နောက်ဆုံးသတင်း/ဆောင်းပါးများ




RB News
23.3.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများ၏ လယ်မြေများကို အာဏာပိုင်များက မတရား သိမ်းဆည်း ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦး၏ လယ်ယာမြေများကို ရဲစခန်း တိုးချဲ့ရန်ဟု ဆိုကာ မတရား သိမ်းဆည်းလိုက်ပြီး ဒုရဲအုပ် မျိုးမြင့်ဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးတို့ ဖုံညိုလိပ် ကျေးရွာတွင် စခန်းချ လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။

ရဲတပ်ရင်း (၁၃)၊ နယ်မြေ (၉)၊ စခန်း အမှတ် (၂၁) တွင် အင်အား ၂၅ ဦးဖြင့် စခန်း ရှိသော်လည်း ရခိုင် အစွန်းရောက် ပါတီ RNDP နှင့် ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင် များက ဘူးသီးတောင် ရဲစခန်းသို့ လုံခြုံရေး အားနည်း နေသည်ဟု ဆိုကာ စာတင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ စခန်းသစ် ချဲ့ရာတွင် ဒေသခံများ၏ လယ်ယာမြေကို သိမ်းပိုက် လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

စခန်းများ တိုးချဲ့ခြင်းသည် ဒေသခံများ အတွက် လုံခြုံရေး ပိုမို ကောင်းမွန် လာမည် မဟုတ်ဘဲ၊ ဒေသခံများ ထံမှ ငွေညှစ်ခြင်းများ၊ ဓါးပြတိုက်ခြင်းများ၊ မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ချုပ်နှောင်ခြင်း များသာ ပိုမို များပြားလာမည် ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

မတရားသဖြင့် လယ်ယာမြေ သိမ်းခံ ရသူများမှာ --

(၁) ဦးဆယာဒ်အာခ်ဘာရ် (ဘ) ဦးကာလူ (သိမ်းခံရသည့် လယ်ယာမြေ ၄ ဧက)
(၂) ဦးမိုဟာမတ်နူရ် (ဘ) ဦးအီနုစ် (သိမ်းခံရသည့် လယ်ယာမြေ ၂ ဧက) -- တို့ ဖြစ်သည်။



RB News
23.3.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူးက ဒေသခံ ရိုဟင်ဂျာများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည်ကို ရိုဟင်ဂျာဟု မပြောရန် ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ မတ်လ ၂၃ ရက်နေ့တွင် ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူးသည် ကျောင်းတောင် ကျေးရွာ အုပ်စုသို့ လာရောက်၍ အနီးပတ်ဝန်းကျင်မှ ရိုဟင်ဂျာ ရပ်မိရပ်ဖ များကို ခေါ်ယူပြီး သန်းခေါင် စာရင်း ကောက်ယူသည့် အချိန်တွင် ရိုဟင်ဂျာ လူမျိုးဟု မပြောရန်၊ ဘင်္ဂလီဟုသာ ပြောရန် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူးက ရိုဟင်ဂျာဟု ရေးလျှင် အရေးယူမည် ဖြစ်ကြောင်း၊ ဘင်္ဂလီဟု ရေးပါက အခွင့်အရေး ပေးမည် ဖြစ်ကြောင်း၊ ကျောင်း၊ တံတား၊ လမ်း စသည်တို့ ဆောက်လုပ် ပေးမည် ဖြစ်ကြောင်း ချော့မော့၍ လည်းပြောဆို ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။
ဒေသခံများက လွတ်လပ်စွာ ပြောဆို ရေးသားခွင့် များကို ခြိမ်းခြောက်နည်း မျိုးစုံဖြင့် ဌာနဆိုင်ရာများ၊ ရခိုင် အစွန်းရောက်များက ခြိမ်းခြောက်နေသဖြင့် အကြမ်းဖက် ခံရမည်ကို စိုးရိမ်လျက် ရှိကြသည်။

သန်းခေါင်စာရင်း ဥပဒေကို ချိုးဖောက်၍ ခြိမ်းခြောက်ခြင်း များကို နိုင်ငံတော် အစိုးရမှ အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် တောင်းဆိုကြောင်း ဒေသခံများက RB News သို့ ပြောပါသည်။




RB News
23.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အာဏာပိုင်များက သန်းခေါင်စာရင်း ကောက်ခံမှု စရိတ်ကို ဒေသခံ ရိုဟင်ဂျာများ တစ်ဝက် ပေးရမည်ဟု မတ်လ ၂၁ ရက်နေ့က ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီတွင် မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ တာဝန်ခံများ၊ သန်းခေါင်စာရင်း စာရင်းကောက်များ၊ စာရင်းစစ်များ၊ ကျေးရွာ အသီးသီးမှ ဘာသာပြန်များကို ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် ဦးကြည်စန်းတို့က အစည်းအဝေး တစ်ရပ် ခေါ်ယူခဲ့ပြီး၊ သန်းခေါင်စာရင်း ဥပဒေနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ မိမိတို့ ခံယူသော လူမျိုးများကို ထည့်သွင်း ရေးသားနိုင်ကြောင်း၊ သို့သော် နိုင်ငံတော် အစိုးရက တရားဝင် သတ်မှတ်ထားသည့် လူမျိုးကို ထည့်သွင်းရမည် ဖြစ်ကြောင်း အာဏာပိုင်များက ထည့်သွင်း ပြောကြားခဲ့သည်ဟု ဒေသခံတစ်ဦးက RB News သို့ ပြောသည်။

သန်းခေါင်စာရင်းကို အများနည်းတူ အိမ်များသို့ သွားရောက်၍ ကောက်ယူမည် မဟုတ်ဘဲ ယခင် န.စ.က လက်ထက်က ဆွဲ၊တင်၊စစ် ကဲ့သို့ ကျေးရွာအုပ်စု တစ်စုတွင် စုပြီး ပြုလုပ်ရန် စီစဉ် ထားကြောင်း အာဏာပိုင်များက ပြောသည်။ စာရင်းကောက်၊ စာရင်းစစ် များကလည်း အဆိုပါ ရွာများတွင် သွားရောက်၍ ကောက်ယူ ရမည် ဖြစ်သည်ဟု ဆိုသည်။ စာရင်းကောက်၊ စာရင်းစစ်၊ လက်နက်ကိုင် လုံခြုံရေး များ၏ စားစရိတ်၊ နေစရိတ်နှင့် သွားလာ စရိတ်များကို ဒေသခံ ရိုဟင်ဂျာများက တစ်ဝက် ပေးရမည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ခံရေး အတွက် လိုအပ်သည့် ဒေါ်လာ ၅၈.၅ သန်းကို နိုင်ငံတကာ အလှူရှင်များက ပေးမည် ဖြစ်ပြီး၊ ဒေသခံများက ပေးအပ်ရန် မလိုအပ်သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက အနိုင်ကျင့်၍ တောင်းခံ နေခြင်းသာ ဖြစ်သည်။

ဒေသခံရွာသားများက စရိတ်မျှဝေ ခံရမည်နှင့် ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို မည်သည့် အတွက်ကြောင့် ပေးရမည်ကို မေးမြန်းသော်လည်း ပြန်လည် ဖြေကြားနိုင်ခြင်း မရှိဘဲ စရိတ်ပေးရန် တောင်းခံလျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ထို့အပြင် ဒေသခံ ရိုဟင်ဂျာများက ၎င်းတို့ ပြောမည့် လူမျိုးအမည်ကို ရိုဟင်ဂျာကို မထည့်ဘဲ၊ ဘင်္ဂလီဟု စာရင်းကောက်များက ရေးသား မှတ်တမ်းတင်မည်ကို အထူး စိုးရိမ်လျက် ရှိကြသည်။ ဒေသခံ ကျောင်းအုပ်ကြီးဟောင်း တစ်ဦးက ၁၉၈၃ ခုနှစ်က သန်းခေါင်စာရင်း ကောက်ခံရာတွင် ရိုဟင်ဂျာဟု ရေးသား ခဲ့သော်လည်း အစိုးရက ပြင်ဆင်၍ ဘင်္ဂလီဟု ရေးသား ခဲ့သည်ဟု ဆိုသည်။

ဒေသခံများက လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ချိန်၍ ဘင်္ဂလီဟု ထွက်ဆိုခိုင်းပါကလည်း အသက်ဖြင့်လဲ၍ ရိုဟင်ဂျာ ဟုသာ ထွက်ဆိုမည်ဟု ပြောသည်။



MYARF
RB News
23.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အာဏာပိုင်များနှင့် ရခိုင်များ ပူးပေါင်း၍ အရေးအခင်း နှိမ်နင်းသည့် သဏ္ဍန် ပုံဖော်၍ ဗီဒီယို ရိုက်ကူးခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် အာဏာပိုင်များနှင့် ရခိုင်လူမျိုးများ ပူးပေါင်း၍ အရေးအခင်း နှိမ်နင်းသည့် သဏ္ဍန် ပုံဖော်၍ ဗီဒီယို ရိုက်ကူးခဲ့သည်။ ဗီဒီယိုကို မောင်တောမြို့နယ် မြို့မ အားကစားကွင်းနှင့် ကွင်းပြင် အရှေ့မြောက်ဘက်တွင် ရိုက်ကူး ခဲ့သည်။

ဗီဒီယို ရိုက်ကူးပုံမှာ ရခိုင်လူမျိုး ၃၀၀ ကျော်က လမ်း၏ အနောက်ဘက် အစွန်းမှ တုတ်၊ ဓားများ ကိုင်ဆောင်လျက် အော်ဟစ် ချီတက်လာပြီး လုံထိန်းရဲ ၁၀၀ ခန့်က တန်း ၃ တန်းစီ၍ နေရာယူသည်။ ထို့နောက် ရခိုင်များ ချီတက် လာသည့် အခါ သေနတ်ကို မိုးပေါ်ထောင်၍ ပစ်ခတ်သည်။ လုံထိန်းများ သေနတ် ပစ်ခတ်တိုင်း ရခိုင် နှစ်ဦးခန့် လဲကျသွားပြီး၊ လဲကျသွားသူများကို အခြားသူများက သယ်ယူသွားသည့် ပုံစံများဖြင့် ရိုက်ကူးခဲ့သည်ဟု ဒေသခံများက RB News သို့ ပြောသည်။

ဗီဒီယို ရိုက်ကူးခြင်းကို နံနက် ၈ နာရီခွဲမှ ၁၁ နာရီထိ ပြုလုပ်ခဲ့ပြီး၊ ဒေသခံများက နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ လိမ်ညာ ပြသရန် သို့မဟုတ် လုပ်ကြံမှု တစ်ခုခု ပြုလုပ်ရန် ဖြစ်မည်ဟု ပြောဆိုနေကြသည်။

ဌေးလွင်ဦး
RB News
22.3.2014


နိုင်ငံရေးမှာ အဖြူထည် ပကတိ မရှိ- ဆိုတာကို လက်ခံပါတယ်။ သို့သော် ဉာဏ်အမျှော်အမြင်နဲ့ ရိုးသားမှု ကိုတော့ အခြေခံရပါမယ်။ အာဏာရမက်တွေနောက်ကို လိုက်ရင်း လူမျိုးကြီးဝါဒ-၊ မျက်ကန်း အမျိုးသားရေးဝါဒ တွေနဲ့ ကြီးနိုင်ငယ်ညှင်း တောရိုင်းစိတ် ၀ါဒတွေကို နှလုံးပိုက်လျှက်- အပြုံးမျက်နှာတုကို မိတ်ကပ်ဖို့ထားလို့ ရနိုင်တဲ့ ခေတ်ကာလ မဟုတ်တော့ပါ။

မြန်မာ့နိုင်ငံရေး သမားများ၊ အာဏာပိုင်များ၊ လူငယ်မျိုးချစ်များ- အများစုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀- ၆၀ လောက်က မြန်မာပြန်ထုတ်ဝေခဲ့တဲ့ နိုင်ငံရေးစာအုပ်များ၊ ကမ္ဘာ့ခေါင်းဆောင်များရဲ့ အတ္ထုပ္ပတ္တိနဲ့ သူတို့ရဲ့ လှုပ်ရှား များကို အားကျ ပုံတူကူးယူခဲ့ရသူက ရာနှုန်းများနေပါတယ်။ ဥပမာ- ကျူဘားပြည်က ကြယ်နီ တို့၊ ချေဂွေဗားရား တို့ တရုတ်ပြည်က ကြယ်နီတို့ အာရဗ်အစ္စရေးလ် ခြောက်ရက်စစ်ပွဲတို့- စတဲ့ ဒုတိယကမ္ဘာစစ်ပြီးကာလ နိုင်ငံရေး သီအိုရီများသာ ဘ၀ကို စခဲ့ရသူက များနေပါတယ်။

အခုအချိန်ဟာ ဒုတိယ ကမ္ဘာစစ်ပြီးကာလနဲ့ ခေတ်သုံးခေတ်ခြားနားသွားခဲ့ပါပြီ။- စစ်အေးခေတ်၊ ၀ါဒအားပြိုင် ခေတ်- နဲ့ ကွန်မြူနစ် စနစ်အားနဲ့သွားချိန်မှာ ဘာသာရေးအသွင်လွှမ်း နိုင်ငံရေးဝါဒ ခေတ်များကို ကျော်လွန်ခဲ့ လေပြီ။- ဒါတွေကို မြန်မာ့နိုင်ငံရေး သမားတို့ ပြတ်ကျန်ခဲ့ကြောင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ဖြစ်တည်နေ မှုများက မျက်ဝါးထင်ထင် သက်သေပြနေပါတယ်။

ပိုဆိုးတာက- မြန်မာ့နိုင်ငံရေး သမားတိုင်း (အားလုံးနီးပါး)ရဲ့ ပါးစပ်က - ပထ၀ီ နိုင်ငံရေး ဆိုတဲ့ ဝေါဟာရကို တွင် တွင်ကြီး သုံးစွဲ လက်ခံနေမှုများပါ။- တစ်ကယ်တော့ အဲ့ဒီ သီအိုရီကို စစ်အစိုးရက သေသေသပ်သပ် ပုံသွင်းခဲ့ ခြင်းသာ ဖြစ်ပါတယ်။ ပထ၀ီ နိုင်ငံရေး ဆိုတဲ့ စကားလုံးက လူပြိန်းကြိုက် စကားမျှသာ ဖြစ်ပါတယ်။ မိမိနိုင်ငံရဲ့ ပထ၀ီ အနေအထားကို ဘယ်လို ကာကွယ်မလဲ ဆိုတဲ့ သီအိုရီကသာ ပညာရပ်ဆန်တဲ့ အဖြေဖြစ်လာမှာပါ။ လူပြိန်းကြိုက်စကားလုံးတွေကိုသာ တွင်တွင်ကျယ်အောင် ပြောတတ်ပြီး- အဲ့ဒီ ပထ၀ီကို ဘယ်လိုကာကွယ်လေ မလဲလို့ အဖြေကို ဘယ်သူကမှ တိတိကျကျ မထုတ်ပြနိုင်ခဲ့ဘူး။

မျက်ကန်း အမျိုးသားရေးဝါဒကို လက်ကိုင်ထားရင် ကာကွယ်နိုင်မယ်လို့ ထင်ယောင်ထင်မှား တွေးနေမှုကြောင့် တရုတ်ကြီးက မြန်မာ့ ပထ၀ီ မြေပုံကို တစ်ဝက်လောက် ဖျက်ထားခဲ့လေပြီ။ မကြာမှီ တိဘက်ကို မြိုသလို မြိုလိုက်တော့မယ် ဆိုတဲ့ အသိ ဒီနေ့ထိ လူထုကြားမှာ မကိန်းဝပ်နိုင်သေးပါ။ ဒါဟာ လူထုကို ဦးဆောင်တဲ့ အစိုးရနဲ့ နိုင်ငံရေးသမားတို့ရဲ့ ဗဟုသုတ ပြတ်လပ်မှုလို့ မညှာမတာ ဆင်ခြင်ရပါတော့မယ်။

ပထ၀ီ ကို ကာကွယ်လိုရင်- (၁) ငါတို့ရဲ့ မြန်မာနိုင်ငံ မြေပထ၀ီ ဟာ ဘယ်က ဘယ်အထိ ဆိုတဲ့ တိကျတဲ့ အဖြေ ကို လူထုရှေ့မှာ လူထုသိအောင် တိတိကျကျ ချပြရပါမယ်။ (၂) အာဏာပိုင် အစိုးရကိုယ်တိုင်က မြေပထ၀ီကို ဖဲ့ရောင်းခြင်း အလုပ်တွေကို ရှောင်ကြဉ်ရပါမယ်။ (၃) သတ်မှတ်ပြီး နယ်နိမိတ် အတွင်း ရှိနေသူ လူသားအားလုံး မျိုးနွယ်အားလုံးကို အတူနေချင်စိတ်များ ကိန်းဝပ်လာအောင် တရားမျှတ သင့်မြတ်လျှော်ကန်တဲ့ တန်းတူညီမျှ ခွင့်ကို ပေးရဲရပါမယ်။

ငါတို့ရဲ့ မြေပထ၀ီဟာ ဘယ်က ဘယ်အတိ ကျယ်ဝန်းတယ်၊ ရှိတယ် ဆိုတာ လူထုက သိနေမှ လူထုကိုယ် တိုင်က ကိုယ့်မြေကို ကိုယ်ကာကွယ်နိုင်မှာ ဖြစ်သလို-၊ မသမာတဲ့ အစိုးရအာဏာပိုင်များက မြေကိုဖဲ့ရောင်းမယ် ဆိုရင်လည်း လူထုက အစိုးရကို ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်နိုင်ပါတယ်။ (အခုတော့ မြန်မာပြည်မြေပုံ ဆိုတာ လောက် လူထုကို ဆွဲပြသင်ကြားနေပြီး- လူထုကိုယ်တိုင် နယ်ခြားစည်းက ဘယ်မှာ ဆိုတာ တိတိကျကျ မသိ တဲ့ ဘ၀မျိုးပါ။ ဟိုနေ့ ထိုင်းနဲ့ ပြသနာတက်လိုက်၊ ဒီနေ့ ဘင်္ဂလားနဲ့ ပြသနာတက်လိုက်- ထအော်လိုက် အခြေ အနေမျိုးသာ ရှိနေပါတယ်။ အင်အားကြီးတဲ့ တရုတ် နဲ့ အိန္ဒိယကို ဖဲ့ပေးလိုက်ရတဲ့ မြေတွေတော့ လူမသိ ရှင်မကြား ဖြစ်နေရပါတယ်။) ဒီအခြေအနေဟာ လွတ်လပ်ရေး ရပြီးကတည်းကပါ- အခုအချိန်ထိ လူထုက မျက် မမြင်ဆင်စမ်း ဘ၀နဲ့ ပထ၀ီနိုင်ငံရေးကို သံယောင်လိုက်နေရတဲ့ အဆင့်ပါ။

