှာ ရုရှားစစ်တပ်က ဝင်ရောက်နေရာယူထားမှုနဲ့ ပတ်သတ်ပြီး ပြဿနာ ကြီးထွားလာနေချိန်မှာပဲ အခုလို မစ္စတာ Putin ပြောသွားတာ ဖြစ်ပါတယ်။ ဒီလို ရုရှားတပ်တွေ ယူကရိန်းထဲ ဝင်နေရာယူလို့ အမေရိကန်ပြည်ထောင်စုနဲ့ သူ့မဟာမိတ် အနောက်နိုင်ငံတွေက အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ စဉ်းစားနေတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကတော့ ယူကရိန်းနိုင်ငံမှာ ရောက်ရှိနေတုန်း ယူကရိန်း ကြားဖြတ် အစိုးရ အဖွဲ့ဝင် တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ယူကရိန်းရဲ့ အချုပ်အခြာ ပိုင်စိုးမှုအတွက် အမေရိကန်ရဲ့ ထောက်ပံ့မှုကို ထပ်လောင်း ပြသလိမ့်မှာ ဖြစ်ပါတယ်။

သူပေးအပ်ဖို့ရှိတဲ့ ချေးငွေတွေကလည်း အဆိုပြုထားတဲ့ ယူကရိန်းပြည်သူတွေအပေါ် စွမ်းအင်ပေးဝေမှု လျှော့ချမှုကနေ ဖြစ်လာမယ့် ရိုက်ခတ်မှု နည်းပါးအောင်လုပ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

Sindi Khan
RB News
3.3.2014

မောင်တော ။ ။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မောင်တောမြို့နယ် ဒုချီရားတန်း ကျေးရွာသို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရောက်ရှိခဲ့စဉ်က သေနတ် ဒဏ်ရာ ရရှိထားသူတစ်ဦး၊ ဓါးဒဏ်ရာ ရရှိထားသူ တစ်ဦးတို့နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ဓါးဒဏ်ရာ ရရှိထားသူ ဦးဇီယာဘူ (ဘ) ဦးမာမတ်အာမီးန် (အသက် ၃၀ နှစ်ဝန်းကျင်) ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က တာဝန်ယူ၍ မောင်တောမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသရန် ပို့ပေးခဲ့သည်။

စုံစမ်း စစ်ဆေးရေး ကော်မရှင် ထွက်ခွာသွားပြီး နှစ်ရက် အကြာ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် မိသားစု များကို ပြန်လည်အပ်နှံသည့် ပုံစံဖြင့် မိသားစုများထံ ခေါ်ဆောင် သွားခဲ့ပြီး မိသားစုနှင့်အတူ ရဲများက ဓါတ်ပုံရိုက်၍ ဖမ်းဆီး ခေါ်ဆောင်သွားသည်။ ထို့နောက် တဖန် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ဆေးရုံသို့ ရဲများက ပြန်လည် ခေါ်ဆောင် လာခဲ့ပြီး အကျဉ်းကျခံရသူ သဖွယ် ရဲအစောင့် အကြပ်ဖြင့် ဆေးရုံတွင် ဆက်လက် ထားရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးဇီယာဘူ၏ ခြေထောက်တွင် ရရှိထားသည့် ဓါးဒဏ်ရာ ပျောက်ကင်းသွားသည်မှာ ငါးရက် ရှိပြီ ဖြစ်သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်းက ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရွှေသိန်း၏ အမိန့်ရမှသာ ဆေးရုံမှ ဆင်းခွင့်ပြု နိုင်မည်ဟု ပြောကြောင်း သိရှိရသည်။

ယခင်က ဆိုက်ကားနင်း၍ အသက်မွေးဝမ်း ကျောင်းပြုသူဖြစ်ပြီး၊ ဆင်းရဲ နွမ်းပါးသူ ဖြစ်သဖြင့် ၎င်း၏ မိသားစုမှာလည်း အားကိုးရာမဲ့ ဖြစ်နေသည်။ ဦးဇီယာဘူသည် ဆေးရုံတွင် အခမဲ့ စားသောက်ခွင့် ရနေသော်လည်း မိသားစုဝင် များမှာ နေထိုင် စားသောက်ရေး အတွက် အခက်အခဲ ဖြစ်နေလျက် ရှိသည်ဟု ဆိုသည်။

အခင်း ဖြစ်ပွားစဉ်တွင် ဦးဇီယာဘူမှာ အိပ်နေခဲ့ပြီး အိပ်ရာထဲသို့ လာရောက်၍ ဓါးဖြင့် ခုတ်ပြီး ထွက်ပြေးသွား သဖြင့် မည်သူမည်ဝါက ခုတ်သည်ကို မသိရှိ ခဲ့ကြောင်း ခရိုင် ရဲတပ်ဖွဲ့မှူးထံ ထွက်ဆို ခဲ့သော်လည်း၊ ယခုအခါ ၎င်းအား မည်သူမည်ဝါက ခုတ်သည်ကို ပြောနိုင်မှသာ ဆေးရုံမှ ဆင်းခွင့် ပေးမည်ဟု ပြောကြားကြောင်း သိရှိရပါသည်။ ဆေးရုံတွင် ရဲအစောင့် အကြပ်ဖြင့် ထားရှိထားသည့် အပြင် မိသားစု များနှင့်လည်း တွေ့ဆုံခွင့် မပေးဟု ဒေသခံများက ပြောပါသည်။


Sindi Khan
RB News
3.3.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရားတန်းတွင် ဇန်န၀ါရီလ ၁၃ ရက်နေ့မှ စတင်၍ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဒုတပ်ကြပ် တစ်ဦးက ဒေသခံ ရွာသားများကို ခြိမ်းခြောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မတ်လ (၁) ရက်နေ့တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ရုံး၌ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် လစဉ် ပုံမှန် အစည်းအဝေး ကျင်းပရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ဒုချီရားတန်းတွင် ပျောက်ဆုံး နေသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ အလောင်းကို ရှာဖွေ မပေးပါက ဒုချီရားတန်းရွာ တည်ငြိမ် အေးချမ်းမည် မဟုတ်ကြောင်း၊ ရွာသားများ အနေဖြင့် ယခုကဲ့သို့သာ နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်ကြပ်ကြီးကို မြှပ်နှံ ထားသည့် နေရာကို ပြောရန်လိုကြောင်း ထည့်သွင်း ပြောကြား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မောင်တောခရိုင် ဒုစရိုက် နှိမ်နင်းရေး အဖွဲ့မှ ဒုတပ်ကြပ် မောင်ချေ (ခ) သန်းထွန်းသည် ကညင်တန်းရွာရှိ ဒုချီရားတန်း ဇာတိ ဖြစ်သူ ဦးနူရ်အာမီးန် (အသက် ၅၅ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ဒုချီရားတန်း ရွာတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို ပျောက်ဆုံး နေသည်ကို ရှာဖွေ ပေးရန်၊ ဒုချီရားတန်း ရွာသို့ သွားရောက်၍ ရွာသားများကို တပ်ကြပ်ကြီးအား မြှပ်နှံထားသည့် နေရာကို မေးမြန်းပြီး ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရွှေသိန်းကို အကြောင်းကြားရန် ပြောဆိုခဲ့သည်။ ဦးနူရ်အာမီးန်က မိမိ အနေဖြင့် မြို့ပေါ်တွင် နေထိုင်သူ ဖြစ်ပြီး၊ အခင်း ဖြစ်ပွားစဉ် ကလည်း မြို့ပေါ်တွင် ရှိသဖြင့် မိမိ အနေဖြင့် ဖြစ်စဉ်များကို မသိကြောင်း၊ မိမိနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့ရာ၊ ဒုတပ်ကြပ် သန်းထွန်းမှ ရိုင်းစိုင်းစွာ ပြောဆို၍ ခြိမ်းခြောက်မှုများ ပြုလုပ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် အဆိုပါ ဒုတပ်ကြပ်သည် ဒုချီရားတန်း ရွာသားများကိုလည်း အကျပ်ကိုင် ခြိမ်းခြောက်ခြင်း ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။


BIMSTEC အဖွဲ့ ပထမဆုံး အတွင်းရေးမှူးချုပ် Sumith Nakandala

သားညွန့်ဦး
3.3.2014

(၁၄) ကြိမ်မြောက် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးကို ဒီကနေ့ နေပြည်တော် MICC မြန်မာအင်တာနေရှင်နယ် ကော်ဗန်းရှင်း စင်တာမှာ ပြုလုပ်ရာ အတွင်းရေးမှူးချုပ်အဖြစ် သီရိလင်္ကာနိုင်ငံက သံအမတ်ကြီး Sumith Nakandala ကိုခန့်အပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး အတည်ပြုပေးခဲ့ပါတယ်။ ကျင်းပနေဆဲ BIMSTEC အစည်းအဝေးကို ကိုယ်တိုင်သွားရောက် သတင်းသွားယူတဲ့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ BIMSTEC အစည်းအဝေးမှာတော့ ကဏ္ဍ (၁၄) ခုမှာ BIMSTEC အဖွဲ့ဝင် ၇ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ဘယ်လို မြှင့်တင်ဆောင်ရွက်သွားမလဲဆိုတာကို အဓိကဆွေးနွေးခဲ့ကြပါတယ်။ နောက်ပြီးတော့ BIMSTEC ရဲ့ ပထမဦးဆုံးအတွင်းရေးမှူးချုပ်ရေးကိစ္စ လျာထားပါတယ်။ နောက် အတွင်းရေးမှူးချုပ်ရုံးကို ဘယ်လိုမျိုး ဖွဲ့စည်းပြီးတော့ ဆောင်ရွက်သွားမလဲဆိုတဲ့ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

“ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နဲ့ဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ပြည်သူ့ကျန်းမာရေး၊ ပြည်သူအချင်းချင်းဆက်သွယ်ရေး၊ ဆင်းရဲမှုလျှော့ချရေး၊ အကြမ်းဖက်မှုနဲ့ နိုင်ငံဖြတ်ကျော်မှု အလျင်အမြန်တိုက်ဖျက်ရေး၊ ရာသီဥတုပြောင်းလဲမှု စတဲ့ ကဏ္ဍကြီး ၁၄ ခုဖြစ်ပါတယ်။ အဲဒီ ၁၄ ခုမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားကြမယ်ဆိုတဲ့ ဆန္ဒကတော့ နိုင်ငံခြားရေးဝန်ကြီးအားလုံးရဲ့စိတ်ထဲမှာ တညီတညွတ်တည်းထုတ်ဖော် ပြောကြားသွားခဲ့တာ ရှိပါတယ်။

"နောက်တစ်ခု တိုးတက်မှု ကျနော့်အနေနဲ့ ယူဆရတာကတော့ BIMSTEC အဖွဲ့ကြီးရဲ့ Institutionalization ပေါ့- အဖွဲ့အစည်း စတင်ပြီး ထူထောင်တာမှာ ကျနော်တို့ - ကျနော်လည်း ခဏခဏ ပြောဖူးပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကာမြို့မှာ အတွင်းရေးမှူးချုပ်ရုံး ထူထောင်ပါ့မယ်။ ပထမဆုံးအတွင်းရေးမှူးချုပ်အဖြစ် သီရိလင်္ကာနိုင်ငံသား မစ္စတာ Sumith Nakadala- အားလုံးသိပြီးသား သူ့ကိုခန့်ပါမယ်။ အဲဒါကို နိုင်ငံခြားရေးဝန်ကြီးများက ဆက်လက်ပြီး အတည်ပြုထားပါတယ်။ အမှန်ဆိုရင် တချို့ Decision တွေက အဆင့်ဆင့်ယူလာခဲ့ပြီးပါပြီ။ ဒီနေ့တော့ နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးမှာ ဆက်လက်ပြီးအတည်ပြုထားတဲ့အတွက် မနက်ဖြန်လုပ်မယ့်အစည်းအဝေးမှာ ဆက်လက်ပြီးအတည်ပြုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက ဒီကနေ့အစည်းအဝေးနဲ့ပတ်သက်လို့ ပြောဆိုသွားတာပါ။ BIMSTEC အဖွဲ့ကြီးအနေနဲ့ ဖွဲ့စည်းခဲ့တာ နှစ်အတန်ကြာခဲ့ပေမယ့်လို့ အဖွဲ့အစည်းအနေနဲ့ အတွင်းရေးမှူးချုပ်ရုံးလိုမျိုး ဆောင်ရွက်နိုင်ခြေ မရှိသေးပါဘူး၊ ဒါကြောင့်မို့လို့လည်း အခုလုပ်တဲ့အစည်းအဝေးမှာ ကဏ္ဍ ၁၄ ခု တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် အရေးကြီးတဲ့အတွင်းရေးမှူးချုပ်ရုံး လည်ပတ်နိုင်ရေးကိစ္စကို အဓိကထား ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

လာမယ့်မေလအတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကာမြို့မှာ BIMSTEC အတွင်းရေးမှူးချုပ်ရုံးကို စတင် ဖွင့်လှစ်ဆောင်ရွက်မယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အဖွဲ့အစည်းအတွက် ဘဏ္ဍာငွေကြေး ရန်ပုံငွေအခက်အခဲရှိပြီးတော့ ဒိအတွက် ရန်ပုံငွေရှာဖွေရေးကို BIMSTEC အဖွဲ့ဝင်နိုင်ငံတွေကြားအပြင် တခြားပြင်ပကလည်း ရှာဖွေသွားမယ်လို့ သိရပါတယ်။ BIMSTEC အနေနဲ့ စီမံကိန်းအလိုက် ငွေကြေးရှာဖွေနိုင်ဖို့ ဖြစ်ပါတယ်။ အခုပြုလုပ်တဲ့ ၁၄ ကြိမ်မြောက် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း ဆွေးနွေးချက်တွေကိုတော့ မနက်ဖြန်လုပ်မယ့် (၃) ကြိမ်မြောက် BIMSTEC ထိပ်သီးစည်းဝေးပွဲမှာ အတည်ပြု ဆုံးဖြတ်မှာဖြစ်ပါတယ်။ ထိပ်သီးအစည်းအဝေးကနေပြီးတော့ BIMSTEC အဖွဲ့ဝင်တွေကြား စာချုပ် ၃ ခု ချုပ်ဆိုဖို့ရှိတယ်လို့ သိရပြီးတော့ အသေးစိတ်ကို ပြောဆိုထုတ်ပြန်တာ မရှိသေးပါဘူး။

မနက်ဖြန်ထိပ်သီးအစည်းအဝေးပွဲမှာတော့ သမ္မတဦးသိန်းစိန်က အဖွင့်စကား ပြောကြားဖို့ရှိသလိုပဲ အစည်းအဝေးအပြီးမှာ နိုင်ငံတော်အကြီးအကဲတွေရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ဖို့ရှိနေပါတယ်။ BIMSTEC အစည်းအဝေးအပြင်မှာတော့ ဘေးပန်းမှာ အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း သီးခြားတွေ့ဆုံမှုတွေ ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ နီပေါနိုင်ငံခြားရေးဝန်ကြီးတို့အကြား သီးခြားတွေ့ဆုံခဲ့ပြီး ကျန်းမာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အခု ဒီနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတော့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်ပြီးတော့ ထိုင်းနိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီးကိုယ်စား အထူးကိုယ်စားလှယ်တစ်ဦးပဲတက်ရောက်လာပါတယ်။

BIMSTEC အဖွဲ့ဟာ ပြောရမယ်ဆိုရင်တော့ ဖွဲ့စည်းခဲ့တာ ၁၀ နှစ်ကျော်ခဲ့ပြီဆိုပေမယ့် ဒေသအဖွဲ့အစည်းတရပ်အနေနဲ့ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့ကြည့်မူဝါဒပေါ် တည်ပြီးတော့ ဖြစ်လာတဲ့အဖွဲ့အစည်းတရပ်လည်းဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အရှေ့တောင်အာရှနဲ့ တောင်အာရှကိုဆက်စပ်ပေးထားတဲ့ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါပြီးတော့ ပြီးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့်လည်း အဖွဲ့အစည်းအတွင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းခဲ့တယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

မနက်ဖြန်မှာလုပ်မယ့် ထိပ်သီးအစည်းအဝေးပွဲအတွက်တော့ အိန္ဒိယဝန်ကြီးချုပ် မဲန်မိုဟန်ဆင်း၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်-ဟာဆီနာတို့လည်း မြန်မာနိုင်ငံကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။ မစ္စ်ရှိတ် ဟာဆီနာကတော့ ဒီကနေ့ နေ့လည်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ပြီးတော့ ဆွေးနွေးချက်တွေကိုတော့ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။

ရခိုင် ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဒေါက်တာ အေးမောင်၊ ဦးအေးသာအောင်တို့ မလေးရှားမှာ သေနတ်နဲ့ ပစ်ခတ် ခံရပြီး ဘေးကင်းစွာ ပြန်လည် ရောက်ရှိ လာစဉ်။ (ရခိုင် CJFB)

မဆုမွန်
3.3.2014

ပြီးခဲ့တဲ့လတုန်းက မလေးရှား နိုင်ငံကို မြန်မာပြည်က ရောက်ရှိခဲ့တဲ့ ရခိုင် ခေါင်းဆောင် တွေကို သေနက်နဲ့ ပစ်ခတ် လုပ်ကြံဖို့ ကြိုးပမ်းမှုမှာ မသင်္ကာသူ မြန်မာနိုင်ငံသား တစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့ကနေ ဖမ်းဆီး ထားပြီ ဖြစ်ပါတယ်။ အမှုမှန် ပေါ်ပေါက်ရေး နောက်ဆက်တွဲ စုံစမ်း ဖော်ထုတ်မှုတွေ ဆက်လက် လုပ်ဆောင် နေတယ်လို့ မလေးရှား ရဲချုပ်က သတင်း မီဒီယာကို ပြောပါတယ်။ မလေးရှား- မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဖော်ထုတ် ပေးနေတဲ့ အပေါ် ကျေနပ်အားရမှု ရှိပါတယ် လို့လည်း မလေးရှား သွားစဉ်က တိုက်ခိုက်ခံ ခဲ့ရသူများ အနက် တစ်ဦး အပါ အဝင် ဖြစ်တဲ့ ဒေါက်တာ အေးမောင် ကလည်း ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြ ပေးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က မလေးရှားနိုင်ငံ Bukit Bingtan မှာ ဖြစ်ပွားခဲ့တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင် အဖွဲ့ကို သေနက်နဲ့ ပစ်ခတ် လုပ်ကြံမှုမှာ ပါဝင် ပတ်သက်သူ မြန်မာနိုင်ငံသား တစ်ဦးကို ဖမ်းဆီး ရမိပြီလို့ အမှုကို စုံစမ်း ထောက်လှမ်း နေတဲ့ မလေးရှား ရဲတပ်ဖွဲ့က ပြောကြား လိုက်ပါတယ်။ ရဲချုပ် Tan Sri Khalid Abu Bakar က လုပ်ကြံမှုနဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံသား တစ်ဦးကို လတ်တလောမှာပဲ ဖမ်းဆီး လိုက်နိုင်တာလို့ သတင်း မီဒီယာတွေကို ပြောဆို ပါတယ်။ ဒီဖမ်းဆီးမှု အပြီး အမည် မဖော်သေးတဲ့ မြန်မာနိုင်ငံသားနဲ့ ထိုင်းနိုင်ငံသား အချို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်လက် စုံစမ်း ထောက်လှမ်း ဖော်ထုတ် နေတယ်လို့ မလေးရှားရဲ တာဝန်ရှိသူတွေက ပြောပါတယ်။

