နောက်ဆုံးသတင်း/ဆောင်းပါးများ




RB News
10.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ရေနောက်ငါးသား ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ဖမ်းဆီး၍ ထိတ်တုံးခတ်ထားသည်ဟု သတင်း ရရှိပါသည်။

မေလ (၈) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရေနောက်ငါးသား ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦး ဖြစ်သည့် ဦးအဒူဂေါ်ဖုရ် (ဘ) ဦးအရှောဖာအလီ (အသက် ၅၅ နှစ်) နှင့် ဦးမော်တုလ်ဟူစိန် (ဘ) ဦးအာလ်သာဟူစိန်း (အသက် ၃၅ နှစ်) တို့ကို ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်မြ (ဒိုင်းနက် လူမျိုး) ကဖမ်းဆီး၍ ထိတ်တုံးခတ်ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ၎င်းတို့နှစ်ဦးကို ဖမ်းဆီး ထားသည့် အချိန်မှ ယခုအချိန်ထိ ထိတ်တုံးခတ်ထားပြီး အစားအသောက် ကျွေးမွေးခြင်းလည်း မရှိဟု ဒေသခံများက ဆိုသည်။

ထိတ်တုံးခတ်ထားခံ ရသူနှစ်ဦး၏ ဇနီးနှစ်ဦးတို့ အချင်းချင်း စကားများခဲ့သည်ကို ဆယ်အိမ်မှူး တစ်ဦးက ကြားသိခဲ့ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးထံ သတင်းပို့ခဲ့သည်။ စကားများသူ နှစ်ဦးတို့ ပြေလည် သွားကြပြီး၊ ကျေးရွာ အာဏာပိုင်များကို မတိုင်ကြားခဲ့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေညှစ်ရန် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြက ၎င်းတို့နှစ်ဦးကို ငွေပေးမှသာ လွှတ်ပေးမည်ဟု ပြောနေပြီး၊ ထိတ်တုံးခတ်ခံ ထားရသူ နှစ်ဦးစလုံးမှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်သဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ညှစ်နေသည့် ငွေကို ပေးနိုင်သည့် အခြေအနေ မရှိဟု ဒေသခံ များက ပြောပါသည်။

မေလ (၅) ရက်နေ့ကလည်း ကလေးငယ် နှစ်ဦး အချင်းချင်း စကားများ ရန်ဖြစ်သည်ကို အကြောင်းပြု၍ အဆိုပါ ကလေးငယ် နှစ်ဦး၏ မိဘများထံမှ ကျေးရွာ အုပ်ချုပ်ရေးမှူးက အကြောင်းမဲ့ ငွေညှစ်ခဲ့သည်။ ကလေးငယ် နှစ်ဦး၏ ဖခင်များဖြစ်သည့် ဦးမောင်စိုးအာလမ် (ဘ) ဦးရှော်ဘိအာလမ် ထံမှ ငွေကျပ် ၈၀၀၀၀/- နှင့် ဦးရာမတ် (ဘ) ဦးမာမတ်ကာဆင် ထံမှ ငွေကျပ် ၅၀၀၀၀/- အသီသီး ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။




MYARF
RB News
9.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ် ကျေးရွာရှိ ဗလီခြံဝင်းထဲသို့ ရခိုင်များ နှစ်ကြိမ်တိုင်တိုင် ၀င်ရောက်ခဲ့သဖြင့် ဗလီ မီးရှို့ခံရမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ (မေလ ၉ ရက်) ည ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ် (ရခိုင်ရွာ) ကျေးရွာမှ ရခိုင်လူမျိုး ငါးဦးးသည် သရက်အုပ် (ရိုဟင်ဂျာရွာ) ကျေးရွာ မြောက်ဘက်ရှိ ဗလီခြံဝင်းထဲသို့ ၀င်ရောက်လာသည်ကို ရိုဟင်ဂျာ တစ်ဦးက မြင်တွေ့၍ ၀ါးရုံပင်ကြားတွင် ပုန်း၍ အခြေအနေကို စောင့်ကြည့်ခဲ့သည်။ ထို့နောက် ဗလီခြံဝင်း၏ မနီးမဝေးသို့ သွား၍ “ဘယ်သူလဲ” ဟု မေးရာ ရခိုင်လူမျိုး တစ်ဦးက “ရဲ” ဟုဖြေကြားခဲ့သည်။ ရိုဟင်ဂျာ ရွာသားက ယခုကဲ့သို့ ညပိုင်းတွင် ဗလီခြံဝင်းထဲသို့ ၀င်ရောက် ရသည့် အကြောင်းကို ဆက်လက် မေးမြန်းရာ “ဟေ့ကုလားတွေ လာကြ” အော်ဟစ် ဆဲဆို၍ စိန်ခေါ်မှုများ ပြုလုပ်သဖြင့် ကင်းစောင့်နေသည့် ကင်းသမားများ ရောက်ရှိလာရာ ၎င်းတို့၏ ရခိုင်ရွာထဲသို့ ထွက်ပြေးသွား ခဲ့ကြသည်။

တစ်ဖန် မိနစ် ၃၀ အကြာတွင် အဆိုပါ ရခိုင်လူမျိုး ငါးဦးသည် သေနတ်တစ်လက် ကိုင်ဆောင်၍ ဗလီခြံဝင်း အနီးရှိ သင်္ဘောပင်နားသို့ ရောက်လာပြန်ရာ ရိုဟင်ဂျာများက အသံပေး၍ မေးမြန်းသဖြင့် အော်ဟစ် ဆဲဆို၍ ထွက်ပြေး သွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ကင်းစောင့်နေသည့် ရိုဟင်ဂျာများက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်မည်ကို မလိုလား၍ လိုက်လံ မဖမ်းဆီးခဲ့ ဟုဆိုသည်။ ယခုကဲ့သို့ ညပိုင်းတွင် ဗလီခြံဝင်းထဲသို့ ၀င်ရောက်သဖြင့် ကင်းသမားများ အလစ်တွင် မီးရှို့မည်ကို စိုးရိမ်လျက် ရှိကြသည်။

မျက်မြင်သက်သေ များက အဆိုပါ ရခိုင်လူမျိုး ငါးဦးတွင် သရက်အုပ် (ရခိုင်ရွာ) ကျေးရွာ အခြေစိုက် ကင်းစခန်းမှ ရဲတစ်ဦးလည်း ပါဝင်သည်ဟု ဆိုသည်။




RB News
9.5.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စံပြရွာ (ဘဆားရား) ဒုက္ခသည် စခန်းရှိ ကျောင်းတွင် ကျောင်းအုပ်ချုပ်ရေးမှူးက ကျောင်းသားများထံမှ ငွေကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

စစ်တွေမြို့၊ စံပြရွာ (ဘဆားရား) ဒုက္ခသည် စခန်းရှိ အခြေခံ ပညာ မူလတန်း ကျောင်းတွင် သူငယ်တန်းမှ အဌမတန်းထိ ကျောင်းသားများကို ပညာသင်ကြား ပေးလျက် ရှိသော်လည်း ကျောင်းဆရာ/မ များ ပုံမှန် လာရောက်ခြင်း မရှိသောကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးလျက် ရှိနေသည့် အပြင် ကျောင်းအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအောင်ဖြူက ကျောင်းသားများကို စာသင်ခန်းများရှိ စားပွဲများ၊ ခုံများ ပြုပြင်ရန်ဟု ဆိုကာ ငွေကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကျောင်းအုပ်ချုပ်ရေးမှူး ဦးအောင်ဖြူက မူလတန်း ကျောင်းသားများထံမှ ငွေကျပ် ၂၀၀၊ ပဉ္စမတန်း ကျောင်းသားများထံမှ ငွေကျပ် ၁၆၀၀၊ ဆဌမတန်း ကျောင်းသားများထံမှ ငွေကျပ် ၁၇၀၀၊ သတ္တမတန်း ကျောင်းသားများထံမှ ငွေကျပ် ၁၈၀၀ နှင့် အဌမတန်း ကျောင်းသားများထံမှ ငွေကျပ် ၂၀၀၀ စီ ကောက်ခံလျက် ရှိသည်ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။