အခြေအနေ အဆိုးဆုံးက ပထ၀ီကို ကာကွယ်ဘို့- မျက်ကန်းအမျိုးသားရေးဝါဒကို ရိုက်သွင်းလိုက်ခြင်းပါပဲ။ နိုင်ငံ တစ်နိုင်ငံမှာ လူထု ဆိုတာ ရွှေရည် ငွေရည် စိမ်ခံရတဲ့ သတ္တုအဆင့်မျှသာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေက ရွှေရည်စိမ်ပေးနိုင်ရင် လူထုက ရွှေဖြစ်လာတယ်။ ခေါင်းဆောင်တွေက ငွေရည်စိမ်ပေးနိုင်ရင် လူထုက ငွေဖြစ် လာတယ်- ဆိုတဲ့ သီအိုရီ ချည်းပါပဲ။ အမျိုးသားရေး ဆိုတာ နိုင်ငံသားတိုင်းမှာ ရှိသင့်တဲ့ စိတ်ဓါတ်ပါ။ သို့သော် မြန်မာ့ခေါင်းဆောင်တွေဟာ ဉာဏ်ပညာ ဗဟုသုတမှာ အင်မတန်နောက်ကျနေပြီး- မိမိကိုယ်တိုင်က ရွှေအတု ငွေအတုတွေ ဖြစ်နေကာ- လူထုကို ရွှေအတု အရည်စိမ်ပေးနေကြတယ်- ငွေအတု အရည်စိမ်ပေးနေကြတယ် လို့ ပြောရတော့မှာပါ။
ခေါင်းဆောင်ဆိုသူတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှု အမျိုးသားရေးဝါဒ ဆိုတာက နိုင်ငံအတွင်း ရှိသမျှ လူသား အားလုံး ကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ပုံစံခွက်ထဲမှာထည့်ပြီး ဗမာမှုပြုခြင်း လို့ ခိုင်ခိုင်မာမာ နှလုံးပိုက်ထားခြင်းပါ။ ဒီကြားထဲ မိမိပုံသေနည်းကို တရားသေလက်ကိုင်ထားပြီး အခြား ဘယ်ဗဟုသုတကိုမှ သူတို့ရဲ့ ဦးနှောက်များ နှလုံးသား များ လက်ခံစဉ်းစားပေးနိုင်ခြင်း မရှိတဲ့ တတ်ယောင်ကား အစွဲကလည်း ကြီးမားနေပြန်ပါတယ်။

ရွှေအတု အရည်စိမ်ခံရတဲ့ လူထု၊ ငွေအတု အစိမ်ခံရတဲ့ လူထုမှာ မိမိကို စိမ်လိုက်တာ ရွှေအတုမှန်းမသိ၊ ငွေ အတုမှန်း မသိဘဲလျှက်- မိမိသည် ရွှေဖြစ်ပြီ၊ မိမိသည် ငွေ ဖြစ်ပြီလို့ ခံယူသွားမှာ သေချာပါတယ်။ ခံယူချက်က နှစ်ကာလကြာလာရင် အစွဲ ဖြစ်လာပါတော့တယ်။ ဒါတွေကို ရိုးရိုးသားသား ပါးပါးနပ်နပ် မဖြေရှင်းဘဲ- မိမိရဲ့ အမှားကို ခေါင်းဆောင်တွေကိုယ်တိုင်က မပြုပြင်ဘဲ- ဟိတ်ကြီးဟန်ကြီးလုပ်ကာ ငါ မှန်တယ်ဟေ့လို့ ဆက် လက် ကြွေးကြော်နေရင်- တိုင်းပြည်ရဲ့ အနာဂါတ်ဟာ စဉ်းစားလို့ ရဲလောက်တဲ့ အဆင့်မှာ မရှိတော့ပါ။

ဗုဒ္ဓဘာသာ ပုံစံခွက်ထဲမှာ ဗမာမှုပြုခြင်း- ဆိုတာဟာ ကြိုးချည်ရိုက် ပုံသွင်းခြင်းဖြစ်နေပါတယ်။ လူသားသဘာဝ လွတ်လပ်မှုကို ကြိုက်တယ်။ လွတ်လပ်မှုအတွက် လူသားဟာ အမြဲရုန်းကန်လှုပ်ရှားနေတယ်။ လုံးဝ မလွတ် လပ်သည့်တိုင် ကြပ်တည်းကျဉ်းမြောင်းထုထောင်းခံရတဲ့ ဘ၀က ကျယ်ဝန်း သက်သာ အထုအထောင်းမခံရတဲ့ ဘ၀ကို လိုချင်တယ်။ အဲ့ဒီ အတွက် လူတိုင်းဟာ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတယ် ဆိုတဲ့ အချက်ကို မေ့မထား ဘို့ လိုပါမယ်။

ဗုဒ္ဓဘာသာ ပုံစံခွက်ချင်း တူညီနေရင်တောင်- ဗမာမှု ပြုခြင်းကို မခံမရပ်နိုင်တဲ့ ရခိုင်၊ မွန်၊ ရှမ်း လို လူသားတွေ လည်း မြန်မာ့ပထ၀ီမြေထဲမှာ အင်နဲ့အားနဲ့ တည်ရှိနေပါတယ်။ ဗမာမှုပြုခံချင်သော်လည်း ဗုဒ္ဓဘာသာ ပုံစံခွက်ထဲ ကို မ၀င်ချင်သူများကလည်း အင်နဲ့အားနဲ့ ရှိနေပါတယ်။ ဗုဒ္ဓဘာသာ ပုံစံခွက်တည်းကိုလည်း မ၀င်လို ဗမာမှု လည်း အပြုမခံနိုင်တဲ့ လူသားထုကြီးကလည်း မြန်မာပြည်ထဲမှာ အင်နဲ့အားနဲ့ ရှိနေပါတယ်။ အဲ့ဒီ အင်အားစု တစ်ရပ်စီအတွက် သွေးခွဲအုပ်ချုပ်ရေး စနစ်က ဘယ်အထိ ရပ်တည်နိုင်မလဲ။ သူတို့အားလုံးက သူတို့ကို သွေးခွဲ အုပ်ချုပ်ရေးနဲ့ ထိန်းချုပ်ထားကြောင်း အသိတရားများ- သတိတရားများ ရှိလာနေပါပြီ။ တနည်းအားဖြင့် ဗမာ ဆိုရင် ငြီးငွေ့နေတဲ့ လူထုကြီးက မြန်မာ့ပထ၀ီ ဧရိယာထဲမှာ ထက်ဝက်လောက် ရှိနေပါပြီ။

ရိုဟင်ဂျာများကို အသံထုတ် မထောက်ခံသော်လည်း ရိုဟင်ဂျာများအပေါ် မတရားပြုကျင့်နေတယ် ဆိုတဲ့ အချက်ကို ကချင်၊ ကရင်၊ ၀၊ ရှမ်း၊ မွန် တို့က တစ်ချိန်မှာ ငါတို့ကိုလည်း ဒီအတိုင်း ပြုကျင့်မှာပဲလို့ သင်ခန်းစာ ယူနေပါတယ်။- အလားတူ ခရစ်ယာန် ဘာသာဝင်များတဲ့ အုပ်စုတွေကလည်း မျက်ခြေမပြတ် စောင့်ကြည့်နေပါ တယ်။ ဒီလောက် မတရားမှုနဲ့ အကြံပက်စက်နေသူတို့အား ဘယ်သူတွေက အယုံအကြည် ရှိလေမလဲ-၊ ဆိုတာ တော့ ယေဘုယျ နားလည်ထားဘို့ လိုပါမယ်။

ဒီကြားထဲမှာ ပူပူနွေးနွေး ကရိုင်းမီးယား သီရိုရီ တစ်ခုက ထပ်ဆင့် ဖြစ်တည်လာပါတယ်။ ဒါဟာ မြန်မာပြည် အတွက် သင်ခန်းစာ မဖြစ်မနေယူရမယ့် ကိစ္စပါ။ ယူကရိန်းမှာ ဥရောပ လိုလားတဲ့ အုပ်စုက အာဏာကို သိမ်း လိုက်နိုင်ပေမယ့်-၊ အာဏာရသွားတဲ့ အုပ်စုက ယူကရိန်းအမျိုးသားရေးဝါဒနဲ့ ရောယှက်ပြီး- ရုရှားဘာသာစကား ပြော လူထုအပေါ် ခွဲခြား ဆက်ဆံလိုက်တဲ့ ကိစ္စပါ။ ဒါကို အကြောင်းပြပြီး ရုရှားက သူလူမျိုးနွယ်ကို ကာကွယ် ဘို့ ကြားဝင်စွက်ဖက်လိုက်ပါတော့တယ်။

ယူအင်မှာ အကြိတ်အနယ် ဖြစ်တော့ ရုရှားဘက်က- လူတစ်မျိုးဟာ ဘာသာစကား ကွဲပြားယုံမျှနဲ့ ခွဲခြားခံရမယ်၊ ချောင်ထိုးခံရမယ်၊ ဖိနှိပ်ခံရမယ် ဆိုတာ လူ့အခွင့်အရေး မဟုတ်ဘူး၊ ဒီမိုကရေစီ မဟုတ်ဘူး- ဒါကို ကျွန်တော်တို့ ကာကွယ်တာ တရားမျှတမှု ရှိတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ သူတို့ဘက်က တင်ပြမှု ယုတ္တိရှိနေတာ့ ဘယ်သူကမှ ကျယ်ကျယ်လောင်လောင် မကန့်ကွက်တော့ပါ။- ကျန်ခဲ့တဲ့ ယူကရိန်း စိတ်ပြေယုံမျှပဲ ဥရောပနဲ့ ယူအက်စ်က ဆိုင်းဝိုင်းတီးပေးခဲ့ရပါတော့တယ်။

မြန်မာပြည်မှာလည်း ဘာသာအယူ မတူယုံမျှနဲ့၊ ဘာသာစကားပြော ကွဲပြားယုံမျှနဲ့ လူမျိုးနွယ် တစ်စုကို အသိ အမှတ်မပြု ဖိနှိပ် ညှင်းပန်းနေမယ် ဆိုရင်- ဘင်္ဂလားက အကြောင်းပြချက်ရလာမယ်၊ ယိုးဒယားက အကြောင်းပြ ချက်ရလာမယ်၊ အိန္ဒိယက အကြောင်းပြချက်ရလာမယ်၊ တရုတ်က အကြောင်းပြချက် ရလာမယ်- ဆိုတာ ပြေး မလွတ်ပါ။

အကယ်၍ ကချင်နဲ့ ၀ တို့ကသာ ကျုပ်တို့ ဗမာနဲ့ အတူမနေနိုင်ဘူး-လို့ တရုတ်ကို ညှိလိုက်ရင် တရုတ်က သူ့မျိုး နွယ်ဆိုပြီး ၀င်ရောက်စွက်ဖက်တော့မှာပါ။ အလားတူ ဇူမီး (ချင်း)တို့ကို ပစ်ပါယ်ထားရင် ခွဲခြားဆက်ဆံနေရင်၊ လူရာ မသွင်းရင်- အိန္ဒိယ အတွက် အကြောင်းပြချက် ဖြစ်သွားမှာ သေချာပါတယ်။ ရှမ်း၊ ကရင်တို့ကလည်း ဗမာ နဲ့ အတူနေမယ့် အတူ- ယိုးဒယားနဲ့ ပေါင်းလိုက်မယ် စိတ်ကူးမိတာနဲ့ ယိုးဒယားက ၀င်စွက်တော့မှာပဲ။ ရိုဟင်ဂျာ ကိစ္စတောင် ဘင်္ဂလားက စကားဟနေပါပြီ။ ဒီနေရာမှာ ယိုးဒယားနဲ့ ဘင်္ဂလားကို စစ်ရေးအရ အထင်သေး အမြင် သေး လျှော့တွက်မိရင်- ဒီခေတ်က အလောင်းဘုရားအုပ်ချုပ်တဲ့ ခေတ်မဟုတ်တော့ဘူး ဆိုတာလောက်ပဲ မြန်မာ့ခေါင်းဆောင်တွေ တွေးမိဘို့ လိုပါမယ်။ ဘင်္ဂလားနဲ့ ယိုးဒယား ဆိုတာ ရှေ့က အပြ သရုပ်ဆောင်ရတဲ့ နိုင်ငံတွေ ဖြစ်နေပြီး နောက်ကွယ်မှာ မဟာ အင်အားတွေ ရှိနေပါတယ်။

ယိုးဒယား၊ ဘင်္ဂလား နောက်က မဟာအင်အားတွေကို ခုခံဘို့ တရုတ်ကြီးကို ပြေးကပ်မိရင် တရုတ်က ကချင် နဲ့ ၀ လောက်သာ မဟုတ် မြန်မာပြည် တစ်ဝက်ကို တိဘက်ဇတ် သွင်းလိုက်မှာ သေချာသလို-၊ ယိုးဒယား၊ ဘင်္ဂလား နောက်ကွယ်ကလည်း အောက်ဗမာပြည်ကို စားပစ်လိုက်မှာ သေချာနေတယ်။ နောက်ဆုံး ယူကရိန်း လို ဝေစားမျှစားပေါ့။ ဗမာတွေဘက်က ကျူးကျော်သူ လို့ ငယ်သံပါအောင် အော်ရင်လည်း နောက်ကျခဲ့ရတော့ မယ့် အဖြစ်ပါ။

အချိန်တွေ နောက်မကျဘို့ လက်မတင်လေးမှာ ရှိနေပါတယ်။ ဒါကို မြန်မာ့နိုင်ငံရေးသမားများ၊ မြန်မာ့အာဏာ ပိုင်များ လိမ်မာပါးနပ်ဘို့ လိုပါမယ်။ တိုင်းပြည်တွင်းက လူသားအားလုံး တရားသဖြင့် စိတ်ကြေနပ် စိတ်ချမ်းသာ အောင် ဆောင်ကြဉ်းနိုင်ဘို့ လိုပါမယ်။ မတရားတဲ့ မျက်ကန်း အမျိုးသားရေးဝါဒီ ရာဇ၀တ်ကောင်များကို အလို လိုက်မနေဘဲ အမြစ်ပြုတ် အပစ်ပေးပစ်ဘို့ လိုပါမယ်။

တိုင်းပြည်ကို တစ်ကယ်ချစ်ရင် ရိုးသား ဖြူစင်ဘို့ လိုပါပြီ။

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement




နေဆန်းလွင်
RB News
22.3.2014

မတ်လ ၂၀ ရက်နေ့ထုတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံက Dhaka Tribune မှာ ဆောင်းပါးရှင် Zeeshan Khan ရေးလိုက်တဲ့ A referendum in Rakhine state? ခေါင်းစဉ်နဲ့ ဆောင်းပါးက မြန်မာ ပြည်တွင်းမှာ အတော်လေး တုန်လှုပ်ချောက်ချား ဖွယ်ရာတစ်ခုလို ဖြစ်နေပါပြီ။ ဆောင်းပါးရှင် Zeeshan Khan က Dhaka Tribune ရဲ့ စာနယ်ဇင်း သမား တစ်ဦး ဖြစ်ပါတယ်။ ပြင်ပက ရေးတဲ့ ဆောင်းပါးရှင်တော့ မဟုတ်ဘူး။

ဆောင်းပါးရှင်ရဲ့ နာမည်အရ ဆိုရင် ဆောင်းပါးရှင်က မွတ်စလင် တစ်ဦး ဖြစ်ပါတယ်။ ကိုယ့်ရဲ့ မွေးရပ်မြေမှာ ညှဉ်းပန်း နှိပ်စက်လို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခိုလှုံသွားတဲ့ ရိုဟင်ဂျာတွေကို အဲဒီဘက်က ဒေသခံတွေက မြန်မာနိုင်ငံမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ န.စ.က တွေနည်းတူ ညှဉ်းပန်း နှိပ်စက်တာတွေကို ကြည့်ခြင်း အားဖြင့် ဘင်္ဂါလီ လူမျိုးတွေက ရိုဟင်ဂျာတွေကို မွတ်စလင် အချင်းချင်း ဖြစ်လို့ သက်ညှာတယ်လို့ ကောက်ချက်ချလို့ မရဘူး။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရိုဟင်ဂျာ ၅ သိန်း ၀န်းကျင်လောက် ခိုလှုံနေပေမယ့် နိုင်ငံရေး လှုပ်ရှားမှုတွေမှာ လှုပ်လို့တောင် မရဘူး။ အထူးသဖြင့် နေရာ ရထားသူ တွေကတော့ မြန်မာနိုင်ငံဘက်က ကူးသွားတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင် တွေဘဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက စာနယ်ဇင်း သမားတွေကို ရခိုင် နိုင်ငံရေး သမားတွေက ငွေပေးပြီး ဆောင်းပါးတွေ ရေးခိုင်းတာ ရှိပါတယ်။ Rahul Chakma ဆိုတဲ့ စာနယ်ဇင်း သမား တစ်ယောက်ကို ဒေါက်တာအေးချမ်းက ဆောင်းပါးတွေ ရေးပြီး ဘင်္ဂလားဒေ့ရှ် မီဒီယာတွေ ပေါ်မှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မဟုတ်မမှန်တွေကို Rahul Chakma နာမည်နဲ့ တင်ခိုင်းတာတွေ ရှိပါတယ်။ တကယ်လို့ ဒီကိစ္စကို ဒေါက်တာအေးချမ်းက ငြင်းမယ်ဆိုရင် ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ရှင်းလို့ ရပါတယ်။ အခုလည်း Dhaka Tribune ရဲ့ ဆောင်းပါးရှင် Zeeshan Khan ရဲ့နောက်ကွယ်မှာ ရခိုင် နိုင်ငံရေး သမားတွေ ရှိတယ်လို့ ကျွန်တော် ပေါ်ပေါ်တင်တင် စွပ်စွဲချင်တယ်။