မလေးရှားရဲ တာဝန်ရှိသူတွေ ဘက်က အမှုမှန် ပေါ်ပေါက်ရေး စုံစမ်း ဖော်ထုတ်နေမှုနဲ့ ပတ်သက်လို့ မလေးရှား သွားစဉ်က တိုက်ခိုက်ခံ ခဲ့ရသူများ အနက် တစ်ဦး အပါ အဝင်ဖြစ်တဲ့ ဒေါက်တာ အေးမောင် ကလည်း အမှုနဲ့ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်းမှုတွေကို ကြားသိ ရပေမယ့် ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားနဲ့ ပတ်သက်လို့ သတင်း အတိအကျ မသိရသေးဘူးလို့ ဗွီအိုအေ မြန်မာပိုင်းကို အခုလိုပြောပါတယ်။

“စစ်ဆေး နေတာကိုတော့ confirm လုပ်ပါတယ်။ ကျနော်တို့နဲ့ ဆက်သွယ် ပြီးကာမှ အခုနက ဖမ်းထားတဲ့ ပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ ရခိုင်လား၊ သို့မဟုတ် ဗမာ တိုင်းရင်းသားလား၊ သို့မဟုတ် တခြား တိုင်းရင်းသား လားပေါ့၊ သို့မဟုတ် ဗမာ မဟုတ်တဲ့ တခြား ပုဂ္ဂိုလ် များလားဆိုတာ ကျနော်တို့ Confirm လုပ်ပါမယ်။”

ဇန်နဝါရီလ ၃၀ ရက်နေ့ က စလို့ မလေးရှားရောက် ရခိုင် လူမူ အဖွဲ့အစည်း တွေရဲ့ ဖိတ်ကြားချက်နဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင်နဲ့ ရခိုင် လူမူကွန်ယက်က တာဝန်ရှိသူတွေ မလေးရှားနိုင်ငံကို ရောက်ရှိ နေတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီခွဲခန့်မှာ မလေးရှားနိုင်ငံ Jalan Alor အရပ် Low Yat ပလာဇာက အပြန်မှာ ဒေါက်တာအေးမောင်နဲ့ ဦးအေးသာအောင်တို့ စီးနင်းလာတဲ့ မော်တော်ကားကို အမည်မသိ ဆိုင်ကယ်စီး လူတချို့က နောက်ကနေ လိုက်လာပြီး သေနတ်နဲ့ ပစ်ခတ် လုပ်ကြံတာ ခံခဲ့ရတာ ဖြစ်ပါတယ်။

မလေးရှား နိုင်ငံတွင်းမှာ ရခိုင် ခေါင်းဆောင် အဖွဲ့ ပစ်ခတ် လုပ်ကြံ ခံရပြီးနောက် မှာတော့ မလေးရှား နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနဲ့ မလေးရှား ရဲလုံခြုံရေး တာဝန်ရှိသူ တွေက သူတို့အဖွဲ့ကို အထူး လုံခြုံရေးယူ ထားပေးပြီး လေဆိပ်အထိ လုံခြုံရေးယူ ပို့ဆောင်ပေး ခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ အမှုဖွင့်ထား ပြီးနောက် မလေးရှား နိုင်ငံနဲ့ မြန်မာ အစိုးရ တာဝန်ရှိသူတွေ ပူးပေါင်းပြီး အမှုမှန် ပေါ်ပေါက်ရေး မလေးရှား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်မှု တွေကို အားရ ကျေနပ်မိ ပါတယ် လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ကျနော်တို့ ကတော့ အားရပါတယ်။ ကျနော်တို့ နိုင်ငံ ပြင်ပက လာတဲ့ အင်အားစု တွေက ဖြစ်စဉ် တစ်ခုကို ဖြစ်ပွားအောင် ဆောင်ရွက်တယ်လို့ သုံးသပ် ပါတယ်။ အဲဒါကြောင့် ဒီလို ဖြစ်စဉ်မျိုး သူတို့နိုင်ငံမှာ နောင်ဖြစ် လာမှာကို အင်မတန် စိုးရိမ်ပါတယ်။ အဲဒါကြောင့် တိတိကျကျ ဖော်ထုတ် ပြီးကာမှ လွှတ်တော် အမတ်ပဲ ဖြစ်ဖြစ်၊ တခြား သံတမန် ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်၊ လူမှုရေး အဖွဲ့အစည်း ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ် မလေးရှားကို လာတဲ့ အခါမှာ ဒါမျိုး မဖြစ်အောင် ဘယ်လို စီစဉ်ရင် ကောင်းမလဲ ဆိုတာ သူတို့ Strategic ပီပီသသလေး ပုံဖော်နိုင်အောင် ကြိုးစား နေတယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် ကျေးဇူးလည်း တင်ပါတယ်။”

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း မူဆလင်နဲ့ ဗုဒ္ဓဘာသာ မတူကွဲပြားတဲ့ အုပ်စုတွေကြား ဘာသာရေးဆန်တဲ့ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားပြီးတဲ့ နောက်မှာ အခုလို မလေးရှား နိုင်ငံတွင်းမှာ တိုက်ခိုက် သတ်ဖြတ်မှု တချို့နဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ မြန်မာ သံရုံးကို တိုက်ခိုက်ရန် ကြံစည်မှု အပါအဝင် အကျဉ်းထောင်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။

RB News
2.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ တာဝန်ခံ ဦးအောင်ခိုင်ဖြိုးသည် ဈေးများရှိ ဆိုင်ခန်းများမှ လစဉ် ဆက်ကြေး သဖွယ် ကောက်ခံလျက် ရှိနေကြောင်း သတင်းရရှိပါသည်။

မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) တာဝန်ခံ ဖြစ်သူ ဦးအောင်ခိုင်ဖြိုးသည် ဘူးသီးတောင် မြို့နယ် အခြေစိုက် စရဖ တပ်မှူးကို လစဉ် ငွေကျပ် ၁၀ သိန်း ပေးသွင်း ရသည်ဟု အကြောင်းပြ၍ လစဉ် ဈေးဆိုင် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့် ရိုဟင်ဂျာများကို ခြိမ်းခြောက်၍ ဆက်ကြေး သဖွယ် ကောက်ခံလျက်ရှိသည်။ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင်ရှိ ဈေးဆိုင် လုပ်ငန်းရှင်များသည် စည်ပင်သာယာ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံတော် အစိုးရသို့ တရားဝင် ငွေပေးသွင်း၍ ဖွင့်လှစ် ရောင်းချလျက် ရှိခြင်း ဖြစ်သည်။
စရဖ တာဝန်ခံ ဦးအောင်ခိုင်ဖြိုးသို့ လစဉ် ပုံမှန် ဆက်ကြေး ပေးနေသည့် ဆိုင်ခန်းမျာမှာ ဂေါ်ဒူရဈေး (ခ) သဲချောင်းဈေး၊ လိပ်ရဈေး၊ နံ့သာဈေး၊ ကျောက်ချောင်းဈေးနှင့် ကျွန်းပေါက်ဈေး တို့တွင် ရှိသည့် ဆိုင်ခန်းများ ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ အဆိုပါ ဈေးများရှိ ဈေးဆိုင်ရှင်များမှာ ဦးအောင်ခိုင်ဖြိုး၏ သားကောင်များ ဖြစ်နေသည်ဟု ဆိုသည်။

