နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒိုးတန်းတွင် ဖမ်းဆီးရမိသော ရခိုင် အစွန်းရောက် နှစ်ဦးမှ တစ်ဦး

RB News
16.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဒိုးတန်း ကျေးရွာအုပ်စုတွင် အကြမ်းဖက်ရန် ၀င်ရောက် လာသည့် ရခိုင် အစွန်းရောက် လေးဦးကို ဒေသခံ ရိုဟင်ဂျာများက ဖမ်းဆီး ရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ည ၇ နာရီခွဲတွင် မောင်တောမြို့နယ်၊ မြောက်ပိုင်း အမှတ် (၅) နယ်မြေ၊ ဒိုးတန်း ကျေးရွာအုပ်စု၊ အရှေ့ရွာသို့ ရခိုင် အစွန်းရောက် လေးဦးက ဓါးရှည်များ ကိုင်ဆွဲလျက် အကြမ်းဖက်ရန် ၀င်ရောက်လာသည့် အခါ ဒေသခံ ရိုဟင်ဂျာ ရွာသားများက ၀ိုင်းဝန်း ဖမ်းဆီးရာ နှစ်ဦးကို ဖမ်းဆီး နိုင်ခဲ့ပြီး၊ ကျန်သည့် နှစ်ဦးမှာ ရွာအနီးရှိ ဓနိတောထဲသို့ ၀င်ရောက်၍ ထွက်ပြေး သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

အလားတူ သောကြာနေ့ (မတ်လ ၁၄ ရက်) ည သန်းခေါင်ယ့ အချိန်၊ မတ်လ ၁၅ ရက်နေ့ နံနက် လင်းအားကြီး ၁း၃၀ နာရီ အချိန်တွင်လည်း အဆိုပါ နယ်မြေ အပိုင်ရှိ စံပါယ်ကုံး ကျေးရွာ အုပ်စုသို့ ရခိုင် အစွန်းရောက် ၅ ဦး ၀င်ရောက်ခဲ့ရာ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့မှ တွေ့ရှိ ခဲ့ပြီး လိုက်လံ ဖမ်းဆီးသည့် အခါ နှစ်ဦးကို ဖမ်းဆီး မိခဲ့ပြီး၊ ကျန်သည့် ၃ ဦး ထွက်ပြေး လွတ်မြောက် သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖမ်းဆီး ရမိသည့် ရခိုင် အစွန်းရောက် များထံမှာ ဓါးရှည်များနှင့် မိုဘိုင်းဖုန်းများ သိမ်းဆည်း ရမိပြီး၊ ၎င်းတို့ကို လောင်းဒုံး ရဲကင်းသို့ လွှဲပြောင်း ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒိုးတန်းတွင် ဖမ်းဆီးရမိသော ရခိုင် အစွန်းရောက် နှစ်ဦးမှ တစ်ဦး
ပထ၀ီသင်ရိုး ညွှန်းတမ်း ထဲက ရိုဟင်ဂျာ သမိုင်း

သမိုင်း သင်တယ် ဆိုတာ " မအ " အောင်လို့သင်ရတာ

(ဒေါက်တာသန်းထွန်း - သမိုင်းပညာရှင်)

မွန်းတည့်နေ ဂျာနယ်မှ ဖော်ပြသော မြေးချစ်ညို၏ ဆောင်းပါး။

(၁)မန္တလေး တက္ကသိုလ်ဝင်းထဲရှိ ဆရာမများ အဆောင် ၊ အချိန်ကညဖက် ။ ထိုအဆောင် အောက်ထပ်ရှိ ဧည့်ခန်း ထဲတွင် ကျနော် အပါအ၀င် လူလေးဦးက ဧည့်သည်များ ထိုင်သည့် စားပွဲတွင်ထိုင် နေကြသည်။ အ၀ါရောင် အောက်ခံပေါ်တွင် ရန်ကုန် အဝေးသင် တက္ကသိုလ် ဓါတ်ပုံ ရိုက်နှိပ် ထားသည့် ပထမနှစ် သမိုင်း ဘာသာတွဲမှ မိုင်နာ ဘာသာ ဖြစ်သည့် ပထ၀ီ စာအုပ်လေးက ကျနော့်အရှေ့က စားပွဲပေါ်တွင် ရှိနေပြီး ထိုစာအုပ်ကို လက်ရှိသင်ကြား ပေးနေသည့် ဆရာမများက အံသြစွာ တစ်ရွက်ချင်း လှန်ကြည့် နေသည်။

ဆောင်းညသည် အေးလွန်းလှသည်။ မရောက် ဖြစ်တာ ကြာပြီ ဖြစ်သည့် မန်းတက္ကသိုလ်ဝင်းထဲ ၀င်လိုက်သည်နှင့် ကျောင်းတက်ခဲ့သည့် အချိန်များက သတိရစရာ။ ခုလို ဆောင်းရာသီ ညမျိုးတွေသည် ကျနော်တို့ သူငယ်ချင်းတွေ တက္ကသိုလ် ပင်မဆောင် နောက်ကျောက လှေခါးထစ် များတွင် စကားထိုင် ပြောနေကြ ၊ ညမိုးချုပ်ပြီဆိုမှပြန်နေ ကြဖြစ်သည်။

(၂) ကျနော်နှင့် မျက်နှာချင်းဆိုင် ထိုင်နေသည့် သမိုင်းသင်သည့် အဆင့်မြင့် ဆရာမ တစ်ဦးက ကျနော် ထုတ်ပြထား သည့် Module No.Geog – 1004 – Geography of Myanmar ( For History Students ) Code No.(19) ပထ၀ီ ဖတ်စာအုပ်ကို ကြည့်ရင်း မေးသည်။ " ဟုတ်တယ်လေ ၊ ဒါအခုလက်ရှိ သင်နေတဲ့စာအုပ်ပဲ ၊ ဘာဖြစ်လို့လဲ " ဟု ဆရာမကမေးသည်။

ရိုဟင်ဂျာ အကြောင်းပါနေလို့ ဆရာမဟု ပြောလိုက်သည်။ ဒီအထိ ဆရာမက မသိသေး။ ခုသင်ရိုး ညွှန်းတမ်း ထဲမှာ နိုင်ငံတော် သမ္မတကတောင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိပါဘူးလို့ ပြောထားတဲ့ ရိုဟင်ဂျာ အကြောင်းပါ နေတယ် ဆရာမလို့ပြောပြီး Chapter 4 အောက်ရှိ Culture Base ခေါင်းစဉ် စာမျက်နှာ (၈၃) တွင် Ancient Culture သင်ခန်းစာကို ဖွင့်ပြလိုက်သည် ၊ ပြီးတော့ စာမျက်နှာ (၉၄) ထိလှန်လိုက်ပြီး ပထ၀ီ သင်ရိုးညွှန်းတမ်းတွင် ပုံနှိပ် ဖော်ပြထားသော စာတစ်ပိုဒ်ကို ကျနော် ဖတ်ပြ လိုက်သည်။

ထိုခေါင်းစဉ် အောက်ရှိ နောက်ဆုံး စာပိုဒ်တွင် မြန်မာနိုင်ငံ အတွင်း တိုင်းရင်းသား လူမျိုးများ ပျံ့နှံ့ နေထိုင်ပုံကို ရေးသားထားရာ၌ မြန်မာနိုင်ငံ နယ်စပ် နယ်နမိတ် အတွင်း လူနည်းစုများ နေထိုင် တွေ့ရှိရပုံတွင် ထိုင်းနိုင်ငံ မြောက် ပိုင်း ၊ လာအိုနှင့် ဗီယက်နမ် မြောက်ပိုင်း တို့တွင် နေထိုင်သည့် " ယောင် " လူမျိုးများကို ရှမ်းပြည် တောင်ပိုင်း ကျိုင်းတုံ မြို့နယ်ဖက်တွင် တွေ့ရှိရကြောင်း ၊ ထို့ပြင် ကိုးကန့် တရုတ် လူမျိုးများကိုလည်း သံလွင်မြစ် အရှေ့ ဖက်ခြမ်းရှိ ကိုးကန့် ဒေသ အတွင်း၌နေထိုင်ကြောင်း ရေးသား ထားပြီး အလားတူစွာ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေရှ့်နှင့် ဆက်စပ်လျှက်ရှိသော ဘူးသီးတောင် မောင်းတောတွင်လည်း ရိုဟင်ဂျာများနှင့် စစ်တကောင်းသားများ နေထိုင်ကြကြောင်း ရေးသား ဖော်ပြ ထားသည်။

ထိုအခါကျမှ ဆရာမက နောက်တစ်ကြိမ် အစအဆုံး ပြန်ဖတ်သည် ၊ ပြီးတော့မှ သူမသိကြောင်း ပြောသလို အရင်ကလည်း မသင်ဘူးကြောင်း ပြောသည်။ တက္ကသိုလ်မှာ သူတို့သင်တာက အခန်း ရွေးချယ်ပြီး သင်ကြားခဲ့ သည်ဟု သူကပြောသည်။ သို့သော် ထိုသင်ရိုး ညွှန်းတမ်းတွင် ရိုဟင်ဂျာများ နေထိုင်ကြောင်း ပါဝင် နေသည်ကို သူမသိ ၊ သမိုင်း ဆရာမများ ကိုယ်တိုင် မသိ။

(၃) သို့ပေမယ့် ဂျပန်နိုင်ငံ Kanda University ၏ သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်ပြည်နယ် ကိုယ်စားပြု ရခိုင် လူမှုရေး အသင်းအဖွဲ့များကတော့ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ MICT Park (လှိုင်တက္ကသိုလ်ဝင်း) ၌တွေ့ဆုံခဲ့ ကြပြီး သမိုင်းတွင် ရိုဟင်ဂျာ မရှိကြောင်း အတိ အလင်း ကြေညာ ခဲ့သလို ရိုဟင်ဂျာ ရှိပါသည်ဟု ပြောနိုင်သူ ရှိလျှင် ပြောနိုင်ကြောင်း စိန်ခေါ် ခဲ့သည်။

ဒေါက်တာအေးချမ်းက "ရိုဟင်ဂျာ လူမျိုး ဆိုတာ မြန်မာနိုင်ငံ သမိုင်းမှာ ဘယ်တုန်း ကမှ မရှိခဲ့ပါဘူး။ ဒီအတိုင်း ကျွန်တော် အမြဲ ကြေညာ ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လူ့အခွင့် အရေးကို မလေးစားတဲ့သူ မဟုတ်ပါဘူး။ လူ့အခွင့် အရေးကို မလေးစားတဲ့ စကားလည်း တစ်ခွန်းမှ မပြောပါဘူး။ ကျွန်တော့်မှာ အထောက် အထား ခိုင်လုံစွာ ရှိပါတယ်"ဟု အဆိုပါပွဲတွင် ပြောခဲ့သည်။

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာ မရှိဘူး ဆိုတဲ့ စကားက သမိုင်း ပညာရှင်ကြီးပါ ဆိုတဲ့ ဒေါက်တာအေးချမ်းတင် မဟုတ်ပဲ နိုင်ငံတော် သမ္မတကြီး ကပါ ပြောခဲ့ဘူး ပါသည်။ ထိုသို့ဆိုလျှင် လက်ရှိ မြန်မာနိုင်ငံတွင် သင်ကြားနေသည့် သင်ရိုးညွှန်းတမ်းကြီးက မေးခွန်းထုတ် စရာ ဖြစ်လာပြီ ၊ ဒါကိုတော့ မန္တလေး တက္ကသိုလ်က သင်ကြားရေး ဆရာမများက မေးခွန်းထုတ်စရာ မလိုရန် အတည်ပြုသည်။ ဟုတ်သည် စာအုပ်က (၂၀၁၂) ခုနှစ် ထုတ်စာအုပ် ဖြစ်ပြီး ထိုစာအုပ်ကို ပြုစုထားသည့် ပညာရှင် ဆရာမကြီး များမှာ ပါမောက္ခ ဒေါ်မေ၀င်းရီ ၊ ဒေါ်ဌေးဌေး (အငြိမ်းစား) ပထ၀ီပါမောက္ခ ရန်ကုန် အဝေးသင် တက္ကသိုလ် တို့မှ ဖြစ်ကြောင်း စာအုပ်၏ နိဒါန်းဖြစ် သော စကားချီးတွင် ပါမောက္ခ ဖြစ်သူ ဒေါက်တာ သန်းသန်းဌေးက ရေးသား ထား၍ သိရသည်။

ဒါဆိုလျှင် ဒီထက် ခိုင်မာသည့် သက်သေ အထောက် အထား မရှိတော့ ၊ ဟိုးအရင် မြန်မာ့အသံ ကနေ တိုင်းရင်း သားဘာသာ အစီအစဉ်တွင် ရိုဟင်ဂျာ ဘာသာစကားဖြင့် အသံလွှင့်ခဲ့ဘူးခြင်း ၊ မြန်မာ့ စွယ်စုံကျမ်းတွင် ရိုဟင်ဂျာ များအကြောင်း ရေးသား ဖော်ပြ ထားခြင်း ၊ ၁၉၇၀ နှစ်များ ကျော်စီက မြန်မာနိုင်ငံ အထက်တန်း ပထ၀ီ ကျောင်းသုံး စာအုပ် များတွင်လည်း ရိုဟင်ဂျာများ နေထိုင်ခြင်း သင်ကြား ခဲ့ဘူးတာလည်း မလိုတော့ ခုလက်ရှိ တက္ကသိုလ် သင်ရိုး ညွှန်းတမ်းကိုပဲ အတည်ပြု ပြောရမည် ဖြစ်သည်။