မြန်မာနိုင်ငံတွင်းမှာ ရိုဟင်ဂျာတွေကို လူမဆန်အောင် ညှဉ်းပန်း နှိပ်စက် သတ်ဖြတ် နေပေမယ့်လည်း နိုင်ငံတွင်းကနေ စက်လှေတွေနဲ့ ကြမ်းတမ်းတဲ့ ခရီးကြမ်းကို အန္တရာယ်ပေါင်းများစွာနဲ့ ဘေးလွတ်ရာကို ထွက်ပြေး နေတာဘဲ ရှိတယ်။ ဘယ်ရိုဟင်ဂျာကမှ ငါတို့ကို ဒီလောက် နှိပ်စက်နေတာ လက်နက်ကိုင်ပြီး တော်လှန်မယ်၊ နိုင်ငံခွဲထွက်မယ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းမယ်လို့ စိတ်ကူးတောင် မယဉ်ကြဘူး။ ရခိုင်လူမျိုးတွေ ပြည်နယ်တောင်းတုန်းက မေယု ခရိုင် သီးခြား ပေါ်ပေါက် လာရတဲ့ အကြောင်းရင်းကို သေချာ လေ့လာမယ်ဆိုရင် ရိုဟင်ဂျာတွေက မြန်မာနိုင်ငံထဲက ရိုဟင်ဂျာတွေ ဖြစ်ချင် ကြသလား၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပေါင်းချင်သလား ဆိုတာ သိသိသာသာ လေ့လာ တွေ့ရှိ ရမှာ ဖြစ်ပါတယ်။

Dhaka Tribune ရဲ့ဆောင်းပါးကို သုံးသပ် ရမယ်ဆိုရင် နှစ်ချက်ဘဲ ရှိပါတယ်။ ပထမ အချက်က ကျွန်တော် အထက်မှာ ပြောသလို ရခိုင်နိုင်ငံရေးသမား တွေက အဲဒီ ဆောင်းပါးရှင်ကို ငွေပေးပြီး ရေးခိုင်းတာ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ သန်းခေါင်စာရင်း ကောက်မယ့် အချိန်ကို ကိုက်ပြီး လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကတည်း နိုင်ငံတွင်းမှာ ဘာသာရေး အဓိကရုဏ်းတွေ ဆက်တိုက် ဖြစ်ပေါ်အောင် ပြုလုပ်သူတွေက ရခိုင် နိုင်ငံရေး သမားတွေသာ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ကိုယ်တိုင် ၀န်ခံထားတဲ့ အထောက်အထား တွေလည်း ရှိပါတယ်။ ဒုတိယ အချက်ကတော့ ရိုဟင်ဂျာ လူမျိုးတွေကို ဘင်္ဂါလီတွေလို့ နေ့စဉ်နဲ့ အမျှ စွပ်စွဲပြီး တရားမ၀င် ၀င်ရောက်လာသူတွေ ဖြစ်တယ်လို့ စွပ်စွဲပြီး နည်းမျိုးစုံနဲ့ စွပ်စွဲနေလို့ နောင်ကျဉ်အောင် ရေးလိုက်တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ သမိုင်း အထောက်အထား အခိုင်အမာ ရှိနေတဲ့ မြန်မာနိုင်ငံ အာရ်ကာန်ဒေသက ရိုဟင်ဂျာတွေကို မတရားသဖြင့် ဘင်္ဂါလီတွေလို့ စွပ်စွဲပြီး နည်းမျိုးစုံနဲ့ ညှဉ်းပန်း နှိပ်စက် နေမယ်ဆိုရင်တော့ ဘေးထွက် ဆိုးကျိုးတွေ များလိမ့်မယ် ဆိုတာ နားလည် သဘောပေါက်ဖို့ လိုလာပါပြီ။ စာနယ်ဇင်း သမား တစ်ယောက်ရဲ့ အရေးအသားက ကမ္ဘာကိုတောင် လှုပ်ကိုင်နိုင်စွမ်း ရှိတယ်ဆိုတာ သတိချပ် စေချင်တယ်။

ဘယ်လိုဘဲ ဖြစ်ဖြစ် စာနယ်ဇင်းသမား တစ်ယောက်က သူ့အတွေးအခေါ်နဲ့ ရေးရေး၊ ငွေရလို့ ရေးရေး သူရေးတာက သူ့အပိုင်းပါ။ ရိုဟင်ဂျာတွေနဲ့ ဘယ်လိုမှ သက်ဆိုင်ခြင်း မရှိဘူး။ ရိုဟင်ဂျာတွေက မြန်မာနိုင်ငံတွင်းမှာ အခြားသော တိုင်းရင်းသား၊ နိုင်ငံသားများနဲ့ တန်းတူရည်တူ အခွင့်အရေး အပြည့်အ၀ ရချင်တာဘဲ ရှိတယ်။ ရိုဟင်ဂျာတွေက ကိုယ့်ရဲ့ နိုင်ငံကို သစ္စာဖောက်မယ့် လူတွေ မဟုတ်ဘူး။ ဒါပေမယ့် ညှဉ်းပန်းနှိပ်စက် ခံနေရတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံတကာက အမြဲတမ်းတော့ လက်ပိုက်ကြည့် နေမှာ မဟုတ်ဘဲ၊ ပြဿနာ ဖြေရှင်းဖို့ အတွက် နည်းလမ်းမျိုးစုံနဲ့ တွေးခေါ်ပြီး ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။

တချိန်တုန်းက ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေ ရှိခဲ့ပေမယ့်လည်း အဲဒီ အဖွဲ့ ခေါင်းဆောင်တွေ အားလုံးက လက်နက်ကိုင် လှုပ်ရှားမှု လမ်းစဉ်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ် လောက်ကတည်းက ဆန့်ကျင်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံရေး နည်းလမ်းကိုသာ အသုံးချမယ်လို့ ယတိပြတ် ဆုံးဖြတ်ခဲ့ကြတယ်။ ငြိမ်းချမ်းတဲ့ လမ်းစဉ်နဲ့ ခရီးဆက်နေစဉ်မှာ အကြမ်းဖက် သမားတွေရဲ့ ရက်စက်မှုတွေကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးရတာတောင် လက်နက်ကိုင် လမ်းစဉ်ကို နောက်ကြောင်း ပြန်လှည့်ဖို့ မစဉ်းစားကြဘူး။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ ရှိသလား၊ ဒါမှ မဟုတ် ရခိုင် လက်နက်ကိုင် အဖွဲ့ ရှိသလား ဆိုတာ သေချာ စုံစမ်းကြည့်ပါ။ အင်တာနက် စာမျက်နှာ ပေါ်တက်လာတဲ့ လုပ်ကြံထားတဲ့ ဓါတ်ပုံတွေနဲ့ ဆုံးဖြတ်ရင်တော့ တွေဝေ စရာတွေပေါ့။ နိုင်ငံရေး ကြောင်သူတော် ရခိုင် လက်နက်ကိုင် အဖွဲ့ တွေရဲ့ လုပ်ကြံမှုတွေကြောင့် မြန်မာနိုင်ငံလည်း နာမည်ပျက် စာရင်းရဲ့ ထိပ်ဆုံးကို ရောက်နေပါပြီ။ သတိကြီးကြီး ရှိဖို့ လိုပါလိမ့်မယ်။

ထပ်ပြောပါမယ်။ ဘယ်ရိုဟင်ဂျာမှ မြန်မာနိုင်ငံက ခွဲထွက်ဖို့ ဆန္ဒမရှိဘူး။ အဲဒီတော့ Dhaka Tribune ရဲ့ဆောင်းပါးကို သံတမန်အရ ရှင်းရှင်း၊ ဘယ်လိုပုံစံဘဲ ရှင်းရှင်း - ရှင်းရမှာက နိုင်ငံတော်ရဲ့ တာဝန်ဖြစ်ပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာ လူထုရဲ့ ဆန္ဒကောက်ခံမယ် ဆိုရင် ကျွန်တော်တို့က မြန်မာနိုင်ငံသား ဖြစ်ပါတယ်၊ မြန်မာနိုင်ငံတွင်းမှာဘဲ နေမှာပါလို့သာ ဖြေမှာပါ။

ဘယ်သူမေးမေး ဒို့က မြန်မာနိုင်ငံသား - ဒို့က မြန်မာ ရိုဟင်ဂျာ ..

ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံသား .. တခြားနိုင်ငံ သစ္စာခံစရာ အကြောင်းမရှိ ..

ရခိုင်နှစ်ဦး၏ ၀ိုင်းဝန်း ရိုက်နှက်ခြင်းကို ခံရသည့် ဦးမိုဟာမတ်ယူနုစ်

MYARF
RB News
22.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇား ကျေးရွာအုပ်စုမှ ဈေးသည် တစ်ဦးကို ရခိုင်နှစ်ဦးက ၀ိုင်းဝန်း ရိုက်နှက်သည်ကို ရဲများက တွေ့ရှိခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

ဦးမိုဟာမတ် ယူနုစ် (ဘ) ဦးဆုလ်တာန် အာမတ် (အသက် ၃၂ နှစ်) သည် မောင်တောမြို့နယ်၊ ရွှေဇား ကျေးရွာ အုပ်စု၊ ဒေလ်ဖာရာရွာမှ ဈေးသည် တစ်ဦး ဖြစ်သည်။ မောင်တောမြို့နယ်ရှိ နယ်မြေများမှ စားကုန်၊ ဟင်းသီး ဟင်းရွက်၊ ငါးခြောက်များ ၀ယ်ယူ၍ ရွှေဇားဈေးတွင် ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်သည်။ မတ်လ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ ခန့်တွင် ရွှေနှင်းဆီ လဘက်ရည်ဆိုင် ရှေ့တွင် နယ်မှ ၀ယ်ယူ လာသော အထုတ် တစ်ထုတ်ကို ကားပေါ်မှ ချ၍ ဆိုက်ကားပေါ်သို့ တင်နေစဉ် ရခိုင်နှစ်ဦး ဖြစ်သည့် သိန်းမောင်နှင့် မောင်သာချေ တို့က လာရောက်၍ ဈေးကောက် တောင်းခံရာ ဦးမိုဟာမတ်ယူနုစ်က ၎င်း၏ ပစ္စည်းများကို ရွှေဇားဈေးတွင် ရောင်းမည် ဖြစ်သဖြင့် ရွှေဇားဈေးတွင်သာ ဈေးကောက် ပေးမည်ဖြစ်ကြောင်း ပြန်ပြောရာ ရခိုင်နှစ်ဦးက ၎င်းကို ထိုနေရာတွင် လဲကျသည့် အထိ လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ထို့နောက် ဒုရဲအုပ် တစ်ဦးနှင့် ရဲတစ်ဦး ရောက်ရှိလာပြီး အကျိုးအကြောင်း မေးမြန်း ခဲ့သော်လည်း ရခိုင်များကို အရေးယူခြင်း၊ ဆူပူကြိမ်းမောင်းခြင်းပင် မပြုလုပ်ခဲ့ဘဲ၊ ဦးမိုဟာမတ်ယူနုစ်ကို အိမ်ပြန်ရန်သာ ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။




RB News
22.3.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် သန်းခေါင်စာရင်း ဖြေဆိုမည့် ဒေသခံ ရိုဟင်ဂျာများကို ရဲတစ်ဦးက ခြိမ်းခြောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၂၁ ရက်နေ့က ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ခွဆုံ ကျေးရွာအုပ်စု စေတီတောင် ရဲစခန်းမှ ရဲတစ်ဦး ဖြစ်သည့် ၀င်းထိန်သည် ၀မကျရွာ သို့သွားရောက်၍ အဆိုပါ ရွာရှိ ဒေသခံ ရိုဟင်ဂျာ များကို သန်းခေါင်စာရင်း ဖြေဆိုရာတွင် ရိုဟင်ဂျာ မထည့်ရန် အမျိုးမျိုး ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

၎င်းရဲက ၎င်းကို အထက်မှ အမိန့်ပေးသောကြောင့် ယခုကဲ့သို့ ရွာထဲ အထိ လာရောက်၍ ခြိမ်းခြောက်ရခြင်း ဖြစ်သည်ဟု ဒေသခံများကို ပြောကြား သွားကြောင်း သိရှိရသည်။

ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်း ထားသည့် ဥပဒေအရ ခြိမ်းခြောက်လျှင် အရေးယူ ဖမ်းဆီး နိုင်သော်လည်း၊ အစိုးရ အာဏာပိုင် အဖွဲ့အစည်း ကိုယ်တိုင် ကိုယ်ကျ သန်းခေါင်စာရင်း ဥပဒေကို ချိုးဖောက်၍ နေရာတိုင်းတွင် ခြိမ်းခြောက် လျက်ရှိသည်။

ဘူးသီးတောင်မြို့မှ ဒေသခံများက သန်းခေါင်စာရင်း ဖြေဆိုရာတွင် ၎င်းတို့ အားလုံးက ရိုဟင်ဂျာ ဖြစ်သောကြော်င့ ရိုဟင်ဂျာ ဟုသာ ဖြည့်စွက်မည်ဟု RB News သို့ပြောပါသည်။



RB News
21.3.2014

လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ထိ ကောက်ယူမည့် သန်းခေါင်စာရင်းနှင့် ပတ်သက်၍ သိသင့်သည့် အချက်အလက် များအားလုံးကို ရိုဟင်ဂျာ ဘာသာ စကားဖြင့် အသေးစိတ် ရှင်းလင်း ထားပါသည်။

အောက်ပါ အသံဖိုင်တွင် နားထောင် နိုင်ပါသည်။ အသံဖိုင်ကို ဒေါင်း၍ လွတ်လပ်စွာ ရှယ်နိုင်ပါသည်။



RB News
21.3.2014

အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ (NDPD) နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ (DHRP) တို့မှ ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်းထားသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ဥပဒေကို ဖောက်ဖျက်၍ ခြိမ်းခြောက် နေခြင်းများနှင့် ပတ်သက်ပြီး အရေးယူ ဆောင်ရွက် ပေးပါရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ မတ်လ ၁၉ ရက်နေ့က စာရေးသားခဲ့သည်။




ဆင်သေပြင်ရွာရှိ အိမ်များမှ ဓနိ၊ သက်ကယ်များ ဖြုတ်ချထားသည် အိမ်တစ်လုံး

MYARF & Rohingya Eye
RB News
20.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ အချို့တွင် မီးရှို့ အကြမ်းဖက်မှုများ ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ မွန်းတည့်ချိန်တွင် မောင်တောမြို့နယ်၊ မျှောချောင်း (မောရိခ်ကောင်) ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွား ခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာ ရွာသားများက အချိန်မှီ ၀ိုင်းဝန်း၍ မီးငြိမ်းသတ် နိုင်ခဲ့ခြင်းကြောင့် ဆုံးရှုံးမှု အနည်းငယ်သာ ရှိခဲ့ကြောင်း သိရှိရသည်။

နေ့လည် ၁၂ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း သက်ကိုင်ညှာ ကျေးရွာ အုပ်စု၊ လောင်းဘုတ် ကျေးရွာရှိ ဦးရာဇီဘုလ်ဟောက် (ဘ) ဦးရော်ဇောက်အလီ (အသက် ၃၆ နှစ်) ၏ နေအိမ် ခေါင်မိုးမှ မီးစတင် လောင်ကျွမ်းပြီး ပြာကျသွား ခဲ့သည်။ မီးလောင်သည့် အချိန်တွင် ဦးရာဇီဘုလ်ဟောက်၏ ဇနီးနှင့် ကလေးနှစ်ဦးသာ နေအိမ်တွင် ရှိပြီး ၎င်းတို့လည်း အိပ်ပျော်နေသည့် အချိန် ဖြစ်သည်။ သက်ကိုင်ညှာ ကျေးရွာ အုပ်စုတွင် သက်လူမျိုး ရွာတစ်ရွာ ရှိပြီး အစွန်းရောက်များသည် ထိုရွာမှ တဆင့် ၀င်ရောက်၍ စနစ်တကျ မီးရှို့ အကြမ်းဖက်ခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ ပြောသည်။

တချိန်တည်းတွင် ယမန်နေ့က မီးလောင်ကျွမ်းခဲ့သည့် လောင်းဒုံး ကျေးရွာ အုပ်စုတွင် မီးလောင်မှု တစ်ခု ထပ်မံ ဖြစ်ပွားခဲ့ပြီး၊ ရွာသားများက အချိန်မှီ ငြိမ်းသတ် နိုင်ခဲ့ခြင်းကြောင့် အပျက်အစီး အလွန်နည်းပါးကြောင်း ဒေသခံ များက ပြောပါသည်။

ယခုကဲ့သို့ နေ့စဉ် ရက်ဆက် မီးလောင်မှုများ ဖြစ်ပွားနေခြင်းကြောင့် လောင်းဒုံး ကျေးရွာ အုပ်စု၊ ဆင်သေပြင် ရွာတွင် ကျန်ရှိသည့် ရိုဟင်ဂျာ အိမ် ၂၀၀ ကျော်သည် မိမိတို့ အိမ်များ၏ ခေါင်မိုး များမှ ဓနိ၊ သက်ကယ်များကို ဖယ်၍ မီးဘေးမှ ကင်းဝေးအောင် နေထိုင်နေ ရကြောင်း ဒေသခံ တစ်ဦးက RB News ပြောကြားရာတွင် “ကျွန်တော်တို့ရဲ့ အိမ်ခေါင်မိုး တွေက အန္တရာယ် ဖြစ်နေတယ်။ ဓာတု ဆေးမှုန့်တွေ ဆေးရည်တွေကို စနစ်တကျ အဝေးထိန်း စနစ်နဲ့ ဖြန်းပြီးမှ နေပူရှိန်နဲ့ မီးလောင် လာတာ။ အဲဒီတော့ အဲဒီဆေးမှုန့်တွေ အိမ်ထဲ ကျလာရင်တော့ ကျွန်တော်တို့ သိမယ်။ ဒါကြောင့် ကျွန်တော်တို့ တစ်ရွာလုံး အိမ်ခေါင်မိုးက ဓနိတွေ သက်ကယ်တွေကို ဖြုတ်ချထားတယ်။ နေပူရှိန် ထဲမှာ အတော်လေး ဒုက္ခခံ နေရတယ်။ အစိုးရကလည်း ကျွန်တော်တို့က ကိုယ့်အိမ်ကိုယ် မီးရှို့တယ် ဆိုပြီး မဟုတ်မမှန် စွပ်စွဲတယ်။ အဲဒါကြောင့် အမှန်တရားကို သိရအောင် အိမ်ခေါင်မိုးတွေကို ဖြုတ်ထားတာ” ဟု ပြောသည်။