“ကျွန်တော်တို့ ရွာမီးရှို့ အကြမ်းဖက်ခံရလို့ စံပြရွာ ဒုက္ခသည် စခန်းကို ရောက်နေရသူတွေပါ။ ကျွန်တော်တို့မှာ ဘာမှ မရှိဘူး။ နိုင်ငံတကာက ထောက်ပံ့တဲ့ ရိက္ခာတွေနဲ့ အသက်ရှင် နေရတာ။ ၀င်ငွေ ရဖို့ နည်းလမ်းလည်း မရှိဘူး။ အခုလို ငွေကောက်တော့ သားသမီး ပညာရေး အတွက်ဆိုပြီး ကျွန်တော်တို့မှာ ရိက္ခာ မလောက်တဲ့ ထဲက ဆန်တွေ၊ ဆီတွေ ရောင်းပြီး ကျောင်းအုပ်ချုပ်ရေးမှူး တောင်းတဲ့ ငွေကို ပေးနေရတယ်” ဟု ကျောင်းသား တစ်ဦး၏ မိဘက RB News သို့ပြောပါသည်။





RB News
9.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ တပ်ဖွဲ့မှ ဦးစည်သူအောင်က အပြစ်မဲ့ ဈေးသည် (၃) ဦးထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ တပ်ဖွဲ့မှ ဦးစည်သူအောင်သည် တမန်းသား ကျေးရွာ အုပ်စုမှ ဈေးသည် (၃) ဦးထံမှ အကြောင်းမဲ့ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသူ (၃) ဦးမှာ --

(၁) ဦးမုဖီဇူရာမန် (ဘ) ဦးအဘုလ်ဟူစိန်း (အသက် ၄၈ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀၀/-)
(၂) ဦးဆွေဒူရာမန် (ဘ) ဦးအဘုလ်ဟူစိန်း (အသက် ၄၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၁၅၀၀၀/-)
(၃) ဦးယာကုပ်နော်ဘီ (ဘ) ဦးရှော်ဘိရ်အာမတ် (အသက် ၃၅ နှစ်) – (ညှစ်ခံရသည့် ငွေကျပ် ၁၅၀၀၀/-) -- တို့ဖြစ်သည်။

စ.ရ.ဖ တပ်ဖွဲ့မှ ဦးစည်သူအောင်သည် အဆိုပါ ဈေးသည် (၃) ဦးကို ကြိမ်ချောင်းမှ တမန်းသား ကျေးရွာသို့ ကုန်ပစ္စည်းများ ရောင်းချရန် သယ်ယူသွားသည်ကို အကြောင်းပြ၍ ငွေညှစ်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ထော်လာဂျီဖြင့် တိုက်မိပြီး သေဆုံး ရသည့် ကလေးငယ်



RB News
9.5.2014

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ရခိုင် လူငယ် တစ်ဦး မောင်းနှင် လာသည့် ထော်လာဂျီဖြင့် ၁၀ နှစ် အရွယ် ရိုဟင်ဂျာ ကလေးငယ်ကို တိုက်မိပြီး၊ ကလေးငယ် သေဆုံး ခဲ့ရကြောင်း သတင်း ရရှိပါသည်။

မင်းပြားမြို့နယ်၊ ပန်းမြောင် ကျေးရွာ အုပ်စု၊ ရွာဟောင်း ရပ်ကွက်မှ မောင်နေထွန်းလင်း (ဘ) ဦးကျော်တင် (အသက် ၁၉ နှစ်) သည် မေလ ၈ ရက်နေ့ နေ့လည် ၃း၃၀ နာရီတွင် ၎င်းမောင်းနှင်လာသော ထော်လာဂျီဖြင့် နဂရာ ကျေးရွာ အုပ်စု၊ သရက်အုပ် ကျေးရွာမှ ဆိုက်ဖုလ် အစ္စလာမ် (ဘ) ဦးမာမတ်ဇူလ္လာ (အသက် ၁၀ နှစ်) ကို တိုက်မိခဲ့သည်။ ၁၀ နှစ် အရွယ် ကလေးငယ်သည် ထော်လာဂျီဖြင့် တိုက်မိ၍ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိ၍ သေဆုံးခဲ့ ရကြောင်း သိရှိရပါသည်။

အဆိုပါ ကလေးငယ် သေဆုံးခြင်းနှင့် ပတ်သက်၍ ပန်းမြောင် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လာရောက်ပြီး စစ်ဆေး၍ အမှုဖွင့်ရန် စီစဉ်လျက် ရှိသည်ဟု ကြားသိရသော်လည်း ယခု အချိန်ထိ ရဲတပ်ဖွဲ့များ လာရောက် စစ်ဆေးခြင်းနှင့် ပတ်သက်၍ RB News မှ သီးခြား အတည်ပြုနိုင်သည့် သတင်း မရရှိသေးပါ။




လူ့အခွင့် အရေး ချိုးဖောက် နေမှု အပေါ် မြန်မာ အစိုးရအား ဖိအားပေးရန် အမေရိကန် အောက်လွှတ်တော် အတည်ပြု

O'Laie Manzu
RB News
9.5.2014

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ တွေအပေါ် ညှဉ်းပန်းနှိပ်စက် နေမှုတွေ ချုပ်ငြိမ်း စေဖို့နဲ့ မြန်မာနိုင်ငံ အတွင်း နေထိုင် ကြသော လူမျိုးစု ငယ်တိုင်းနဲ့ ဘာသာကွဲများ အပေါ် အပြည်ပြည် ဆိုင်ရာမှ အသိ အမှတ် ပြုထားတဲ့ လူ့အခွင့် အရေး စံနှုန်းများနှင့် အညီ လေးစား သမှုပြုဖို့ အတွက် မြန်မာ အစိုးရကို တိုက်တွန်းဖို့ တင်သွင်း ခဲ့တဲ့ အဆိုအမှတ် ၄၁၈ ကို မေလ (၇) ရက်နေ့မှာ အမေရိကန် အောက်လွှတ်တော် က ဆုံးဖြတ် အတည်ပြု လိုက်ပါတယ်။

ဒီအဆိုကို မက်စက်ချူး စဆက် ပြည်နယ် မဲဆန္ဒ နယ်မြေ (၂) မှ အောက်လွှတ်တော် အမတ် James McGovern က နိုဝင်ဘာလ ၂၀၁၃ ခုနှစ်မှာ တင်သွင်း ခဲ့တာဖြစ်ပါတယ်။ မတ်လ (၂၅) ရက်နေ့မှာ အောက်လွှတ်တော် နိုင်ငံခြား ရေးရာ ကော်မတီမှာ တင်သွင်း ဆွေးနွေး ခဲ့ကြပြီး ကော်မတီ ဥက္ကဌ ဖြစ်သူ ကယ်လီ ဖိုးနီးယား ပြည်နယ် မှ အောက်လွှတ်တော် အမတ် Ed Royce က ဖြည့်စွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး အောက်လွှတ်တော်မှာ ချပြ ဆွေးနွေးဖို့ အတည်ပြု ခဲ့ပါတယ်။ ဖြည့်စွက်ချက် အတွင်းမှာ ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေ အပေါ် လူ့အခွင့် အရေး ချိုးဖောက် နေမှုတွေ ရပ်တန့်ပေးဖို့ တောင်းဆိုချက်တွေ အပြင် ရိုဟင်ဂျာ လူမျိုး တွေကိုလည်း မြန်မာ တိုင်းရင်းသား အဖြစ် အသိ အမှတ် ပြုပေးဖို့နဲ့ နိုင်ငံသား ဖြစ်တည်ရေး ကိစ္စ ဖြေရှင်းပေးဖို့ တောင်းဆိုချက်လည်း ပါဝင်ပါတယ်။

အောက်လွှတ်တော်မှာ မဆွေးနွေးခင် Democrat ပါတီမှ ကိုယ်စားလှယ် (၃၆) ဦးနဲ့ Republican ပါတီမှ ၁၄ ဦး စုစုပေါင်း (၅၀) ဦးထောက်ခံမှု ရရှိထား ပြီးသား ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံရဲ့ အဓိက နိုင်ငံရေး ပါတီကြီး နှစ်ခုစလုံးက ကိုယ်စားလှယ် ထောက်ခံထား ကြပြီး ကန့်ကွက်မှု မရှိတဲ့ အတွက် လွှတ်တော်ရဲ့ သမရိုးကျ မဲခွဲ ဆုံးဖြတ်မှု တွေကို ကျော်လွန်ပြီး တက်ရောက်သူ ကိုယ်စားလှယ် တွေရဲ့ တခဲနက် ထောက်ခံမှုနဲ့ လွှတ်တော် ဥက္ကဌ က အတည်ပြု ပေးလိုက်တာ ဖြစ်ပါတယ်။