ဒေါက်တာအေးချမ်း ကတော့ ရိုဟင်ဂျာ မရှိကြောင်းပြောသည်။ လူ့အခွင့်အရေးကို မလိုက်နာတာ မဟုတ်ဘူးလည်း ပြောသည်။ သို့ပေမယ့် ဒေါက်တာအေးချမ်းသည် ကမ္ဘာ့ ကုလသမဂ္ဂကြီးမှ ထုတ်ပြန် ထားသည့် လူ့အခွင့်အရေး ကြေညာ စာတမ်းကို အစအဆုံး တစ်ခေါက် လောက်မျှ ဖတ်ကြည့်ဖူးဟန် မတူပေ ၊ လူမျိုးစု တစ်စု လူအုပ်စု တစ်စု က သူတို့ဟာ ရိုဟင်ဂျာများ ဖြစ်ကြောင်း ပြောဆိုနေ ပါလျှက် မရှိကြောင်း ပြောဆို နေသူက လူ့အခွင့် အရေးကို ချိုးဖောက်ရာ ရောက်နေပြီ ဖြစ်သည်။

လူ့အခွင့်အရေး ကြေညာ စာတမ်း၏ အပိုဒ်(၂)တွင် လူမျိုးနွယ်အားဖြင့် ဖြစ်စေ ၊ အသား အရောင် အားဖြင့်ဖြစ်စေ ၊ ကျားမ သဘာဝ အားဖြင့် ဖြစ်စေ ၊ ဘာသာ စကား အားဖြင့် ဖြစ်စေ ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ ၊ နိုင်ငံရေး ယူဆချက် ၊ သို့တည်းမဟုတ် အခြား ယူဆချက် အားဖြင့် ဖြစ်စေ ၊ နိုင်ငံနှင့် ဆိုင်သော ၊ သို့တည်းမဟုတ် လူမှု အဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့် ဖြစ်စေ ၊ ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ ၊ မျိုးရိုး ဇာတိ အားဖြင့် ဖြစ်စေ ၊ အခြား အဆင့် အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်း မရှိစေရဟု ဖော်ပြထား ပါသည်။

ထို့အပြင် အပိုဒ်(၂)တွင် ဆက်လျှက် ဖော်ပြထားသည်မှာ လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေး ဆိုင်ရာ ဖြစ်စေ ၊ စီရင် ပိုင်ဆိုင်ခွင့် ဆိုင်ရာ ဖြစ်စေ ၊ တိုင်းပြည် အချင်းချင်း ဆိုင်ရာ ဖြစ်စေ အဆင့် အတန်း တစ်ခုခုကို အခြေပြု၍ လည်းကောင်း ၊ ဒေသ နယ်မြေ တစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ သို့တည်း မဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက် ထားရသည့် နယ်မြေ စသဖြင့် သို့တည်း မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာတို့ တစ်စိတ် တစ်ဒေသ လောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့သော နယ်မြေများ ဖြစ်သည် မဖြစ်သည် ဟူသော အကြောင်းကို အထောက်ထား ပြု၍သော် လည်းကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရဟု ဖော်ပြထား ပါသည်။

ဒါဆိုလျှင် ရခိုင်ပြည်နယ် ကြီးတွင် ရိုဟင်ဂျာနှင့် စစ်တစ်ကောင်းများ နေထိုင် ပါသည်ဟု မြန်မာနိုင်ငံ၏ ပညာရေး သင်ရိုးညွှန်းတွင် အတိ အလင်း ဖော်ပြ သင်ကြား နေပါလျှက် ၊ လူမျိုးစု တစ်စုက သူတို့ကို သူတို့ ရိုဟင်ဂျာပါလို့ ကြေညာနေ ပါလျှက် နှင့် ထိုဒေသတွင် ရိုဟင်ဂျာ လုံးဝ မရှိပါဟု ပြောဆို နေမှု များသည် ကုလသမဂ္ဂ၏ လူ့အခွင့် အရေး ကြေညာ စာတမ်းကို ချိုးဖောက်ရာ ရောက်နေပါသည်။

ဒီနိုင်ငံသား မဟုတ်ဘူး ဟူသည့် ပြောဆို နေခြင်း များသည် လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ်(၅)တွင် ဖော်ပြ ထားသည့် မည်သူ့ကိုမျှ ညှင်းပန်း နှိပ်စက်ခြင်း သို့တည်း မဟုတ် ရက်စက် ကြမ်းကြုတ်စွာ ၊ လူမဆန်စွာ ဂုဏ်ငယ် စေသော ဆက်ဆံမှု မပြုရ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်း မပြုရဟု ကြေညာ ထားသည်နှင့် ဆန့်ကျင် နေပါသည်။ အဘယ့်ကြောင့် ဆိုသော် နေစရာ နိုင်ငံ မရှိပဲ မောင်းထုတ် ခံနေရခြင်း သည်ကိုက ရိုဟင်ဂျာ လူမျိုးများ အတွက် ဂုဏ်သိက္ခာ ညှိုနွမ်းစေ နေသောကြောင့် ဖြစ်ပါသည်။

သမိုင်း ပညာရှင်ကြီး ဒေါက်တာသန်းထွန်း ကတော့ သမိုင်းသင်တာ မအအောင်လို့ သင်ခိုင်းတာဟု ပြောပါသည်။ ထိုသို့ မအအောင်လို့ သင်ကြားနေ ပါလျှက်နှင့် အသိဥာဏ် အမှောင်ဖုံးနေမှု ကတော့ အတော် အံသြဖို့ ကောင်း ပါသည်။ ဒီနိုင်ငံတွင် ဘိုးစဉ် ဘောင်ဆက် နေထိုင်ခဲ့ ပါလျှက်နှင့် ဒီနိုင်ငံသား မဟုတ်ဘူးဟု ပြောဆို နေခြင်းကိုက လူ့အခွင့် အရေး ကြေညာ စာတမ်း အပိုဒ် (၁၅) ဖြစ်သည့် လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသား အဖြစ်ခံယူ ခွင့်ရှိသည် ဆိုသည်ကို မျက်ကွယ် ပြုရာ ရောက်ပါသည်။

စကား အရာ ကြွယ်ဝသူ မောင်ပေါ်ဦးကို ဘုရင်က ပညာ စမ်းခြင်သောကြောင့် တစ်ရက်တွင် ခေါ်မေး ပါသည်။ ဟဲ.. ပေါ်ဦး မရှိတာထက် မသိတာခက်တယ် ဆိုတာ ဟုတ်သလား ၊ ဟုတ်ပါတယ် ဘုရား ၊ ဒါဆို မသိတာထက် ခက်တဲ့ဟာကို ရှိသေးလား ဆိုတော့ ဦးပေါ်ဦးက ဘုရင်ကို ပြန်လျှောက်ပါတယ် ၊ မှန်ပါ့ဘုရား ၊ မရှိတာကို ရှိအောင် လုပ်လို့ရပါတယ် ၊ မသိတာ ကိုလည်း သိအောင် လုပ်လို့ ရပါတယ် ဘုရား ၊ အဲ... အဲဒါ တွေထက် ခက်တာ ကတော့ မလုပ်တာပါ ဘုရားလို့ ပြန်လျှောက်တော် မူတယ်လို့ ဦးပေါ်ဦး စာအုပ်တွေမှာ ဖတ်ဘူး ပါတယ်။

သို့ဆိုလျှင်တော့ လူ့အခွင့်အရေး ကြေညာချက်တွေ ၊ လက်ရှိ ပညာရေး သင်ရိုးညွှန်းတမ်း တွေကို သိနေ ပါလျှက် ၊ လူမျိုးစုတစ်စု သို့တည်း မဟုတ် လူသား တစ်ယောက်ကို ဒီနိုင်ငံသား အဖြစ် မဟုတ်ပါဘူးဟု ပြောဆိုပြီး နိုင်ငံသား ဖြစ်ဖို့ လုပ်ဆောင် မပေးတာကို လုပ်ပေးခိုင်းဖို့က ပိုခက် နေပါတယ် လို့သာ ဆိုပါရစေ။

ကိုမင်းမင်းလတ် Facebook မှ ကူးယူတင်ပြသည်။










RB News
16.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကွမ်းသီးပင် ကျေးရွာ အုပ်စုတွင် တောမီးလောင်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကွမ်းသီးပင် ကျေးရွာ အုပ်စု၊ နံ့သာတောင် အလယ်ရွာ၏ တောင်ဘက်ရှိ တောင်ကုန်းပေါ်တွင် ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် မီးလောင်ခဲ့ကြောင်း သိရှိရပါသည်။ မီးလောင်မှုကြောင့် ၂ ဧကခန့် အတွင်းရှိ အပင်များ မီးလောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

မီးလောင်မှု ဖြစ်ပွားသည့် နေရာတွင် ကလေး ၃ ဦး ထင်းခုတ်ရန် ရောက်ရှိ နေခဲ့ပြီး၊ အဆိုပါ ကလေး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ မီးလောင်မှု ဖြစ်ပွား ရသည့် အကြောင်းရင်းကို မသိရှိ ရသေးသော်လည်း ဒေသခံများက ယခု တလောတွင် ဓာတုဆေးမှုန့်များ ထည့်၍ လွှင့်တင် နေသည့် ပူဖောင်းများမှ တဆင့် ဖြစ်ပွားသည့်ဟု ယူဆကြောင်း RB News သို့ပြောပါသည်။

ဒေသခံ ရိုဟင်ဂျာများက မီးလောင်သည့် နေရာသို့ သွားရောက်၍ ၀ိုင်းဝန်းပြီး မီးငြိမ်းသတ်ကြရာ နေ့လည် ၂ နာရီတွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရိုဟင်ဂျာများ၏ လယ်ယာမြေများ ပေါ်တွင် ကျူးကျော်၍ ခိုးဝင် ဘင်္ဂလီ-ရခိုင် များအတွက် အိမ်ဆောက်နေသည့်ပုံ

RB News
15.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ရှိ ဒေသခံ ရိုဟင်ဂျာ များ၏ ပိုင်ဆိုင်မှုများကို ဒေသဆိုင်ရာ အာဏာပိုင်များက သိမ်းဆည်းပြီး၊ အစိုးရ အဖွဲ့အစည်းများ၊ နတလနှင့် ခိုးဝင် ဘင်္ဂလီ-ရခိုင် များကို ခွဲဝေပေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၅) နယ်မြေ စခန်း အမှတ် (၁၂) အပိုင်ရှိ သရက်အုပ် ကျေးရွာ အုပ်စု (မာင်္ဂါလား) တွင် အထစ (၅၄၀)၊ အိမ်ခြေ (၅၈၀) ရှိပြီး၊ ယင်းအနက် ရိုဟင်ဂျာ အိမ်ခြေ (၅၆၈) လုံးနှင့် ရခိုင် အိမ်ခြေ (၁၂) လုံး ရှိသည်။ လူဦးရေ အားဖြင့် ၅၆၈၀ ဦးရှိပြီး၊ လယ်ယာမြေ ၇၅၀ ဧက ရှိသည်။

အဆိုပါ လယ်ယာမြေများတွင် ရခိုင်လူမျိုးများက လယ်ဧက (၇၀) ပိုင်ဆိုင်ပြီး၊ ရိုဟင်ဂျာများက လယ်ဧက (၆၈၀) ကိုဘိုးဘွားစဉ်ဆက် ကပင် ပိုင်ဆိုင်ကြောင်း သိရှိရပါသည်။ ပုဇွန်ကန်များမှာ ရခိုင်လူမျိုးများက ဧက (၂၈၀) ပိုင်ဆိုင်ပြီး၊ ရိုဟင်ဂျာများက ဧက (၂၇၀) ပိုင်ဆိုင်သည်။

ရိုဟင်ဂျာလူမျိုးများ ပိုင်ဆိုင်သည့် လယ်ယာမြေ (၄) ဧကကို အာဏာပိုင်များက သိမ်းဆည်းပြီး၊ ခိုးဝင် ဘင်္ဂလီ-ရခိုင်များ အတွက် အိမ်များ ဆောက်လုပ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်း အပါအ၀င် အာဏာပိုင် အဖွဲ့အစည်းများ ကွင်းဆင်း ကြည့်ရှု စစ်ဆေးပြီး၊ အိမ်ခြေ ၂၀ ဆောက်လုပ်ရန် စာရင်း ပြုလုပ် ခဲ့သည်။ ယခုအခါ အာဏာပိုင်များ၏ စေလွှတ်မှု အရ ကန်ထရိုက်တာများ လာရောက်ပြီး ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေ များကို ကျူးကျော်၍ နေအိမ်များ ဆောက်လုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂလီ-ရခိုင် များအတွက် လိုအပ်သည်များကို ဒေသခံ ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှုများကို မတရား သိမ်းဆည်း၍ နေအိမ်များ ဆောက်လုပ် ပေးနေသည့် အပြင် အဆိုပါ ခိုးဝင် ဘင်္ဂလီ-ရခိုင် များအတွက် စားဝတ်နေရေးနှင့် အခြား အစစ အရာရာကို နိုင်ငံတော်မှ တာဝန်ယူ ဆောင်ရွက် ပေးလျက်ရှိသည်တွင် အများစုမှာ ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှုများဖြင့် ဆောင်ရွက် ပေးနေခြင်း ဖြစ်သည်။