မေယုချစ်သူ
RB News
20.3.2014

၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့သည် တစ်ဖြည်းဖြည်း နီးကပ်လာပြီဖြစ်ပေရာ ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးများ အတွက်လည်း ရခိုင်ပြည်နယ် အတွင်းရှိ နှစ်ပေါင်းထောင်ချီ၍ နေထိုင်လာ ခဲ့သော ရိုဟင်ဂျာ များအား မနေ့တစ်နေ့ကမှ တစ်ဖက် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂလားဒေရှ့်နိုင်ငံသား ဘင်္ဂလီများ အဖြစ် အသက်သွင်းနိုင်ရန် အတွက် အလွန်တရာ အလုပ်ရှုပ်နေသော အချိန်ကာလ ဖြစ်ပေသည်။ ရခိုင်ပြည်နယ်ရှိ အဓိက မြို့ကြီးဖြစ်သော စစ်တွေတွင် ရိုဟင်ဂျာများ သည် မိမိတို့ကိုယ် မိမိတို့ ဘင်္ဂလီ အဖြစ်သာ ပြောရမည်ဟု ဆန္ဒပြ တောင်းဆိုခြင်းများ လုပ်နေကြသလို၊ တစ်ဖက်ကလည်း ရခိုင်လူမျိုး အစိုးရ ၀န်ထမ်းများ ကလည်း စည်းဝေး ဟောပြော၍ တစ်နည်း၊ သေနတ်ပြ ခြိမ်းခြောက်၍ တစ်ဖုံ နည်းပေါင်းစုံ သုံးကာ ရိုဟင်ဂျာ များအား ဘင်္ဂလီများ အဖြစ် မဟုတ်မမှန် ဖြေဆို ရေးသား ကြရန် ခြိမ်းခြောက် ဟောပြောနေ ကြသည်ကို တွေ့နေရသည်။ ရေးသား ဖြည့်သွင်း ပေးကြမည့် ဆရာ၊ ဆရာမများကိုလည်း ရိုဟင်ဂျာများ လူမျိုး နာမည်မှာ ဘာပြောပြော ကုတ်နံပါတ် ၉၁၀ တွင် ဘင်္ဂလီ ဟုသာ ရေးဖြည့်ကြရန်လည်း စီစဉ်မှာကြား နေကြောင်း၊ စခန်းသွင်း လေ့ကျင့် နေကြောင်းကို လည်း ကြားသိ နေရသည်။

ယနေ့ မတ်လ ၂၀ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ အလက(၃) ကျောင်းတွင် ရိုဟင်ဂျာ ရပ်မိ ရပ်ဖ အယောက် ၇၀ မှ ၁၀၀ အတွင်း ခေါ်ယူ၍ ဘူးသီးတောင် မြို့နယ်မှ သုံးပွင့်ရှိ စခန်းမှူး တစ်ဦးမှ သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ စုဝေး ဟောပြော ခဲ့ကြောင်း ကြားသိရသည်။ ထိုသို့ တွေ့ဆုံ ဟောပြောရာတွင် စခန်းမှူးမှ ပြောကြားသည်မှာ သန်းခေါင်စာရင်း ကောက်ယူရာတွင် မိမိကြိုက်နှစ်သက် သလို ဖြေဆိုနိုင်ကြောင်း၊ ကောက်ယူသူတို့ ဖြည့်စွက် နေသည်များကို စောဒက မတက်ရန် လိုကြောင်း၊ အကယ်၍ ရန်ဖြစ်လျှင် သေနတ်ဖြင့် ပစ်သတ်မည် ဖြစ်ကြောင်း၊ သေနတ် ထုတ်၍ ခြိမ်းခြောက် ဟောပြောခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

စခန်းမှူးမှ ပြောကြားရာတွင် ဤသတင်း အပြင်သို့ ပေါက်ကြား သွားပါက တက်ရောက်လာသူ အားလုံးကို ဓါတ်ပုံ ရိုက်ထားပြီ ဖြစ်၍ ဖမ်းဆီး ထောင်ချမည် ဖြစ်ကြောင်းကိုလည်း နောက်ဆုံး ခြိမ်းခြောက် ပြောဆိုသွားကြောင်း ဘူးသီးတောင်မြို့ ရဲစခန်းဝင်းနေ ရခိုင် မိတ်ဆွေ မောင်သောင်းထွေးထံမှ သိရသည်။

ယခုအခါ ရိုဟင်ဂျာများ စိုးရိမ်နေသည်မှာ မိမိတို့သည် ရိုဟင်ဂျာ လူမျိုးဖြစ်၍ လူမျိုး နေရာတွင် ရိုဟင်ဂျာလူမျိုး ပါဟု အမှန်အတိုင်း ပြောဆိုမည် ဖြစ်သော်လည်း ရေးသွင်းသော ရခိုင်လူမျိုး ဆရာ၊ ဆရာမ များသည် ကုတ်နံပါတ် ၉၁၄ အခြားလူမျိုးများ နေရာတွင် ရိုဟင်ဂျာဟု ရေးဖြည့်ရမည့် အစား၊ ကုတ်နံပါတ် ၉၁၀ နိုင်ငံခြားသား ဘင်္ဂလီ လူမျိုးတွင် ရေးဖြည့် သွားမည်ကို အထူးစိုးရိမ်နေ ကြကြောင်း ကြားသိရသည်။ သန်းခေါင်စာရင်း ကိစ္စ ရခိုင်လူမျိုးများ စိတ်တိုင်းကျ ရေးသွင်း နိုင်အောင် ယနေ့ တံခါးပိတ် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ မြန်မာပြည် တစ်ပြည်လုံး၊ မည်သည့် ပြည်နယ်၊ တိုင်းတွင်မှ ရခိုင် ပြည်နယ်မှ ရခိုင် လူမျိုးများ ကဲ့သို့ လူမျိုးစု တစ်စုအား မိမိတို့ လူမျိုးနာမည်ကို မဖော်ထုတ်ရအောင် ဆန္ဒပြ တောင်းဆိုခြင်းများ၊ ခြိမ်းခြောက် ဟော ပြောခြင်းများ မရှိပေ။ လူမျိုး အသီးသီးသည် မိမိတို့ လူမျိုးနာမည်ကို မိမိတို့သာ မှည့်ခေါ် ရမည် ဖြစ်သော်လည်း၊ အခြား လူမျိုး တစ်စုက မိမိတို့ လူမျိုး နာမည်ကို ဟိုဟာမဟုတ်၊ ဒီဟာပဲ ဖြစ်ရမည်ဟု အတင်းအဓမ္မ ပြောဆို ပိုင်ခွင့် မရှိပေ။ မိမိတို့လူမျိုး မြန်မာ ပြည်တွင် ရှိသည်၊ မရှိသည်ကိုလည်း သမိုင်းကသာ သက်သေ ပေးသွား ရမည်။ အတင်းအဓမ္မ ငြင်းဆို ပိုင်ခွင့် မရှိပေ။ အကယ်၍ ငြင်းဆိုလိုလျှင် သမိုင်းသက်သေ၊ သာဓကနှင့် ဆွေးနွေး ဆုံးဖြတ်ရမည်သာ ဖြစ်ပေသည်။ တစ်ဖက်သတ် ဆုံးဖြတ်ရမည့် ကိစ္စလည်း မဟုတ်ပေ။ ရခိုင်လူမျိုး များက တစ်ဖက်သတ် ရိုဟင်ဂျာ လူမျိုးများအား ဘင်္ဂလီပါဟု အဓမ္မလုပ်ယူ လျှင်လည်း ရိုဟင်ဂျာသည် ရိုဟင်ဂျာ သာဖြစ်ပြီး၊ ကမ္ဘာပြို သွားသည့်တိုင် ရိုဟင်ဂျာ လူမျိုး အဖြစ် ရှိနေမည်သာ ဖြစ်ပေသည်။ အဘယ့်ကြောင့် ဆိုသော ရိုဟင်ဂျာ လူမျိုးများသည် ယခုမှ ဘွားကနဲ ပေါ်ပေါက်လာသော အုတ်ကြား မြက်ပေါက် လူမျိုး မဟုတ်ပေ။ နှစ်ပေါင်း ထောင်ချီ၍ သမိုင်းတွင် အထင်အရှား ရှိနေသော အာရ်ကန်ပြည် (ဦးနေ၀င်း လက်ထက်မှ နာမည် ပြောင်းလာသော ရခိုင်ပြည်) ၏ မူလဘူတ လူမျိုးတမျိုး ဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။



MYARF
RB News
20.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စစ်တပ်မှ ဗိုလ်ကြီး တစ်ဦးနှင့် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အရာရှိ တစ်ဦးတို့ ပေါင်း၍ နွားရောင်းဝယ်သူ များထံမှ ငွေကျပ် သိန်း ၃၀ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

နွားရောင်းဝယ်သူများ ဖြစ်သည့် မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာမှ ဦးမိုဟာမတ် ဆော်လိမ်း၊ အောင်စစ်ပြင် ကျေးရွာ အုပ်စု၊ ဒုံးပိုက်ရွာမှ ဦးဂူရာမျာ (ခ) မိုဟာမတ် ရော်ဖိခ်နှင့် လောင်းဒုံး ကျေးရွာ အုပ်စု၊ ဖောကီတောင် ရွာမှ မော်လ၀ီ ဇာဟိတ်ဟူဆောင်း တို့ကို ကြိမ်ချောင်း အခြေစိုက် စစ်စခန်း တစ်ခု စခန်းမှူး ဗိုလ်ကြီး ဇာနည်အောင်က ၎င်းကို ငွေကျပ် ၁၅ သိန်းပေးမှသာ နွားရောင်းဝယ်ခွင့် ပေးမည်ဟု ပြောသဖြင့် ဗိုလ်ကြီး ဇာနည်အောင်ကို ငွေကျပ် ၁၅ သိန်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တစ်ဖန် နွားရောင်းဝယ်သူ ၃ ဦးကို ကြိမ်ချောင်း ကျေးရွာ အခြေစိုက် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အရာရှိ တစ်ဦး ဖြစ်သူ ဦးနေလင်းထွန်းနှင့် လုံထိန်း ဒုတပ်ကြပ် တစ်ဦး တို့က အမျိုးမျိုး ခြိမ်းခြောက်ပြီး ငွေတောင်းသည့် အတွက် မတ်လ ၁၄ ရက်နေ့က ငွေကျပ် ၁၅ သိန်း ပေးခဲ့ရကြောင်း သိရှိ ရသည်။

နွားရောင်းဝယ်သူ ၃ ဦးမှာ နွားရောင်းဝယ်ရေး လုပ်ပိုင်ခွင့် ရရှိရန် ငွေကျပ် ၃၀ သိန်း ညှစ်ခံရသည့် အတွက် ၎င်းတို့ ရောင်းမည့် နွားများကို ဈေးတင်မည် ဖြစ်သောကြောင့် ထိုကဲ့သို့ အာဏာပိုင်များက မတရား သဖြင့် ငွေညှစ်ခြင်းသည် စားသုံးသူများ အတွက်ပါ ၀န်ထုတ်ဝန်ပိုး ဖြစ်ရသည်ဟု ဒေသခံများက ဆိုသည်။



RB News
20.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ရေတွင်းကုန်း ကျေးရွာ အုပ်စုသို့ ရခိုင် အစွန်းရောက်များ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ် ခေါင်မိုးများ ပေါ်သို့ ဓာတုအမှုန့်များ ပစ်တင်၍ ထွက်သွားခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ ရေတွင်းကုန်း ကျေးရွာ အုပ်စုသို့ ရခိုင် အစွန်းရောက် နှစ်ဦးက ကြက်ဝယ်ရန် လာသည်ဟု ဆိုကာ ရွာထဲသို့ ၀င်ရောက်လာ ခဲ့သည်။ ထို့နောက် အိမ်အချို့၏ ခေါင်မိုးများ ပေါ်သို့ ဓာတုအမှုန့်များ ပစ်တင်၍ ထွက်ခွာ သွားခဲ့သည်။ ထိုသို့ ဓာတုအမှုန့်များ ပစ်တင်သွားသည်ကို ကလေးများက မြင်တွေ့ ခဲ့ပြီး လူကြီးများကို ပြောပြခဲ့သည်။ ထို့နောက် ရွာသားများက ကလေးများ ပြသည့် အတိုင်း ခေါင်မိုးများ ပေါ်တက်၍ စစ်ဆေးခဲ့ရာ ဓာတု အမှုန့်များ တွေ့ရှိ ခဲ့ပြီး၊ အဆိုပါ အမှုန့်များကို အာဏာပိုင်များ လက်ထဲသို့ အပ်နှံရန် ထိန်းသိမ်း ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။



Rohingya Eye
RB News
20.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်း ပေါင်းဇား ကျေးရွာမှ ခရိုနီ တစ်ဦးကြောင့် ဒေသခံ ရိုဟင်ဂျာများ၏ လယ်ယာမြေများ၊ ပုဇွန်ကန်များ လုပ်ငန်းများ ထိခိုက်မည် ဖြစ်၍ စိုးရိမ်လျက် ရှိကြောင်း ဒေသခံ များက ပြောပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ပေါင်းဇား ကျေးရွာမှ ခရိုနီ တစ်ဦး ဖြစ်သူ ဦးအာယာစ် (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၃၈ နှစ်) သည် ယခင် စစ်ထောက်လှမ်းရေးများ၊ န.စ.ကများနှင့် ပူးပေါင်း၍ သြဇာ အာဏာသုံးပြီး ချမ်းသာကြွယ်ဝ လာသူ တစ်ဦး ဖြစ်ပြီး၊ ယခုအခါ ဘူးသီးတောင် မြို့နယ် အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်း၊ အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို တို့၏ လူယုံတော် တစ်ဦး ဖြစ်နေသည်။ ၎င်းသည် မင်္ဂလာကြီး ချောင်းအား တာစည်း၍ ပုဇွန်ကန် အဖြစ် လုပ်ကိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိရာ၊ စီစဉ်သည့် အတိုင်း လုပ်မည် ဆိုပါက မင်္ဂလာကြီး ကျေးရွာ၊ ကျောက်လှေကား ကျေးရွာ၊ လှဘော်ဇား ကျေးရွာနှင့် ဇင်ပိုင်ညှာ ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာများ၏ ပုဇွန်ကန် လုပ်ငန်းများ၊ ၎င်းရွာများရှိ ချောင်းများကို မှီခို၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ များအားလုံး အတိ ဒုက္ခနှင့် ရင်ဆိုင် ရမည်ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဒေသခံများက ၎င်းတို့ကြုံတွေ့ရမည့် စားဝတ်နေရေး ပြဿနာများကို ဦးအာယာစ်ကို တင်ပြခဲ့သော်လည်း ၎င်းအား ဗိုလ်မှူးကြီး စိုးဝင်းနှင့် ရဲမှူးချုပ် တင်ကိုကိုတို့က ခွင့်ပြုထားပြီး ဖြစ်သောကြောင့် လုပ်မည့် လုပ်ငန်းကို နောက်ဆုတ်မည် မဟုတ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

မင်္ဂလာကြီး ကျေးရွာ၊ ကျောက်လှေကား ကျေးရွာ၊ လှဘော်ဇား ကျေးရွာနှင့် ဇင်ပိုင်ညှာ ကျေးရွာများရှိ ချောင်းများကို မှီခို၍ ပုဇွန်ကန် ဧကပေါင်း ၂၀၀ ကျော်၊ ပုဇွန်ကန် ကန် ၂၀ တို့ ထိခိုက် နစ်နာမည် ဖြစ်သောကြောင့် ဒေသခံ ရွာသားများ စားဝတ်နေရေး အကျပ် အတည်းဖြင့် ရင်ဆိုင် ရမည်ဟု ဒေသခံများက RB News သို့ ပြောပါသည်။

ဒေသတွင်းရှိ အစိုးရ အာဏာပိုင် များသည် လုပ်ငန်းရှင် အချို့ကို ယခုကဲ့သို့ လုပ်ပိုင်ခွင့် လိုင်စင်များ ချပေးပြီး၊ ရရှိသည့် အကျိုးအမြတ် များကို ခွဲဝေ ယူနေသည်မှာ ယခင် စစ်အစိုးရ လက်ထက်ကပင် ဖြစ်သည်။

ဒေသခံများက ယခုကဲ့သို့ မတရား သဖြင့် လုပ်ကိုင်ခွင့် ပေးနေခြင်း အထက် အာဏာပိုင်များမှ အရေးယူ ဆောင်ရွက် ပေးသည်ကို လိုလားနေကြောင်း RB News သို့ပြောပါသည်။



ကျော်စွာဝင်း
RB News
20.3.2014

စစ်တွေ ။ ။ ရန်ကုန်မြို့ အခြေစိုက် ဗြိတိန် သံရုံးမှ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီးနှင့် အဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများနှင့် အောင်မင်္ဂလာ ရပ်ကွက်သို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများနှင့် တွေ့ဆုံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဗြိတိန်သံအမတ်ကြီး မစ္စတာ အင်ဒရူး ပက်ထရစ်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများသို့ သွားရောက် ကြည့်ရှုပြီး၊ နေ့လည်ပိုင်းတွင် အောင်မင်္ဂလာ ရပ်ကွက်သို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများနှင့် တွေ့ဆုံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သံအမတ်ကြီးနှင့် အဖွဲ့ ဒေသခံများကို လက်ရှိ အခြေအနေများကို မေးမြန်းပြီး သန်းခေါင်စာရင်းနှင့် ပတ်သက်သည် များကို မေးမြန်းရာ ဒေသခံ ရိုဟင်ဂျာများက သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာ စာရင်းကောက်များ မထားသည့် အတွက် စိုးရိမ်ကြောင်း၊ စာရင်းကောက် ဆရာ/မများက မိမိတို့ ပြောသည့် အတိုင်း မရေးမည်ကို စိုးရိမ်ကြောင်း၊ မိမိတို့က ကုဒ်နံပါတ် ၉၁၄ ဘေးတွင် ရိုဟင်ဂျာဟု ဖြည့်မည် ဖြစ်ကြောင်း၊ မိမိတို့ ပြောသည့် အတိုင်း စာရင်းကောက်များက မရေးပါက ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ် လာမည်ကို စိုးရိမ်ကြောင်း၊ မိမိတို့သည် ဘိုးစဉ် ဘောင်ဆက် ရိုဟင်ဂျာများ ဖြစ်ပြီး၊ မိမိတို့ သဘော ဆန္ဒမပါဘဲ ဘင်္ဂလီဟု ဖြည့်သွားမည်ကို လုံးဝ မလိုလားကြောင်း စသည်ဖြင့် သန်းခေါင်စာရင်းနှင့် ပတ်သက်သည်များကို အသေးစိတ် တင်ပြခဲ့သည်။