အာရကန် ဒေသရှိ ရိုဟင်ဂျာ လူမျိုးတွေ လူ့အခွင့် အရေး ချိုးဖောက် နေမှုတွေကို တုန့်ပြန်တဲ့ အနေနဲ့ ယခုလို တင်သွင်း ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ် ကျော်လောက် ကလည်း ကရင် လူမျိုးစု တွေနဲ့ မြန်မာ့ တိုင်းရင်းသား လူနည်းစုတွေ အပေါ် လူ့အခွင့် အရေး ချိုးဖောက် နေမှု တွေကို တုန့်ပြန်တဲ့ အနေနဲ့ ယခုလို အလား သဏ္ဍန် တူတဲ့ ဆုံးဖြတ်ချက်မျိုး ပြုလုပ် ခဲ့ပါ သေးတယ်။

ယခင် ဆုံးဖြတ်ချက်နဲ့ ကွာခြားတာ ကတော့ စီးပွားရေး ပိတ်ဆို့မှု အထိ ပြုလုပ်မှာ မဟုတ်ဘဲ သံတမန်ရေး အရ နှစ်နိုင်ငံ အကြား ဆက်ဆံရေး တွေနဲ့ ဖိအားပေး တိုက်တွန်း သွားဖို့ သာဖြစ်ပါတယ်။




MYARF
RB News
7.5.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဘဂုံးနား ကျေးရွာတွင် WFP မှ ဆင်းရဲသား များကို အကူအညီ ပေးရန် စာရင်းကောက်ခံမှု ဟန့်တား ခံရကြောင်း သတင်း ရရှိပါသည်။

မေလ (၆) ရက်နေ့ နေ့လည် ၁၂ နာရီကျော် အချိန်တွင် WFP (ကမ္ဘာ့ စားနပ် ရိက္ခာ အစီအစဉ် အဖွဲ့) မှ ၀န်ထမ်း ဖြစ်သူ ဦးနူရ်အာလမ် (ဘ) ဦးမိရ်ကာဆိမ်သည် ဘူးသီးတောင် မြို့နယ် ဘဂုံးနား ကျေးရွာသို့ သွားရောက်၍ ဆင်းရဲသားများ စာရင်း ကောက်ခံခဲ့ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သည့် ရခိုင် လူမျိုး ဦးမောင်လှသိန်းက ဟန့်တား ခဲ့သောကြောင့် ကောက်ခံ၍ မရဘဲ ပြန်လာခဲ့ရသည်။ ထိုကဲ့သို့ စာရင်းကောက်ခံမှုကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်းက ဟန့်တားခဲ့ခြင်းမှာ ဆင်းရဲသည့် ရိုဟင်ဂျာများ လူမှု အထောက်အပံ့များ မရရှိရန် ဖြစ်သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၁၉၉၀ နှောင်းပိုင်းမှ စ၍ န.စ.က အဖွဲ့ကို စတင် တည်ထောင်ခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာ များ၏ သွားလာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော အရေးများ အားလုံးကို ကန့်သတ်ခဲ့ပြီး အမိုးပွင့် ထောင်ထဲတွင် ထားရှိ ခဲ့သောကြောင့် အများစုမှာ စီးပွားရေး မပြေလည်ဘဲ စားဝတ်နေရေးပါ ခက်ခဲသည့် အနေအထားသို့ ရောက်ခဲ့ရသည်။ နိုင်ငံတကာ အဖွဲ့အစည်း များမှ လူသားချင်း စာနာ၍ အကူအညီ ပေးနေခြင်းကို နိုင်ငံတော် အစိုးရနှင့် ရခိုင်လူမျိုးများက နေ့စဉ်နှင့် အမျှ ကန့်သတ် ချုပ်ချယ်လာပြီး၊ စားဝတ်နေရေး ခက်ခဲ၍ နိုင်ငံတွင်းမှ ထွက်ခွာသွားရန် (သို့မဟုတ်) ငတ်မွတ်မှု ဘေးအန္တရာယ် ကြုံတွေ့ပြီး သေကြေ စေရန် မူဝါဒဖြင့် လုပ်ကိုင် နေသည်ကို လေ့လာ တွေ့ရှိ ရပါသည်။ ယခုအခါ န.စ.က အဖွဲ့ကို ဖျက်သိမ်းလိုက်သော်လည်း နယ်ခြားစောင့်တပ် လုံထိန်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရခိုင်လူမျိုးများက အာဏာကို အလွှဲသုံးစား ပြုလုပ်၍ ဥပဒေမဲ့ ညှဉ်းပန်း နှိပ်စက်မှု ပေါင်းစုံကို ပြုလုပ်လျက် ရှိသည်။




MYARF
RB News
7.5.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် ဆိုင်ကယ် တိုက်ခံရသူကို ယာဉ်ထိန်းရဲက လူမျိုးရေး ခွဲခြားမှုများ ရိုင်းပျစွာ ပြောဆိုပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၅) ရက်နေ့ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် အလယ်ချောင်း ကျေးရွာမှ ဦးအနိုဝါရ် (ဘ) ဦးရှော်ဘီရာမန်သည် ဘူးသီးတောင်မြို့ပေါ်မှ ဆိုင်ကယ်ဖြင့် အိမ်ပြန် နေစဉ် ကကျက်ဘက် ကံပြင် ကျေးရွာရှိ သစ်တော ရေးရာ ဦးစီးဌာန ရုံးရှေ့သို့ ရောက်သည့် အခါ ရခိုင် လူမျိုး တစ်ဦးက စီးနင်းလာသည့် ဆိုင်ကယ်ဖြင့် ၎င်းကို ၀င်တိုက် ခဲ့သည်။

ရခိုင်လူမျိုးက ဆိုင်ကယ်ဖြင့် ၀င်တိုက်ခဲ့သော်လည်း ယာဉ်ထိန်းရဲ ဖြစ်သူ ဦးသန်းရွှေက ဦးအနိုဝါရ်ကိုသာ ဖမ်းဆီး ခဲ့သည်။ ဦးအနိုဝါရ်က မိမိက တိုက်ခဲ့ခြင်း မဟုတ်ကြောင်း၊ မိမိကသာ ဆိုင်ကယ်ဖြင့် တိုက်ခြင်း ခံရသူ ဖြစ်ကြောင်း ရှင်းပြသော်လည်း ယာဉ်ထိန်းရဲ ဦးသန်းရွှေက “ဘယ်သူဘဲ တိုက်တိုက် မင်းကိုဘဲ အပြစ်ပေးရမယ်၊ ဘာကြောင့်လဲ ဆိုတော့ မင်းက ကုလား၊ သူက တိုင်းရင်းသား ဖြစ်လို့” ဟု ရိုင်းပျစွာ လူမျိုးရေး ခွဲခြား ပြောဆိုပြီး၊ ဆိုင်ကယ် တိုက်ခံရသူ ဦးအနိုဝါရ် ထံမှ ငွေကျပ် ၇၀၀၀၀/- (ခုနှစ်သောင်း) ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra.


7.5.2014

ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra နဲ့ အစိုးရအဖွဲ့ဝင် တော်တော် များများကို ရာထူးက ဆင်းပေးဖို့ အခြေခံ ဥပဒေ တရားရုံးက ဆုံးဖြတ် ခဲ့ပြီးနောက် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး Niwatthamrong Boonsongphaisan ကို ယာယီ ၀န်ကြီးချုပ် အဖြစ် ခန့်အပ် လိုက်ပါတယ်။

ဘန်ကောက် မြို့မှာရှိတဲ့ တရားရုံး ကတော့ ၂၀၁၁ ခုနှစ်မှာတုန်းက အမျိုးသား လုံခြုံရေး ဌာန အကြီး အကဲကို ရာထူး ပြောင်းရွှေ့ရာမှာ ၀န်ကြီးချုပ်ဟာ နည်းမှန် လမ်းမှန် မလုပ်ခဲ့တဲ့ အတွက် ရာထူးက ဆင်းပေးဖို့ ဒီကနေ့ပဲ တခဲနက် ဆုံးဖြတ် လိုက်တာပါ။

“၀န်ကြီးချုပ် ရာထူးကို သုံးပြီး သူနဲ့ တခြားသူတွေ ကိုယ်ကျိုး စီးပွား အတွက် အစိုးရ တာဝန်ရှိသူ တဦးကို အပြောင်းအရွှေ့ လုပ်ခဲ့တာဟာ အခြေခံဥပဒေ ပြဌာန်းချက်တွေကို ချိုးဖောက်ရာ ရောက်ခဲ့တယ်။ ဒီအတွက်လည်း တာဝန်တွေ ဆက်လက် ထမ်းဆောင်ခွင့် မရှိတော့တဲ့အကြောင်း တရားသူကြီးက ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။”