ဦးနေ၀င်း အစိုးရ လက်ထက်မှ စ၍ ယခု ဦးသိန်းစိန် အစိုးရလက်ထက်ထိ ဒေသခံ ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှုများကို မတရား သိမ်းဆည်း၍ အစိုးရ အဖွဲ့အစည်း များအတွက် လည်းကောင်း၊ ပြည်သူ့ကောင်စီ ခေတ်တွင် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂလီ-ရခိုင် များကို လည်းကောင်း၊ နတလ စီမံကိန်းဖြင့် ပြည်မ ခေါ်လာသည့် ဗုဒ္ဓဘာသာဝင် များကိုလည်းကောင်း၊ ခွဲဝေ ပေးလျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

ခိုးဝင် ဘင်္ဂလီ-ရခိုင် များအတွက် လယ်ယာမြေများကို သိမ်းဆည်း၍ အိမ်ဆောက်ပေးရုံ တင်မက လယ်ယာမြေများနှင့် ပုဇွန်ကန်များကိုလည်း မတရား သိမ်းဆည်း၍ လုပ်ငန်း လုပ်ကိုင်ရန် ပေးခြင်းများ ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။



RB News
15.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒုချီးရားတန်းတွင် ရခိုင် အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် ခြေထောက်တွင် ဓါးခုတ်ခံရသည့် ဦးဇီယာဘူရာမန် (ခ) ဦးမူဖီဇူရာမန်ကို ဒုချီးရားတန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်က မောင်တော ဆေးရုံတွင် ဆေးကုသရန် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တင်ပေးခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်များက ယနေ့ ဒုတိယ အကြိမ် ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိပါသည်။

ဦးဇီယာဘူ ရာမန်ကို စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ မောင်တောမြို့မှ ထွက်ခွာပြီး နှစ်ရက် အကြာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မိသားစုကို ပြန်အပ် သယောင် ပြုလုပ်၍ ဓါတ်ပုံ ရိုက်ယူပြီး၊ ရဲများက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဆေးရုံသို့ တဖန် ခေါ်လာခဲ့ပြီး အကျဉ်းသား သဖွယ် ရဲအစောင့် အကြပ်ဖြင့် ထားခဲ့ရှိသည်။ ရရှိထားသည့် ဒဏ်ရာ သက်သာ ခဲ့သော်လည်း ခရိုင်ရဲမှူးကြီး ဦးရွှေသန်းက ဆေးရုံမှ ဆင်းခွင့် မပေးဘဲ ၎င်းကို ဓါးခုတ်သည့်သူကို အတိအကျ ပြောနိုင်မှသာ ဆေးရုံမှ ဆင်းခွင့် ပေးမည်ဟု အကျပ်ကိုင်ခဲ့သည်။

အခင်းဖြစ်ပွားစဉ်တွင် ဦးဇီယာဘူရာမန်သည့် အိပ်ရာထဲတွင် ရှိနေခဲ့ပြီ၊ အိပ်ရာပေါ်တွင် ဓါးခုတ်ခံခဲ့ ရခြင်းဖြစ်သည်။ သားသမီး လေးဦး၏ ဖခင်ဖြစ်ပြီး၊ ဆိုက်ကား နင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦးဖြစ်သည်။ အခင်း ဖြစ်ပွားသည့် ညတွင် ရခိုင်အကြမ်းဖက် သမားများက ၎င်းအိမ်ရှိ ပစ္စည်းများ အားလုံးကို လုယက်ယူ သွားသည့် အပြင် ပိုင်ဆိုင်သည့် နွားတစ်ကောင်ကိုလည်း လုယူသွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဦးဇီယာဘူရာမန်သည် အကြမ်းဖက်ခံ အပြစ်မဲ့ တစ်ဦး ဖြစ်သော်လည်း ဒေသ ဆိုင်ရာ အာဏာပိုင်များက ယနေ့တွင် ဒုတိယ အကြိမ် ဖမ်းဆီး သွားခြင်း ဖြစ်သည်။ မိသားစုဝင်များမှာ အားကိုးရာမဲ့ ဖြစ်နေသည့် အပြင် စားဝတ်နေရေးလည်း အခက်အခဲ ကြုံတွေ့လျက် ရှိသည်။ ရဲများက မတရား ညှဉ်းပန်း နှိပ်စက်မည်ကို အထူးစိုးရိမ် လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana

ကျော်ကျော်သိန်း
15.3.2014

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်မှာ အားရဖွယ် တိုးတက်မှုတွေ ရှိခဲ့သလို စိုးရိမ်စရာ အခြေအနေ တွေလည်း ရှိနေသေးတာကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ထောက်ပြပြောဆို ခဲ့ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ သူ့ရဲ့အစီရင်ခံစာနဲ့ ပတ်သက် ပြီး သောကြာနေ့က ဂျီနီဗာမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း မစ္စတာ ကင်တားနားက ပြောခဲ့တာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

လူ့အခွင့်အရေး ကောင်စီကနေ အခွင့် အာဏာ အပ်နှင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အထူး စုံစမ်း စစ်ဆေးရေးမှူး အဖြစ် ၆ နှစ်တာ တာဝန်ထမ်းဆောင် ခဲ့တဲ့ ကာလအတွင်း မြန်မာနိုင်ငံဆီ ၉ ကြိမ် သွား ရောက်ခဲ့ပြီး တော့ မြန်မာနိုင်ငံ တ၀န်း ဒေသမျိုးစုံဆီ သူရောက် ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ ဒီ ၆ နှစ်တာ ကာလအတွင်း သူ့အတွေ့အကြုံ ပေါ်မှာ အခြေခံတဲ့ ယေဘုယျ သုံးသပ်ချက် တစ်ခုကို မစ္စတာ ကင်တားနားက အခုလို ပြောခဲ့ပါ တယ်။

“ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးယန္တရားနဲ့ ဘယ်လို ထိစပ်ပြီး ပူးပေါင်းဆောင်ရွက် ရမယ် ဆိုတာမှာ မြန်မာနိုင်ငံဟာ ကောင်းမွန်တဲ့ နမူနာတစ်ခုဖြစ်ပြီး မြန်မာအစိုးရရဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်ကို လူ့အခွင့်အရေးကောင်စီအနေနဲ့ အသိအမှတ်ပြုသင့်ပါ တယ်။”

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး လုပ်နေတဲ့ ပြုပြင်ပြောင်း လဲရေးတွေကြောင့် တိုးတက်မှုတွေရှိခဲ့တာကို သူက အသိအမှတ်ပြု ပြောခဲ့တဲ့ထဲမှာ နိုင်ငံရေး အကျဉ်းသားအများအပြားကို လွှတ်ပေးခဲ့တာ၊ မီဒီယာလွတ်လပ်ခွင့် သိသိသာသာ တိုးတက်လာခဲ့တာ၊ အသွင်ကူးပြောင်းရေးမှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်ခွင့်ရလာတာ စသည် အားဖြင့် အပေါင်း လက္ခဏာဆောင်တဲ့ ဖြစ်ထွန်း တိုးတက်မှုတွေကို မစ္စတာကင်တားနားက အထူး အလေးပေးပြီး ပြောဆိုခဲ့ပါ တယ်။

လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့ လိုအပ်နေသေးတဲ့ကိစ္စတွေထဲမှာ ပထမဆုံး သူအလေးထားပြောခဲ့တာကတော့ လူမျိုးစု တိုင်းရင်းသားဒေသတွေက ပဋိပက္ခနဲ့ ဆက်စပ်နေတဲ့အခြေအနေပဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာဖြစ်နေခဲ့တဲ့ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေကြောင့် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ် ခဲ့တဲ့အတွက် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရဖို့ရာ သိပ်ကို အရေးကြီးတယ်ဆိုတာကို မစ္စတာကင်တားနားက ထောက်ပြခဲ့ပါတယ်။ ဒီ နေရာမှာ စစ်ဘက်ရဲ့အခန်းကဏ္ဍ ဘယ်လောက်အရေးကြီး တယ်ဆိုတာကိုလည်း မစ္စတာကင်တားနားက မေ့မထားပါဘူး။

“ဒီကိစ္စအတွက် မြန်မာသမ္မတရဲ့ အင်မတန်အရေးကြီးတဲ့ ကြိုးပမ်းအားထုတ်မှု၊ လူမျိုးစုအဖွဲ့တွေရဲ့ သန္နိဋ္ဌာန်ခိုင်မာမှုတွေကို ကျနော်ထောက်ခံပါတယ်။ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဒီကြိုးပမ်းအားထုတ်မှုတွေအပေါ် ရပ်တည် လုပ်ဆောင် ဖို့နဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်ကိုပြသရေး စစ်ဘက်ကို ကျနော် တကယ့်ကိုပဲ တိုက်တွန်းပါတယ်။”

ဒါပေမဲ့လည်း သူ့ရဲ့ ၆ နှစ်တာသက်တမ်းအတွင်း ကာကွယ်ရေးဦးစီးချုပ်နဲ့ ဘယ်တုန်းကမှ မတွေ့ခဲ့ရသလို စစ်ဘက်နဲ့လည်း ဘယ်တုန်းကမှ စကားမပြောခဲ့ရဘူးလို့ မစ္စတာကင်တားနားက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းရေးဟာ သူ့အမြင်မှာ မှန်ကန်တဲ့လမ်းကြောင်းနဲ့သွားနေတယ်လို့ ပြောတာနဲ့အမျှ သက်တမ်း သုံးနှစ်တာကာလပဲ ရှိသေးတာမို့ နုနယ်ဆဲရှိသေးတာကိုလည်း ထည့်ပြောပါတယ်။ ဒါပေမဲ့လည်း လမ်းကြောင်းမှန်နဲ့သွားနေတဲ့ အသွင်ကူးပြောင်းရေးနဲ့ မကိုက်ညီစွာဘဲ ရခိုင်ပြည်နယ်အခြေအနေက ဆိုးရွားနေဆဲရှိပြီးတော့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်း ဖို့ ဗဟိုအစိုးရဆီက တိကျရှင်းလင်းတဲ့ ဆုံးဖြတ်ချက်တွေ သူမတွေ့ရသေးဘူးလို့ ဝေဖန်ပါတယ်။

ဒီ့ထက်ပိုပြင်းထန်တဲ့ ဝေဖန်ချက်ကတော့

“ကျနော့်ရဲ့ကောက်ချက်ကတော့ ရိုဟင်ဂျာ လူမှုအ၀န်းအ၀ိုင်းအပေါ် စနစ်တကျ ခွဲခြားဆက်ဆံတာတွေ ရှိနေတယ်ဆိုတာပါပဲ။ ဒါဟာ ကျနော့်အတွက် အတော့်ကို ရှင်းတဲ့ကိစ္စတစ်ခုပါ။ အစိုးရအနေနဲ့ ဒီပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းဖို့လိုပါတယ်။ ရခိုင်ပြည်နယ် အခြေအနေဟာ အတော်လေး စိုးရိမ်ဖွယ် ရှိနေတုန်းပါပဲ။ ပြဿနာတစ်ခုက ဒီကိစ္စတွေကို အစိုးရက ကိုင်တွယ်ချင်စိတ်မရှိပါဘူး။ ဒါဟာ နိုင်ငံတကာနဲ့၊ ကုလသမဂ္ဂနဲ့ ထိတွေ့ ဆက်ဆံနေတဲ့ မြန်မာနိုင်ငံတ၀န်းလုံးရဲ့ အခြေအနေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ပြဿနာက ရခိုင်ပြည်နယ်က အခြေအနေဟာ ဒေသတွင်းမှာ သက်ရောက်မှု ရှိလာနေတာပါပဲ။”

ဒါ့အပြင် ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေရဲ့ ကန့်ကွက် ဝေဖန် ပြောဆိုချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ သူက ပြောပါတယ်။

အဆုံးသတ်မှာတော့ ရခိုင်ပြည်နယ်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ဝန်ထမ်း သုံးဦးကို ပြန်လွှတ်ပေးဖို့ မြန်မာ အစိုးရကို မစ္စတာကင်တားနားက တိုက်တွန်းခဲ့ပါတယ်။

လာမယ့် တနင်္လာနေ့ မတ်လ ၁၇ ရက်နေ့မှာတော့ မစ္စတာကင်တားနားဟာ သူ့ရဲ့ အစီရင်ခံစာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ လူကိုယ်တိုင် တင်သွင်းမှာဖြစ်ပြီး မြန်မာအစိုးရဘက်ကလည်း ပြန်လည်တုန့်ပြန် ပြောဆိုမှာဖြစ်ပါတယ်။
သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံရေး ပါတီ တစ်ခု ဖြစ်သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ (DHRP) မှ သဘောထား ထုတ်ပြန်လိုက်ပါသည်။ အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။