ဗြိတိန် သံအမတ်ကြီးနှင့် အဖွဲ့က သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု လွတ်လပ်စွာ ဖြည့်ခွင့် ရှိကြောင်း၊ သန်းခေါင် စာရင်းကို အေးချမ်းစွာ ပါဝင်ရန် တိုက်တွန်းကြောင်း၊ ဗြိတိန်နိုင်ငံနှင့် သံရုံးမှ အနီးကပ် စောင့်ကြည့်နေကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူသည့် ကာလတွင်လည်း အနီးကပ် စောင့်ကြည့် သွားမည် ဖြစ်ကြောင်း ပြောကြား သွားသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။





MYARF
RB News
19.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင် စခန်းမှ ရဲများနှင့် သူဦးလာ ကျေးရွာ စခန်းမှ လုံထိန်းများသည် ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ရိုက်နှက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မတ်လ ၁၄ ရက်နေ့က မောင်တောမြို့နယ်၊ အင်းဒင် စခန်းမှ ရဲများသည် သင်္ဘောကွဲ ကျေးရွာသို့ ၀င်ရောက် လာသည့် အချိန်တွင် ဆောလာမတ်အုလ္လာ (ဘ) ဦးနူရ်ဆောလမ် (အသက် ၂၂ နှစ်) ၏ ဆိုင်ရှေ့ရှိ ကလေး တစ်ဦးသည် ရဲများကို မြင်သည့် အခါ ကြောက်လန့်ပြီး ထွက်ပြေး သွားခဲ့သည်။ ထိုသို့ ထွက်ပြေး သွားရခြင်းမှာ ရဲများက ကလေးပါ မရှောင် အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခြင်းကြောင့် ဖြစ်သည်။ ရဲများက ဆိုင်ရှင်ဖြစ်သူ ဆောလာမတ်အုလ္လာကို ထွက်ပြေး သွားသည့် ကလေး အကြောင်း မေးမြန်းရာတွင် ဆိုင်ရှင်က မိမိမသိကြောင်း ပြောသည့် အတွက်ဟု ဆိုကာ ရဲများက ထိုနေရာတွင်ပင် ရိုက်နှက်၍ အင်းဒင် စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် မတ်လ ၁၆ ရက်နေ့တွင် ရဲများက ဆောလာမတ်အုလ္လာ ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အဆိုပါ ရဲများသည် သင်္ဘောကွဲ ကျေးရွာသို့ မတ်လ ၁၈ ရက်နေ့က တစ်ဖန် ပြန်လာခဲ့ပြီး ဆောလာမတ်အုလ္လာ၏ ညီဖြစ်သူ ရှော်ဖီအုလ္လာ (အသက် ၂၀ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ၎င်းကို ယခုအချိန်ထိ ပြန်လည် လွှတ်မပေး သေးဘဲ၊ မိဘများက ရဲများက ထပ်မံ၍ ငွေညှစ်မည်ကို စိုးရိမ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

မတ်လ ၁၇ ရက်နေ့က သူဦးလာ ကျေးရွာရှိ ချောင်းထဲတွင် ငါးဖမ်းနေသည့် မော်လ၀ီ နော်အုရ်အုလ္လာ (ဘ) ဦးအစ္စမိုင်လ်ကို ၎င်းကျေးရွာရှိ ရဲကင်း စခန်းမှ လုံထိန်းများက အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာ ပြင်းထန်ခြင်းကြောင့် လမ်းပင် မလျှောက်နိုင်တော့ သည့်အတွက် လှေသမား တစ်ဦးက လှေဖြင့် ၎င်း၏ နေအိမ်သို့ ပို့ပေး ခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
19.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံး ကျေးရွာ အုပ်စု၌် ယနေ့ နံနက်ပိုင်းတွင် မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ လောင်းဒုံး ကျေးရွာ အုပ်စု၊ ကျွန်းဂေါင်း ကျေးရွာတွင် မီးလောင်ကျွမ်းမှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ နေအိမ် တစ်အိမ်၏ ခေါင်မိုးမှ မီးစတင် လောင်ကျွမ်း ခဲ့ပြီး၊ အိမ်နှင့် ကပ်လျက်တွင် ရှိသော အစ္စလာမ် ဘာသာရေး ကျောင်းသို့ မီးကူးစက် ခဲ့ပြီးနောက် ဒေသခံ ရိုဟင်ဂျာ ရွာသားများက ၀ိုင်းဝန်း၍ မီးငြိမ်းနိုင် ခဲ့ခြင်းကြောင်း နေအိမ် တစ်လုံးနှင့် ဘာသာရေးကျောင်း တစ်ကျောင်း အနည်းငယ် မီးလောင်ကျွမ်း၍ ပျက်စီး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

မီးလောင်ကျွမ်းမှုမှာ ပေါ့ဆမီးကြောင့် မဟုတ်ဘဲ၊ အိမ်ခေါင်မိုးမှ စတင်၍ လောင်ကျွမ်း ခဲ့ခြင်းကြောင့် ဒေသခံ များက စနစ်တကျ ရှို့မီးသာ ဖြစ်သည်ဟု ပြောပါသည်။

ည ၉ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ မြောက်ပိုင်း အောင်စစ်ပြင် ကျေးရွာ အုပ်စု၊ ရီးဒါ ကျေးရွာသို့ ရခိုင် အစွန်းရောက် ၅ ဦး ဓါးရှည်များ၊ ဓါတ်ဆီပုံးများ ကိုင်၍ ၀င်ရောက်လာခဲ့ရာ ရွာသားများက လိုက်လံ ဖမ်းဆီးရာ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ဌေးလွင်ဦး
RB News
19.3.2014

ယဉ်ကျေးမှု မဖွံ့ဖြိုးမှီ ခေတ်ကာလများဆီက- သမိုင်းကို နိုင်သူရေးခဲ့ကြပါတယ်။ အင်အားကြီးတဲ့ အုပ်စုက အင်အားငယ်တဲ့ အုပ်စုကို မျိုးပြုတ်ရှင်းထုတ်လိုက်ပြီး- အရှင်းခံလိုက်ရတဲ့ အုပ်စုဟာ မကောင်းလို့- ဆိုးသွမ်းလို့ လူ့ပတ်ဝန်းကျင်အတွက် ဒုစရိုက်မှုတွေနဲ့ ထကြွသောင်းကျန်းနေလို့- ရှင်းလိုက်ရတာပါ ဆိုတဲ့ အကြောင်းပြချက် တွေနဲ့ နိုင်သူတွေဘက်က ကြိုက်သလို ပုံကြီးချဲ့ ရေးသားနိုင်ပြီး- မျိုးပြုတ်ရှင်းခံလိုက်ရတဲ့ အုပ်စုမှာတော့- မျိုးပြုတ်သွားပြီ ဖြစ်တဲ့ အတွက် နိုင်သူများဘက်က တစ်ဘက်သတ်ရေးသား မှတ်တမ်းတင်နေခြင်းများ အတွက် ခုခံချေပ တင်ပြနိုင်ခွင့်များ မရရှိခဲ့တော့ပါ-။ အဲ့ဒီ အခါ မျိုးပြုတ်ရှင်းခံလိုက်ရ ယုံမျှမက ကမ္ဘာ့ဇတ်ခုံမှာ တရားခံ တွေလည်း ဖြစ်ခဲ့ရပါတော့တယ်။

ယဉ်ကျေးမှုတွေ မြင့်မားလာတဲ့ ခေတ်ကာလမှာ လူတွေဟာ ဂုဏ်သိက္ခာတွေကို ပိုမို တန်ဘိုးထားတတ်လာပါ တယ်။ ယဉ်ကျေးလာလေ ဂုဏ်သိက္ခာက အရေးကြီးလေ ဖြစ်လာပါတယ်။ အဲ့ဒီလို ခေတ်ကာလမျိုးမှာ အမှား တစ်ခုကို ကျူးလွန်ဘို့ရာ ယဉ်ကျေးသူတိုင်းက ဆင်ခြင်လာပါတော့တယ်။ လူတွေကိုရဲ့ ယဉ်ကျေးမှုနဲ့ ဂုဏ်သိက္ခာကို ထပ်မံပံ့ပိုးပေးတဲ့ အခြား အကြောင်းရင်း တစ်ခုက ဆိတ်ကွယ်ရာများ မှေးမှိန်လာခြင်းတို့ ဖြစ်ပါတယ်။

လုပ်ရပ်တစ်ခုကို သိနေနိုင်တဲ့ မျက်လုံး များလေလေ ဆိတ်ကွယ်ရာ ဆိုတာ ပျောက်လေလေ ဖြစ်တတ်ပြီး- အဲ့ဒီ လိုခေတ်ကာလမျိုးမှာ မတော်မတရားတဲ့နည်းနဲ့ ကြီးနိုင်ငယ်ညှင်းလုပ်နိုင်ခြင်းက ခတ္တခဏသာ ဖြစ်ပေါ်နိုင်ပြီး အဆိုပါ ကြီးနိုင်ငယ်ညှင်း အမှုကို ကျူးလွန်သူများဟာ သားစဉ်မြေးဆက် ဂုဏ်သိက္ခာပျက်ပျယ် ဘ၀တုံးသွားရ ပါတော့တယ်။

မြန်မာနိုင်ငံအနေနဲ့ အနီးစပ်ဆုံး ဥပမာများကို ဆင်ခြင်သော်- လွတ်လပ်ရေးဖခင်ကြီးများအား လုပ်ကြံခဲ့သော သူများ-၊ တိုင်းပြည်ကို လွဲမှားသော စနစ်တစ်ခုဖြင့် ဦးဆောင်ခဲ့သော သူများရဲ့ ဂုဏ်သိက္ခာ နိဂုံးများနဲ့ သားစဉ် မြေးဆက်ဘ၀များကို ပြန်ကြည့်ပါ-၊ အဆိုပါ တရားခံများမှာ တစ်သီးပုဂ္ဂတိုင်းပြည် ချစ်ခဲ့မှု၊ တိုင်းပြည်အတွက် အကောင်းဘက်မှ လုပ်ဆောင်ခဲ့မှုများ ရှိခဲ့သော်လည်း- လွဲမှားမှု တစ်ခုအတွက် လုပ်ခဲ့သမျှ အကောင်းတွေကို ဖျက်ပယ်ပြီး ဖြစ်သလို သားစဉ်မြေးဆက်ရဲ့ ဘ၀များကိုပါ အဆုံးသတ်စီရင်ခဲ့သူများသာ ဖြစ်ပါတော့တယ်။- အဆိုပါ အမှုကျူးလွန်ခဲ့သူများရဲ့ သားစဉ်မြေးဆက်ဟာ ဒီနေ့ ဒီအချိန်မှာ ပါရဂူကြီးတွေ၊ သူဌေးကြီးတွေ ဖြစ်နေ နိုင်ပါတယ်- သို့သော် ကျွန်တော်/ကျွန်မက ဘယ်သူ့သား/သမီးပါ-။ ဘယ်သူရဲ့ မြေးပါ- လို့ ဖွင့်ဟ ၀န်ခံရဲခြင်း မရှိတော့သလို-၊ လူထုက သူတို့မျိုးရိုးကို သိလိုက်တာနဲ့ အော့နှလုံးနာသွားရပါတော့တယ်။

တစ်ကယ်တော့ သားစဉ်မြေးဆက်မှာ အပြစ်မရှိပါ။ သူတို့တွေလည်း အဲ့ဒီမိဘက မွေးလာတဲ့ ကလေးများ ဖြစ်ချင်မှာ မဟုတ်ပါ။ လူရယ်လို့ မဖြစ်တည်မှီ- ဘယ်မိဘဆီမှာ အမွေးခံမယ်လို့ ဆုံးဖြတ်ခွင့်ရခဲ့ရင် သူတို့ကိုယ် တိုင် အဲ့ဒီလို မိဘများကို မိဘ အဖြစ် ရွေးချယ်ခဲ့မှာ မဟုတ်ပါ။ သို့သော်---၊ အပြစ်မရှိပေမယ့် အပြစ်ရှိသူတစ်ဦး ရဲ့ ပရောဂက- သူ့သားစဉ်မျိုးဆက်ကို အမည်းစက်ထင်ခဲ့ရပါပြီ။

ကမ္ဘာ့မျက်လုံး အောက်ကို ရောက်နေတဲ့ ကာလ ၂၁ ရာစု မြန်မာနိုင်ငံမှာ နောက်ထပ် အမည်းစက် တစ်ခုကို မျက်လုံးစုံမှိတ် ကျူးလွန်နေသူများမှာ ရိုဟင်ဂျာ လူမျိုးနွယ်သမိုင်းကို အကြောက်အကန် ငြင်းဆန်နေသူများသာ ဖြစ်ပါတယ်။ သမိုင်းတစ်ခုကို မသိလို့ သို့မဟုတ် မလေ့လာရသေးလို့ ငြင်းတယ်ပဲ ထားပါ-၊ ဒီလူမျိုးစုကို ဥပဒေအရ တရားမျှတစွာ ဆုံးဖြတ်ဘို့သာ ငြင်းခုံသင့်ပါတယ်။ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီ လူမျိုးစုကို မျိုးတုံး ရှင်းထုတ်ဘို့-၊ အနိုင်ကျင့်ဘို့-၊ လူယက်မီးရှို့ဘို့၊ ငွေညှစ် ဓပြတိုက်ဘို့၊ သိမ်ငယ်ထွက်ပြေးသွားအောင် လုပ်ဘို့ ဗြောင်ငြင်းနေခြင်းများက- လူသားမျိုးနွယ်တစ်ခုအပေါ် ကြီးမားတဲ့ ရာဇ၀တ်မှုကို တရားဝင်ပြုလုပ်ခွင့် ရစေဘို့ ငြင်းဆန်နေခြင်းသာ ဖြစ်ပါတယ်။

ခုခေတ်ခုအခါမှာ ကြက်အရိုးတစ်ချောင်းကို တူးဖေါ်ရရှိပြီး- အဲ့ဒီ ကြက်အရိုးကို ကြည့်ကာ ဒီကြက်မျိုးရိုးဟာ အာရှပစ္စပိတ်ကျွန်းဒေသများက ကြက်မျိုးရိုးဖြစ်သလား-၊ ဥရောပတိုက်က ကြက်မျိုးရိုး ဖြစ်သလား- DNA စစ်-စုံ စမ်းလျှက်- အကယ်၍ အာရှပစ္စပိတ်က ကြက်မျိုးရိုး ဖြစ်ခဲ့ရင် ဒီကြက်ကို ယူလာသူများက အာရှပစ္စပိတ်ဒေသ သားများ ဖြစ်မယ်- ဒါကြောင့် အမေရိကတိုက်ကို ပထမ တွေ့ရှိ ဆိုက်ရောက်ခဲ့သူများက အာရှပစ္စပိတ်ဒေသ သားများ ဖြစ်မယ်- လို့ စုံစမ်းဖေါ်ထုတ်နေတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ Old Chicken Bones May Tell the True Story of Who Discovered the Americas (၂၀၁၄ မတ်လ ၁၈ ရက် yahoo ဆောင်းပါးကို ဖတ်ကြည့်ပါ။)

ဒီလို ခေတ်ကလမျိုးမှာ ရိုဟင်ဂျာတို့ရဲ့ လူ့သမိုင်းကို ဗြောင်ငြင်းလို့ မရတော့သလို- အရက္ခဒေသရဲ့ ဒေသ သမိုင်းကိုလည်း ဗြောင်ငြင်းလို့ မဖြစ်နိုင်တော့ပါ။ အရပ်ဒေသ တစ်ခုမှာ လူတစ်စုက အင်အားကောင်းခိုက် အာဏာသုံး ဗြောင်ငြင်းမယ်၊ သမိုင်းအတုတွေကို ဆက်လက်ရေးသားမယ် ဆိုရင်လည်း ပင့်ကူအိမ် သဘောမျှ သာ ဖြစ်ပါတော့တယ်။ ကမ္ဘာသူ ကမ္ဘာသားတွေ မျက်လုံးပွင့်သွားတဲ့ ခေတ်ကာလမှာ ကမ္ဘာ့မျက်လုံးကို ကန်း အောင်လုပ်ဘို့ မဖြစ်နိုင်တော့ပါ။

ဒီနေ့ ရခိုင်လို့ ခေါ်နေတဲ့ အရပ်ဒေသရဲ့ သမိုင်းကို ရခိုင်လို့ ခေါ်တွင်နေသူများကိုယ်တိုင် ရေးသားထားတဲ့ အတိုင်း သူတို့လက်ရာ သမိုင်းများကို ပြန်ကြည့်ပါ။ (အလွယ်တစ်ကူ Google မှာ ဖတ်နိုင်ပါတယ်။) ရခိုင်တို့ဟာ အာရီယာန်မျိုးနွယ်များ ဖြစ်တယ်၊ နီဂရစ်တို မျိုးနွယ်များ ဖြစ်တယ် ဆိုတာ တွေ့ရပါလိမ့်မယ်။ မိမိကိုယ် မိမိ ရခိုင် အဖြစ်ခံယူပြီး အဲ့လို ရေးနေသူများ ကိုယ်တိုင်က မွန်ဂိုနွက် မျိုးနွယ်က လူသားများ ဖြစ်နေကာ-၊ အာရိယန် မျိုးနွယ်၊ နီဂရစ်တို မျိုးနွယ် (သို့မဟုတ် အာရီယန် နီဂရစ်တို -ကပြား)များ ဖြစ်တဲ့ ရိုဟင်ဂျာတို့ကို ရခိုင် မဟုတ်ဘူး- အရက္ခဒေသရဲ့ မူလဘူတ လူမျိုးမဟုတ်ဘူးလို့ စွပ်စွဲနေခြင်းများကို အံ့သြစွာတွေ့မြင်ရပါလိမ့်မယ်။