ဦးအောင်ခိုင်ဖြိုးသည် ဆေးဆိုင် တစ်ဆိုင်မှ လစဉ် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်၊ မြေဆီ (သို့) ဓါတ်မြေသြဇာ ဆိုင်တစ်ဆိုင်မှ လစဉ် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်၊ ဓါတ်ဆီ / ဒီဇယ်ဆီ ဆိုင်တစ်ဆိုင်မှ လစဉ် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ဆက်ကြေး သဖွယ် ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဈေးဆိုင် လုပ်ငန်း လုပ်ကိုင်နေသူ အများစုမှာ ငွေကြေး တတ်နိုင်သူများ မဟုတ်ဘဲ၊ မိမိတို့ တပိုင်တနိုင်ဖြင့် မိသားစု စားဝတ်နေရေးကို ပြေလည်အောင် ဖြေရှင်း နေရသူများ ဖြစ်ကြသည်။ ယခုကဲ့သို့ စရဖ၊ လုံထိန်း၊ ရဲများနှင့် ဌာနဆိုင်ရာ များက နည်းလမ်းမျိုးစုံဖြင့် ငွေညှစ်နေခြင်းကြောင့် အခက်အခဲ မျိုးစုံ ရင်ဆိုင်ရလာပြီး၊ နောက်ဆုံးတွင် မိမိတို့၏ ဌာနေကို စွန့်ခွာ၍ စက်လှေများဖြင့် စွန့်စား၍ အခြား နိုင်ငံများသို့ ထွက်ခွာနေရသည်။ ထိုကဲ့သို့ ညှဉ်းပန်း နှိပ်စက်မှုများကြောင့် ထွက်ခွာသွားလျှင် အစိုးရ၏ လူမျိုးသန့်စင်ရေး မူဝါဒ အောင်မြင်မည် ဖြစ်သဖြင့် အစိုးရ ၀န်ထမ်းများ၏ အကျင့်ပျက် ညှဉ်းပန်း နှိပ်စက် ငွေညှစ် နေမှုများကို အရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ ဒေသဆိုင်ရာ အာဏာပိုင် အကြီးအကဲများ ကိုယ်တိုင် နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားနေမှုများ ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

သေဆုံးသွားသည့် မောင်အောင်မျိုးခန့် (ဓါတ်ပုံ - ကျော်စွာဝင်း/RB News)

ကျော်စွာဝင်း
RB News
2.3.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်မှ သာမာန် အာသီးရောင်သည့် ကလေး တစ်ဦးကို စစ်တွေ ဆေးရုံသို့ ပို့ပြီးနောက် သုံးရက်မြောက်နေ့တွင် သေဆုံးခဲ့ကြောင်း သတင်း ရရှိပါသည်။

စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်မှ အာသီးရောင်၍ ဝေဒနာ ခံစားနေရသည့် ဦးမောင်မောင်ခိုင်၏ နှစ်နှစ်သား အရွယ် မောင်အောင်မျိုးခန့်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဆရာဝန်၏ ညွန်ကြားချက်အရ စစ်တွေမြို့ ပြည်သူ့ဆေးရုံက ဆေးကုသရန် ပို့ခဲ့ကြောင်း သိရှိရသည်။ လူနာဖြစ်သူ မောင်အောင်မျိုးခိုင်သည် ယမန်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် စစ်တွေဆေးရုံ၌ ကွယ်လွန်သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ကလေးရဲ့ အခြေအနေက စိုးရိမ်စရာ အခြေအနေ မဖြစ်ခဲ့ဘူး။ ခွဲစိတ်ရမယ့် အခြေအနေလည်း မဟုတ်ဘူး။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွန်ကြားချက်အရ ဆေးရုံတင်ခဲ့တာပါ။ ဆေးရုံမှာ ၃ ရက်လောက် အခြေအနေလည်း အေးဆေးပါဘဲ။ ကျွန်တော်တို့ ဒီက လူနာတွေ စစ်တွေ ဆေးရုံတက်ရင် လိုအပ်တဲ့ ဆေးဝါးတွေကို အပြင်က ၀ယ်ရပါတယ်။ အဲဒီ ဆေးဝါးတွေကို လူနာနဲ့အတူ ထားရပါတယ်။ ဆေးထိုးရမယ့် အချိန်ဆိုရင် ဆရာဝန်တွေ၊ သူနာပြုတွေ လာပြီး ထိုးဆေးကို လူနာရှင်ဆီက တောင်းတယ်။ အဲဒီနေရာမှာဘဲ ယူပြီး အဲဒီနေရာမှာဘဲ ထိုးတာများပါတယ်။” ဟု ဒေသခံ တစ်ဦးက စစ်တွေမြို့ ဆေးရုံ၏ အခြေအနေကို RB News သို့ရှင်းပြသည်။

၎င်းမှ ဆက်လက်၍ “မနေ့က နေ့လည် ၂ နာရီလောက် မောင်အောင်မျိုးခန့် ဆီကို သူနာပြု တစ်ယောက် ရောက်လာတယ်။ ဆေးထိုးရမယ် ဆိုပြီး ဆေးထိုးတယ်။ လူနာစောင့်ကလည်း ကြောက်တော့ အဲဒီဆေးက လူနာအတွက် ၀ယ်ထားတဲ့ ဆေးမဟုတ်ဘဲ သူနာပြု ကိုယ်တိုင် ယူလာတဲ့ ဆေးဖြစ်ပေမယ့် မမေးရဲခဲ့ဘူး။ သူနာပြု ဆရာမက ဆေးထိုးပေးပြီး ၂ နာရီခွဲ အကြာမှာ ကလေး သေဆုံး သွားပါတယ်။” ဟု ပြောပါသည်။

လူနာရှင်ထံမှ တောင်းယူသည့် ဆေးမဟုတ်ဘဲ သူနာပြု ယူလာသည့် ဆေးကို ထိုးပြီးနောက် အသက် သေဆုံး ရခြင်း ဖြစ်သည့် အတွက် ဒေသခံများက သံသယ ရှိနေကြသော်လည်း၊ ဥပဒေက စစ်တွေမြို့ရှိ ရိုဟင်ဂျာလူမျိုး များကို ကာကွယ် ပေးထားခြင်း မရှိသဖြင့် မိသားစုများမှာ ၀မ်းနည်း ပူဆွေးရုံကလွဲပြီး အခြား မည်သို့မျှ မတတ်နိုင်ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။

RB News
1.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရမ်းကို ဆေးခန်းများကို တရားဝင် ဖွင့်လှစ်ခွင့် ပေးထားသည့် အတွက် ရောဂါကူးစက် ပြန့်ပွားမှုများ ပိုမိုများပြားလျက် ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။

မောင်တောမြို့နယ်တွင် ရမ်းကု ဆေးခန်းများကို တရားဝင် ဖွင့်လှစ်ခွင့် ပေးထားသည့် အတွက် အိပ်ခ်ျအိုင်ဗွီ၊ အသည်းရောဂါ ဘီ၊ စီ ကဲ့သို့ရောဂါများ ကူးစက် ပြန့်ပွားနှုန်း မြှင့်တက်လာခြင်း၊ သာမာန် ရောဂါများမှာ နာတာရှည် ရောဂါ အသွင်သို့ ပြောင်းလဲ သွားရခြင်း၊ ချက်ချင်း သက်သာစေမည်ဟု ဆိုကာ ထိုးပေးသည့် ဆေးများကြောင့် အသက် ဆုံးရှုံးမှု များပါ ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ကျန်းမာရေး ၀န်ကြီးဌာန၏ ဆောင်ပုဒ် ဖြစ်သည့် “လူတိုင်း သက်တမ်းစေ့ အသက်ရှင် နေထိုင်ရေး” သည် မောင်တော ဒေသနှင့် ဆန့်ကျင်နေသည်ဟု ဒေသခံများက ဆိုသည်။ ၂၀၁၃ ခုနှစ် ဇွန်လတွင် မောင်တောမြို့နယ်၊ ရွာသစ်ကာ အနောက် ရပ်ကွက်မှ ဦးရော်ဖိခ်၏ ၁၀ နှစ်အရွယ် သားဖြစ်သူ မောင်ကိုင်ဆဲရ်ကို ဗိုက်နာနေသဖြင့် ရမ်းကု ဦးကမာ၏ ဆေးခန်းတွင် ဆေးကုသရန် ခေါ်ဆောင် သွားခဲ့ရာ ဦးကမာ ဗိုက်နာနေသည့် အတွက် သန်ချဆေး ထိုးပေးမည်ဟု ဆိုကာ သန်ချဆေး ထိုးပေးခဲ့သည်။ သို့သော်လည်း မောင်တောမြို့နယ် ဆေးဈေးကွက်တွင် သန်ချဆေး ထိုးဆေး ရောင်းချခြင်း လုံးဝမရှိခဲ့ဟု ဒေသခံများက ပြောပါသည်။ ရမ်းကု ဦးကမာမှ မောင်ကိုင်ဆဲရ်ကို ဆေးထိုးပေးပြီး ၈ နာရီ အကြာတွင် အသက်ဆုံးရှုံး ခဲ့ရသည်။ အဆိုပါ ကလေးငယ် သေဆုံးရခြင်းကို မြို့နယ် ကျန်းမာရေးမှူး ဦးကျော်မောင်မောင်သိန်းက သိရှိသည့် အခါ ရမ်းကု ဦးကမာကို ခေါ်၍ ငွေကျပ် သိန်း ၃၀ ယူပြီး နှုတ်ပိတ် နေခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ရမ်းကု ဆေးခန်းများကို တရားဝင် ဖွင့်လှစ်ခွင့် ပေးခြင်းဖြင့် ရိုဟင်ဂျာ လူမျိုးများကို သတ်ရန် မလိုဘဲ မသေသင့်ဘဲ သေဆုံး နေရသဖြင့် အစိုးရ၏ လူမျိုးတုန်း သတ်ဖြတ်ရေး စီမံကိန်း အတွက် အလိုအလျောက် အထောက် အကူ ပြုနေသည့် အပြင် ဌာနဆိုင်ရာ များလည်း လစဉ် ၀င်ငွေရနေသည်။