ရသေ့တောင်၊ ကိုးတန်ကောက်တွင် တွေ့ရှိခဲ့သည့် အလောင်း

RB News
14.3.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ ကိုးတန်ကောက် ကျေးရွာတွင် လူသေ အလောင်း တစ်လောင်း တွေ့ရှိခဲ့ပြီး၊ အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် မြှပ်နှံ သဂြိုဟ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရသေ့တောင် မြို့နယ်၊ ကိုးတန်ကောက် ကျေးရွာတွင် မတ်လ ၁၂ ရက်နေ့ ည ၇ နာရီ အချိန်တွင် မြစ်ရေဖြင့် မျောလာသည့် လူသေ အလောင်း တစ်လောင်းကို မြစ်ကမ်းပါးတွင် ဒေသခံ ရွာသားများက တွေ့ရှိ ခဲ့သည်။ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် လုံထိန်း စခန်းကို အကြောင်းကြား ခဲ့ရာ၊ လုံထိန်းများက လာရောက် ကြည့်ရှုခဲ့ပြီး ညနေပိုင်းတွင် ခွင့်ပြုချက်ဖြင့် အစ္စလာမ် ဘာသာ ထုံးထမ်းစဉ်လာနှင့် အညီ မြှပ်နှံ သဂြိုဟ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ အလောင်းမှာ ရိုဟင်ဂျာ မွတ်စလင် တစ်ဦး ဖြစ်ကြောင်းကို ဒေသခံများက အတည်ပြု ခဲ့ပြီး၊ လည်ပင်းတွင် လှံဖြင့် ထိုးထားသည့် ဒဏ်ရာ တစ်ချက်၊ နောက်ကျောတွင် ဓါးထိုး ခံထားရသည့် ဒဏ်ရာ တစ်ချက် တွေ့ရှိခဲ့ကြောင်း ဒေသခံ များက ပြောပါသည်။

သေဆုံးသူကို တနေရာရာတွင် သတ်ပြီးနောက် မြစ်ထဲသို့ ပစ်ချခဲ့ခြင်း ဖြစ်ပြီး၊ မည်သည့် နေရာမှ ရောက်ရှိ လာသည်ကို တိကျစွာ ပြောဆို၍ မရသော်လည်း ဒေသ၏ အနေအထား အရ စစ်တွေဘက်မှ မျောလာခြင်း ဖြစ်နိုင်သည်ဟု ယူဆကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ (NDPP) ၏ သဘောထား ထုတ်ပြန်ချက်









RB News
13.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော မီးလောင်မှု များသည် မီးရှို့မှုများ ဖြစ်ပြီး မီးရှို့မှုတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ပတ်သက်၍ မသင်္ကာ ဖွယ်ရာများ တွေ့ရှိရသည်။

မတ်လ ၈ ရက်နေ့က လောင်းဒုံး ကျေးရွာ အုပ်စု၊ ဆင်သေပြင်ရွာရှိ နေအိမ်များ၏ ခေါင်မိုးများ အထက်မှ ကပ်၍ လေယာဉ်ငယ် တစ်စီး ပျံသန်းခဲ့ရာ ဒေသခံ ရိုဟင်ဂျာများက ၀ါးလုံးဖြင့် ရိုက်ချရန် ကြိုးစား ခဲ့သော်လည်း မအောင်မြင် ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက RB News သို့ပြောပါသည်။

မတ်လ ၁၁ ရက်နေ့တွင် ကြက်ရိုးပြင် ကျေးရွာ အုပ်စု (ကာရီဖာရာ) အနောက်ရွာ ကျောင်းဟောင်း အနီး၊ ဈေးအနီးနှင့် လူးသေးဖာရာရွာ တို့တွင် မိုးပျံ ပူဖောင်း သဖွယ် ပျံသန်း နေသည့် ပူဖောင်း ၃ ခုကို တွေ့ရှိခဲ့ရသည်။ ဒေသခံများက အဆိုပါ ပူးဖောင်းများကို ရိုက်ချပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ဖိတ်က ရဲစခန်းသို့ အကြောင်းကြားရာ ရဲများ လာရောက်ပြီး ဓါတ်ပုံ ရိုက်ယူ သွားခဲ့ကြောင်း သိရှိရပါသည်။ ရဲများက အဆိုပါ ပူဖောင်း များကို ကျေးရွာ အုပ်ချုပ်ရေး ရုံးတွင် သိမ်းဆည်း ထား၍ မှာကြားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ မတ်လ ၁၂ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင်လည်း ရွက်ညိုတောင် ကျေးရွာရှိ လယ်မြေများ ပေါ်မှ ပျံသန်း သွားသော လေထိုးထားသည့် လေယာဉ် ပူဖောင်း တစ်စီးကို တွေ့ရှိ ခဲ့ပြီး၊ ဒေသခံများက ရိုက်ချ၍ သိမ်းဆည်း ခဲ့သည်။ ထို့အတူ ဒုတန်းကျေးရွာတွင်လည်း ငါးရုပ် ပူဖောင်း တစ်ခု ပျံသန်းနေသည်ကို ရွာသားများက ရိုက်ချ၍ သိမ်းဆည်း နိုင်ခဲ့သည်။ တစ်ပုံစံတည်း ငါးရုပ်နှင့် ငှက်ရုပ် ပူဖောင်း များကို လောင်းဒုံး ကျေးရွာတွင် တစ်ခု၊ အထက်ပြူးမ ကျေးရွာတွင် တစ်ခုနှင့် ငါးစားကြူး ကျေးရွာတွင် ၃ ခု တွေ့ရှိခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

“တကယ်တော့ ကျွန်တော်တို့ ဒေသမှာ ဒီလို ကစားစရာ ပုံစံမျိုးတွေ မရှိဘူး။ ဒါကို လူတိုင်းက သာမာန် ပူဖောင်းလို့ ပြောကြမှာပါ။ ဒါပေမယ့် ဒုတန်းမှာ ရတဲ့ ငါးရုပ်ထဲက အမှုန့်တွေ ထွက်လာတယ်။ အဲဒီ အမှုန့်တွေက ဓာတု အမှုန့်ဆိုတာ အတည်ပြုလို့ ရပါတယ်။ ဘာလဲဆိုတာတော့ ကျွန်တော်တို့ ဓါတ်ခွဲခန်းမှာ စမ်းသပ်မှ ရမယ်။ သေချာတာကတော့ ဒီ ဓာတု အမှုန့်က ဖြူးပြီး နေပူရှိန်နဲ့ ထိရင် နှစ်နာရီ လောက်အတွင်း မီးအားပြင်းပြင်း လောင်နိုင်တယ်။ ဟိုနေ့က ဆင်သေပြင်နဲ့ ဖန်မြောင်းမှာ လောင်တဲ့ မီးက အင်မတန် အရှိန်ပြင်းပါတယ်။ သာမာန် ရှို့မီးဆိုရင် အိမ်တိုင်တွေ ကျန်ပါတယ်။ အခုမီးမှာ အိမ်တိုင်တွေတောင် မကျန်ဘဲ လောင်သွားတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဒေသမှာ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်တွေ လာပြီး စစ်ဆေးဖို့ လိုနေပါပြီ။ ကျွန်တော်တို့ အနေနဲ့ အတော်လေး စိုးရိမ်နေရတယ်” ဟု ဓာတုဗေဒနဲ့ ပတ်သက်၍ ဗဟုသုတ ရှိသည့် ဒေသခံ လူငယ် တစ်ဦးက RB News သို့ပြောပါသည်။

“အခုလို ရွာလုံးကျွတ် မီးရှို့ပြီး ကျွန်တော်တို့ကို ဒုက္ခသည် ဘ၀ ပို့ဖို့ စီစဉ်နေတာပါ။ ကျွန်တော်တို့ကို ဒုက္ခ ပင်လယ်နက်ထဲကို ထည့်မယ်။ မခံနိုင်ရင် စက်လှေတွေနဲ့ ထွက်ပြေးမယ်။ ဒါက လူမျိုးတုန်း သန့်စင်ရေး မူဝါဒ အရလုပ်နေ တာလို့သာ ပြောရမယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

သတင်း အချက်အလက် အချို့ကို MYARF နှင့် Sindi Khan တို့မှ ကူညီပံ့ပိုးသည်။

(ဓါတ်ပုံ - ဒေသခံများ ၀ါးလုံးများဖြင့် ရိုက်ချ၍ သိမ်းဆည်းရမိသည့် ဓာတု အမှုန့် ပါဝင်သည့် ပူဖောင်းများ)



Sindi Khan
RB News
12.3.2014

မောင်တော ။ ။ တက္ကသိုလ် ၀င်တန်း စာမေးပွဲများကို မြန်မာနိုင်ငံ အနှံ့တွင် ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် စာမေးပွဲ ဖြေဆိုသည့် ရိုဟင်ဂျာ ကျောင်းသားများကို ကျောင်းအုပ်ကြီး တစ်ဦးက လူမဆန်စွာ ရိုက်နှက်မှုများ ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ ကညင်တန်း ကျေးရွာရှိ အထက်တန်း ကျောင်းတွင် စာမေးပွဲ ကျင်းပလျက်ရှိရာ အရှေ့ဘက် အဆောင် ကြီးကြပ်ရေးမှူးကို ကြိမ်ချောင်း အထက်တန်း ကျောင်းအုပ် ဦးကျန်သိန်းကို ခန့်အပ် ထားကြောင်း သိရှိရသည်။ ၎င်းသည် ၉၆၉ အဖွဲ့ကို ဦးဆောင် နေသူ တစ်ဦး ဖြစ်ပြီး၊ ကြိမ်ချောင်းဈေး မီးရှို့မှုတွင်လည်း ပါဝင် ပတ်သက် နေသည်ဟု နာမည်ထွက် နေသူ တစ်ဦး ဖြစ်သည်။ ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကို တစ်ဦးချင်း လုံချည်လှန်၍ ပါစစ်ဆေးခဲ့ပြီး၊ လက်တွင် အနည်းငယ် မှတ်သား ထားသည့် ကျောင်းသား များကို လက်သီးဖြင့် ထိုးကြိတ်ခြင်း၊ ပါးရိုက်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“လက်မှာ နည်းနည်း ပါးပါး ရေးမှတ်လာတယ် ဆိုရင် ဖျက်ခိုင်းလို့ ရတယ်။ ဆုံးမမယ်ဆိုရင်လည်း သာမာန်ဆုံးမပေါ့။ အခုတော့ ရန်သူကို ရိုက်နှက် သလို ရိုက်တယ်။ ကလေးတွေ စာမေးပွဲ အတွက် စိတ်လှုပ်ရှားနေတဲ့ အချိန်မှာ အဲဒီလို လူမဆန်စွာ ရိုက်ခြင်း အားဖြင့် အဲဒီ ကလေးတွေက ဘယ်လိုမှ စာမေးပွဲ ဖြေနိုင်မှာ မဟုတ်ဘူး။ အခုလို ရိုက်နှက်တာက မလုပ်သင့်ဘဲ လုပ်တာ။ ကျောင်းသားတွေကို တမင် ကြောက်စိတ် ၀င်ပြီး ကျက်ထားတဲ့ စာပါမေ့အောင် လုပ်တာ” ဟု တက္ကသိုလ် ကျောင်းသား တစ်ဦးက ဝေဖန်၍ ပြောသည်။

ကျောင်း၏ အနောက်ဘက် အခြမ်း အဆောင်တွင် ရိုဟင်ဂျာ ကျောင်းသား များနှင့် ရခိုင် ကျောင်းသားများကို ပူးတွဲထား၍ စာမေးပွဲ ကျင်းပခဲ့ပြီး၊ ရခိုင် ကျောင်းသားများက ကူးချသည့် စာရွက်များကို ရိုဟင်ဂျာ ကျောင်းသားများဘက် ပစ်ချသည်ကို ကြီးကြပ်ရေးမှူး ဆရာကြီး ဦးတင်အောင် မြင်သော်လည်း မမြင်ဟန်ဆောင်၍ ရိုဟင်ဂျာ ကျောင်းသားများ၏ ခုံအမှတ် များကို ရေးမှတ် သွားသောကြောင့် ကျောင်းသားများ စိတ်ပျက်၍ စာမေးပွဲ ဆက်လက် မဖြေဆိုရန် ဆုံးဖြတ် နေသည်များပင် ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံးကျေးရွာအုပ်စု ဆင်သေပြင်ရွာနှင့် ငါးစားကြူး ကျေးရွာအုပ်စု ဖန်မြောင်းရွာတို့ မတ်လ ၁၀ ရက်နေ့ မီးလောင်ကျွမ်းပြီးနောက် ရိုက်ကူးထားသည့် ဓါတ်ပုံများ













မတ်လ ၁၁ ရက်နေ့က ဒုချီးရားတန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက် အပြည့်အစုံ

(အများပြည်သူ ဖတ်ရှုနိုင်ရန် တင်ပြခြင်းသာ ဖြစ်ပြီး၊ RB ၀ိုင်းတော်သားများမှ ဤသတင်းထုတ်ပြန်ချက်ကို ထောက်ခံ၍ တင်ပြခြင်း မဟုတ်ပါ)