အရက္ခဒေသ ရဲ့ ရှေးအကျဆုံး ကျောက်စာများမှာ ဒီနေ့ရိုဟင်ဂျာ စကားများနဲ့သာ တူနေပါလျှက် အဲ့ဒါက သက္ကတစာပေက ဖြစ်တယ် ရှေးဟောင်း ရခိုင်တွေလည်း ဒီစကားကို ပြောခဲ့ပါတယ်လို့ ဗြောင်ငြင်းလိုမှုကလည်း ကိုယ့် အငြင်းနဲ့ကိုယ်ပတ်လျှက်- ရခိုင်ရယ်လို့ ကြွေးကြော်နေသူများကိုယ်တိုင် ရိုဟင်ဂျာတို့ရဲ့ သားစဉ်မြေးဆက် များ ဖြစ်နေတယ်လို့ ၀န်ခံရာကို ရောက်နေပြန်ပါတယ်။ (ရခိုင်ထဲမှာ ရှိတဲ့ ကုလားရုပ်ထွက်သူ မွန်ဂိုနွက် + အာရိယန်+ နီဂရစ်တို ကပြားများကို ဆိုလိုတာပါ။) မွန်ဂိုနွက် အစစ်များကတော့ ဘယ်လို ပုံသွင်းပုံသွင်း မူလရခိုင် မျိုးနွယ်က လုံးဝ မဖြစ်နိုင်ပါ။ ကျူးကျော်ဝင်ရောက်လာတဲ့ ရှေးဦးမြန်မာမျိုးနွယ်ကသာ ဖြစ်ပြီး သူတို့ ကိုယ် သူတို့ ရခိုင်မှု ပြုလိုက်သာ ဖြစ်ပါတော့တယ်။

ဒီနေ့အခါမှာ ရိုဟင်ဂျာတို့ အပေါ် မတရား ဆက်ဆံမှုများ၊ သတ်ဖြတ်မှုများ၊ မီးရှို့လုယက် အနိုင်ကျင့်မှုများက ကျူးလွန်ခဲ့ပြီးပါပြီ။ ဘွာခတ်လို့လည်း မရနိုင်တော့ပါ။ အဲ့ဒီလို ကျူးလွန်ဘို့ရာ တွန်းအားပေးခဲ့ခြင်းမှာ ရိုဟင်ဂျာ သမိုင်းကိုဖျောက် ရခိုင်သမိုင်းလိမ်ဇတ်လမ်းဟာ အဓိက နေရာက ပါဝင်ခဲ့ပါတယ်။ ဒီအမှုကို ကျူးလွန်ခဲ့သူများ ဟာ ဒီခေတ်ဒီအခါမှာ ရှောင်ပြေးလို့ မရတော့တဲ့ တရားခံများ ဖြစ်ပါတယ်။ သမိုင်းရေးရင်း သမိုင်းတရားခံ ဖြစ်သွားသူများလို့ ဆိုနိုင်ပါတယ်။ သမိုင်းကို နိုင်သူရေးလို့ရတယ် ဆိုတဲ့ ခေတ်နောက်ကျသော- မယဉ်ကျေး သော- သိက္ခာမဲ့သော ခေတ်တွေ ကုန်ဆုံးသွားခဲ့ပြီ ဆိုခြင်းဟာ အဆိုပါ သမိုင်းပညာရှင်ခံယူများ ကိုယ်တိုင် မသိလိုက်လေသလား မပြောတတ်ပါ။

သေချာတဲ့ အချက်က အဆိုပါ သမိုင်းပညာရှင်ဆိုသူများဟာ တရားခံများ ဖြစ်သွားခဲ့လေပြီ။ သူ့သား၊ သူ့မြေး တို့က - နောင်တစ်ချိန်မှာ ကျွန်တော်/ကျွန်မဟာ ဘယ်သူ့ သား/သမီးပါ။ ဘယ်သူ့မြေးပါ လို့ ဂုဏ်ယူဝံ့ကြွား ပြောဆိုနိုင်ခြင်းများ ဆိတ်သုဉ်းသွားခဲ့လေပြီ။

သူတစ်ပါးအား မျိုးတုံးသတ်ဘို့ အားထုတ်ရင်း မိမိရဲ့ သားစဉ်မြေးဆက်ကို မျိုးတုံးသတ်ခဲ့လေပြီ တကား--။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement


အယ်ဒီတာ့အာဘော်
RB News
19.3.2014

သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါမှာ “ရိုဟင်ဂျာ” လို့ဖြည့်ခွင့် မပေးဖို့ ပြည်ထောင်စု အစိုးရ ကိုယ်တိုင် နောက်ကွယ်ကနေ ကြိုးကိုင်ပြီး ရခိုင်ပြည်နယ် အနှံ့မှာ ဆန္ဒပြခွင့် ပေးလိုက်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်က ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု တစ်စုရဲ့ ကိုယ်ပိုင် အမည် ဖြစ်ပါတယ်။ အဲဒီအမည်ကို သုံးဖို့၊ မသုံးဖို့ ဆိုတာက ရိုဟင်ဂျာများရဲ့ ရွေးချယ်မှုသာ ဖြစ်ပြီး၊ မည်သည့် တိုင်းရင်းသား၊ အစိုးရ အဖွဲ့အစည်းက ပြောဆို တားမြစ်ပိုင်ခွင့် မရှိပါဘူး။ တားမြစ်သူတိုင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်သူများသာ ဖြစ်ပါတယ်။

အကယ်၍ ရိုဟင်ဂျာ လူမျိုးဆိုတာကို သုံးနှုန်းနေတာ မနှစ်သက်ရင် နိုင်ငံတကာ သမိုင်းပညာရှင် များရှေ့မှာ တရားဝင် စကားစစ်ထိုး (Official Debate) လုပ်ပြီး ဖြေရှင်းရမယ့် ပြဿနာသာ ဖြစ်ပါတယ်။ အုပ်စုဖွဲ့ပြီး အနိုင်ကျင့် နေတဲ့ လုပ်ရပ်က လူသား မဆန်ဘဲ၊ မင်းမဲ့စရိုက် ဆန်ဆန် ဥပဒေရဲ့ အထက်က ပြုလုပ်နေခြင်းသာ ဖြစ်ပါတယ်။

မတ်လ ၁၈ ရက်နေ့ နိုင်ငံတော်ပိုင် သတင်းစာများမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ် --

“ဖြေကြားသူ၏ လူမျိုးသည် ယခင် သတ်မှတ် ထားသည့် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတွင် မပါပါက ဖြေသည့်လူမျိုး ဖြေသည့်အတိုင်း ကွက်လပ်တွင် ရေးသွင်းသွားမည် ဖြစ်ပါသည်။ မူလစာရင်းမှာ မပါ၍ ကုတ်နံပါတ် ကြိုမပေးထားသည်မှ လွဲပြီး မည်သည့် ထိခိုက်နစ်နာမှုမှ မရှိပါ။ နောင်လူမျိုးအမည် ပြည်လည် ဆန်းစစ်သည့် အခါတွင် အသစ်ထည့်သည့် လူမျိုးအမည် ပါဝင်လာမည် ဖြစ်ပါသည်။”

လ.၀.က ၀န်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ လူမျိုး စာရင်းကောက် ၁၄၀၀ လောက်ခန့်အပ်မယ်လို့ သဘောတူညီ ခဲ့တယ်လို့ ကျွန်တော်တို့ RB ၀ိုင်းတော်သားတွေက လေ့လာ သိရှိခဲ့ရပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာလူမျိုး စာရင်းကောက်များရဲ့ ကိုယ်ရေး အကျဉ်းများကိုပါ လက်ခံပြီးမှ ဥပဒေ အထက်ရောက်နေတဲ့ အကြမ်းဖက် အဖွဲ့ရဲ့ ခြိမ်းခြောက်မှုကြောင့် ပယ်ဖျက်လိုက်တယ်လို့ သိရှိရပါတယ်။ ပြီးတော့ ဦးခင်ရီ ကိုယ်တိုင် စစ်တွေမြို့မှာ နှစ်ကြိမ်တိတိ ရိုဟင်ဂျာ ရပ်မိရပ်ဖတွေကို သွယ်ဝိုက်ပြီး ခြိမ်းခြောက် ခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြဌာန်းခဲ့တဲ့ လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်း ဥပဒေ အရ ဦးခင်ရီ ကိုယ်တိုင် ဘယ်လူမျိုး ထည့်ပါလို့ တိုက်တွန်းခွင့် မရှိသလို၊ ခြိမ်းခြောက်ခွင့်လည်း မရှိပါဘူး။ ဦးခင်ရီ ကိုယ်တိုင် ခြိမ်းခြောက်ခဲ့တဲ့ အပြင် အခြားသော အကြမ်းဖက်မည့်သူများကိုပါ ခြိမ်းခြောက်ခိုင်းခြင်းသည် ပူးပေါင်း လုပ်ဆောင်မှု တစ်ရပ် ဖြစ်တယ်လို့ သုံးသပ် နိုင်ပါတယ်။ အဲဒါတွေ အပြင် လက်ကိုင်တုတ် မီဒီယာ အချို့ကနေ တဆင့် ရိုဟင်ဂျာလို့ ဖြည့်ရင် အရေးယူမယ်လို့ပါ ခြိမ်းခြောက် ခဲ့ပါတယ်။

မည်သို့ပင် ဆိုစေကာမူ သန်းခေါင်စာရင်း ကောက်ယူမှု အတွက် ပြဌာန်းထားတဲ့ ဥပဒေ၊ ကြေညာချက်များ အရ “ရိုဟင်ဂျာ” လူမျိုးတိုင်းသည် ကုဒ်နံပါတ် ၉၁၄ ၏ ဘေးတွင် “ရိုဟင်ဂျာ” ဟု လွတ်လပ်စွာ ရေးသား ဖော်ပြ ဖြည့်စွက်ခွင့် ရှိပြီး၊ အကယ်၍ စာရင်းကောက်များက ၎င်းတို့၏ ဆန္ဒအတိုင်း အခြား ကုဒ်နံပါတ်ကို ပြင်ဆင်သည် ဖြစ်စေ၊ အခြား လူမျိုး အမည်ကို ဖြည့်သွင်းသည် ဖြစ်စေ၊ သန်းခေါင်စာရင်း ဖြေဆိုသူများမှ ပြဌာန်း ထားသည့် ဥပဒေ အတိုင်း စာရင်းကောက်များကို လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်း ဥပဒေ ပုဒ်မ ၁၆ (ဂ) နှင့် တရားစွဲဆိုရန် ကျွန်တော်တို့ တိုက်တွန်း လိုပါတယ်။ ဥပဒေ အထက်တွင် မည်သူမှ မရှိဆိုသည့် အတိုင်း ဥပဒေနှင့် အညီ ဆောင်ရွက်ရန်သာ ဖြစ်ပါတယ်။

အဲဒီလို တိုက်တွန်း ရခြင်းကလည်း လ.၀.က ၀န်ကြီး ဦးခင်ရီက စာရင်းကောက်များကို ရိုဟင်ဂျာ လူမျိုးများ ဖြည့်သွင်းမယ့် ကုဒ်နံပါတ် ၉၁၄ နေရာမှာ ၉၁၀ လို့ ပြောင်းပြီး ရေးမှတ်ရန် ညွန်ကြားထားတယ် ဆိုတာကို ခိုင်မာတဲ့ သတင်းရပ်ကွက် တွေက လေ့လာ ထားပြီး ဖြစ်လို့ ဖြစ်ပါတယ်။

အကယ်၍ အေးချမ်းစွာ ပါဝင်ပြီး ဖြည့်သွင်းမယ့် ရိုဟင်ဂျာ လူမျိုးများကို အကြမ်းဖက်မည် ဆိုပါက အဲဒီ အကြမ်းဖက်မှုများရဲ့ အဓိက တရားခံက လ.၀.က ၀န်ကြီး ဦးခင်ရီသာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ လူမျိုးများရဲ့ သန်းခေါင်စာရင်းကို မှန်ကန်စွာ ကောက်ယူနိုင်ဖို့ ရိုဟင်ဂျာ လူမျိုး စာရင်းကောက် အများစုက ပါဝင် လုပ်ဆောင် ရမှာ ဖြစ်ပြီး၊ အဲဒီ အချက်ကို ငြင်းပယ်လိုက်တဲ့ အတွက် ဘေးထွက် ဆိုးကျိုးများကို ဖန်တီးသူက ဦးခင်ရီသာ ဖြစ်တယ်လို့ အခိုင်အမာ ပြောရမှာ ဖြစ်ပါတယ်။

သန်းခေါင်စာရင်း ဖြေဆိုသူတိုင်းက ပုံစံမှာ ဖြည့်သွင်းပြီးပါက မိမိတို့ လက်မှတ်မထိုးခင် အသေအချာ စစ်ဆေးရန် လိုအပ်ပြီး၊ လက်မှတ်ထိုးပြီးပါက မိတ္တူကူးယူရန် ခက်ခဲတဲ့ နေရာမှာ ဖုန်းရဲ့ ကင်မရာနဲ့ ဖြစ်ဖြစ် ဓါတ်ပုံရိုက်ပြီး မှတ်တမ်းသိမ်းရန် ကျွန်တော်တို့ RB ၀ိုင်းတော်သားများက အကြံပေးလိုပါတယ်။


RB – Rohingya Blogger ၀ိုင်းတော်သားများ




MYARF & Rohingya Eye
RB News
18.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လောင်းဒုံးကျေးရွာ အုပ်စု ဆင်သေပြင် ကျေးရွာနှင့် ငါးစားကြူး ကျေးရွာ အုပ်စု ဖန်မြောင်း ကျေးရွာတို့တွင် မတ်လ ၁၅ ရက်နေ့က သာမာန် မဟုတ်သည့် စနစ်တကျ မီးရှို့မှု ဖြစ်ပွားပြီးနောက် ဒေသခံ အမျိုးသမီး လေးဦးကို ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။

မတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ် အချိန်တွင် လောင်းဒုံး ကျေးရွာ အုပ်စု၊ ဆင်သေပြင်ရွာ၌ ဦးနူရ်ဘော်ရှော် (ဘ) ဦးဆုလ်အာမတ်၏ နေအိမ်မှ စတင်၍ မီးလောင်ကျွမ်း ခဲ့သည်။ လေးမိနစ်ခန့် အကြာတွင် ဦးမိုဟာမတ်ဟူဆောင် (ဘ) ဦးဇော်ဘုလ် ဟူဆောင်၊ ဦးနူရ်ဟူဆောင် (ဘ) ဦးဘာသာမျာ တို့၏ နေအိမ်များမှ တပြိုင်နက်တည်း မီးလောင် လာခဲ့သည်။ မီးစတင်ခဲ့သည့် ဦးနူရ်ဘော်ရှော်၏ အိမ်မှ ကူးစက်လာခြင်း မဟုတ်ဘဲ၊ တဖန် ဦးအာယုဘ် (ဘ) ဦးနူရ်ဟူစိန်း၊ ဦးဒူဒူမျာ (ဘ) ဦးအာလမ်၊ ဦးအာမိရ်ဟူစိန်း (ဘ) ဦးဖော်ကိရ်အာမတ်၊ ဦးနူရ်ဟူစိန်း (ဘ) ဦးအဒူမူနာဖ်၊ ဦးနူရ်အာမီးန် (ဘ) ဦးဆိဒိတ်တို့၏ အိမ်များမှလည်း တပြိုက်နက်တည်း လောင်ကျွမ်း၍ အိမ်များ အားလုံး ပြာကျသွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ ပြောသည်။

တစ်ချိန်တည်းတွင် ငါးစားကြူး ကျေးရွာ အုပ်စု ဖန်မြောင်းရွာ တွင်လည်း ဦးဘော်ဒီအာလမ် (ဘ) ဦးအဒူဇောဘ္ဘောရ်၏ အိမ်မှ မီးစတင်လောင်ကျွမ်း ခဲ့ပြီး၊ ဦးအဘူဆိဒိတ် (ဘ) ဦးကာလာမျာ၊ ဦးအာဘူလူး၊ ဦးရှော်ဘိရ် (ဘ) ဦးဆော်ယာဒ်အာမတ်၊ ဦးနူရ်ကော်ဘိရ် (ဘ) ဦးအိဆုပ်အလီ၊ ဦးအာမတ်ကော်ဘိရ် (ဘ) ဦးအိဆုပ်အလီ တို့၏ နေအိမ်များ ပြာကျသွားခဲ့သည်။

နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် စတင်ခဲ့သော မီးသည် နေ့လည် ၂ နာရီထိ လောင်ကျွမ်းခဲ့သည်။ ဒေသခံများက အကယ်၍ မီးလောင်ကျွမ်းနေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များက မဟန့်တားခဲ့လျှင် အစောလျင်စွာ မီးငြိမ်းသတ် နိုင်ခဲ့မည် ဖြစ်ပြီး၊ နောက်ဆုံးတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အာခံခဲ့၍သာ မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း RB News သို့ပြောပါသည်။ မီးလောင်မှုကြောင့် ၁၄၅ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

မီးလောင်မှုသည် သာမာန် မီးလောင်မှု မဟုတ်ဘဲ၊ စနစ်တကျ လုပ်ကြံ၍ မီးရှို့ခံရခြင်းသာ ဖြစ်သော်လည်း၊ အာဏာပိုင် များက ဆင်သေပြင်ရွာမှ (၁) ဒေါ်ရှာအာ့နူ (ဘ) ဦးဟာမိတ်ဟူစိန်း (အသက် ၂၉ နှစ်)၊ (၂) ဒေါ်နူရ်အာန်ကိစ် (ဘ) ဦးဇာမာလ်ဟူစိန်း (အသက် ၄၆ နှစ်) နှင့် (၃) ဒေါ်ဟာဆီနာ ဇူဟာရ် (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၃၅ နှစ်)၊ ဖန်မြောင်းရွာမှ (၄) ဒေါ်ဂူလ်ဇူဟာရ် (ဘ) ဦးအဒူရာမန် တို့ကို ဖမ်းဆီး၍ မီးလောင် သွားသည့် အိမ်များရှေ့တွင် ဓါတ်ပုံ ရိုက်ယူပြီး ကြိမ်ချောင်း ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးသွားသည့် အမျိုးသမီး ၄ ဦးနှင့် မတ်လ ၁၀ ရက်နေ့က ဖမ်းဆီးခဲ့သည့် ဆင်သေပြင်ရွာမှ အမျိုးသမီးကို အချုပ်ခန်းထဲတွင် လူမဆန်စွာ ရိုက်နှက်၍ မိမိတို့ အိမ်များကို မိမိတို့ မီးရှို့သည်ဟု ၀န်ခံခိုင်းခဲ့သည်။ လူမဆန်စွာ ရိုက်နှက်ထားသည့် ဒဏ်ရာများကို ကြိမ်ချောင်း ဆေးရုံတွင် မတ်လ ၁၆ ရက်နေ့က ဆေးကုသ ပေးခဲ့ပြီး၊ မတ်လ ၁၇ ရက်နေ့ တရားရုံးတင် ခဲ့ပြီး ကြိမ်ချောင်း ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