မြို့နယ် ကျန်းမာရေးမှူး၊ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့၊ စရဖ၊ သတင်းတပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ လစဉ်ကြေး ယူ၍ တရားဝင် ဖွင့်လှစ်ခွင့် ပေးထားသော ရမ်းကု ဆေးခန်းများမှာ --

(၁) ရွာသစ်ကာ ရပ်ကွက်တွင် (၆) ခန်း (ရမ်းကု ဦးကမာ၏ ဆေးခန်း အပါအ၀င်)
(၂) အမှတ် (၂) ရပ်ကွက်တွင် (၃) ခန်း
(၃) မြို့မ ကညင်တန်းတွင် (၃) ခန်း
(၄) မြို့သူကြီးတွင် (၂) ခန်း
(၅) ရွှေဇားတွင် (၃) ခန်း -- တို့ဖြစ်သည်။

အစိုးရမှ ဖွင့်လှစ်ထားသည့် ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ ရသော်ငြားလည်း “ဆမ” လက်မှတ် မရှိလျှင် ဆေးခန်းဖွင့် ခွင့်မရှိပေ။ သို့သော်လည်း မောင်တောမြို့နယ်တွင် ဌာနဆိုင်ရာများကို ငွေပေးနိုင်ပါက ဆေးခန်းဖွင့်ရန် မူလတန်း ပညာပင် တတ်မြောက်ရန် မလိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။

ဆေးကုမ္ပဏီများမှ ၀န်ထမ်းများလည်း အဆိုပါ ရမ်းကု ဆေးခန်းများသို့ သွား၍ ၎င်းတို့ ကုမ္ပဏီမှ ဆေးများ အရောင်း မြှင့်တင်ရေး အတွက် ၀င်ထွက် သွားလာခြင်း ပြုသဖြင့် အများစုက ဆရာဝန်များဟု ထင်မှတ်ကာ ဆေးဝါး ကုသမှု ခံယူနေခြင်းမျိုးလည်း ရှိနေသည်ဟု ဆိုသည်။


မြန်မာနိုင်ငံ ဆိုင်ရာ UNFPA ဌာနေ ကိုယ်စားလှယ် Ms. Janet Jackson နဲ့ ဧည့်သည် အဖွဲ့ တွေ့ဆုံကြစဉ်။


သားညွန့်ဦး
1.3.2014

မြန်မာနိုင်ငံတွင်း အခုလာမယ့် လဆန်းပိုင်းထဲ တနိုင်ငံလုံး သန်းခေါင် စာရင်းကောက်ယူဖို့ လုပ်ငန်းစဉ် အတွက် အစိုးရ အပြင်၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ လက်နက်ကိုင် တွေနဲ့ပါ တွေ့ဆုံ ညှိုနှိုင်းမှုတွေ လုပ်ခဲ့ရတယ်လို့ UNFPA ကုလသမဂ္ဂ လူဦးရေ ရံပုံငွေအဖွဲ့ က ပြောပါတယ်။ ကောက်ခံမှု မတိုင်ခင် အငြင်းပွား နေတဲ့ တိုင်းရင်းသား လူမျိုး ကိစ္စတွေနဲ့ ပတ်သက်လို့တော့၊ ဒါဟာ လူမျိုးတိုင်း အုပ်စုတိုင်း အနေနဲ့ သူတို့ အမည်သူတို့ သတ်မှတ်ခွင့် ရှိတယ်လို့ ဆိုပါတယ်။ UNFPA မြန်မာ ဌာနေ တာဝန်ခံ ဖြစ်သူနဲ့ တွေ့ဆုံ မေးမြန်း ထားတဲ့ ကိုသားညွန့်ဦးက ဒီအကြောင်း သတင်းပေး ပို့ထား တာပါ။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း လုပ်ငန်းစဉ် အဖြစ်နဲ့ အခုလာမယ့် မတ်လ ၃၀ရက်နေ့ကနေ ဧပြီလ ၁၀ရက်နေ့ အတွင်း အိမ်ထောင်စုတွေ အဖွဲ့အစည်း တွေမှာ လူဦးရေ စာရင်း ကောက်ခံမှုတွေ စတင် လုပ်ဆောင်နိုင်ဖို့ အတွက် နိုင်ငံတကာက ဆိုရင် UNFPA ကုလသမဂ္ဂ လူဦးရေ ရံပုံငွေအဖွဲ့က နည်းပညာ အရရော ဘဏ္ဍာငွေကြေးအရပါ ကူညီဆောင်ရွက်ပေးနေ တာဖြစ်ပါတယ်။ ဒီလို ကူညီ ဆောင်ရွက် ပေးရာမှာ အားလုံး ပါဝင်တဲ့ လုပ်ငန်းစဉ် တရပ်ဖြစ်ဖို့ အစိုးရအပြင် တတ်ကျွမ်းသူတွေရော တိုင်းရင်းသား အဖွဲ့အစည်း တွေနဲ့ပါ ဆွေးနွေးခဲ့ ရတယ်လို့ UNFPA ဌာနေ ကိုယ်စားလှယ် Ms. Janet Jackson က ဗွီအိုအေကို ပြောပါတယ်။

“လုပ်နေတဲ့ အဆင့်တိုင်းမှာ များပြားတဲ့ နားလည် တတ်ကျွမ်းသူ တွေက စီမံခန့်ခွဲ ဆောင်ရွက် ကြပါတယ်။ အလှုရှင်တွေ နိုင်ငံရေး အကြံပေးတွေနဲ့ ညှိုနှိုင်း ဆွေးနွေးပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်နေသူတွေနဲ့ လည်း ဆွေးနွေးပါတယ်။ အစိုးဖက်က မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်း တွေကိုလည်း ဆွေးနွေး ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ လက်နက်ကိုင် ခေါင်းဆောင် တွေနဲ့ ဆွေးနွေး ပါတယ်။ ဒီလို အပြန်အလှန် ဖလှယ်တာဟာ အင်မတန် အရေးပါ ပါတယ်။ အချို့ ဆွေးနွေးပွဲ တွေဆိုရင် နာရီနဲ့ချီ ကြာပါတယ်။

စုပြီး ဆွေးနွေးတာ ရှိသလို၊ နှစ်ဖက်ဆိုင်ပြီး ဆွေးနွေး ရတာ မျိုးလည်း ရှိပါတယ်။ လွယ်ကူ လှတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတိုင်းက ပါဝင် ဆောင်ရွက် ကြပါတယ်။ သန်းခေါင် စာရင်း ကောက်တယ် ဆိုတဲ့ အပေါ်မှာ နားလည်ဖို့ အဖွဲ့တိုင်း လူတိုင်း ကြိုးစားကြ ပါတယ်။ ဒါကြောင့်လည်း အခု လတ်တလောက လုပ်ငန်းစဉ်တင် မကဘူး၊ ရေရှည်မှာ ဒီအချက်အလက် တွေကို ဘယ်လို အသုံးပြု မလဲဆိုတဲ့ ကိစ္စတွေ မှာပါ အပြန် အလှန် ယုံကြည်မှု ရလာဖို့ အထောက် အကူ ဖြစ်စေမယ် ထင်ပါတယ်။ အခု အချိန်မှာ ယုံကြည်မှုက အရေးကြီး ပါတယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ အတွင်းမှာကို အထွေထွေ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ် အချို့ရှိ ပါတယ်။ အဓိက ကတော့ပဋိပက္ခတွေကြောင့်ပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ နောက်ဆုံး ကောက်ယူခဲ့တဲ့ ၁၉၈၃ ခုနှစ် သန်းခေါင် စာရင်း မှာတောင်၊ ပဋိပက္ခ ဒေသတွေမှာ ကောက်ယူ နိုင်ခဲ့ခြင်း မရှိပါဘူး။ သူတို့ အနေနဲ့တော့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ပါ ဆွေးနွေးခဲ့ တာကြောင့်၊ ဒီလို ပဋိပက္ခရှိတဲ့ နယ်မြေတွေ မှာတောင် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ခံနိုင်ဖို့ အခြေအနေ ကောင်းတွေ ရထားပြီလို့ Ms.Jackson က ပြောပါတယ်။

“အခုဆိုရင်တော့ နောက်ဆုံး အဆင့် ရောက်နေပြီး၊ လုပ်ငန်းစဉ်တွေကို သေချာအောင် စေ့စေ့စပ်စပ် ပြန်ကြည့် ရမှာပါ။ လုပ်ရမယ့် အစီအစဉ် အားလုံး စနစ်တကျ ဖြစ်ရဲ့လားဆိုတာပါ။ အစိုးရ မဟုတ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆွေးနွေး ညှိုနှိုင်းရတာ အဆင်ပြေ ပါတယ်။ အဲဒီ ဒေသတွေမှာ သန်းခေါင် စာရင်း ကောက်ခံမှုတွေ လုပ်နိုင်ဖို့ ပူးပေါင်း ဆောင်ရွက် ပါမယ် ဆိုတဲ့ သဘော တူညီချက်တွေ ရထားပါပြီ။ တကယ့်ကို ပြင်ဆင် ဆောင်ရွက်မှု တွေလည်း တွေ့ရပါတယ်။”