11.3.2014

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုတွေဟာ စိုးရိမ်ဖွယ် ဆက်လက် ရှိနေဆဲ ဖြစ်တဲ့ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အနေနဲ့ မကြာခင် ဂျနီဗာမြို့မှာ ကျင်းပမယ့် ၂၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ ဆွေးနွေးသွားဖို့ မြန်မာ့အရေး ဆောင်ရွက် နေတဲ့ အဖွဲ့အစည်း ၄၈ ဖွဲ့က အိပ်ဖွင့်ပေးစာ တစ်စောင်ကို ဒီကနေ့ နေ့စွဲနဲ့ ပေးပို့ တိုက်တွန်း လိုက်ပါတယ်။

အခုလို အိပ်ဖွင့်ပေးစာ ပေးပို့တောင်းဆို ရတာနဲ့ ပတ်သက်လို့ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူ များအဖွဲ့ Burma Partnership ရဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

"ကျမတို့ မြန်မာနိုင်ငံ အကြောင်းကို လူ့အခွင့်အရေး ကောင်စီရဲ့ လုပ်ထုံးလုပ်နည်း အဆင့် ၄ အောက်မှာထားပေးဖို့ ဆက်ပြီး တောင်းဆိုတာပါ၊ လူ့အခွင့်အရေး အခြေအနေကို အရေးကြီးလို့ကို အခြေအနေစိုးလို့ကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့ အတွက်ကို သီးသန့် ထားရတဲ့ အဆင့် ဖြစ်ပါတယ်၊ အဲဒါကို တချို့က အခု မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့ လူ့အခွင့်အရေး ကောင်စီထံ စဉ်ဆက်မပြတ် အထူး ဦးစားပေး စောင့်ကြည့်ဖို့ မလိုတော့ဘူး၊ မြန်မာနိုင်ငံမှာ ကောင်းနေပြီ၊ ပြောင်းနေပြီဆို ပြီးတော့မှ ဒီအဆင့် ၄ ကနေပြီးတော့မှ အဆင့် ၁ဝ ကိုပြောင်းဖို့ စည်းရုံး လုပ်ဆောင်ရေးတွေ လုပ်နေတာ ရှိပါတယ်၊ လူ့အခွင့်အရေး ကောင်စီကနေ ပြီးတော့မှ မြန်မာနိုင်ငံရဲ့ နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ တွေကို ဆုံးဖြတ်ချက်ချ နေတာတွေ ကိုလည်း ရပ်တန်းက ရပ်ဖို့အတွက် ပြောနေတာတွေ ရှိတယ်၊ ဒါကြောင့်မို့ ကျမတို့က အဲလိုမျိုး ရပ်တန်းကရပ်လို့ မရသေးဘူး၊ လူ့အခွင့်အရေး အခြေအနေ တွေက မတိုးတက် နေသေးဘူး၊ တချို့နေရာ မှာဆို ပိုတောင်ဆိုး နေတယ်၊ ဒါကြောင့်မို့ လုပ်ပိုင်ခွင့် အပြည့် အဝနဲ့ မြန်မာ အစိုးရကနေ ပြီးတော့မှ ပေးဖို့လို ပါတယ် ဆိုတဲ့ဥစ္စာကို ကျမတို့က တင်ပြထားတာပါ"

လာမယ့် သီတင်းပါတ် တွေအတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပမယ့် လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချမှာ ဖြစ်ပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေး အခြေအနေတွေကို အစီရင်ခံ တင်ပြမှာ ဖြစ်ပါတယ်။

ဒီနေ့ လူ့အခွင့်အရေး ကောင်စီကို အိတ်ဖွင့် ပေးစာ ပေးပို့တဲ့ အဖွဲ့အစည်း ၄၈ ဖွဲ့ထဲမှာ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့၊ KHRG ကရင် လူ့အခွင့်အရေး အဖွဲ့၊ WLB မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် စတဲ့အဖွဲ့တွေ ပါဝင်ပါတယ်။



RB News
11.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယမန်နေ့ (မတ်လ ၁၀ ရက်) က ရွာ ၃ ရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာများက ၎င်းတို့၏ အိမ်များကို ရခိုင် အစွန်းရောက်များက ဓာတုပစ္စည်းများ သုံး၍ မီးရှို့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ယမန်နေ့က အိမ်ခြေ ၁၁၃ လုံး မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သတင်း ရရှိပါသည်။

မတ်လ ၁၀ ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံး ကျေးရွာ အုပ်စု၊ ဆင်သေပြင် အရှေ့ရွာတွင် ဦးရော်ရှိတ်ဒုလ္လာ နေအိမ်၏ ခေါင်မိုးမှ မီးစတင် လောင်ကျွမ်းခဲ့ပြီး၊ ဆင်သေပြင် အရှေ့ရွာရှိ အိမ်ခြေ ၄၀ မီးလောင် ဆုံးရှုံးခဲ့ရသည်။

“မီးလောင်တဲ့ အချိန်မှာ ဦးရော်ရှိတ်ဒုလ္လာနဲ့ မိသားစုက ထမင်းစား နေတာပါ။ အဲဒီအချိန်မှာ သူ့ရဲ့ အိမ်ခေါင်မိုးကနေ မီးလောင်လာတယ်။ မီးလောင်တာကြောင့် သူ့ရဲ့ အမေအိုနဲ့ ၇ နှစ်သားတို့ ဒဏ်ရာရသွားတယ်။ အိမ် ၄ အိမ် မီးလောင်ပြီးတော့ ၁၀ အိမ်ခြားပြီး တစ်ခါ လောင်တယ်။ မီးလောင်အား အရမ်းပြင်းတယ်။ တစ်အိမ်နဲ့ တစ်အိမ် အတော်လေး ဝေးပါတယ်။ အဲဒီမှာ မီးကူးစက်ပြီး လောင်တယ်ဆိုတော့ အံ့သြစရာ အလွန်ကောင်း ပါတယ်။ သာမာန် အားဖြင့် ရွာတွေမှာ ပေါ့ဆမီးကြောင့် လောင်တယ်ဆိုရင် တစ်အိမ်၊ နှစ်အိမ်ထက် ပိုမလောင်ဘူး။ ၁၀ အိမ်ခြား လောင်တဲ့ အခါမှာတော့ အရှေ့ရွာ တစ်ရွာလုံး ပြာကျသွားပါတယ်။ အိမ်ခြေ အားလုံး ၄၀ ရှိပါတယ်။ ၄၀ လုံး ပါသွားတာပါ။ အိမ်တွေကတော့ ဓနိ၊ သက်ကယ်မိုး ဆိုတော့ ပိုဆိုးတာပေါ့။ ဦးရော်ရှိတ်ဒုလ္လာရဲ့ ဇနီးကို ရဲတွေက ဖမ်းပြီး ကြိမ်ချောင်း ရဲစခန်းကို ခေါ်သွားတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ဖြစ်ပါသည်။

လောင်းဒုံးကျေးရွာ အုပ်စု၊ ဆင်သေပြင် အရှေ့ရွာ မီးလောင်ပြီးနောက် ပေ ၁၀၀ ကျော် ချောင်းခြားသည့် ငါးစားကြူး ကျေးရွာအုပ်စု၊ ဖန်မြောင်းရွာတွင် မီးစတင် လောင်ကျွမ်း ခဲ့ပြီး အိမ်ခြေ ၇၂ လုံးနှင့် ဆိုင်ခန်း ၃ ခန်း မီးလောင်ကျွမ်း သွားကြောင်း သိရှိ ရပါသည်။ မီးလောင်မှုကြောင့် နွားတစ်ကောင်၊ ဆိတ်တစ်ကောင်၊ စပါးကြိတ်စက် တစ်လုံး၊ ရေစုပ်စက် နှစ်လုံး၊ စပါးတင်း ၈၀၀ နှင့် ဆန်အိတ် ၅၀၀ နှင့်အတူ ဒေသခံ ရွာသားများ၏ ပိုင်ဆိုင်မှုများ အားလုံး ဆုံးရှုံးခဲ့ရသည်။ ဖန်မြောင်းရွာတွင် အိမ်ခြေ ၁၂၃ လုံး ရှိရာမှ ၇၂ လုံး မီးလောင် ဆုံးရှုံး သွားခြင်း ဖြစ်သည်။

မီးလောင်ပြီးသည့် နောက်တွင် ဒေသဆိုင်ရာ အာဏာပိုင်များ ရောက်ရှိ လာခဲ့ပြီး မီးဘေး ဒုက္ခသည် များကို ရွာထဲမှ အပြင်သို့ မထွက်ရန် ရွာထဲတွင်သာ တဲထိုး၍ နေရန် မှာကြားခဲ့ပြီး၊ အခြား မည်သည့် အကူအညီမှ မပေးခဲ့ဟု ဒေသခံများက ပြောပါသည်။ မီးလောင်မှုကြောင့် ၃၆၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့သည်။

ဆင်သေပြင်ရွာသည် လောင်းဒုံး ကျေးရွာ၏ မြောက်ဘက်၊ ကြိမ်ချောင်း ကျေးရွာ၏ တောင်ဘက်၊ ငါးစားကြူး ကျေးရွာ၏ အရှေ့ဘက်တွင် တည်ရှိပြီး၊ ရွာ၏ တဖက်လမ်းတွင် ရခိုင် န.တ.လ ရွာရှိသည်။ ယခင်ကလည်း ရခိုင်များက ရခိုင်လူသေ အလောင်း တစ်လောင်းကို ဆင်သေပြင်ရွာတွင် လာထား၍ ပြဿနာ ဖန်တီးရန် ကြိုးစားခဲ့ဖူးသည်။

မီးလောင်ရခြင်းနှင့် ပတ်သက်၍ ဒေသခံ တစ်ဦးက “ကျွန်တော်တို့ ဆင်သေပြင်ရွာကို ၁၂ နာရီ မိနစ် ၂၀ လောက်မှာ ရခိုင် န.၀.တ ရွာက အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦးနဲ့ အသက်ငယ်ငယ် အမျိုးသမီး တစ်ဦးတို့ အလှကုန် ပစ္စည်း ရောင်းဖို့ လာခဲ့တယ်။ သူတို့ ထွက်သွားပြီး မကြာဘူး၊ မီးစလောင်တာပါ။ မီးလောင်နေတဲ့ အချိန်မှာ န.တ.လ ရွာက ရဲတွေလာပြီး မီးငြိမ်းနေတဲ့ လူတွေကို မီးမငြိမ်းဖို့ တားခဲ့တယ်။ အခု မီးလောင်တာမှာ ဓာတု ပစ္စည်းတွေ သုံးပြီး အဝေးထိန်း ခလုတ်တွေနဲ့ လုပ်တယ်လို့ ကျွန်တော်တို့ ယူဆ သလို၊ အဲဒီလို အဝေးထိန်း ခလုတ်တွေနဲ့ ဖြတ်သန်း သွားလာတဲ့လူကို မြင်တဲ့ လူလည်း ရှိပါတယ်။ မီးလောင်အားက သာမာန် မီးလောင်အား မဟုတ်တာ သေချာတယ်။ အိမ်တွေလည်း တစ်အိမ်နဲ့ တစ်အိမ် အတော်လေး လှမ်းပါတယ်” ဟု RB News သို့ပြောပါသည်။

မတ်လ ၁၀ ရက်နေ့က ကြိမ်ချောင်း ဈေးနေ့ဖြစ်ပြီး ရွာရှိ အမျိုးသား အများစုမှာ ဈေးတွင် ရှိနေခဲ့သည့် အတွက် အမျိုးသမီး များနှင့် ကလေးများမှာ ကိုယ်လွတ်ရုန်း ခဲ့ရသောကြောင့် ဖျက်ဆီး ဆုံးရှုံးမှု ပိုမိုများပြား ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ညပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း ၀က်ကျိန်း ကျေးရွာတွင်လည်း ဦးရှဘီရ် အာမတ်၏ နေအိမ် တစ်လုံး မီးလောင် ခဲ့ကြောင်း သိရှိရပါသည်။

“ကျွန်တော်တို့ စုံစမ်း သိရှိရသလောက် ရခိုင် အစွန်းရောက် အုပ်စု ဖြစ်တဲ့ ဒေါက်တာအေးမောင်ရဲ့ RNDP ပါတီက အိန္ဒိယ ကနေ ဓာတု ပစ္စည်းတွေ ၀ယ်လာတယ်လို့ ကြားတယ်။ ရခိုင်တွေထဲမှာလည်း ကျွန်တော်တို့ရဲ့ ဒုက္ခတွေကို စာနာတဲ့ ရခိုင်တွေ ရှိပါတယ်။ ကျွန်တော်တို့နဲ့ အခု အချိန်ထိ မိသားစုလို နေတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေ ရှိပါတယ်။ အဲဒီတော့ အစွန်းရောက် အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေကို ဆင်ခြင်နိုင်ဖို့ သတိပေးတဲ့ မိတ်ဆွေကောင်းတွေ ရှိပါတယ်။ မနေ့က လောင်ကျွမ်းတဲ့ မီးက သာမာန် ဓါတ်ဆီ သုံးပြီး ရှို့တဲ့ မီးမဟုတ်ဘဲ ဓာတု ပစ္စည်း သုံးပြီး ရှို့တာ သေချာပါတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။