RB News
18.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ ရောက်ရှိနေသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်သည် မောင်တောမြို့နယ်တွင် နေ့စဉ် ရက်ဆက် ဖြစ်ပွားခဲ့သည့် မီးရှို့မှုများနှင့် ပတ်သက်၍ ရခိုင်လူမျိုးများကို နောက်နောင် ထပ်၍ ပြုလုပ်ပါက အရေးယူမည်ဟု သတိပေး ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်သည် ယနေ့ နံနက်ပိုင်းတွင် မိုင်တိုင် အမှတ် ၅၈ ကိုလေ့လာ ကြည့်ရှု စစ်ဆေးပြီး၊ နံနက် ၁၀ နာရီတွင် ကြိမ်ချောင်း ကျေးရွာ အုပ်စုမှ တဆင့် ငါးခူရ ကျေးရွာရှိ နယ်စပ် ခြံစည်းရိုး တလျှောက် စစ်ဆေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုမှတဆင့် ခြံပြင်ကျေးရွာ အုပ်စု ရခိုင်ရွာရှိ ဘုန်းကြီးကျောင်းသို့ ရောက်ရှိခဲ့ရာ ရွာသူ ရွာသားများက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့်ပြုရန် အော်ဟစ်၍ ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် မတ်လ ၁၇ ရက်နေ့မှ စ၍ တပ်မတော် စစ်ဆေးရုံမှ ဆေးမှူး ၃ ဦးတို့က နှလုံးရောဂါနှင့် မျက်ကန်း ဝေဒနာရှင်များကို ဆေးဝါး ကုသပေးနေသည် များကို ကြည့်ရှု စစ်ဆေးပြီး၊ ရခိုင်ရွာသားများကို ရခိုင်လူမျိုးများ၏ လုပ်ရပ်များကြောင့် နိုင်ငံတကာ ရှေ့မှောက်တွင် မြန်မာနိုင်ငံ မျက်နှာ ငယ်နေရကြောင်း၊ ယခုတလော ဖြစ်ပွားနေသည့် မီးရှို့မှုများသည် ရခိုင်လူမျိုး များကြောင့် ဖြစ်ပွားနေခြင်း ဖြစ်သည်ကို မိမိတို့ သိရှိကြောင်း၊ နောက်နောင် ဤကဲ့သို့ မဖြစ်ပွားရန် လိုအပ်ကြောင်း၊ နောက်နောင် ဖြစ်ပွားလာမည် ဆိုပါက မည်သူ့ကိုမှ ခွင့်လွှတ်မည် မဟုတ်ကြောင်း သတိပေး ပြောကြားခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်သည် ခြံပြင် ကျေးရွာ ဥက္ကဌဟောင်း ဦးဘသန်းလှိုင်၏ ဖခင် အတွက် ဆွမ်းကပ် လှူဒါန်းပွဲသို့ ရခိုင်ရွာသား များနှင့်အတူ တက်ရောက်၍ ပြန်လည် ထွက်ခွာသွားကြောင်း သတင်း ရရှိပါသည်။



Sindi Khan
RB News
18.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သူဦးလာ ကျေးရွာရှိ ရဲကင်း စခန်းမှ တပ်ကြပ်ကြီး တစ်ဦးက ဒေသခံ ရိုဟင်ဂျာ လူငယ်တစ်ဦးကို အမှုဆင် ဖမ်းဆီး၍ ရိုက်နှက်ပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၁၇ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် သူဦးလာကျေးရွာမှ မောင်နူရ်ဟူဆောင် (ဘ) ဦးအဘူလ်ဟူဆောင် (အသက် ၂၁ နှစ်) သည် မြောတောင် ကျေးရွာမှ ပြန်လာစဉ် သူဦးလာ ရဲကင်းစခန်းကို ဖြတ်ကျော် လာရာ တပ်ကြပ်ကြီး ကျော်မြင့်က ခေါ်ယူ စစ်ဆေး ခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် မောင်နူရ်ဟူဆောင် ထံမှ မည်သည့် ပစ္စည်း တစ်စုံတစ်ရာကို မရရှိခဲ့သော်လည်း တပ်ကြပ်ကြီး ကျော်မြင့်က ၎င်း၏ အိတ်ကပ်ထဲသို့ တဖက်နိုင်ငံမှ ဖုန်းငွေဖြည့် ကဒ်တစ်ခု ထည့်ပြီး တရားမ၀င် ဖုန်းကဒ် ကိုင်ဆောင်သည်ဟု ဆိုကာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမာမတ်ရော်ရှိတ်ကို တပ်ကြပ်ကြီး ကျော်မြင့်က ဆင့်ခေါ်၍ တရားမ၀င် ဖုန်းကဒ် ကိုင်ဆောင် ထားခြင်းကြောင့် ဖမ်းဆီးထားသည်ဟု ပြောကြား ခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက မောင်နူရ်ဟူဆောင်ကို မေးမြန်းရာ ၎င်းသည် အပြစ်မရှိဘဲ ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း၊ တပ်ကြပ်ကြီး ကျော်မြင့် ကိုယ်တိုင် ၎င်း၏ အိတ်ကပ်ထဲသို့ ထိုဖုန်းကဒ်ကို ထည့်ပြီး စွပ်စွဲခြင်း ဖြစ်ကြောင်း ရှင်းပြရာ တပ်ကြပ်ကြီး ကျော်မြင့်က ရွာအုပ်ချုပ်ရေးမှူး ရှေ့မှောက်တွင်ပင် လက်သီးဖြင့် ထိုးကြိတ် ခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူက အပြစ်မဲ့ လူငယ် အတွက် မည်သည့် အကာအကွယ်မှ မပေးနိုင်ခဲ့ဘဲ၊ နောက်ဆုံးတွင် တပ်ကြပ်ကြီး ကျော်မြင့် တောင်းသည့် ငွေကျပ် ၃ သောင်းကို ပေး၍ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယခင်ကလည်း အဆိုပါ ရဲကင်းစခန်း ရှေ့မှ ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာ လူငယ်များကို အကြောင်းမဲ့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ် ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ရိုဟင်ဂျာများထံမှ မတရား သိမ်းပိုက်ထားသည့် မြေများပေါ်တွင် လမ်းဖောက်လုပ်နေသည့် မြင်ကွင်း


MYARF
RB News
18.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သော မြေများကို မတရား သိမ်းပိုက်၍ ကားဂိတ် ဆောက်လုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

၂၀၁၁ ခုနှစ် မေလတွင် မောင်တော ခရိုင် အုပ်ချုပ်ရေး၊ မြို့နယ် အုပ်ချုပ်ရေးနှင့် မြို့နယ် မြေစာရင်း ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မ ကညင်တန်း ကျေးရွာ အရှေ့ဘက်ရှိ ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက်၏ မြောက်ဘက်တွင် ရှိသော လယ်ကွင်း (တပ်ချောင်းကွင်း) မှ လယ်မြေဧက ၂၀ ကျော်ကို အာဏာပိုင်များက သိမ်းဆည်း လိုက်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် မြေပိုင်ရှင် များကို ထွန်ယက် စိုက်ပျိုးခြင်း မပြုလုပ်ရန် တားမြစ်ခဲ့သည်။ ထိုလယ်မြေများကို အာဏာပိုင်များက ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များတွင် အသုံးမပြု ခဲ့သော်လည်း ယခု ၂၀၁၄ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ စ၍ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်၍ ကားဂိတ် ဆောက်လုပ်ရန် ဆိုကာ လမ်းဖောက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် သိမ်းယူခဲ့သော မြေကွက်များ၏ အရှေ့မြောက်ဘက်၊ တောင်ဘက်များတွင်လည်း လမ်းများ ဖောက်လုပ် လျက်ရှိသည်။ အနောက်ဘက်တွင် လမ်းဟောင်း ရှိပြီး၊ ထိုလမ်းကိုလည်း ၁၉၉၆ ခုနှစ်တွင် ရိုဟင်ဂျာများ၏ လယ်မြေများကို မတရား သိမ်းယူ၍ ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက်ကိုလည်း ၁၉၉၇ ခုနှစ်တွင် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် မြေများကို မတရား သိမ်းပိုက်၍ ဆောက်လုပ် ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

၂၀၁၁ ခုနှစ် မေလက မတရားသိမ်းဆည်း ခံရသည့် မြေပိုင်ရှင် များမှာ --

(၁) ဦးဆောယောဒ်ဟူစိန်း (ဘ) ဦးအိုင်ရ်ဟူစိန်း
(၂) ဦးဆောယောဒ်အာမတ် (ဘ) ဦးအော်လီအာမတ်
(၃) ဦးဖောယာစ် (ဘ) ဦးဟာဘာန်မျာ
(၄) ဦးအေဆာန်အုလောက် (ဘ) ဦးဟာဘာန်မျာ
(၅) ဦးကာဆိမ် (ဘ) ဦးမာမတ်ဇောလိလ်
(၆) ဦးအိန်ဒလိဖ် (ဘ) ဦးဟာမိတ်
(၇) ဦးအဘုလ်ကာဆိမ် (ဘ) ဦးအာမတ်
(၈) ဦးဒိလ်မာမတ် (ဘ) ဦးမျာဟူစိန်း
(၉) ဦးအာမရ်ဟူစိန်း (ဘ) ဦးအီမာန်ဟူစိန်း
(၁၀) ဦးဟာဘဲစ်အာမတ် (ဘ) ဦးဆုလ်တာန်
(၁၁) ဦးနူရ်ဆော်လမ် -- တို့ဖြစ်သည်။




MYARF
RB News
18.3.2014

မောင်တော၊ ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အတွင်းရှိ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် ရဲများက ကျေးရွာ အုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာများကို မတရား ဖမ်းဆီးချုပ်နှောင်၍ ငွေညှစ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

မတ်လ ၁၁ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ အင်းဒင် စခန်းမှ ရဲများသည် သင်္ဘောကွဲ ကျေးရွာသို့ ရောက်ရှိလာပြီး လမ်းလျှောက် သွာနေသည့် ဦးမိုဟာမတ်ရဖိခ် (ဘ) ဦးဆယာဒ်ဒုလ္လာကို ဖမ်းဆီး၍ အင်းဒင် ရဲစခန်းသို့ ခေါ်သွားခဲ့သည်။ ရဲစခန်းသို့ ရောက်သည့် အခါ ဦးမိုဟာမတ်ရဖိခ်၏ အိတ်ထဲသို့ မိုဘိုင်းဖုန်း တစ်လုံး ထည့်သွင်း၍ ချုပ်နှောင် ထားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ရဲများက ဦးမိုဟာမတ်ရဖိခ်၏ ဖခင်ကို အကြောင်းကြား၍ မိုဘိုင်းဖုန်း တွေ့၍ ဖမ်းဆီး ထားခြင်းကြောင့် ငွေကျပ် ၅ သိန်း ပေးမှသာ လွှတ်ပေးနိုင်မည်ဟု ပြောသဖြင့် နောက်ဆုံးတွင် ရဲများကို ငွေကျပ် ၅ သိန်း ပေးခဲ့ရကြောင်း သိရှိရပါသည်။

အလားတူပင် ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်း စခန်းမှ တပ်ကြပ်ကြီး သန်းကျော်သည် ညောင်ချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေးနှင့် ပူးပေါင်း၍ ဖရုံချောင်းရွာမှ ဦးဆော်လိမ် (ဘ) ဦးအီမာန်ဟူစိန်း၊ ဦးဆိဒိတ် (ဘ) ဦးဆော်ယောဒ်ကော်ရိမ်၊ ဦးဆော်လိမ် (ဘ) ဦးဟာဘိအုလ္လာ၊ ဦးဆော်လမ် (ဘ) ဦးဟာဘိအုလ္လာ၊ ဦးဂူရာမျာ (ဘ) ဦးဒူဒူမျာ တို့ကို အမျိုးမျိုး ဖိအားပေး ခြိမ်းခြောက်ပြီး ဒေသခံ ရိုဟင်ဂျာ ရွာသားများ ထံမှ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

တပ်ကြပ်ကြီး ကျော်သန်း၊ ရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးတို့ တောင်းခံသည့် အတိုင်း မပေးပါက ဒေသခံ ရိုဟင်ဂျာများကို ပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီး ချုပ်နှောင် လေ့ရှိပြီး၊ ၎င်းတို့ တောင်းဆိုသည့် ငွေပေးမှသာ ပြန်လည် လွတ်ပေးသည်ဟု ဒေသခံများက ပြောပါသည်။ ယခုကဲ့သို့ ဒေသခံများကို ငွေညှစ်နေသည်မှာ ကြာပြီ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။



RB News
17.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ ၀ပိတ်ကျေးရွာတွင် အကြမ်းဖက် မီးရှို့ရန် ၀င်ရောက်လာသည့် ရခိုင်အစွန်းရောက် အုပ်စု တစ်စုကို ဒေသခံ ရိုဟင်ဂျာများက လိုက်လံ ဖမ်းဆီးရာ ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း ရရှိပါသည်။

ယနေ့ ည ၇ နာရီခန့်က မောင်တောမြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ ၀ပိတ်ကျေးရွာတွင် အကြမ်းဖက် မီးရှို့ရန် ရခိုင် အစွန်းရောက် အုပ်စု တစ်စု ၀င်ရောက်ခဲ့သည်။ အဆိုပါ အုပ်စုကို ဒေသခံ ရိုဟင်ဂျာ ရွာသားများက တွေ့ရှိ သွားပြီး လိုက်လံ ဖမ်းဆီးရာ တောထဲသို့ ၀င်ရောက်၍ ထွက်ပြေး လွတ်မြောက် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ဝပိတ်ကျေးရွာ အနီးတွင် ရဲကင်း စခန်းရှိပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက ရဲကင်း စခန်းသို့ သတင်းပို့ တိုင်ကြား ထားကြောင်း သိရှိရပါသည်။ ယခုအခါ ရဲများက ကျီးကန်းပြင် ကျေးရွာ အုပ်စုနှင့် ရခိုင် နတလ ရွာများတွင် လှည့်ကင်း လှည့်၍ လုံခြုံရေး တာဝန်ယူ ပေးထားသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ရခိုင် အစွန်းရောက် အဖွဲ့ဝင်များသည် ဓါးရှည်များ၊ ဓါတ်ဆီပုံးများ ကိုင်ဆောင် ထားသည်ဟု မျက်မြင် သက်သေများက ပြောပါသည်။



မနန္ဒာချမ်း
16.3.2014

မလေးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို ပျံသန်းစဉ် လမ်းခုလတ်မှာ ပျောက်ဆုံးသွားတဲ့ မလေးရှားခရီးသည်တင် လေယာဉ် ကို မြန်မာနိုင်ငံ လေပိုင်နက်ထဲထိပါ ဝင်ရောက်ရှာဖွေမှုတွေ နိုင်ငံတကာက စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ပျောက်ဆုံးနေတာ သီတင်း ၁ ပတ် ကျော်သွားပြီဖြစ်တဲ့ မလေးရှားလေကြောင်းပိုင် Boeing 777 လေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာထဲအထိ တိုးချဲ့ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အိန္ဒိယနဲ့ အမေရိကန် လေယာဉ်တွေကနေ မြန်မာလေပိုင်နက်ထဲ ဝင်ရောက်ရှာဖွေမှုတွေကို စနေနေ့က စတင်ခဲ့တာဖြစ်တယ်လို့ မြန်မာလေကြောင်းပို့ဆောင်ရေးဦးစီးဌာနက ပြောဆိုပါ တယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းကတင်ပြပေးထားပါတယ်။

ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါလာပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းတဲ့ Boeing 777 လေယာဉ်ဟာ ကွာလာလမ်ပူ လေဆိပ်ကနေ ထွက်ခွာပြီး ၁ နာရီအကြာမှာ - မတ်လ ၈ ရက် စနေနေ့က ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် သီတင်း ၁ ပတ်ကျော်ရှိသွားပြီ ဖြစ်တဲ့ ဒီလေယာဉ်ကို နိုင်ငံပေါင်း ၂၅ နိုင်ငံက ၀ိုင်းဝန်းရှာဖွေပေးနေတာမှာ မြန်မာနိုင်ငံကလည်း ပူးပေါင်း ဆောင်ရွက် တဲ့အနေနဲ့ မြန်မာလေပိုင်နက်၊ ရေပိုင်နက်တွေထဲမှာ ၀င်ရောက်ရှာဖွေခွင့် ပြုခဲ့ပါတယ်။ စနေနေ့ကတော့ ဘင်္ဂလား ပင်လယ်အော်မှာရှိတဲ့ မြန်မာလေပိုင်နက်ထဲကို အိန္ဒိယလေယာဉ်က စတင် ရှာဖွေမှုတွေ လုပ်ခဲ့ပြီး၊ ဒီကနေ့မှာတော့ အမေရိကန်လေယာဉ်က ဝင်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မြန်မာလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောပါတယ်။

“အိန္ဒိယ Air force က မနေ့တုန်းက မြန်မာလေပိုင်နက်ထဲမှာပေါ့နော်၊ ဘင်္ဂလားပင်လယ်အော်မှာ မနက် ၉ နာရီ၊ ၂၅ လောက်ကနေ ညနေ ၄ နာရီလောက်အထိ ရှာတယ်။ ဒီနေ့လည်း အမေရိကန်၊ ကွာလာလမ်ပူဆူပိုင်း ကနေတက်ပြီးတော့ P-8 ပေါ့နော်- အဲဒီလေယာဉ်ပျံကလည်း မြန်မာ့ လေပိုင်နက် ဘင်္ဂလားပင်လယ်အော်တဝိုက်မှာပေါ့နော်၊ ဝင်ရောက်ရှာဖွေတာရှိပါတယ်။ မနေ့ကမှစတာဗျ၊ ကျနော်တို့က ၇ ရက်ဆိုတော့ ၁၈ ရက်နေ့အထိ ခွင့်ပြုထားတယ်။ သူတို့တောင်းခံလာရင်လည်း ကျနော်တို့က ဆက်ပေးမှာပါဗျ။”