တရားရုံး ဆုံးဖြတ်ချက် အပြီး ပြုလုပ်တဲ့ ၀န်ကြီးချုပ်ရဲ့ မိန့်ခွန်းမှာတော့ သူ့အစိုးရအနေနဲ့ မှန်မှန် ကန်ကန်သာ ဆောင်ရွက် ခဲ့တဲ့ အကြောင်း ပြော ဆိုသွားပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ထိုင်းနိုင်ငံမှာ ကြုံနေရတဲ့ နိုင်ငံရေး ပြဿနာတွေလည်း ပိုမို နက်ရှိုင်းလာပါတယ်။

ဝန်ကြီးချုပ်တွေကို ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော်က ရွေးချယ်လေ့ရှိပေ မဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အနေနဲ့ ရွေးကောက်ပွဲတွေ ကြိုတင်ကျင်းပဖို့ တိုက်တွန်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ၀န်ကြီးချုပ်က အောက် လွှတ်တော်ကို ဖျက်သိမ်းထားတာပါ။

ဝန်ကြီးချုပ်ကို ထောက်ခံသူ တွေကတော့ တရားရုံး ဆုံးဖြတ်ချက်ဟာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါဝင် နေတယ်လို့ ပြောပါတယ်။ ၀န်ကြီးချုပ် ယင်းလတ်ကို ရာထူးက ဖယ်ရှားခဲ့ရင် ဆန္ဒပြ ကန့်ကွက်မယ် လို့လည်း ခြိမ်းခြောက် ထားတဲ့ အတွက် နိုင်ငံရေး အရ သွေးထွက် သံယို ပဋိပက္ခတွေ ပေါ်ပေါက် လာမှာကို စိုးရိမ် နေကြပါတယ်။

ရခိုင် ပြည်နယ် စစ်တွေမြို့ အနီးက ဘုမေ မူဆလင် ရွာမှာ သန်းခေါင် စာရင်း ကောက်ယူ နေစဉ်


ကိုစည်သူ
7.5.2014

ရခိုင် ပြည်နယ် အတွင်း ဘင်္ဂါလီတွေ နေထိုင်ရာ ဒေသနဲ့ ကချင် ပြည်နယ် အတွင်း ကျေးရွာတွေမှာ သန်းခေါင် စာရင်း ကောက်ခံရေး နှောင့်နှေး ကြန့်ကြာ နေတဲ့ အတွက် အဲဒီ ဒေသတွေမှာ အပြီးသတ် ကောက်ခံနိုင်ရေး မေလ ကုန်လောက် အထိ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်တဲ့ အကြောင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော်ရုံးမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောလိုက် ပါတယ်။

သူ့အဆို ဘင်္ဂါလီတွေ နေထိုင်ရာ ဒေသတွေ အတွင်း သန်းခေါင် စာရင်း ကောက်ခံ နိုင်ရေး အတွက် အောက်ခြေ အဆင့် ဒေသခံ ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ဘူး လို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ ဦးခင်ရီက ပြောပါတယ်။

“Friday မှာ ကျနော် ရခိုင်ပြည်နယ်ကို ထပ်ပြီးတော့ သွားပါမယ်။ အခြား ကိစ္စတွေ လုပ်ရင်းနဲ့ ကျနော် ပြောသွား ပါမယ်။ ပြီးလို့ရှိရင် ကျနော် ဒီလထဲမှာပဲ တခေါက် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ အသီးသီးနဲ့ ဒီစာရင်း ပြန်ကောက် နိုင်အောင် ကျနော် ကြိုးစား ဆောင်ရွက် ပေးပါမယ်။ ကျနော်တို့ရဲ့ Technical Delay အရ ရပ်ပြီးတဲ့ အချိန်ကစပြီး ၆ ပတ် သို့မဟုတ် ၈ ပတ် ကောက်လို့ရတာ ဖြစ်တဲ့ အတွက်ကြောင့် ကျနော် မေလ နောက်ဆုံးရက် အထိ ကြိုးစား ဆောင်ရွက် သွားဖို့ ရှိပါတယ်။ အဲ့ဒီရက်ကိုမှ ကျနော်တို့ ကောက်လို့ မရရင်တော့ ဒီလုပ်ငန်းက ရပ်တန့်ရမှာ ဖြစ်ပါတယ်လို့ ကျနော့်အနေနဲ့ တင်ပြချင် ပါတယ်။ ကျနော်တို့ ကြိုးစားပြီးတော့ Census ရဲ့ တကယ့် အနှစ်သာရကို ကျနော် ရှင်းပြပါမယ်။ ရိုဟင်ဂျာ ဆိုတာ ကျနော်တို့ နိုင်ငံမှာ ကန့်ကွက် ထားတာ ဖြစ်တဲ့ အတွက်ကြောင့် ရိုဟင်ဂျာရဲ့ ရပ်တည်ချက်ကို ကျနော်တို့ တောင်းမှာ မဟုတ်ပါဘူး။ တဘက် ကလည်း ဘင်္ဂါလီလို့ ပြောရမှာ ခက်တယ်ဆိုရင် ဘင်္ဂါလီ လို့လည်း မပြောနဲ့၊ ဒီဘက် ကလည်း ရိုဟင်ဂျာလို့ မပြောနဲ့။ Ethnicity ကို မေးရင် မဖြေတဲ့ နည်းနဲ့ လက်ခံ ပေးမယ် ဆိုရင်လည်း ကောက်ယူ မယ်လို့ ကျနော်တို့ ကြိုတင် ကြေညာပြီးတော့ ကောက်ယူ သွားမှာ ဖြစ်ပါကြောင်း ဖြေကြား လိုပါတယ်။”

လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ ဖြစ်ပါတယ်။

ကချင် ဒေသ အတွင်း ကျန်နေသေးတဲ့ ကျေးရွာ ၂၅ ရွာမှာ သန်းခေါင်စာရင်း ဆက်လက် ကောက်ခံ နိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ဖို့ KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ ခေါင်းဆောင်တွေကို တောင်းဆို ထားတယ်လို့လည်း ဦးခင်ရီက ရှင်းပြပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အကြိမ် သန်းခေါင် စာရင်းကို ဧပြီလဆန်းက ကောက်ခံ ခဲ့တာ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ် အတွင်း သန်းခေါင် စာရင်း ကောက်ခံတာမှာ ရိုဟင်ဂျာကို လူမျိုး တမျိုး အဖြစ် အသိ အမှတ်ပြု ကောက်ခံမှာ မဟုတ်တဲ့ အကြောင်း မြန်မာ အစိုးရဘက်က ပြောဆိုချက်နဲ့ ပတ်သက် လို့လည်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နဲ့ နိုင်ငံတကာက ဒီကိစ္စ အပေါ်မှာ စိုးရိမ်တဲ့ အကြောင်းလည်း ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

ထိုင်း ၀န်ကြီးချုပ် Yingluck Shinawatra ဘန်ကောက် ဖွဲ့စည်းပုံ တရားရုံးကို ရောက်ရှိ လာစဉ် (၆ မေ ၂၀၁၄)


6.5.2014

ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်န၀ပ်အပေါ် အလွဲသုံးစားမှုနဲ့ စွဲဆိုထားတဲ့ကိစ္စကို ဗုဒ္ဓဟူးနေ့မှာ စီရင်ချက်ချမယ်လို့ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးက ပြော ကြားလိုက်ပါတယ်။

ပြစ်မှု ထင်ရှား စီရင် ခံရရင် ရာထူးက ဖယ်ရှားခြင်း ခံရဖွယ်ရှိတဲ့ ၀န်ကြီးချုပ် ယင်းလတ်က တရားသူကြီးကို အကြွင်းမဲ့ လေးစား ပါကြောင်း၊ သူ့အပေါ် စွဲဆို ထားချက်တွေ အားလုံးကို ငြင်းဆန် ပါကြောင်း ပြောကြား သွားခဲ့ ပါတယ်။