MYRAF နှင့် Sindi Khan တို့ အချက်အလက်များ ကူညီ ပံ့ပိုးသည်။

ကယ်ဆယ်ရေး အရာရှိ တွေနဲ့ သတင်းထောက်တွေ ဗီယက်နမ် လေတပ်က ရှာဖွေရေးယာဉ် ရှေ့မှာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းမှာ လိုက်ပါဖို့ စုစည်း နေစဉ်။

10.3.2014

မလေးရှား လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစီး ဘာ့ကြောင့်မှန်း မသိ ရုတ်တရက် ကွယ်ပျောက် သွားတဲ့ ကိစ္စက ပိုပြီး စဉ်းစားရ ကြပ်လာပြီး ဗီယက်နမ် ကမ်းရိုးတန်းမှာ တွေ့ရတယ် ဆိုတဲ့ ရေပြင်ပေါ်က လောင်စာဆီ တွေက ပျောက်ဆုံး သွားတဲ့ လေယာဉ်နဲ့ မသက်ဆိုင်ဘူးလို့ ဒီကိစ္စကို ဖော်ထုတ် စုံစမ်းနေသူ တွေက ကောက်ချက်ချ လိုက်ပါတယ်။

ထိုင်းပင်လယ်ကွေ့ ရေပြင်မှာ တွေ့ရတဲ့ဆီ တွေကို ဓာတ်ခွဲခန်းမှာ စမ်းသပ် ကြည့်တော့ ဒီဆီတွေဟာ သင်္ဘောတွေမှာ အသုံးပြုတဲ့ လောင်စာဆီမျိုး ဖြစ်တယ်လို့ Kuala Lumpur က အရာရှိတွေက ပြောပါတယ်။ လေယာဉ်ဟာ လိုက်ပါသူ ၂၃၉ ဦးနဲ့ ဝေဟင်က ပျောက်သွား ခဲ့တာ (၃) ရက်လောက် ရှိလာပေမယ့် ဒီလေယာဉ်ရဲ့ အရိပ် အယောင်တောင် ရှာလို့ မတွေ့သေးဘူးလို့ မလေးရှား အရာရှိတွေကပဲ ဆိုပါတယ်။

ဗီယက်နမ် တောင်ပိုင်း ရေပြင်မှာ အပျက်အစီး အပိုင်း အစတွေ တွေ့ရတယ် ဆိုတဲ့ ပြောဆိုမှုတွေ ရှိပေမယ့် ပျောက်သွားတဲ့ Boeing 777 လေယာဉ်က အပိုင်း အစ တွေကို ရှာဖွေရေး သမားတွေ မတွေ့ဘူးလို့ ဖော်ထုတ် စုံစမ်းသူ တွေက ပြောပါတယ်။ လေယာဉ် အမှတ် MH370 ဟာ မလေးရှား နိုင်ငံ Kuala Lumpur မြို့တော်ကနေ တရုတ်နိုင်ငံ ပီကင်း မြို့တော်ကို ဦးတည် ပျံတက် သွားပြီး တနာရီလောက် အကြာ စနေနေ့ မနက် အစောကြီး မှာပဲ ရေဒါကနေ ပျောက်သွား ခဲ့တာပါ။

ဒီလေယာဉ် ဘယ်လို ဖြစ်သွားတာလဲ ဆိုတာ ဖော်ထုတ်နိုင်ဖို့ လုံးဝ မနီးစပ်သေးဘူးလို့ အရာရှိတွေက ပြောပြီး လေယာဉ် ပြန်ပေးဆွဲတာရော လေထဲမှာ ဆိုးရွားတဲ့ ထိခိုက်မှု ဖြစ်သွားတာရော တခုမှ မဟုတ်ပါဘူး လို့လည်း မငြင်းသေး ပါဘူး။

လေယာဉ် ခရီးသည် တွေထဲမှာ ၃ ပုံ ၂ ပုံက တရုတ် နိုင်ငံသား တွေဖြစ်ပြီး တခြား အာရှ နိုင်ငံသားတွေနဲ့ ဥရောပနဲ့ မြောက်အမေရိကားက ခရီးသည်တွေလည်း ပါဝင်ပါတယ်။ နိုင်ငံပေါင်း ၈ နိုင်ငံက လေယာဉ်တွေ၊ သင်္ဘောတွေ အများကြီးနဲ့ ကယ်ဆယ် ရှာဖွေရေးတွေ လုပ်ဆောင် နေကြသလို ခိုးရာပါ နိုင်ငံကူး လက်မှတ်တွေနဲ့ လေယာဉ်ပေါ် လိုက်ပါ သွားတဲ့ ခရီးသည် ၂ ဦးနဲ့ပတ်သက် ပြီးလည်း စုံစမ်းနေပါတယ်။



RB News
10.3.2014

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံကျေးရွာအုပ်စု - ဆင်သေပြင်ရွာ၊ ငါးစားကြူးကျေးရွာအုပ်စု - ပန်းမြောင်းရွာနှင့် စံပယ်ကုန်းရွာ တို့တွင် မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

အပျက်အစီးများနှင့် မီးလောင်ရသည့် အကြောင်းရင်း အသေးစိတ်များကို လေ့လာ စုံစမ်းလျက်ရှိပြီး သွားလာ ဆက်သွယ်ရေး ခက်ခဲမှုကြောင့် သတင်း အပြည့်အစုံကို မတ်လ ၁၁ ရက်နေ့တွင် တင်ပြသွားမည် ဖြစ်သည်။



9.3.2014

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းစဉ်ဟာ သင့်တော်တဲ့အချိန် မဟုတ်သေးတဲ့အပြင် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထားကို ဥပေက္ခာပြုထားကြောင်း ကချင် အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၉ ဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တချိန်တည်းမှာပဲ တိုင်းရင်းသား အဖွဲ့အစည်း ၁၀ ဖွဲ့ကလည်း သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒိုမှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ရှင်းပြခဲ့ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင် ဒေါ်ခွန်ဂျာက အခုလို ပြောပါတယ်။

"သန်းခေါင်စာရင်းဆိုတာ အရေးကြီးမှန်းသိလို့ ကျမတို့ပါဝင်တာဖြစ်တယ်၊ ၁၃၅ မျိုးမှာ ဗမာကလွဲရင် ကျန်တဲ့လူတွေ နာကျင်ကြေကွဲနေတယ်၊ အဲဒါကို မဖြေရှင်းမချင်း လုံးဝဆက်ပြီးမလုပ်သင့်ဘူး၊ ရှိတဲ့နေရာမှာ ရပ်ထားပေးဖို့ ကျမတို့တောင်းဆိုပါတယ်၊ နောက်တစ်ခုက သန်းခေါင်စာရင်းမှာ တိုင်းရင်းသားအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကို အာမခံချက်ပေးရမှာ ဖြစ်ပါတယ်၊ ဘယ်နေရာမှာ ကျမတို့ တိုင်းရင်းသားများနဲ့ တွေ့တယ် တွေ့တယ်လို့ ပြောပြီးမှ ခရက်ဒစ်ကို ယူယူသွားတဲ့အခါမှာ ကျမတို့ ပိုပြီးတော့မှ သံသယကြီးလာတယ်၊ ပိုပြီးတော့မှ ကျမတို့ မုန်းတီးလာတယ်၊ ယုံကြည်မှုက လုံးဝ ပိုပြီးပျောက်ပျက်သွားမှာဖြစ်တယ်"

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေသေးတဲ့အတွက် နယ်မြေတချို့မှာ ကောက်ယူမှု မဖြစ်နိုင်သေးကြောင်း၊ သန်းခေါင်စာရင်း မေးခွန်းမှာပါတဲ့ လူမျိုးနဲ့ သင်္ကေတ (ကုတ်နံပါတ်) သတ်မှတ်ချက်တွေ မှားယွင်းနေတာကြောင့် တိကျတဲ့အချက်အလက်တွေ ရရှိနိုင်မှာ မဟုတ်တဲ့အကြောင်းစတဲ့ အချက်တွေကို အစိုးရ၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ UNFPA နဲ့ သန်းခေါင်စာရင်း ကောက်ခံဖို့အတွက် ငွေကြေးထောက်ပံ့တဲ့ နိုင်ငံတွေထံ တင်ပြခဲ့ပေမယ့် လက်ခံတုန့်ပြန်တာ မရှိခဲ့ဘူးလို့လည်း ကချင်အရပ်ဘက်အဖွဲ့တွေရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီဆွေးနွေးပွဲကို UNFPA ရဲ့ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အထူးကိုယ်စားလှယ် Petra Righetti လည်း တက်ရောက်ပြီး တိုင်းရင်းသားတွေရဲ့ စိုးရိမ်ပူပန်မှုတွေဟာ အရေးကြီးတာကြောင့် ထည့်သွင်းစဉ်းစားသွားမယ်လို့ ဘာသာပြန်ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။

"ဒီနေ့ လာရောက်ခြင်း အကြောင်းကတော့ တိုင်းရင်းသားများရဲ့ စိုးရိမ်မှုများကို ဆွေးနွေးပွဲမှာ လာနားထောင်ဖို့အတွက် လာတာပါ၊ ပြီးတော့ ဒါတွေကို သူတို့လုပ်သွားတဲ့အချိန်မှာ စဉ်းစားသွားဖို့ရယ်၊ လုပ်ဆောင်သွားဖို့ရယ်၊ အရင်ဒီမှာ ဆွေးနွေးသွားတဲ့ဟာတွေကိုလည်း တကယ်ပဲ အရေးယူဆောင်ရွက်သွားဖို့ စဉ်းစားတာပါ၊ တိုင်းရင်းသားများရဲ့ စိုးရိမ်ပူပန်မှုဟာ တကယ်ပဲ အရေးကြီးပါတယ်၊ ပြီးတော့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့အကြောင်းအရာပါ"

လက်ရှိပုံစံနဲ့ ကောက်ခံတဲ့ သန်းခေါင်စာရင်း ရလာဒ်တွေကို ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ အသိအမှတ်မပြုကြောင်းလည်း ကချင်အဖွဲ့တွေရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

RB News
9.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပါအ၀င် ရပ်ကွက် ၁၁ ခု ကျေးရွာအုပ်စု ၉၈ ခု၊ စုစုပေါင်း ၁၀၉ ခုရှိပြီး၊ ယင်းအနက် မောင်တောမြို့နယ်တွင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၈၈ ခု၊ စုစုပေါင်း ၉၄ ခု၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၁၀ ခု၊ စုစုပေါင်း ၁၅ ခုပါဝင်သည်။

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရေး အတွက် မောင်တောမြို့နယ်တွင် ကောက်ကွက် ၅၅၁ ကွက်ကိုလည်းကောင်း၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် ကောက်ကွက် ၄၇ ကွက်ကိုလည်းကောင်း သတ်မှတ် ဖွဲ့စည်း ခဲ့ကြောင်း၊ အဆိုပါ ကောက်ကွက်များ အတွက် မောင်တောမြို့နယ် ပညာရေး ဦးစီးဌာနမှ ဆရာ/မ ၁၉၃ ဦးကို စာရင်းစစ်များ အဖြစ် လည်းကောင်း၊ ၅၅၁ ဦးကို စာရင်းကောက်များ အဖြစ် လည်းကောင်း၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် စာရင်းစစ် ၁၄ ဦး၊ စာရင်းကောက် ၄၇ ဦးတို့ကို ခန့်အပ် တာဝန်ပေးခဲ့ကြောင်း RB News မှ စုံစမ်းသိရှိ ရပါသည်။

ရပ်ကွက် / ကျေးရွာ အုပ်စု သန်းခေါင်စာရင်း ကောက်ခံရေး ကော်မတီကို ဥက္ကဌ အပါအ၀င် ၉ ဦးဖြင့် ဖွဲ့စည်း ခဲ့ပြီး၊ ရပ်ကွက် / ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကို ဥက္ကဌ အဖြစ် လည်းကောင်း၊ ရပ်ကွက် / ကျေးရွာ အုပ်စု ရပ်မိရပ်ဖ တစ်ဦး၊ ရပ်ကွက် / ကျေးရွာ အထောက်အကူပြု အဖွဲ့မှ တစ်ဦး၊ ပညာရေး ၀န်ထမ်း တစ်ဦး၊ ကျန်းမာရေး ၀န်ထမ်း တစ်ဦး၊ အမျိုးသမီးရေးရာ အဖွဲ့မှ တစ်ဦး၊ အခြားဌာနမှ တစ်ဦးတို့ကို အဖွဲ့ဝင်များ အဖြစ် လည်းကောင်း၊ လ.၀.က မှ ၀န်ထမ်း တစ်ဦးကို အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှ စာရေး တစ်ဦးကို တွဲဖက် အတွင်းရေးမှူး အဖြစ်လည်းကောင်း ခန့်အပ် တာဝန်ပေး၍ ဖွဲ့စည်း ထားကြောင်း သိရှိ ရပါသည်။