အခု သန်ခေါင် စာရင်း ကောက်ခံ ရာမှာ လူဦးရေ စာရင်း သက်သက်ကိုတင် မဟုတ်ပဲ၊ အလုပ်အကိုင် လူနေမှုဘ၀ စီးပွားရေး အခြေအနေ တွေကိုပါ ထည့်ယူ ကောက်ခံမှာဖြစ်ပါတယ်။ ဒါဟာ တကယ်တော့ ဒီအချက် အလက် တွေကနေ သုတေသနပြုစု သုံးသပ်နိုင်ရင်၊ အခြား ဖွံဖြိုးရေး အစီအစဉ်တွေ အတွက်ပါ အထောက် အကူ ဖြစ်စေဖို့လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင် လူအတော် များများမှာ စားဝတ်နေရေး အခြေအနေ တွေကြောင့် ပြည်တွင်းမှာပဲ ရွေ့ပြောင်း နေကြရတာ၊ နောက်ပြည်ပကို ရွေ့ပြောင်း အလုပ်လုပ်ကိုင် ကြရတာမျိုးတွေ အတော်လေး ဖြစ်နေ ပါတယ်။

ဒီနေရာမှာတော့ ပြည်ပရောက် နေတဲ့ မြန်မာလူမျိုးတွေ အတွက်တော့ သူတို့ သက်ဆိုင်ရာ အိမ်ထောင်စု မှာပဲ ပြည်ပ ရောက်နေတယ် ဆိုတာ ဖော်ပြနိုင်ပြီး၊ ဘယ်အတွက်ကြောင့် ဘာကြောင့် ပြည်ပ ထွက်ရသလဲ ဆိုတာ မေးမြန်းဖို့ မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့်လို့ ပြည်တွင်းမှာပဲ ရွေ့ပြောင်းသူတွေ အတွက် ကတော့ ရွေ့ပြောင်းရတဲ့ အကြောင်းရင်း တွေကိုပါ ထည့်သွင်း မေးမြန်းဖို့ ရှိပါတယ်။

ဒါဟာလည်း ပြည်တွင်း ထဲမှာပဲ ဘာကြောင့် တနေရာကနေ တနေရာ ပြောင်းရွေ့ကြရလဲ ဆိုတဲ့ အချက် အလက် အခြေ အနေတွေကို သိရှိနိုင်ဖို့ ဖြစ်တယ်လို့ Ms.Janet Jackson က ပြောပါတယ်။

“ရေတို အလုပ်အကိုင် တွေကြောင့် တိုင်းပြည်ထဲ တနေရာကနေ တနေရာ သွားရောက် အလုပ်လုပ် ကြရတဲ့ ပြည်သူတွေ အတွက် ကတော့ လူဦးရေ စစ်တမ်း ရယူမှု လုပ်ငန်းမှာ သူတို့ဟာ တရားဝင် တရားမ၀င်လား ဆိုတာ မထည့်တွက် ပါဘူး။ သူတို့ အနေနဲ့ ဒီမှာ ပြောင်းရွေ့လာတာ ယာယီပဲလား ဒါမှမဟုတ် အမြဲတမ်းလား ဆိုတာကိုပဲ သိရှိအောင် လူတိုင်းကို စာရင်းယူ သွားမှာပါ။ ဘယ်လို အလုပ်အကိုင် လုပ်သလဲ ဆိုတာ အပါအ၀င် မေးခွန်းတွေ အားလုံးကို ဖြေဆိုနိုင် မှာပါ။ တနေရာ ကနေ တနေရာကို ဘာကြောင့် ပြောင်းသွားလဲ ဆိုတာကို သိဖို့ပဲ အရေးကြီး ပါတယ်။

တိုင်းပြည် အတွင်းမှာပဲ တနေရာကနေ တနေရာကို ပြောင်းရွေ့သွားကြတာ ဘာကြောင့်လဲ ဆိုတာကို အတိအကျ သိရှိ နားလည်နိုင်ဖို့ လိုတာကြောင့်ပါ။ ဘယ်လို အလုပ်အကိုင် တွေကြောင့် လူတွေကို ဒီကို ရွေ့ပြောင်း လာကြ သလဲ ဆိုတာ သိဖို့လိုတာပါ။ ဒါဟာ ရွေ့ပြောင်းနေထိုင်မှုနဲ့ ပတ်သက်လို့ နောက်ပိုင်း သုတေသန လုပ်ငန်းတွေ အတွက်လည်း အသုံးဝင်မှာမို့ပါ။”

နောက်အခု ကြုံရတဲ့ အခြေအနေ တရပ်ကတော့ လူမျိုးစု အမည်တပ်တဲ့ ကိစ္စတွေပါ။ လူမျိုးကြီးတွေက လူမျိုးစု ခွဲတွေ အမည် တပ်ပြီး စာရင်းကောက် မှာကို မနှစ်သက်သလို၊ လူမျိုးစုငယ် တွေကလည်း လူမျိုးကြီး အုပ်စုတွေထဲ သူတို့ အမည် ပါသွားမှာ စိုးရိမ်နေ ပါတယ်။ ဒါကြောင့် လုပ်ငန်းစဉ်ပါ လူမျိုးစု အခြေခံ သတ်မှတ်ချက်ကို ကန့်ကွက်မှု တွေမှာရှိနေတာပါ။

ဒါပေမယ့်လည်း တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုး သတ်မှတ်ချက်ဟာ ပြည့်စုံတဲ့ စာရင်း သတ်မှတ်မှု မဟုတ်ဘူး ဆိုတာ သူတို့ရော အစိုးရ ကိုယ်တိုင်ပါ သဘောပေါက် နားလည်တယ်လို့ Ms.Jackson က ပြောပါတယ်။ ဒါပေမယ့် လက်ရှိရှိပြီးသား လူမျိုးစု သတ်မှတ်မှု ဒီစာရင်းကို အခြေခံ ယူရတာ ဖြစ်ပြီး၊ ကိုယ်သတ်မှတ် ချင်တဲ့ ကိုယ့်လူမျိုး သတ်မှတ်ချက်ကို သီးခြား ဖြည့်လို့ ရတယ်လို့ ပြောပါတယ်။

“ကိုယ့်အချက် အလက် တွေကို ကောက်ခံ ထားရင် ကိုယ့်သဘော တူညီချက် မပါပဲ အများပြည်သူကို ထုတ်ပြန် အသိပေးတာမျိုး မလုပ်ရဘူး ဆိုတာ လူ့အခွင့် အရေး တမျိုးပါ။ နောက်လူ့အခွင့် အရေး တမျိုးကလည်း ကိုယ်ဟာ ဘယ်လူမျိုး ဘယ်အုပ်စုလဲ ဆိုတာကို ကိုယ်တိုင် ဆုံးဖြတ် ရွေးချယ် ပြောဆို သတ်မှတ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးစု ခေါင်းဆောင်တွေက ဒီမေးခွန်းမျိုးကို ဘယ်လို ဖြေကြမလဲ ဆိုတာ ဆွေးနွေး တိုင်ပင် နေကြ ပါတယ်။ အောက်ခြေ လူမှု အသိုင်း အ၀ိုင်း အဆင့်မှာရော၊ အခြား အဆင့်တွေ မှာပါ ဆွေးနွေးမှုတွေ လုပ်နေကြ တာပါ။ ဒါဟာ တကယ့်ကို သူတို့ လုပ်ကြရမယ့် ကိစ္စပါ။ တဦးတယောက်ချင်း မဆို၊ ဘယ် အုပ်စု ဘယ်လူမျိုး မဆို - သူတို့ကို ဘယ်လူမျိုး အဖြစ် သတ်မှတ် စေချင်လဲ ဆိုတာ သူတို့ ကိုယ်တိုင် ဆုံးဖြတ် သတ်မှတ် ရမယ့် အခွင့် အရေး ရှိပါတယ်။”

အခု သန်းခေါင် စာရင်း လုပ်ငန်း ကနေ ရလာမယ့် ကိန်းဂဏန်းတွေ အချက်အလက်တွေ အထူး သဖြင့် ဆိုရင်တော့ နေထိုင်မှု အခြေ အနေ လူမှုဘ၀ အလုပ် အကိုင် စတာတွေကနေ နောက်ပိုင်း နိုင်ငံတော် အဆင့် ရေးဆွဲမယ့် ဖွံဖြိုးရေး စီမံချက်တွေ အတွက် အသုံးပြု သွားနိုင်မှာ ဖြစ်သလဲ။ မြန်မာနိုင်ငံ လူအရင်း အမြစ် ကိုလည်း အသေ အချာ တွက်ချက် သွားနိုင်မှာ ဖြစ်တယ်လို့ UNFPA တာဝန်ရှိသူက ပြောပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်ဟာ အစိုးရ ဒါမှမဟုတ် အဖွဲ့အစည်း တခုခု အတွက်ပဲ မဟုတ်ပဲ တတိုင်းပြည်လုံး မှာရှိတဲ့ လူမှု အသိုင်း အ၀ိုင်းတွေ အားလုံး အတွက် အကျိုးရှိမယ့် လုပ်ရပ် ဖြစ်တာမို့။ လူထုဖက် ကလည်း ပူးပေါင်း ဆောင်ရွက် သွားဖို့ UNFPA က တိုက်တွန်း ပြောကြား ခဲ့ပါတယ်။