စွဲချက်တွေဟာ ၂၀၁၁ ခုနှစ်တုန်းက အမျိုးသား လုံခြုံရေး အကြီးအကဲ ရာထူးကို သူကိုယ်တိုင် ရယူ ခဲ့တာနဲ့ ဆက်စပ်နေပြီး ဒါဟာ သူမရဲ့ ဖွေထိုင်း ပါတီ အကျိုး အတွက် ဖွဲ့စည်းပုံနဲ့ ဆန့်ကျင် ရယူ ခဲ့တာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုကြ ပါတယ်။ ထိုင်းအဂတိ တိုက်ဖျက်ရေး ကော်မတီ ကလည်း အစိုးရ ဆန်ဝယ် ယူတဲ့ စီမံကိန်း အတွက် ဒါဟာ အလာဟသ ဖြုန်းတီးမှုနဲ့ အလွဲသုံးစားမှု ဖြစ်တယ်လို့ စွဲဆိုထား ပါတယ်။

ဝန်ကြီးချုပ် ယင်းလတ်ဟာ ဆန့်ကျင်သူ တွေရဲ့ လနဲ့ချီ ကန့်ကွက်မှု တွေကို ကြံ့ကြံ့ ခံနိုင်ခဲ့ပြီး၊ ယခုအခါ တရား စွဲဆိုမှု တွေနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။ တရားရုံးက သူ့ကို ပြစ်ဒဏ် ချလိုက် ရင်တော့ သူ့ကို ထောက်ခံသူ တွေက လမ်းပေါ် ထွက်မယ်လို့ ခြိမ်းခြောက် ထားတဲ့ အတွက် အကြမ်းဖက်မှုတွေ ပေါ်ပေါက် လာနိုင်ပါတယ်။
စစ်တပ်က လူမဆန်စွာ ရိုက်နှက်မှုကြောင့် သေဆုံး ခဲ့ရသည့် မိုဟာမတ် အီနုစ်


MYARF & Rohingya Eye
RB News
6.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ အပြစ်မဲ့ ရိုဟင်ဂျာ တစ်ဦးကို စစ်တပ်မှ ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်မှုကြောင့် သေဆုံး ခဲ့ရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာမှ မိုဟာမတ်အီနုစ် (ဘ) ဦးမိုဟာမတ် ဟာရှင်မ် (အသက် ၃၀ နှစ်) ကို မောင်တောမြို့နယ် အခြေစိုက် အမှတ် (၃၅၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ကျော်ဇင်ထွန်း ဦးဆောင်သည့် အဖွဲ့က မေလ (၄) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ သေနတ် တစ်လက် ယူဆောင်လာသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ မိုဟာမတ် အီနုစ်ကို မြို့မ ကညင်တန်းရှိ အထက်တန်းကျောင်းတွင် ချုပ်နှောင်ထားခဲ့ပြီး၊ လူမဆန်စွာ ရိုက်နှက်ခဲ့ရာ ခေါင်းကွဲ၊ ခြေလက် မလှုပ်ရှားနိုင်သည့် အထိ ဖြစ်လာသဖြင့် မေလ (၅) ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် မောင်တော ရဲစခန်းသို့ လွှဲပြောင်း ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရဲစခန်းသို့ ရောက်သည့် အခါ ရဲများက ထပ်မံ၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့သဖြင့် သေလုမျောပါး ဖြစ်ခဲ့ရပြီးနောက် ယင်းနေ့ ညနေ (၅) နာရီ အချိန်တွင် ရဲများက ဆိုက်ကား တစ်စီးဖြင့် ၎င်း၏ နေအိမ်သို့ ပို့ပေးခဲ့ကြောင်း သိရှိရသည်။

မိုဟာမတ် အီနုစ်သည် နေအိမ်သို့ ပြန်ရောက်ပြီး မေလ (၆) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် ကွယ်လွန် သွားခဲ့သည်။ ၎င်းသည် ယာဉ်မောင်း အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ် နေသူ ဖြစ်ပြီး၊ စစ်တပ်မှ ၎င်း၏ နေအိမ်ကို ရှာဖွေစဉ် သေနတ် မတွေ့ခဲ့သော်လည်း ဖမ်းဆီး၍ သေသည် အထိ ညှဉ်းပန်း နှိပ်စက် ခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးသည့် အချိန်တွင် ကျေးရွာမှ တာဝန်ရှိသူများ မပါဝင်ဘဲ စစ်တပ်က လုပ်ထုံးလုပ်နည်း အတိုင်း မပြုလုပ်ဘဲ ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်သည်။

မိုဟာမတ်အီနုစ် သေဆုံးခြင်းနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူမှာ ဗိုလ်မှူး ကျော်ဇင်ထွန်း ဖြစ်ပြီး၊ သေဆုံး သွားသည်ကို သိသော်လည်း မိသားစုများကို လာရောက် တောင်းပန်ခြင်း မရှိကြောင်း သိရှိရသည်။ ယခုကဲ့သို့ မတရား သဖြင့် သေသည် အထိ ရိုက်နှက်ခြင်း အတွက် မိသားစုများနှင့် ဒေသခံများက မကျေနပ်သော်လည်း ဥပဒေက ရိုဟင်ဂျာများကို ကာကွယ် မပေးသဖြင့် ဥပဒေအရ တရားမျှတမှုကို မျှော်လင့်၍ မရဖြစ်နေသည်ဟု ဆိုသည်။

မောင်သမာဓိ
RB News
6.5.2014

လူမျိုးရေး ပဋိပက္ခများ၊ မီဒီယာ လွတ်လပ်ခွင့်၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ဖွဲ့စည်းပုံပါ နိုင်ငံတော် အခြေခံမူ

(၁) စာနယ်ဇင်း လွတ်လပ်ခွင့်ရပြီ။

မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် ပေမီ ဒေါက်မီ ရနေပြီဟု ယုံကြည်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဧပြီလ ၃၀ ရက်နေ့က မဇ္ဈိမကို ပြောသည်ဟု ၂၀၁၄ ခုနှစ် မေလ ၁ ရက်နေ့ထုတ် Mizzima Daily သတင်းစာတွင် ရေသား ဖေါ်ပြထားသည်ကို ဖတ်လိုက်ရပါသည်။

ထို့ကြောင့် စာနယ်ဇင်းကောင်စီမှ ဦးဇော်သက်ထွေးမှ သတင်းလွတ်လပ်ခွင့်က ပေမီ ဒေါက်မီ ရှိနေပြီ ဆိုတာ ဘယ်ပေတံနဲ့ တိုင်းတာပါသလဲဟု မေးခွန်းထုတ်လိုက်ပါသည်။

(၂) အစွန်းရောက် မီဒီယာနှင့် အစွန်းရောက် တရားစီရင်ရေး မဏ္ဍိုင်

ဖွဲ့စည်းပုံက အသိအမှတ် ပြုထားသော ဘာသာတစ်ခုနှင့် တစ်ခုအကြား အမုန်းတရား စကား (Hate Speech) နှင့် ခွဲခြား ဆက်ဆံသော အသုံးအနှုံးများကို သတင်းစာနှင့် စာနယ်ဇင်းများတွင် အရေးယူမှုမရှိဘဲ လွတ်လပ်စွာ ထုတ်ဖေါ် ရေးသားခွင့် ရှိနေချိန်တွင် မြို့နယ် ပညာရေးမှူးရုံးတစ်ခုတွင် ရုံးချိန်အတွင်း သတင်း သွားယူသော DVB သတင်းထောက် ကိုဇော်ဖေတစ်ယောက် ပိုင်နက်ကျူးလွန်မှုနှင့် တရားဆွဲ ခံရကာ ထောင် ဒဏ် အပြစ်ပေး ခံရလေသည်။

မန္တလေးဝန်ကြီးချုပ် အိမ်မီးလောင်မှုတွင် အိမ်ထောင်ဦးစီး တစ်ယောက်ကိုသာ တရားစွဲသော်လည်း ၄၈ လမ်းကျောင်း မီးလောင်မှုတွင် လူနှစ်ဦးကို တရားစွဲပြီး နှစ်ဦးစလုံးကို ၈ နှစ်စီ ထောင်ဒဏ် ချမှတ်လေသည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တည့်မတ်၍ မရနိုင်တော့သော တရားစီရင်ရေး မဏ္ဍိုင်အဖြစ်သို့ ရောက်မှန်းမသိ ရောက်သွား ပေတော့သည်။

(၃) နှုတ်က ငြင်းသော်လည်း လုပ်ရပ်က ဝန်ခံ။

အဓမ္မလုပ်အားပေး ခိုင်းစေမှု မရှိပါဟု အစဉ်တစိုက် ငြင်းခဲ့ပေမဲ့ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းမှ ကာ ကွယ်ပေးသည့် ဥပဒေကို ပြဌာန်းပေးခဲ့ရသည့် အပြင် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းကို စောင့်ကြည့်သော ILO ရုံးတစ်ခုကို Trader Hotel တွင် ဖွင့်ခွင့် ပြုခဲ့ရလေ၏။