ရပ်ကွက် / ကျေးရွာ အုပ်စု အတွင်းရှိ ကောက်ကွက် များအလိုက် သန်းခေါင်စာရင်း ကောက်ကွက် တစ်ကွက်လျှင် ရပ်ကွက် / ကျေးရွာ အုပ်စုမှ ရပ်မိရပ်ဖ နှစ်ဦး၊ ရပ်ကွက် / ကျေးရွာ အုပ်စု အထောက်အကူပြု အဖွဲ့မှ နှစ်ဦး၊ ရပ်ကွက် / ကျေးရွာ အုပ်စုမှ ပညာတတ် တစ်ဦးကို ဘာသာပြန် အဖြစ် လည်းကောင်း၊ စုစုပေါင်း ၅ ဦးကို သန်းခေါင်စာရင်း ကောက်ကွက် အထောက်အကူပြု အဖွဲ့ဟု ဖွဲ့စည်း ပေးခဲ့ကြောင်း၊ ကောက်ကွက် တစ်ခုတိုင်း အတွက် အထောက်အကူပြု အဖွဲ့ ၅ ဦးစီ ဖွဲ့စည်း ပေးခဲ့ကြောင်း သိရှိ ရသည်။

ကောက်ကွက် တစ်ကွက်လျှင် ပညာရေး ၀န်ထမ်း တစ်ဦးစီကို စာရင်းကောက် အဖြစ် တာဝန် ပေးအပ် ထားပြီး၊ ကောက်ကွက် သုံးခုလျှင် စာရင်းစစ် တစ်ဦးစီအား ပညာရေး ၀န်ထမ်းများဖြင့် ဖွဲ့စည်း တာဝန် ပေးအပ် ထားသည်။ ကျေးရွာ အုပ်စု အချို့တွင် ကောက်ကွက် တစ်ကွက် (သို့မဟုတ်) နှစ်ကွက် ရှိကာ ယင်း ကောက်ကွက်များ၌ စာရင်းစစ် တစ်ဦးစီကို တာဝန်ပေးထားသည် ကိုလည်း လေ့လာ တွေ့ရှိရသည်။ မောင်တောမြို့နယ် ပညာရေး ဦးစီးဌာနမှ စာရင်းကောက်၊ စာရင်းစစ်များကို နောက်ဆက်တွဲ ခန့်အပ်ရန်လည်း အစီအစဉ် ရှိပြီး၊ အရံ အင်အားကိုလည်း ဖွဲ့စည်းတာဝန် ပေးထားကြောင်း သိရှိရသည်။

ပညာရေး ဦးစီးဌာနမှ ခန့်အပ် တာဝန် ပေးထားသော စာရင်းစစ်၊ စာရင်းကောက်များ ထဲက မောင်တောမြို့နယ်မှ ၄၅ ဦး၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ ၃ ဦးတို့ကို ခရိုင်အဆင့် နည်းပြသင်တန်း တက်ရောက်၍ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ခန်းမဆောင်တွင် ခေါ်ထားပြီး၊ စာရင်းစစ်၊ စာရင်းကောက် များက တတ်ကျွမ်းသည့် ဘာသာစကားများ နေရာတွင် ရခိုင်၊ မွတ်စလင်ဟု ဖြည့်စွက် ထားသည်ဟု RB News မှ စုံစမ်း သိရှိရပါသည်။




RB News
9.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒုချီရားတန်း အလယ်ရွာတွင် မီးစတင် မလောင်မှီ ရဲများ ၀င်ရောက် ခဲ့သည်ကို မျက်မြင်သက်သေ နှစ်ဦးက ထွက်ဆိုခဲ့သောကြောင့် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါသည်။

ယနေ့ နံနက် ၁၀း၃၀ နာရီတွင် ဒုချီရားတန်း ကျေးရွာ အုပ်စု၊ အလယ်ရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဒေသခံ ရိုဟင်ဂျာများ၏ အိမ် ၁၁ လုံး၊ ဗလီ တစ်လုံးနှင့် ဆိုင်တစ်ဆိုင်တို့ မီးလောင်၍ ပြာကျခဲ့ရသည်။

“မောင်တော ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး တို့ဒုချီရားတန်းကို ရောက်လာတော့ အရှေ့ရွာက ဒေါ်လေဒိုးနဲ့ ဒေါ်ဟာလီမာ တို့က အိမ်တွေ မီးမလောင်ခင် ဆိုင်ကယ် နှစ်စီးနဲ့ ရဲ ၄ ယောက် ၀င်လာတယ်။ ပြီးတော့ ရဲတွေ ၀င်လာပြီး မိနစ် ၂၀ အကြာမှာ မီးစလောင်တာလို့ ထွက်ဆိုတယ်။ အဲဒါနဲ့ အဲဒီ အမျိုးသမီး နှစ်ယောက်ကို ဖမ်းပြီး မောင်တော ရဲစခန်း ခေါ်သွားတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ရဲ ၄ ဦး ၀င်ရောက် လာသည်ကို မြင်တွေ့သည့် မျက်မြင် သက်သေ အမျိုးသမီး နှစ်ဦးကို မောင်တော ရဲစခန်းတွင် ယခုထိ ချုပ်နှောင်ထားကြောင်း သိရှိရပါသည်။

ဒုချီရားတန်းမှ ဒေသခံ တစ်ဦးက “ပထမတော့ အိမ်နှစ်လုံးနဲ့ ဗလီတစ်လုံးသာ မီးလောင် ခဲ့တာပါ။ မီးငြိမ်းနေတဲ့ အချိန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရွာထဲကို ဖြန့်ပြီး ၀င်လာတယ်။ ပြီးတော့ မြောက်ဘက်ကနေ ထပ်လောင်တယ်။ အဲဒါကြောင့် အိမ် ၉ လုံးနဲ့ ဆိုင်တစ်ဆိုင် ထပ်ပါသွားတယ်” ဟု အိမ်နှစ်လုံးနှင့် ဗလီတစ်လုံးကို မီးလောင်ကျွမ်းပြီး မီးငြိမ်းတော့မည့် အခြေအနေနှင့် ရဲများ ၀င်ရောက်လာပြီးမှ မြောက်ဘက်မှ လောင်လာသည်ကို မြင်သည်ကို RB News သို့ ရှင်းပြသည်။

ရဲတပ်ဖွဲ့ဝင်များသည် ဒုချီရားတန်း အနောက်ရွာကိုလည်း ယခင်က မီးရှို့ခဲ့ပြီး၊ ဒေသခံများက မိမိတို့ အိမ်ကို မိမိတို့ မီးရှို့သည်ဟု မဟုတ်မမှန် လုပ်ကြံ၍ သတင်းလွှင့်ခဲ့သည်။ ယခုလည်း ပြန်ကြားရေး ၀န်ကြီး ဌာနမှ တူညီသည့် လုပ်ကြံဇတ်ကို ခင်း၍ မိမိတို့ အိမ်ကို မိမိတို့ မီးရှို့သည်ဟု လုပ်ကြံရေးထားသည်ကို တွေ့ရှိရသည်။

“ထုံးစံအတိုင်း ဦးရဲထွဋ်ရဲ့ ပြက်လုံးလို့ ပြောရမှာပေါ့။ တွေးခေါ်နိုင်တဲ့ ဉာဏ်ရည် ရှိသူတိုင်းက တွေးခေါ် တတ်ပါတယ်။ ဦးရဲထွဋ် ကိုယ်တိုင်လည်း ဒုဝန်ကြီး ကနေ ၀န်ကြီး ဖြစ်မို့ သူ့အိမ်ကို မီးရှို့မှာ မဟုတ်ဘူး။ ပြန်ကြားရေး ၀န်ကြီး ဌာန ဆိုတာက အမှန်တကယ်တော့ ၀ါဒဖြန့်ရေး အတွက် ဖြစ်ပါတယ်။ အစိုးရရဲ့ ပြစ်မှုတွေကို ကာကွယ်ပေးတဲ့ ၀န်ကြီး ဌာန ဖြစ်ပါတယ်။ သူတို့ရဲ့ သက်တမ်း တလျှောက်မှာ အမှန်ပြောခဲ့တာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ အဲဒီတော့ အဲဒီလို လုပ်ကြံဇတ်တွေက နားလည်တဲ့၊ ဦးနှောက် အသိဉာဏ် ဖွံ့ဖြိုးတဲ့ သူတွေ အတွက် ဟာသ ပြက်လုံး ဖြစ်ရုံကလွှဲပြီး ဘာမှ ဖြစ်မလာဘူး” ဟု ရိုဟင်ဂျာ အရေး လှုပ်ရှားသူ တစ်ဦးက RB News သို့ ပြောပါသည်။

မီးလောင်ကျွမ်း သွားသည့် အိမ်များနှင့် ဆိုင်တစ်ဆိုင်၏ ပိုင်ရှင်များမှာ --

(၁) ဦးမူဇောဘ္ဘောရ် (ဘ) ဦးအီဆာလီ
(၂) ဦးဆော်လီမုလ္လာ (ဘ) ဦးမာမတ်ဟူစိန်း
(၃) ဦးဇော်ဖော်ဟူစိန်း (ဘ) ဦးအီဆာလီ
(၄) ဦးဆော်မိတ် (ဘ) ဦးဇော်ဖော်ရ်ဟူစိန်း
(၅) ဦးအာမီးန် (ဘ) ဦးမူဆာလီ
(၆) ဦးရှော်ဘိရ်အာမတ် (ဘ) ဦးဆာလေအာမတ်
(၇) ဦးဆုလ်တာန်အာမတ် (ဘ) ဦးတောဇုမ်အလီ
(၈) ဦးယာစီးန် (ဘ) ဦးတောဇုမ်အလီ
(၉) ဦးနူရ်အာမီးန် (ဘ) ဦးကာလာယာ
(၁၀) ဦးမာမတ်အာလမ် (ဘ) ဦးဒေါ်ဘိရ်
(၁၁) ဦးနူရ်အာမတ် (ဘ) ဦးရုစ်ကုမ်အလီ
(၁၂) ဦးရှုကူရ်အာမတ်၏ ဆိုင်တစ်ဆိုင် -- တို့ဖြစ်သည်။

(ဓါတ်ပုံ - ရိုက်တာ / စိုးဇေယျာထွန်း)


RB News
9.3.2014

နေပြည်တော် ။ ။ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဌာန်းထားသည့် သန်းခေါင်စာရင်း ဥပဒေနှင့် အခြားသော တရားဝင် သတ်မှတ်ချက်များ ရှိသော်လည်း၊ ရိုဟင်ဂျာများကို သန်းခေါင်စာရင်း ကောက်ခံရန်မှာ လ.၀.က ၀န်ကြီး ဦးခင်ရီ၏ နှုတ်ဥပဒေ ဖြစ်နေသည်ဟု ရိုဟင်ဂျာများက ဝေဖန် ပြောဆိုနေကြသည်။

မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ထိ သန်းခေါင်စာရင်း ကောက်ခံရေး လုပ်ငန်းစဉ် များကို ဥပဒေနှင့် အညီ အကောင် အထည်ဖော်နိုင်ရန် အတွက် စာရင်းကောက် များကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် အတည်ပြု ထားပြီး ဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ လူမျိုး စာရင်းကောက် များကို တစ်ဖက်သတ် ပယ်ဖျက် လိုက်ကြောင်း RB News မှ စုံစမ်း သိရှိရပါသည်။

ရခိုင်အစွန်းရောက် အုပ်စု ဖြစ်သည့် RNDP ပါတီမှ ခြိမ်းခြောက် တောင်းဆိုထားသည့် အတိုင်း ရခိုင်အမျိုးသား / အမျိုးသမီး များဖြင့် သန်းခေါင်စာရင်း ပုံစံ၏ လူမျိုး နေရာတွင် နိုင်ငံခြားသား ဘင်္ဂါလီ လူမျိုးဟု အတင်း အဓမ္မ ရေးသွင်း စာရင်းကောက်ယူရန် လ.၀.က ၀န်ကြီး ဦးခင်ရီမှ စီစဉ်လျက် ရှိကြောင်း သိရှိရပါသည်။ အကယ်၍ ၎င်းတို့၏ အစီအစဉ် အတိုင်း ဖြစ်မလာပါက အကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် လမ်းညွန်မှာကြား ထားသည်ဟု နေပြည်တော်မှ စုံစမ်း သိရှိရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံရေး၌ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို ခြိမ်းခြောက်၊ အကြမ်းဖက်၍ နိုင်ငံခြားသား ဘင်္ဂါလီများဟု စာရင်းတင်ပြနိုင်ပါက သမ္မတ ဦးသိန်းစိန် ပြောခဲ့သည့် အတိုင်း ရိုဟင်ဂျာများကို တတိယ နိုင်ငံ ပို့မည့် အစီအစဉ်ကို အကောင်အထည် ဖော်နိုင်ရန် နိုင်ငံတကာကို ဖိအားပေးမည် ဖြစ်ပြီး၊ ရခိုင်မျက်ကန်း မျိုးချစ်များနှင့် အခြား အစွန်းရောက်များ အကြိုက် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး နိုင်ငံရေး လမ်းစဉ်ဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ရာတွင် လ.၀.က ၀န်ကြီး ဦးခင်ရီက အတတ်နိုင်ဆုံး ပါဝင်ကြိုးစား ပေးနေခြင်း ဖြစ်သည်ဟု အဆိုပါ နေပြည်တော် အသိုင်းအ၀ိုင်းက ဆိုသည်။