စတီဗင်
1.3.2014

အခု နိုင်ငံတကာ သတင်းတွေမှာ ဒီလို ခေါင်းစဉ် တွေနဲ့ တတ်လာတယ်ဗျ။ “ရိုဟင်ဂျာ တွေကို ခွဲခြား ဖိနှိပ် ဆက်ဆံ တာက မြန်မာ အစိုးရရဲ့ ပေါ်လစီ”တဲ့။ Fortify Rights က ရေးတာပေါ့ဗျာ။

သိတဲ့အတိုင်းပဲ ရိုဟင်ဂျာတွေက ခရီးသွားလာခွင့်၊ လက်ထပ် ထိမ်းမြားခွင့်၊ ကလေး မီးဖွားခွင့်၊ အိမ်ပြင်တာ၊ ၀တ်ပြု ဆုတောင်းတာက အစ အကန့် အသတ်ထား ခံနေ ရတာလေ။

Fortify Rights ရဲ့ ပြောကြားချက်တွေကို ရဲထွဋ်က ဘယ်လို ပြန်ပြော သလဲ ဆိုတော့ အဲဒီ အဖွဲ့ဟာ ဘင်္ဂလီတွေ အတွက် သက်သက် လော်ဘီ လုပ်ပေး နေတဲ့ အဖွဲ့ ပါတဲ့။ ဒါကြောင့် သူတို ရဲ့ အစီရင်ခံစာကို လုံးဝ လက်မခံ ပါဘူးတဲ့။

ရခိုင်ပြည်နယ် အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်မြိုင်ရဲ့  The Wall Street Journal ကို ပြောကြား ထားတာလေး တစ်ချက် ပြန်ကြည့် ကြရအောင်။ “အိမ်ထောင် ပြုတာနဲ့ မွေးဖွားနှုန်း ကန့်သတ် တာတွေ အပါအ၀င် လူဦးရေ ထိန်းချုပ်တာ တွေကို နစက လက်ထက်က ပြုလုပ် ခဲ့တာ ဖြစ်တယ်တဲ့။

ဒါပေမယ့် Fortify Rights ကလည်း

- ရိုဟင်ဂျာတွေနဲ့ပဲ သက်ဆိုင်တဲ့ မြန်မာ အစိုးရရဲ့ ပေါ်လစီတွေက ရိုဟင်ဂျာတွေ နေလို့ မရပဲ ထွက်ပြေးရ လောက်အောင် တင်းကျပ် နေတယ်၊
- ဘူးသီးတောင်၊ မောင်တောက ဒေသခံတွေရဲ့ လူနေမှု စရိုက်ကို ထိပါးလာစေတဲ့ အထိ မွတ်စလင် လူဦးရေ ကြီးထွား လာခြင်း အပေါ် ဒေသံခံတွေ စိုးရိမ်မှုတွေ ထွက်ပေါ် နေတယ်လို့ ပြောကြ ပေမယ့် အဲဒီ စကားတွေက ထိပ်ပိုင်း အစိုးရ အရာရှိ တွေရဲ့ ပြောဆိုမှုတွေ ကနေ ဖြစ်ပွား နေရတာ ဖြစ်တယ်၊
- မွတ်စလင်တွေကို ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ သက်သေ အထောက် အထား မရှိပဲ အစိုးရတွေက ပြောဆို လုပ်ဆောင် နေတယ်၊
- တစ်အိမ်ထောင် ကလေး နှစ်ယောက်သာ မွေးဖွားခွင့်ရှိတဲ့ ကန့်သတ်မှုကို ထုတ်ပြန် ထားခဲ့တဲ့ အထောက် အထားတွေ ရှိတယ်လို့ ပြောဆို ခဲ့တယ်။

Fortify Rights ရဲ့ အစီရင်ခံစာကို ပြန်ကြည့် ရအောင်။

- နစကကို ဦးသိန်းစိန် အစိုးရက ၂၀၁၃ ဇူလိုင်က ဖျက်သိမ်း ခဲ့ပေမယ့်လည်း လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပွား နေတယ်တဲ့။

ရဲထွဋ်က ဗီအိုအေကို ဘာဆက်ပြောလဲကြည့်ရအောင်။

“ရခိုင်ပြည်နယ်ကို လာရောက် လေ့လာ လုပ်ဆောင်တဲ့ ကုလသမဂ္ဂ အဖွဲ့ အစည်း အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်း တွေက Fortify Rights အဖွဲ့ ကဖော်ပြထား သလို ပြစ်မှုမျိုးတွေ ကျူးလွန် နေတယ် ဆိုပြီး မစွပ်စွဲထားဘူး၊ ဒီအစီရင်ခံစာ မျိုးထုတ်တာ အင်မတန် ရယ်စရာ ကောင်းတဲ့ ကိစ္စပါ”တဲ့။

ဦးရဲထွဋ်က ဒီလို ကိစ္စတွေ လုံးဝ မရှိဘူး ပြောတယ်၊ ရီစရာတောင် ကောင်းသေးတယ် ဆိုပဲ။

ဦးဝင်မြိုင် ကတော့ နစက ရှိတုန်းက လုပ်ခဲ့တဲ့ ပြစ်မှုတွေပါတဲ့။

Fortify Rights ရဲ့ အစီရင်ခံစာ ကတော့ အရင်ကလည်း လုပ်ခဲ့တယ်၊ အခုလည်း လုပ်နေဆဲပဲတဲ့။

ဘယ်သူ ပြောတာကို လက်ခံမလဲ၊ အသိဥာဏ် ရှိရင် စဉ်းစား နိုင်မှာပါ။

ဦးရဲထွဋ်ရဲ့ ပြောကြားချက် ဖြစ်တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း အပါအ၀င် နိုင်ငံတကာ အဖွဲ့ အစည်း တွေက Fortify Rights အဖွဲ့ ကဖော်ပြထား သလို ပြစ်မှု မျိုးတွေ ကျူးလွန် နေတယ် ဆိုပြီး မစွပ်စွဲထားဘူး၊ ဆိုတာကို ဆက်ပြီးချက်ကျ လက်ကျ ပြောရအောင်။

ဒါကတော့ ကုလသမဂ္ဂက တစ်အိမ်ထောင် ကလေး နှစ်ယောက် မူဝါဒ ချမှတ်တုန်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာပါ။ Website ကလည်း UN.org ပါတဲ့။

“This local order is one of many that have been introduced by local Rakhine state authorities that violate the basic human rights of Rohingya Muslims, including with regard to freedom of movement, marriage, and registration of newborn children.”
http://www.un.org/apps/news/story.asp/story.asp?NewsID=45055&Cr=myanmar&Cr1

ဒါကတော့ နိုင်ငံတကာ လူ အခွင့်အရေး အဖွဲ အစည်းတစ်ခုဖြစ်တဲ့ HRW ရဲ့ အစီရင်ခံစာပါ ကောက်နှုတ်ချက် ဖြစ်ပါတယ်။ Website ကလည်း HRW.rogပါ။

The authorities in northern Arakan State have a long history of torture and mistreatment of Rohingya detainees, Human Rights Watch said.
Burmese law and policy discriminate against Rohingya, infringing on their rights to freedom of movement, education, and employment. Burmese government officials typically refer to the Rohingya as “Bengali,” “so-called Rohingya,” or the pejorative “Kalar,” and Rohingya face considerable prejudice from Burmese society generally, including from longtime democracy advocates and ethnic minorities who themselves have long faced oppression from the Burmese state.
By contrast, the Rohingya population’s access to markets, food, and work remains dangerous or blocked, and many have been in hiding for weeks.
http://www.hrw.org/news/2012/07/31/burma-government-forces-targeting-rohingya-muslims-0

ကဲဗျာ။ ရှင်းရှင်း ပြောရရင် ဦးရဲထွဋ်တို့ ပြန်ကြားရေး ၀န်ကြီးဌာန ဆိုတာ အစိုးရက လုပ်သမျှ မိုက်ကန်း ဆိုးယုတ်မှု တွေကို မျက်နှာပြောင် တိုက်ပြီး လိမ်ဖို့ အတွက် ဖွဲ့ စည်းထားတာပဲ။ အခု ကျနော့်ရဲ့ ဒီပိုစ်မှာ ပေါ်လွင် လောက်ပြီလို့ ထင်ပါတယ်။

ထပ်ပြီး ဖြည့်စွက် ပြောရမယ် ဆိုရင် ရိုဟင်ဂျာ တွေကို အစိုးရက ပေါ်ပေါ် ထင်ထင်ပဲ ခွဲခြား ဖိနှိပ် ဆက်ဆံတဲ့ ပေါ်လစီ သုံးတယ်။ မြန်မာ မွတ်စလင် တွေကိုတော့ အစိုးရ ကိုယ်တိုင် ပေါ်ပေါ် ထင်ထင် မသုံးဘူး။ ဒါပေမယ့်လည်း ပါတီတွေ၊ နိုင်ငံရေး သမားတွေ၊ ဘုန်းကြီးတွေ၊ မျက်ကန်း မျိုးချစ်တွေကို သုံးပြီးတော့ ခွဲခြား ဖိနှိပ် ဆက်ဆံတွေ ပေါ်လစီကို သုံးတယ်။ ရိုဟင်ဂျာတွေ လောက်တော့ မဆိုးဘူး ပေါ့ဗျာ။