နိုင်ငံရေး အကျဉ်းသားမရှိပါဟု အင်ဒိုနီးရှားနိုင်ငံတွင် သမ္မကြီးဦးသိန်းစိန် ငြင်းဆန်ခဲ့သော်လည်း ယ္ခုအခါ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဖွဲ့ကာ နိုင်ငံရေး အကျဉ်းသား စာရင်းကို ပြုစုစေ၏။

ကလေးစစ်သား မရှိပါဟု တောက်လျှောက်ငြင်းဆန်လာခဲ့သော်လည်း ကလေးစစ်သားများကို မိဘ များထံ ပြန်အပ်သည့် အခန်းအနားများကို စစ်ဌာနချုပ်များတွင် အဆက်မပြတ် ကျင်းပပေးနေရလေ၏။

မြန်မာပြည်တွင် ရိုဟင်ဂျာ မရှိပါဟု အစဉ်တစိုက် ငြင်းနေရာက ထူးခြားသော စကားတစ်ချို့ကို ဧပြီလ ၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ပါရှိသော မျိုးမြင့်သောင်း ရေးသည့် သတင်းဆောင်းပါးတွင် ဖတ်လိုက်ရပါ သည်။ မြန်မာ့ သမိုင်းကို လေ့လာကြည့်ပါတယ် ဆိုတဲ့ ဦးရဲထွဋ်က ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရ ဟာ ၁၉၄၆ ခုနှစ် ကနေ ၁၉၅၀ ကျော်နှစ်တွေအထိ ဖြစ်ပေါ်ခဲ့တဲ့ မူဂျာဟစ် ခွဲထွက်ရေး လှုပ်ရှားမှုတွေကတဆင့် စတင် ပေါ်ပေါက်ခဲ့ပေမဲ့ လက်ရှိ ဘင်္ဂါလီတွေဟာ ဗြိတိသျှကိုလိုနီ လက်ထက် ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း ကောက်စဉ်ကပင် ရှိနေခဲ့တယ် လို့ ဆိုတယ်ခင်ဗျာ့။

ကျွန်တော် စဉ်းစားလို့ မရတာက မြန်မာပြည်ရဲ့ လက်ရှိတည်ဆဲ နိုင်ငံသားပြုမှု ဥပဒေဟာ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာလား၊ လွန်ခဲ့ နှစ်ပေါင်း ၈၀ ကျော်ကတည်းက နေထိုင်ခဲ့ ကြောင်း သေချာနေတဲ့ လူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာလားဆိုတဲ့ အချက်ပါဘဲ။

ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ဗဒုံမင်းခေါ် ဘိုးတော် ဘုရား (ဦးဝိုင်း) ရခိုင်ကို သိမ်းပိုက်ခဲ့တဲ့ သမိုင်းနဲ့ ၁၈၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Dr. Francis Buchanan ရဲ့ မြန်မာ တိုင်းရင်းသားတွေ အကြောင်းကို ရေး သားထားတဲ့ စာအုပ်တွေကို ဖတ်ပြီးရင်တော့ ဦးရဲထွဋ် အပါအဝင် မြန်မာ အစိုးရ အဖွဲ့ဝင်တွေရဲ့ ရိုဟင်ဂျာ ပေါ် အမြင်ဟာ ကြိမ်းသေ ပြောင်းလဲ သွားပါ လိမ့်မယ်။ မှန်နန်းရာဇဝင် ကိုရေးသားခဲ့တဲ့ပညာရှင် နာမည်ကိုက ဦးကုလား တဲ့ဗျာ။ ကဲ.. မြန်မာပြည်မှာ ကုလား မရှိဘူးလို့ ငြင်းဦးမလား။

(၄) ရေငုတ်၍ အလေးစွန့်သလိုပ။

အောက်ပြည် အောက်ရွာတွင် သား အမိ နှစ်ဦးရှိလေသည်။ တစ်ဦးတည်းသော သား ဖြစ်သူသည် အ ရက်သေစာကို မိဘမသိအောင် ခိုးသောက်ရုံသာမက တစ်ခုလပ် အမျိုးသမီး တစ်ဦးနှင့် တိတ်တိတ်ပုံး ချစ်ကြိုး ဝင်နေသည်ကို ကြားသိရသော မိခင်ဖြစ်သူက သားကို မသင့်တော်ကြောင်း ဆုံးမရာ သားဖြစ် သူက အမေ့ကို သတင်းပေးသူများသည် မိမိကို မလိုမုန်းထား ရှိသူများသာဖြစ်ပြီး ထိုသတင်း များသည်လည်း ကောလဟာလ များသာ ဖြစ်ကြောင်း ဖြေကြားလေသည်။

ထိုအခါ မိခင်လုပ်သူမှ သားဖြစ်သူကို ပြောလိုက်သည့် စကားမှာ မှတ်သားလောက်သည်သာမက လက်ရှိ အစိုးရနှင့် ပြန်ကြားရေး ဝန်ကြီးဌာနကို စောင်းပြောလေသလားဟု ထင်လိုက်မိပါသည်။

ဒီမှာငါ့သား မင်းရဲ့လုပ်ရပ်က ချောင်းထဲမှာ ရေဆင်းချိုးတဲ့အခါ သူများ မသိအောင် ရေငုတ်ပြီး ချေး (ချီး) ယိုတဲ့ သူလိုဘဲ၊ နင်ပြန်မပေါ်သေးဘူး နင် ယိုလိုက်တဲ့ ချီးတုံးက နင့်ထက်အရင် ပေါ်လော ပေါ်နေပြီ ဟူ၏။

(၅) လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် အခြေခံမူတွေနဲ့ ဆက်စပ် စဉ်းစားဖို့လို။

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုံးဟာ အခုအချိန်မှာ သာမန်ပြဿနာ တစ်ရပ်အနေနဲ့ မှတ်ယူလို့ မရတော့ဘဲ နိုင်ငံလုံခြုံရေးနဲ့ အမျိုးသားရေးဆိုင်ရာ ပြဿနာအဖြစ် ကူးပြောင်းရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီပြဿနာမျိုး ဟာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်ဆိုတဲ့ ရှုထောင့်တစ်ခုတည်းက ကြည့်လို့မရဘဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် အခြေခံမူတွေနဲ့ ဆက်စပ်ထည့်သွင်းစဉ်းစားရတဲ့ လုပ်ငန်းစဉ်လို့ ရှုမြင်ဖို့လိုတယ်ဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ပြောကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၀ တွင် ကလောင်ရှင် မျိုးမြင့် သောင်းက ဆောင်းပါး အဖွင့် ရေးသားထားပါသည်။


ဦးရဲထွဋ်ကို တစ်ခု မေးချင်ပါသည်။ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် (Freedom of expression) ရှိသည်ဟု ဆိုကာ OIC ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုတွင် သားဖေါက်နှုန်းမြန် အစ္စလာမ်၊ တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြဆိုသော စားတန်းကို သံဃာတော်များ ကိုင်ဆွဲကာ ဆန္ဒပြကြတာကိုရော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ လွတ်လပ်စွာကိုးကွယ် ခွင့် ရှိသည်ဆိုတဲ့ ဒါမှမဟုတ် လူမျိုးရေး ဘာသာရေး လှုံ့ဆော်မှုများသည် ဤ အခြေခံမူနှင့် ဆန့်ကျင်သည်ဆိုတဲ့၊ နိုင်ငံတော် အခြေခံမူ တွေနဲ့ ဆက်စပ်ထည့်သွင်းစဉ်းစားရတဲ့ လုပ်ငန်းစဉ်လို့ မရှုမြင်ဘူးလားခင်ဗျာ။

(၆) လူမပေါ်ခင် ချေးတုံး အရင်ပေါ်ပြီ။

၂၀၁၄ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၀ တွင် ရခိုင်ပြည်နယ်အတွင်း သန်းကောင်စာရင်းကောက်ယူရာတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်နေသည့် ဘင်္ဂါလီလူများကို တွေ့မြင်ရစဉ် ဟူသော အောက်ခြေ စာတမ်းပါ ဓါတ်ပုံများနှင့်တကွ ကလောင်အမည် မျိုးမြင့်သောင်း အမည်ဖြင့် ဆောင်းပါး တစ်စောင်ပါရှိခဲ့ပါသည်။