“ဦးခင်ရီက ဥပဒေ အထက်ကို ရောက်နေတယ်။ သူ့ပါးစပ်က ဥပဒေ ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့ ရိုဟင်ဂျာ တွေအတွက် ရိုဟင်ဂျာ စာရင်းကောက် မပေးဘူးဆိုရင် သန်းခေါင်စာရင်း ကောက်ဖို့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့က ရိုဟင်ဂျာ ပြောမယ်၊ ရခိုင်တွေက ဘင်္ဂါလီလို့ မှတ်တမ်းတင်သွားမယ့် အဖြစ်ကို ကျွန်တော်တို့ လက်မခံ နိုင်ဘူး။ သန်းခေါင်စာရင်း ကောက်ခံမှု ပုံစံက တစ်နိုင်ငံလုံး တစ်ပုံစံတည်းဘဲ။ အားလုံးမှာ ကိုယ့်လူမျိုး ကိုယ် လွတ်လွတ် လပ်လပ် ဖြည့်ခွင့် ရှိသလို ကျွန်တော်တို့မှာလည်း ရှိတယ်။ အကယ်၍ ရိုဟင်ဂျာ ဖြည့်ခွင့် မရှိဘူးဆိုရင် သန်းခေါင် စာရင်း မကောက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု ဒေသခံ ရိုဟင်ဂျာ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
9.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရားတန်း အလယ်ရွာတွင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နံနက် ၁၀ နာရီတွင် ဒုချီရားတန်း ကျေးရွာ အုပ်စု၊ အလယ်ရွာတွင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး၊ အိမ် ၁၁ လုံးနှင့် ဗလီ တစ်လုံး မီးလောင်၍ ပြာကျ ခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ မီးလောင်ရသည့် အကြောင်းရင်းကို မသိရှိရသေးဟု ဒေသခံများက ဆိုသည်။

မီးငြိမ်းသတ်ရန် ရောက်ရှိလာသော ရွာသားများမှာ လုံခြုံရေး တပ်ဖွဲ့ဝင် ရောက်ရှိလာပြီးနောက် လှည့်ပြန် ခဲ့ရပြီး၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက အနီးအနားရှိ အိမ်များမှ ဒေသခံ ရွာသား ၃၀ နီးပါးကို ဖမ်းဆီးကာ ဒုချီရားတန်း ကျောင်းတွင် ထိန်းသိမ်း ထားကြောင်း သိရှိရပါသည်။

မလေးရှား လေကြောင်းလိုင်း အမှုဆောင် ညွှန်ကြား ရေးမှူးချုပ် Ahmad Jauhari Yahyain လေယာဉ် ပျောက်ဆုံးမှု သတင်းစာ ရှင်းလင်းပွဲ။ (မတ်လ ၈၊ ၂၀၁၄)


8.3.2014

မလေးရှား လေကြောင်းလိုင်းရဲ့ လေယာဉ် ပျောက်သွားတဲ့ နေရာနားမှာ ရေနံ လောင်စာ ဆီကွက်ကြီး ၂ ခုကို ဗီယက်နမ်ရှာဖွေ ကယ်ဆယ်ရေး လေယာဉ်တွေက တွေ့ရှိခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့တောင်ဘက် စွန်းနားမှာ တွေ့ရတဲ့ လောင်စာ ဆီကွက်ကြီး ၂ ခုရှိတဲ့နားကို ကယ်ဆယ်ရေး သင်္ဘောတွေကို စေလွှတ် ထားတယ်လို့ ဗီယက်နမ် အစိုးရက ပြောပါတယ်။

၆ မိုင်ကနေပြီး ၉ မိုင်လောက် ရှိတယ်ဆိုတဲ့ ဆီကွက်ကြီးတွေကို တွေ့ရှိမှုဟာ မလေးရှားကနေ တရုတ်နိုင်ငံဆီ ပျံသန်းသွားစဉ် ပျောက်သွားတဲ့ လေယာဉ်အတွက် နောက်ဆုံး ရတဲ့ သဲလွန်စကြီး ဖြစ်ပါတယ်။

ကွာလာလာမ်ပူ မြို့တော်ကနေ ဘေဂျင်းမြို့ဆီကို ပျံသန်းသွားတဲ့ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ် အမှုထမ်း စုစုပေါင်း ၂၃၉ ယောက် ပါသွားပါတယ်။

လေယာဉ်ပျံတဲ့ နောက်ဆုံး အဆက်အသွယ် ရတဲ့ နေရာလို့ ဗီယက်နမ် တာဝန် ရှိသူတွေ ပြောတဲ့ ဗီယက်နမ်နိုင်ငံ၊ အနောက် တောင်ပိုင်း သောင်ချူးကျွန်း ( Tho Chu) ရဲ့ အနောက် တောင်ပိုင်း ကမ်းလွန် မိုင် ၁၅၀ လောက်မှာ အဓိက အာရုံစိုက်ပြီး နိုင်ငံစုံက ရှာဖွေရေးတွေကို လုပ်နေကြပါတယ်။

မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့က သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ပျောက်ဆုံးသွားတဲ့လေယာဉ်ကို ရှာဖွေနေကြတာပါ။

ကွာလာလာမ်ပူ မြို့တော်ကနေ ဒီကနေ့ စနေနေ့ မနက်ပိုင်းမှာ ထွက်ခွာသွားတဲ့ ခရီးစဉ် MH ၃၇၀ လေယာဉ်ဟာ ပျံတက်ပြီးတော့ တစ်နာရီလောက် အကြာမှာပဲ အဆက်အသွယ် အားလုံး ပြတ်သွားတယ်လို့ မလေးရှား လေကြောင်းက ပြောပါတယ်။

ခရီးသည် တွေထဲမှာ တရုတ်လူမျိုး ၁၅၂ ယောက်၊ မလေးရှား ၃၈ ယောက်၊ အမေရိကန် ၄ ယောက်အပါအဝင် စုစုပေါင်း နိုင်ငံ ၁၄ ခုက ခရီးသည်တွေ ဖြစ်တယ်လို့ လေကြောင်းလိုင်းရဲ့ Facebook စာမျက်နှာမှာလည်း ဖော်ပြပါတယ်။



Sindi Khan
RB News
8.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တန်း ကျေးရွာနှင့် မောင်နီရွာတို့မှ ဒေသခံ ရိုဟင်ဂျာ လူမျိုးများ ပိုင်ဆိုင်သည့် ငါးဖမ်း စက်လှေ ၆၅ စီးကို ငါးဖမ်းခွင့် ပိတ်ပင် ထားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ ကညင်တန်း ကျေးရွာနှင့် မောင်နီရွာတို့ရှိ ဒေသခံ ရိုဟင်ဂျာ အများစုမှာ ငါးဖမ်းလုပ်ငန်းကို အဓိကထား၍ ငါးဖမ်းစက်လှေကြီး ၂၅ စီးနှင့် ငါးဖမ်းစက်လှေငယ် ၄၀ စီးတို့ဖြင့် လုပ်ကိုင်လျက် ရှိကြရာ၊ ဒုချီရားတန်း ပြဿနာ ဖြစ်ပွားပြီး နောက်တွင် ငါးဖမ်းခွင့် နေရာများကို ကန့်သတ်ခဲ့သည်။ တဖန် ဖေဖော်ဝါရီလ အလယ်ပိုင်းမှ စ၍ ငါးဖမ်းစက်လှေငယ် များကို ငါးဖမ်းခွင့် ပိတ်ပင်ခဲ့ပြီး၊ မတ်လ ၁ ရက်နေ့မှ စ၍ ငါးဖမ်း စက်လှေကြီး များကိုပါ ပိတ်ပင် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငါးဖမ်းခွင့် ပိတ်ပင်ခံရသဖြင့် စက်လှေ ပိုင်ရှင်များနှင့် ငါးဖမ်း စက်လှေ အသင်း ကော်မတီတို့ ပူးပေါင်း၍ ၃၀ ဦးခန့် စုပေါင်း လက်မှတ်ထိုးပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းထံ လိပ်မူ၍ ငါးဖမ်းခွင့် ပြန်လည် ခွင့်ပြုပေးရန် အသနားခံစာ တစ်စောင် တင်ခဲ့သည်။ ၎င်းစာကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး၊ ရကဖမှူး ရဲမှူးချုပ်တင်ကိုကို တို့ထံ ဆက်လက် ပေးပို့ခဲ့ရာ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက ခရိုင် ရဲမှူးကြီး ဦးရွှေသိန်းကို အသနားခံစာ တင်သူများကို စစ်ဆေးရန် တာဝန်ပေးခဲ့ပြီး၊ ရဲမှူးချုပ်တင်ကိုကိုက အမှတ် (၁) နယ်စပ် အ၀င်အထွက် စခန်းတာဝန်ခံ ဒုရဲအုပ် အောင်စောကို အလားတူ စစ်ဆေးရန် တာဝန်ပေး ခဲ့ကြောင်း သိရှိရပါသည်။

မတ်လ ၄ ရက်နေ့တွင် ငါးဖမ်း စက်လှေ အသင်း ကော်မတီ အဖွဲ့ဝင် ၃ ဦးကို စစ်ဆေးခဲ့ရာ စစ်ဆေးသည့် အဖွဲ့ နှစ်ဖွဲ့စလုံးက တပ်ကြပ်ကြီး အောင်ကျော်သိန်း၏ အလောင်းကို မရမချင်း ငါးဖမ်းခွင့် ရမည်မဟုတ်ကြောင်း၊ ၎င်း၏ လက်နက်ကို မရလျှင်လည်း ငါးဖမ်းခွင့် ရမည်မဟုတ်ကြောင်း၊ အလောင်းနှင့် လက်နက်ကို ပြန်အပ်ရမည် ဖြစ်ကြောင်း၊ အကယ်၍ လက်နက် မရပါက တဖက်နိုင်ငံက ၀ယ်ပေးရမည် ဖြစ်ကြောင်း၊ အခြေအနေ ကောင်းသွားပြီးဟု မယူဆရန် လိုကြောင်း၊ မွတ်စလင်များ အလွန် ညီညွတ်နေသည်ကို တွေ့ရကြောင်း၊ ထို့အတွက် ယခင် နစကထက် ပိုမို၍ အခြေအနေ ဆိုးဝါးလာမည်ကို မကြာမှီ တွေ့ရမည် ဖြစ်ကြောင်း စသည်ဖြင့် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငါးဖမ်းခွင့် ပိတ်ပင် ထားခံရသောကြောင့် မောင်တော မြို့ပေါ်ရှိ ငါးဈေးများတွင် ပင်လယ်ငါးများ ရှားပါးလျက်ရှိပြီး၊ ပုဇွန်ကန်များမှ ပုဇွန်များ၊ ရေချိုငါးများ အဆမတန် ဈေးမြှင့်တက် လျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။

ယခင် စစ်အစိုးရ လက်ထက်တွင်လည်း ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက်မှုများကို အဆက် မပြတ် ပြုလုပ်ခဲ့ပြီး ယခု ဒီမိုကရေစီ အစိုးရဟု ပြောဆို နေသော်လည်း အခြေအနေမှာ ပြောင်းလဲသွားခြင်း မရှိဟု ဒေသခံများက ဆိုသည်။



RB News
8.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရားတန်း ကျေးရွာ အုပ်စု၊ မြောင်ရွာမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဟင်းသီးဟင်းရွက် စိုက်ခင်းများကို ရဲများနှင့် ကင်းချောင်း ကျေးရွာမှ ရခိုင်လူမျိုးများ လာရောက်၍ လုယက်ပြီး စိုက်ထားသည့် အပင်များကိုပါ ခုတ်ထွင် ရှင်းလင်း ဖျက်ဆီး ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၃ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၉ ဦးနှင့် ကင်းချောင်း ကျေးရွာမှ ရခိုင် အမျိုးသား၊ အမျိုးသမီး ၁၅ ဦးတို့သည် ဓါးရှည်များ၊ တုတ်များ ကိုင်ဆောင်ပြီး ဒုချီရားတန်း ကျေးရွာ အုပ်စု၊ မြောင်ရွာရှိ ဒေသခံ ရိုဟင်ဂျာများ၏ စိုက်ခင်းများ ရှိရာသို့ ရောက်ရှိ လာခဲ့သည်။ ထို့နောက် စိုက်ခင်းများတွင် စိုက်ပျိုး ထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ပဲနှင့် အခြား ဟင်းသီး ဟင်းရွက်များကို လုယက် ယူသွားသည့် အပြင် အပင်များကိုလည်း ခုတ်ထွင် ရှင်းလင်း သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

စိုက်ခင်း ပိုင်ရှင်များ ဖြစ်သည့် ဒေသခံ ရိုဟင်ဂျာများက သွားရောက် ဟန့်တားရန် ကြိုးပမ်းသည့် အခါ ရဲတပ်ဖွဲ့ဝင် များက သေနတ်များဖြင့် ချိန်၍ ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး၊ ရခိုင်များက ဓါးရှည် များဖြင့် ခုတ်မည်ဟု ခြိမ်းခြောက်သဖြင့် အနားသို့ပင် သွားရောက်၍ မရခဲ့ဘဲ နောက်ဆုတ်ပြီး ပြန်ခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။

Rohingya Exodus