ရှာဖွေနေတဲ့ နယ်မြေဧရိယာနဲ့ပတ်သက်လို့လည်း -

“ဘင်္ဂလားပင်လယ်အော် ရေပြင်ထဲမှာပဲ လေးနေရာပေးထားတယ်။ ကိုကိုးကျွန်းပတ်ဝန်းကျင်နဲ့၊ အိန္ဒိယဆိုလည်း နီကိုဘာကျွန်းပေါ့၊ ကျနော်တို့ဆိုလည်း ကိုကိုးကျွန်းပေါ့။ အဲဒီပတ်ဝန်းကျင်တဝိုက်ပဲ သူတို့ရှာပါတယ်။ မုတ္တမပင်လယ်ကွေ့နဲ့ ဘင်္ဂလားပင်လယ်အော်ဆိုတာ ဆက်စပ်နေတာကိုး၊ မုတ္တမကွေ့ ဆိုတာက ကိုကိုးကျွန်းဒိဘက်အောက်ပိုင်း မော်လမြိုင်ဘက်ကိုပေါ့နော်၊ သူတို့ကို Coordinate ပေးထားတာတော့ အဲဒီဘက်အထိပေးထားတယ်။ သူတို့ရှာတာတော့ အဲဒိအထိ မရောက်သေးပါဘူး။ ကျနော်တို့ ခွင့်ပြုထားတဲ့ ဧရိယာလေးပွိုင့်ရှိတယ်။ အဲဒီအတွင်းမှာ ခွင့်ပြထားတယ်။ တကယ်တန်းရှာတော့လည်း မနေ့က ဘာမှ ထူးထူးခြားခြားမတွေ့ပါဘူး။”

မြန်မာနိုင်ငံမှာ နိုင်ငံတော်အဆင့် ဖွဲ့စည်းထားတဲ့ ရှာဖွေကယ်ဆယ်ရေးကော်မတီက အခုကိစ္စမှာ နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ဆောင်နေတာဖြစ်ပြီး၊ လောလောဆယ် အခြေအနေထိတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သံသယရှိစရာ မတွေ့ရ သေးဘဲ တကယ်လို့ မြန်မာပိုင်နက်တွင်းမှာ တခုခုဖြစ်ခဲ့မယ်ဆိုရင်လည်း ကော်မတီအနေနဲ့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှု တွေကို နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဦးတင်နိုင်ထွန်း က ပြောခဲ့ပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံကနေ လေယာဉ်ဖြတ်သန်းသွားနိုင်ခြေရှိတဲ့ လမ်းကြောင်းတလျှောက်က နိုင်ငံတွေကို လေယာဉ်နဲ့ပတ်သက်တဲ့ သဲလွန်စတွေ ရနိုင်ဖို့ အတွက် ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေ၊ ရေဒါကနေ ဖမ်းမိတဲ့ အချက်အလက်တွေကို ပေးဖို့ တောင်းခံထားတာပါ။ မြန်မာနိုင်ငံကိုတော့ အဲ့ဒီလို တောင်းခံလာတာမရှိသေးဘူးလို့ ဦးတင်နိုင်ထွန်း က ဆက်ပြောပါတယ်။

“တကယ်လို့ အကူအညီတောင်းတယ်ဆိုရင်လေ နိုင်ငံခြားရေး to နိုင်ငံခြားရေးပဲ၊ MOFA to MOFA ပဲ ဆက်သွယ်မှာပါဗျ၊ အခုအချိန်အထိတော့ MOFA (Ministry of Foreign Affairs) ကလည်း ကျနော်တို့ကို ဘာအကြောင်းမှ မပြောသေးဘူးခင်ဗျ။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့က အရပ်ဘက်ဝန်ထမ်းဆိုတော့ ကျနော်တို့ဆီမှာရှိတဲ့ ရေဒါတွေရဲ့ capability က Secondary ရေဒါပဲရှိတယ်။ သူက transponder ကို off လုပ်လိုက်တယ်လို့ ပြောတာကိုး၊ မလေးရှား MH370 ကလေ၊ Transponder မရတော့ဘူးဆိုရင် ကျနော်တို့ရဲ့ ရေဒါကတော့ ဖမ်းနိုင်တဲ့ capability မရှိဘူး။ သို့ပေမယ့်လည်း ကျနော်တို့ဆီမှာတော့ Military air force တို့၊ ဘာတို့မှာတော့ Primary radar တွေလေ၊ အဲဒီရေဒါတွေကတော့ မိတယ်၊ မမိဘူးဆိုတာ သူတို့ အကူအညီတောင်းခံလာတယ်၊ မလာဘူးဆိုတာလည်း ကျနော်တော့ မသိဘူးခင်ဗျ။”

မြန်မာလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ဖြစ်ပါတယ်။ အခုလို မြန်မာလေပိုင်နက်ထဲ နိုင်ငံတကာက ရှာဖွေရေးအစီအစဉ်တွေ စတင်လုပ်ဆောင်နေသလို၊ တရုတ်နိုင်ငံကလာတဲ့ သတင်းကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာလည်း မြန်မာရေတပ် သင်္ဘော ၃ စင်းဟာ နိုင်ငံတကာ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ရေးသားထားပါတယ်။


RB News
16.3.2014

စစ်တွေ ။ ။ လာမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ စစ်တွေမြို့မှ ဒေသခံ ရိုဟင်ဂျာများကို ပြည်နယ် ရဲမှူးကြီးနှင့် အဖွဲ့က ယနေ့ တွေ့ဆုံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

တွေ့ဆုံပွဲကို စစ်တွေမြို့ ဒါးပိုင် ကျေးရွာ တောင်ပိုင်းရှိ အစ္စလာမ် ဘာသာရေး ကျောင်းတွင် ကျင်းပခဲ့ပြီး၊ ရိုဟင်ဂျာ ရပ်မိရပ်ဖများနှင့် ခရိုင် လ.၀.က ဦးစီးမှူး ဦးဝင်းနိုင်တို့ တက်ရောက် ခဲ့သည်။

ပြည်နယ် ရဲမှူးကြီးက သန်းခေါင် စာရင်း ကောက်ယူခြင်းသည် လူဦးရေ စာရင်း ကောက်ခံရန်သာ ဖြစ်ပြီး၊ နိုင်ငံတိုင်းတွင် ၁၀ နှစ် တစ်ကြိမ် ကောက်ခံကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ကောက်ခံပြီးနောက် နှစ်ပေါင်း ၃၀ ကျော်ကြာပြီးမှ ကောက်ခံခြင်း ဖြစ်သည့် အတွက် လူတိုင်း ပါဝင်ရန် လိုအပ်ကြောင်း၊ ပြည်သူများအတွက် ကောင်းကျိုး ဖြစ်မည်သာ ဖြစ်ကြောင်း၊ မေးခွန်း ၄၁ ခုလုံးကို မှန်ကန်စွာ ဖြေဆိုရန် လိုအပ်ကြောင်း၊ “က” ကို “ခ” ဟုမှားယွင်းစွာ မဖြေဆိုမိရန် လိုအပ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ခံရာတွင် ပြဿနာ တစ်စုံ တစ်ရာ မဖြစ်ရန် လိုအပ်ကြောင်း၊ အောင်မြင်စွာ ပြီးဆုံးရန် လိုအပ်ကြောင်း၊ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ၁၀ နှစ် ပြန်လည် စောင့်ဆိုင်း ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ခရိုင် လ.၀.က ဦးစီးမှူး ဦးဝင်းနိုင်က မေးခွန်း ၄၁ ခုကို လူတိုင်းက လွတ်လပ်စွာ ဖြေဆိုခွင့် ရှိကြောင်း၊ ထို့အတွက်ကြောင့် လူတိုင်း ပါဝင်လိမ့်မည်ဟု မျှော်လင့်ကြောင့် ပြောကြားသည်။ ထို့နောက် ဆွေးနွေးမှုကို စတင်ရာ ရိုဟင်ဂျာ ရပ်မိရပ်ဖ တစ်ဦးက သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ ကျေးရွာများတွင် နှိုးဆော်ရန် ကော်မတီ လိုအပ်ကြောင်း၊ အများစုမှာ သန်းခေါင်စာရင်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် များကို သိရှိခြင်း မရှိကြောင်း၊ ထို့ကြောင့် ကော်မတီဖွဲ့၍ အသိပေး နှိုးဆော်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ဆွေးနွေး တင်ပြပါသည်။ ထိုသို့ ဆွေးနွေးတင်ပြမှုနှင့် ပတ်သက်၍ ပြည်နယ်ရဲမှူးကြီးက သဘောတူကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် ရိုဟင်ဂျာ ရပ်မိရပ်ဖ တစ်ဦးက အကယ်၍ လူမျိုးနေရာတွင် ရိုဟင်ဂျာ လူမျိုးဟု ရေးသားခွင့် ရပါက မည်သည့် ပြဿနာမှ ဖြစ်ပေါ်မည် မဟုတ်သည်ကို အာမခံ နိုင်ကြောင်း၊ အကယ်၍ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် မရပါက ပြဿနာ ဖြစ်မည်မှာ သေချာကြောင်း ပွင့်လင်းစွာ ထုတ်ဖော် ပြောကြား၍ ဆွေးနွေးခဲ့သည်။ ပြည်နယ် ရဲမှူးကြီးက ဘင်္ဂလီဟူ၍ သီးခြား ကုဒ်နံပါတ် ပြုလုပ်ထားခြင်း ရှိကြောင်း၊ ထို့ကုဒ်နံပါတ်ကို အသုံးပြုရန် လိုအပ်ကြောင်း၊ ကုဒ်နံပါတ် မရှိသည့် လူမျိုးကို အသုံးမပြုရန် လိုကြောင်း ဖြေကြားရာ ရိုဟင်ဂျာ ရပ်မိရပ်ဖ တစ်ဦးက ဘင်္ဂလီဆိုသည့် လူမျိုး အမည်ကို လုံးဝ လက်မခံနိုင်ကြောင်း မိမိတို့သည် ဘိုးစဉ်ဘောင်ဆက် ရိုဟင်ဂျာ လူမျိုးများသာ ဖြစ်ကြောင်း၊ မိမိတို့တွင် ခိုင်မာသည့် အထောက်အထား၊ စာရွက် စာတမ်းပေါင်း များစွာ ရှိကြောင်း၊ မိမိတို့သည် ယခင်ကလည်း ရိုဟင်ဂျာ ဖြစ်သလို၊ ယခုလည်း ရိုဟင်ဂျာ ဖြစ်ကြောင်း၊ နောင်တွင်လည်း ရိုဟင်ဂျာများသာ ဖြစ်မည် ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရကိုလည်း ခိုင်မာသည့် စာရွက် စာတမ်းများ ပေးအပ် ခဲ့ပြီး ဖြစ်ကြောင်း၊ ရိုဟင်ဂျာ အမည် ရေးသားခွင့် မပြုပါက ပြဿနာ ဖြစ်လာမည် ဖြစ်ကြောင်း၊ လွတ်လပ်စွာ ရေးသားခွင့် ပေးပါက မည်သည့် ပြဿနာ တစ်စုံတစ်ရာမှ မဖြစ်ဘဲ အောင်မြင်စွာ အေးချမ်းစွာ ပြီးဆုံးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ် ရဲမှူးကြီးက မည်သူမဆို လွတ်လပ်စွာ ရေးသားခွင့် ရှိသည့် အတွက် မိမိတို့ ကြိုက်နှစ်သက်ရာ ရေးသားခွင့် ရှိကြောင်း၊ ထို့ကြောင့် လွတ်လပ်စွာ ရေးသား၍ ပါဝင်ရန် တိုက်တွန်းကြောင်း၊ ရေးသားမှုအတွက် အရေးယူမည်လည်း မဟုတ်ကြောင်း၊ မကြောက်ရွံဘဲ ပါဝင်ကြရန် ပြောကြား၍ တွေ့ဆုံပွဲကို နံနက် ၁၁ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



Sindi Khan
RB News
16.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် ပုဒ်မ ၁၄၄ အရ လူ ၅ ဦးထက် ပိုမို၍ စုဝေးခွင့် မရှိသော်လည်း ၎င်းဥပဒေ အမိန့် အာဏာသည် ရခိုင်များ အတွက် မဟုတ်ဘဲ ဒေသခံ မွတ်စလင် များအတွက်သာ ပြဌာန်း ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။

ယနေ့ နေ့လည် ၁ နာရီကျော် အချိန်တွင် မောင်တောမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ ရွာသစ်ရွာ ဘုန်းကြီးကျောင်း (ဗဟိုကျောင်းတိုက်) တွင် ရခိုင်လူမျိုး ၁၀၀ ကျော် စုရုံး၍ မြို့မ စည်ပင်သာယာ ဈေးအထိ ချီတက်၍ ဆန္ဒပြ ခဲ့ပြကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဆန္ဒပြရာတွင် ၁၉၈၂ ခုနှစ် ဥပဒေကို အကောင်အထည် ဖော်ရန်၊ သန်းခေါင် စာရင်း ကောက်ခံရာတွင် ရိုဟင်ဂျာ အမည် အလိုမရှိကြောင်းနှင့် သန်းခေါင် စာရင်း ကောက်ခံ ရာတွင် မွတ်စလင်များကို တာဝန် မပေးရန် အော်ဟစ်ခဲ့ကြောင်း သိရှိရပါသည်။

ဆန္ဒပြသူ အများစုမှာ ရဲဝန်ထမ်းများ၏ မိသားစုများနှင့် အခြား ဌာနဆိုင်ရာ ၀န်ထမ်းများ၏ မိသားစုဝင် များဖြစ်ပြီး၊ ရဲများက လုံခြုံရေး တာဝန်ယူ ပေးထားသည်ဟု ဒေသခံများက ဆိုသည်။

ဒေသခံ ရိုဟင်ဂျာများက ပုဒ်မ ၁၄၄ အရ ယခုကဲ့သို့ ၅ ဦးထက်ပို၍ စုဝေးခွင့် မရှိသော်လည်း ဥပဒေသည် ရခိုင်များ အတွက် မဟုတ်သဖြင့် စုဝေးခွင့် ရကြောင်း၊ မိမိတို့ အစ္စလာမ် ဘာသာဝင် များမှာ လူတစ်ဦး တစ်ယောက် သေဆုံးလျှင်ပင် စုပေါင်း၍ ၀တ်ပြုပြီး သဂြိုဟ်ခွင့်ကို ကန့်သတ် ထားခံရကြောင်း၊ အာဏာပိုင်များ မသိအောင် ကြိုးစား၍ မြှပ်နှံ သဂြိုလ် လျှင်လည်း အာဏာပိုင်များ လာရောက်၍ တားဆီး ပိတ်ပင်ခြင်းကို ခံရကြောင်း ၎င်းတို့ ခံစားနေရသည် များကို RB News သို့ ရင်ဖွင့်ပါသည်။

“ရပ်ကွက် (၅) က အငြိမ်းစား မြေတိုင်း စာရေး ဦးဂျမာလ် အာမီးန် လွန်ခဲ့တဲ့လက ကွယ်လွန်တုန်းက ဆိုရင် သူ့ရဲ့ ဂျနာဇာ (စုပေါင်းဝတ်ပြုခြင်း) ကို လူတွေ မရောက်နိုင်တဲ့ နေရာမှာ သွားလုပ်ရတယ်။ အဲဒါတောင် အာဏာပိုင်တွေက လာပြီး တားဆီးတာကို ကြုံတွေ့ ခဲ့ရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာကို ခွဲခြား၍ ဥပဒေကို အသုံးပြုနေသည့် အဓိက တရားခံမှာ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး ဖြစ်သည်ဟု ၎င်းတို့က ပြောပါသည်။ ဆန္ဒပြမည့် အရေးကြောင့် ဒေသခံ ရိုဟင်ဂျာများသည် ၎င်းတို့၏ ဆိုင်များကို နေ့လည် ၁၂ နာရီတွင် ပိတ်လိုက် ရသဖြင့် စီးပွားရေးနှင့် စားဝတ်နေရေး နစ်နာမှုပါ ကြုံရသည်ဟု ဆိုသည်။ ထို့အပြင် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ရေး အတွက် အသွားအလာ ဆင်ခြင်ရသောကြောင့် လှုမှုရေးပါ ထိခိုက်ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဒိုးတန်းတွင် ဖမ်းဆီးရမိသည့် ရခိုင် အစွန်းရောက် နှစ်ဦးမှ တစ်ဦး


RB News
16.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ဒိုးတန်း ကျေးရွာ အုပ်စုသို့ မီးရှို့ရန် ၀င်ရောက်လာသည့် ရခိုင် အစွန်းရောက် အုပ်စု တစ်စုကို ဖမ်းဆီးရန် ကြိုးစားသော်လည်း ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း ရရှိပါသည်။

ယနေ့ ၇ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ဒိုးတန်း ကျေးရွာ အုပ်စုသို့ ရခိုင် အစွန်းရောက် လေးဦး ဓါးရှည်များ ကိုင်၍ ၀င်ရောက် ခဲ့ရာ နှစ်ဦးကို ဒေသခံ ရိုဟင်ဂျာ ရွာသားများက ဖမ်းဆီး နိုင်ခဲ့သည်။ ၎င်းတို့ကို ရဲတပ်ဖွဲ့သို့ အပ်နှံရန် အကြောင်းကြား ပြီးနောက်၊ ရဲတပ်ဖွဲ့ဝင် ရောက်ရှိလာကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အခြား ရခိုင် အစွန်းရောက် အဖွဲ့ တစ်ဖွဲ့သည် ကပ္ပကောင်း ကျေးရွာ အုပ်စု၊ သဒွတ်တောင် ကျေးရွာရှိ ပုဇွန်ကန် တာရိုးပေါ်မှ တဆင့် ဒိုးတန်း ကျေးရွာ အုပ်စုသို့ ၀င်ရောက်လာရာ ကျေးရွာမှ ကလေးများက တွေ့ရှိခဲ့ပြီး၊ လူကြီးများကို အကြောင်းကြား ခဲ့သည်။ ထို့နောက် ရွာသားများက လိုက်လံ ဖမ်းဆီးကြရာ ဒိုးတန်းနှင့် ငါးစားကြူး ကြားရှိ ဓနိတော ထဲသို့ ၀င်ရောက်၍ ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရှိရပါသည်။

၎င်းအဖွဲ့တွင် ရခိုင် အစွန်းရောက် ၇ ဦး ပါဝင်ပြီး၊ ကျောပိုးအိတ်များ လွယ်ထား၍ လက်တွင် ဓါတ်ဆီပုံးများနှင့် ဓါးရှည်များ ကိုင်ဆောင် ထားကြောင်း မျက်မြင်သက်သေ တစ်ဦးက RB News သို့ ပြောပါသည်။

Rohingya Exodus