ဓါတ်ပုံများတွင် အိမ်သူ အိမ်သားများ၏ မျက်နှာကို မမှတ်မိအောင် ဖျက်ထားသော်လည်း စာရင်း ကောက်သူများ၏ မျက်နှာများကိုမူ ဖျက်ထားခြင်းမရှိဘဲ မူလအတိုင်း ထည့်သွင်းထားလေသည်။

ပထမ ဓါတ်ပုံသည် ရခိုင်ပြည်နယ်တွင် ရိုက်ယူထားခြင်းမဟုတ်ဘဲ၊ အမှတ် ၂၂၀ (မြေညီ) လမ်း ၄၀ အလယ်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တွင် တည်ရှိသော အပ်စမာ (Asmah) ခရီးသွား ကုမ္ပဏီ အခန်းသာ ဖြစ်ကြောင်း မှတ်မိသူများက ပြောကြပါသည်။

(၇) မျက်မြင် သက်သေ အရေးကြီး။

ထိုနေ့က လမ်း ၄၀ အလယ်လမ်းရှိ ထိုကုမ္ပဏီ အခန်းကို အရင်ဆုံး စာရင်းကောက်ယူခြင်းဖြစ်ပြီး အိမ်ရှင်မှလည်း စားရင်း ကောက် အဖွဲ့ကို အစားအသောက်များဖြင့် ကောင်းမွန်စွာ ဧည့်ခံသည်ဟု မျက်မြင် သက်သေ များက အတိအလင်း ဆို၏။

ထိုသတင်းဓါတ်ပုံ ပါပြီးနောက်တနေ့ အထက်ပါ အိမ်ရှင်မှ လမ်းထဲသို့ သန်းကောင်စာရင်း ကောက်ရန် ဝင်လာသော ဓါတ်ပုံပါ ဆရာမကို လှမ်းခေါ်၍ တစ်စုံတစ်ရာ စောတက (Complaint) တက်ရာ ဤကိစ္စများ သည် မိမိနှင့် မဆိုင်ကြောင်း၊ သိလည်းမသိကြောင်း ပြောဆို၊ လက်ကာပြကာ ထွက်ခွာသွားကြောင်း မျက်မြင် သက်သေများက အခိုင်အမာ ဆိုကြ၏။

(၈) လူမျိုးရေး ပဋိက္ခ နောက်ကွယ်မှ တာဝန်ရှိသူ။

ဤကဲ့သို့ ရည်ရွယ်ချက်ရှိရှိ သတင်းမှား တင်ပြမှုသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ခေါင်းရှောင်နိုင်ပေမဲ့ ပြည်သူများကို သတင်းမှားပေးကာ အစိုးရသတင်းစာတွင် ဝါဒဖြန့်ခြင်းအတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှာသာ တာဝန်အရှိဆုံး ဖြစ်ပါလိမ့်မည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းခေတ်ကလည်း တောင်ကုတ် ပြဿနာနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ရာတွင် အကြမ်းဖက် သတ်ဖြတ်ခံရသော ပြည်ထောင်စုသား မွတ်ဆလင်များ ကိုခွဲခြား ဆက်ဆံသည့် စကားလုံးဖြစ်သော ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များ ဟူ၍၎င်း၊ ခိုးဝင်သူများအဖြစ် ပုံဖေါ်ရန် မွတ်ဆလင် ကုလားများ ဟူ၍၎င်း သုံးနှုံးခဲ့ဘူးရာ ဝန်ကြီးပြောင်းသော်လည်း မူဝါဒမှာ မပြောင်း လဲသေးကြောင်း သတိပြုမိ ပါသည်။

မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် ပေမီ ဒေါက်မီ ရနေပြီဟု ယုံကြည် ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောခြင်းသည်ဤကဲ့သို့ အစိုးရအာဘော် သတင်းစာများတွင် သတင်းမှားများကို မီဒီယာကျင့်ဝတ်နှင့် လွတ်ကင်းစွာ ရေးသားခွင့် ရနေသည်ကို ဆိုလိုခြင်းပေလောဟု စေ့ငုနေမိပါတော့သည်။




MYARF
RB News
5.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ ရိုဟင်ဂျာ တစ်ဦး၏ ပုဇွန်ကန်မှ ဂဏန်းများကို န.တ.လ ရွာသားများ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၃) ရက်နေ့တွင် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ န.တ.လ ရွာသား (၁၀၀) ကျော်တို့သည် ကျီးကျွန်းရှိ ဗျူဟာပိုင် ပုဇွန်ကန်ကို ငှားရမ်း၍ လုပ်ကိုင်နေသော ဦးနူရ်လာမီးန်၏ ပုဇွန်ကန်တွင် မွေးမြူထားသည့် ဂဏန်းများကို လုယက်ခဲ့ကြသည်။ ဦးနူရ်လာမီးန်နှင့် ပုဇွန်ကန် လုပ်သားများက ဟန့်တားသော အခါ န.တ.လ ရွာသားများက တုတ်၊ ဓါးများဖြင့် အကြမ်းဖက် တိုက်ခိုက်သဖြင့် ပုဇွန်ကန်ကို ထား၍ ထွက်ပြေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးနူရ်လာမီးန်က ကျီးကျွန်းရှိ လုံထိန်း စခန်းသို့ သွားရောက် တိုင်တန်း ခဲ့သော်လည်း ကင်းစခန်းမှူက လုံထိန်း တပ်ရင်းမှူးထံ တိုင်ကြားရန် ပြောသဖြင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အခြေစိုက် လုံထိန်း တပ်ရင်းသို့ သွားရောက်ပြီး တပ်ရင်းမှူးကို တိုင်ကြားသော်လည်း တပ်ရင်းမှူးက န.တ.လ ရွာသားများ လုပ်သည့် အတွက် မိမိအနေဖြင့် ဘာမှ မတတ်နိုင်ကြောင်း၊ အထက် လူကြီးကို တင်ပြမည်ဟု ဦးနူရ်လာမီးန် စိတ်ကျေနပ်အောင် ပြော၍ ပြန်လွှတ် လိုက်ကြောင်း သိရှိရပါသည်။

န.တ.လ ရွာများမှာ န.စ.က စတင် တည်ထောင်ပြီး ပြည်မမှ ပြစ်မှုကြီးများဖြင့် ထောင်ကျ နေသည့် အကျဉ်းသားများကို ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင်သို့ ပို့ပြီး ဒေသခံ ရိုဟင်ဂျာများ၏ လယ်ယာမြေများ၊ ပိုင်ဆိုင်မှု များကို အတင်း အဓမ္မ သိမ်းဆည်းပြီး ရွာများ တည်ထောင် ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ခန်မတွင် ပြုလုပ်သော ပြည်ထောင်စုသား မွတ်စလင်မ်များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေး သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ – ဟိန်းထက် / ဧရာဝတီ)


သူဇာ
5.5.2014

မြန်မာ တနိုင်ငံလုံးရှိ မွတ်စလင်များ ပါဝင်သည့် ပြည်လုံးကျွတ် ညီလာခံ တခုကို လာမည့် စက်တင်ဘာလ မတိုင်ခင် ကျင်းပ သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေး ကော်မတီက ပြောသည်။

ညီလာခံ ကျင်းပရေး ကော်မတီ ဒုတိယ ဥက္ကဌ ဒေါက်တာမြင့်သိန်းက “ အစ္စလာမ် ကိုးကွယ်သူ အားလုံးကို မွတ်စလင်လို့ ခေါ်ပါတယ်။ ဒီညီလာခံဟာ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ မွတ်စလင်များ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ တနိုင်ငံလုံး အပါအ၀င် ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ အစ္စလာမ် ကိုးကွယ်သူများဟာ ရိုဟင်ဂျာ ဖြစ်ပါစေ၊ ဘင်္ဂါလီ ဖြစ်ပါစေ၊ ရခိုင် စစ်စစ် ဖြစ်ပါစေ၊ ကမန် လူမျိုးပဲ ဖြစ်ပါစေ အခြား လူမျိုးတွေပဲ ဖြစ်ပါစေ၊ အဲဒီ ညီလာခံကြီးဟာ သူတို့တွေနဲ့ အကြုံးဝင် ပါတယ်။ သူတို့ရဲ့ အရေးကိစ္စတွေကို တင်ပြခွင့် ရှိပါတယ်။ အဲဒီ တင်ပြလာတဲ့ အချက်တွေကို ဥပဒေဘောင်ထဲက ကျနော်တို့ ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယင်းညီလာခံ၏ ဦးတည်ချက်တွင် မွတ်စလင်များ အနေဖြင့် ပြည်ထောင်စု သားများ၏ တာဝန်ကို တန်းတူရည်တူ အပြည့်အ၀ ထမ်းဆောင်ခွင့် ရရှိရေးနှင့် အခွင့်အရေးကို တန်းတူရည်တူ အပြည့်အ၀ ခံစား ရရှိရေး၊ သာသနာရေးတွင် တန်းတူရည်တူ အပြည့်အ၀ ယုံကြည် ကိုးကွယ်ခွင့် ရရှိရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများတွင် တန်းတူရည်တူ အပြည့်အ၀ ရရှိရေး၊ လူနည်းစု အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးတို့ ဖြစ်ကြောင်း ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံကျင်းပရေး ကော်မတီ၏ ကြေညာ စာတမ်းတွင် ဖော်ပြ ထားသည်။