မြန်မာနိုင်ငံတွင်း ဒေသအလိုက် MSF လုပ်ငန်းများ Photo Credit to http://www.msf.org


ကျော်ကျော်သိန်း
1.3.2014

မြန်မာနိုင်ငံတွင်း လိုအပ်တဲ့ လူတွေ အတွက် လူသားချင်း စာနာမှု ဆိုင်ရာ အကူ အညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာ အသိုက် အဝန်းနဲ့ ဆက်ပြီး လက်တွဲ လုပ်ဆောင် သွားပါလို့ အမေရိကန် ပြည်ထောင်စုက မြန်မာ အစိုးရကို တိုက်တွန်း လိုက်ပါတယ်။ နယ်စည်းမထား ဆရာဝန်များ အဖွဲ့ MSF ရဲ့ မြန်မာနိုင်ငံ တွင်းက လုပ်ငန်းတွေကို ရပ်ဆိုင်း ထားဖို့ မြန်မာ အစိုးရက ညွှန်ကြား ခဲ့တယ် ဆိုတဲ့အပေါ် အခုလို တိုက်တွန်း လိုက်တာပါ။ မြန်မာအစိုးရ ပြောရေး ဆိုခွင့် ရှိသူကတော့ MSF ရဲ့ လုပ်ငန်းတွေ အားလုံးကို ရပ်ဆိုင်းတာ မဟုတ်ဘဲ ရခိုင်ပြည်နယ် ဘက်မှာ ရပ်ဆိုင်း ထားဖို့သာ ပြောတာ ဖြစ်တယ်လို့ တုန့်ပြန်ထား ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

MSF ရဲ့ မြန်မာနိုင်ငံတွင်းက လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ညွှန်ကြား ခံရတယ် ဆိုတဲ့ သတင်း တွေကြောင့် အထူး စိုးရိမ်မိပြီးတော့ လုပ်ငန်းတွေ ပြန်စနိုင်ရေး မြန်မာ အစိုးရနဲ့ MSF အကြား ဆွေးနွေး ညှိနှိုင်း နေတယ်လို့ နားလည် ထားကြောင်း အမေရိကန် နိုင်ငံခြား ရေးဌာန ပြောရေး ဆိုခွင့်ရှိသူ ဂျန် ဆာကီး (Jen Psaki) က သောကြာနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောခဲ့ပါတယ်။

“လိုအပ်နေတဲ့ လူတွေ အတွက် လူသားချင်း စာနာမှု ဆိုင်ရာ အကူ အညီတွေ ပေးနိုင်ရေး နဲ့ အကူ အညီပေး အဖွဲ့တွေ အဟန့် အတား မရှိ ဆောင်ရွက် လုပ်ကိုင်နိုင်ရေး အတွက် နိုင်ငံတကာ အသိုက် အဝန်းနဲ့ ဆက်ပြီး လက်တွဲ လုပ်ဆောင် သွားဖို့ မြန်မာ အစိုးရကို ကျမတို့ တိုက်တွန်း ပါတယ်။ အဲဒီလို လုပ်ကိုင် ဆောင်ရွက် နိုင်ရေးဟာ မြန်မာလူထု အတွက် အကျိုးဖြစ်စေတယ် ဆိုတာ က ထင်ရှား ပါတယ်။”

ဖေဖော်ဝါရီလ ၂၈ ရက်နေ့စွဲနဲ့ MSF အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတွင်း လုပ်ငန်း အားလုံးကို ရပ်ဆိုင်းဖို့ မြန်မာ အစိုးရက MSF ကို ညွှန်ကြားခဲ့တယ် လို့ ပြောထားပါတယ်။ ဒါပေမဲ့လည်း အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ကတော့ MSF နဲ့ ကျန်းမာရေး ဝန်ကြီး ဌာနအကြား ထိုးထားတဲ့ နားလည်မှု စာချွန်လွှာ ၂၀၁၃ နှစ်ဆန်း ကတည်းက သက်တမ်း ကုန်သွားပြီး အသစ် လက်မှတ်ထိုးဖို့ ရှိနေချိန်မှာ စာချွန်လွှာ အသစ်ကို လက်မှတ် မထိုးခင် အထိ လုပ်ငန်းတွေကို ရပ်ဆိုင်းထား ပေးဖို့ ရခိုင်ပြည်နယ် အစိုးရက ပြောတာ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။

အခုလို ရခိုင်ပြည်နယ် အစိုးရက ပြောတယ် ဆိုတာဟာ MSF အဖွဲ့ကို ရခိုင်ပြည်နယ် ကနေ ထွက်ခွာ သွားဖို့ စစ်တွေမြို့မှာ ဒေသခံ တွေဆန္ဒပြခဲ့ အပြီး သီတင်းတစ်ပတ် နီးပါး အကြာမှာ ထွက်လာတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တဝန်း မြို့နယ်ပေါင်း ၃၃ မြို့နယ်မှာ လုပ်ငန်း ဆောင်ရွက်ဖို့ ကျန်းမာရေး ၀န်ကြီး ဌာနနဲ့ MSF အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ထိုးထားတာမှာ ကချင်၊ ရှမ်း စတဲ့ နေရာတွေက လုပ်ငန်းတွေမှာ စည်းကမ်းချက်နဲ့ ကိုက်ညီပေမဲ့ ရခိုင်ပြည်နယ်တွင်း လုပ်ဆောင်တာတွေ မှာတော့ စည်းကမ်း ချိုးဖောက်တာတွေ အလွန် များတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

"ဘက်လိုက်မှုတို့ ဘက်လိုက်တယ်လို့ ယူဆစရာ လုပ်ဆောင်ချက်တွေ အများကြီး ရှိတဲ့ အတွက်ကြောင့် မို့လို့ ဒီ MOU အသစ် ဆွေးနွေးတဲ့ အခါမှာ ဖြစ်ပေါ်လာ နိုင်တဲ့ အခြေအနေ အားလုံးကို ပြန်လည် သုံးသပ် ဆွေးနွေး မှာပါ။ ဒီနေရာမှာ ကျနော် အလေးအနက် ထားပြီး ပြောချင်တာက ကျနော်တို့သည် MSF ကို အဖွဲ့ အစည်း တစ်ခု အနေနဲ့ ဆန့်ကျင်နေခြင်း၊ ကန့်ကွက် နေခြင်း မဟုတ်ဘူး။ MSF ကနေပြီးတော့မှ မြန်မာနိုင်ငံ ထဲမှာ ထားထားတဲ့ နိုင်ငံခြားသား ဝန်ထမ်းနဲ့ ဌာနေ ဝန်ထမ်းတချို့ရဲ့ စည်းကမ်း ဖောက်ဖျက်မှုကြောင့် ကျနော်တို့ ပြန်လည် ဆွေးနွေးနေ ရခြင်း ဖြစ်တယ်။ ဒါလေးတော့ ကျနော်တို့ အတိအကျ ထပ်ပြောချင်တယ်။ "

မြန်မာ အစိုးရ ဘက်က အခုလို တစ်ဘက်သတ် ဆုံးဖြတ်လိုက်တဲ့ အပေါ် အထူးပဲ အံ့အားသင့် မိတဲ့ အကြောင်းနဲ့ နိုင်ငံတ၀န်းမှာ MSF က ပြုစုကုသ ပေးနေတဲ့ လူနာ ထောင်ပေါင်း များစွာရဲ့ ကံကြမ္မာ အတွက် အလွန် အမင်းပဲ စိုးရိမ်ပါတယ်လို့ MSF ရဲ့ ထုတ်ပြန် ချက်မှာ ပြောထား ပါတယ်။ ဒါပေမဲ့လည်း ဦးရဲထွဋ် ကတော့ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်တွေ ရှိမလာနိုင်ဘူးလို့ အခိုင်အမာ ပြောပါတယ်။

"မရှိပါဘူး ခင်ဗျ။ အဲ့ဒီ့နေရာ တွေကို ကျန်းမာရေး ဝန်ကြီးဌာနက ဝင်ရောက် ဆောင်ရွက်နိုင်ဖို့နဲ့ နောက်တခါ ကျန်တဲ့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်မယ့် မိတ်ဖက် အဖွဲ့အစည်းတွေက လုပ်နိုင်ဖို့ ဒါကို ကျနော်တို့ စီစဉ်နေပါတယ်။"

အသက်ကယ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေကို ပေးဖို့ MSF မှာရှိတဲ့ အတွေ့အကြုံနဲ့ အခြေခံ အဆောက် အအုံ အတိုင်းအတာ ပမာဏနဲ့ လုပ်ဆောင်နိုင်တဲ့ ဆေးဘက် ဆိုင်ရာ အစိုးရ မဟုတ်တဲ့ တခြား အဖွဲ့အစည်းမျိုး မရှိဘူးလို့ MSF ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။ MSF ရဲ့လုပ်ငန်းတွေဟာ ဆေးဘက် ဆိုင်ရာ ကျင့်ဝတ် သိက္ခာတွေ၊ ကြားနေပြီး ဘယ်ဘက်ကိုမှ မလိုက်တဲ့ မူဝါဒတွေနဲ့ အညီ လုပ်ဆောင်တာ ဖြစ်တယ် လို့လည်း MSF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

Rohingya Exodus