အဆိုပါ ညီလာခံ ကျင်းပနိုင်ရေး အတွက် အစိုးရနှင့် အာဏာပိုင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများ စသည့် အဖွဲ့အစည်း အသီးသီးကို ဆက်သွယ် စည်းရုံး တင်ပြသွားမည်ဟု သိရသည်။

ပြည်ထောင်စုသား မွတ်စလင်မ်များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပမည် ဖြစ်သော်လည်း၊ ကျင်းပမည့် နေရာ၊ ကျင်းပမည့် နေ့ရက် အတိအကျကို သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း ဒေါက်တာမြင့်သိန်းက ပြောသည်။ မေလ ၃၊ ၄ ရက်များတွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမ၌ တိုင်းနှင့်ပြည်နယ် ၁၅ ခုမှ မွတ်စလင် ၄၇၂ ဦး၊ တက်ရောက်ပြီး ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေး ကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

Photo Credit: Carlos Sardiña Galache




Robert Elhose
5.5.2014

ဟိုတုန်းထဲက ခိုးဝင်တာလား ခိုးထွက် ပြေးရတာလား ရိုဟင်ဂျာ

ဒီသတင်းတို လေးက နယူးယောက် တိုင်းမ် သတင်းစာမှာ ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က ပါခဲ့တဲ့ သတင်းလေး ဖြစ်ပါတယ်။ သတင်း ခေါင်းစဉ်မှာ ကိုက ဗမာပြည်ဖက် ကနေ ပါကစ္စတန် နိုင်ငံဖက် (အဲ့ဒီတုန်းက ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန် ဆိုပြီး နှစ်နိုင်ငံ မကွဲသေးဘဲ နှစ်နိုင်ငံ စလုံးဟာ အရှေ့ ပါကစ္စတန်နဲ့ အနောက် ပါကစ္စတန် ဆိုပြီး တစ်နိုင်ငံတည်း အဖြစ် ရှိနေခဲ့ ကြတာပါ) ကို ခိုးဝင် ထွက်ပြေး နေရတဲ့ ရိုဟင်ဂျာ တွေကြောင့် အဲ့ဒီတုန်းက ပါကစ္စတန် အစိုးရက မြန်မာ အစိုးရကို သတိပေးတဲ့ အကြောင်း သတင်းတို လေးပါ။

ဒီသတင်း အရ မြန်မာပြည် လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ် ကတည်း ကစပြီး ဒီသတင်း ရေးတဲ့ ၁၉၅၁ ခုနှစ် အကြား သုံးနှစ်တာ ကာလမှာ အာရကန် ဒေသက မွတ်စလင်မ် ပေါင်း နှစ်သိန်း ရှစ်သောင်းကျော်ဟာ အရှေ့ ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ် နိုင်ငံ) ထဲကို ထွက်ပြေး ခိုလှုံခဲ့ ရတယ်လို့ သိရမှာ ဖြစ်ပါတယ်။ ဒါဟာ နယူးယောက် တိုင်းမ် လို သတင်းစာကြီးမှာ ကိုးကား ထားတဲ့ အချက် အလက် တစ်ခု ဖြစ်ပါတယ်။ ဒါဆို ဒီနေ့ ခိုးဝင်တယ် ဘာပြုတယ် ဘာညာ ဆိုတဲ့ ပြဿနာကို စဉ်းစားရာမှာ တစ်တောင့် တစ်နေရာက လစ်ဟာနေတဲ့ ကွက်လပ်လေး တစ်ခုကို ဆက်စပ် မိသွားမှာ ဖြစ်ပါတယ်။

အခုလည်း ဒီလိုပဲ သမိုင်းက ပြန်ကျော့ပြီး ဖြစ်နေတယ်။ ဒါပေမဲ့ မြန်မာ အစိုးရဖက်က တစ်အော်တည်း အော်နေတာက ခိုးဝင် ကုလား ဆိုပြီးပဲ အော်နေတယ်။ တကယ် ဖြစ်နေတာက သူတို့အော်တာနဲ့ ပြောင်းပြန် မြန်မာပြည် ထဲက နေသာ အပြင်ကို ထွက်ပြေး နေရတာ ဖြစ်တယ်။ စဉ်းစားဖို့နဲ့ ဆင်ခြင် သုံးသပ်ဖို့ပါ ခင်ဗျာ။



MYARF
RB News
5.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘင်္ဘောကွေ့ ကျေးရွာတွင် မေလ (၂) ရက်နေ့ ညသန်းခေါင်ယံတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် မဆိုင်သည့် ရွာသားများကို ဖမ်းဆီးရန် ကြိုးစား နေခြင်းကြောင့် ဒေသခံ ရွာသား အများအပြား တိမ်းရှောင် နေရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ကျေးရွာတွင် မေလ (၂) ရက်နေ့ ညသန်းခေါင်ယံတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုကြီးနှင့် ပတ်သက်၍ မေလ (၃) ရက်နေ့ နံနက်ပိုင်းတွင် အသုဘအိမ်တွင် ရှိနေသည့် အီမာန်ဟူစိန်း (ဘ) ဦးဒိလ်မာမတ် (အသက် ၁၇ နှစ်) ကို အင်းဒင် ရဲစခန်းမှ ရဲများက လူသတ်မှုတွင် ပါဝင်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး၊ မေလ (၄) ရက်နေ့တွင် မောင်တော ရဲစခန်းသို့ ပို့လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အသတ်ခံရသည့် သင်္ဘောကွေ့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာ၏ မိဘများက ၎င်းတို့၏ သား၊ ချွေးမနှင့် အခြားသူ တစ်ဦး အသတ်ခံရမှုတွင် ဒေသခံ ရွာသား တစ်ဦး တစ်ယောက်မှ ပါဝင်သည်ဟု စွပ်စွဲ ပြောဆိုခြင်း မရှိဘဲ၊ သူစိမ်း အကြမ်းဖက် အဖွဲ့ တစ်ဖွဲ့က လာရောက်၍ သတ်ခဲ့သည်ဟု ထွက်ဆို နေသော်လည်း၊ အာဏာပိုင် များ၏ လက်ကိုင်တုတ် နှစ်ဦး ဖြစ်သည့် ဦးနူရ်မာမတ် (ဘ) ဦးနော်ဘီဟူစိန်းနှင့် ဦးနေဇာမ် (ဘ) ဦးခေါ်ရီမုလ္လာ (ဦးဇော်ကော်ရီယာ၏ မယား ညီအစ်ကို တော်စပ်သူ၊ ခေတ္တ - မြို့မ ကညင်တန်း ကျေးရွာနေ) တို့က သင်္ဘောကွေ့ ကျေးရွာမှ ရွာသား ၁၀၀ ကျော် ပါဝင်သည်ဟု မဟုတ်မမှန်သည့် စာရင်း ပြုစု၍ ရဲများကို ပေးခဲ့သည့် အတွက် မေလ (၄) ရက်နေ့ ညပိုင်းတွင် ရဲများက ရွာထဲရှိ ဒေသခံများ၏ အိမ်များကို ရှာဖွေခဲ့ကြောင်း သိရှိရပါသည်။

ရဲများက ရှာဖွေမှုများ မပြုလုပ်မှီ ရွာထဲရှိ အမျိုးသားများ တိမ်းရှောင် သွားခဲ့ခြင်းကြောင့် ရဲများက ရှာဖွေခဲ့သော်လည်း တစ်ဦးကိုမှ ဖမ်းဆီး နိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။ အခင်း တစ်ခု ဖြစ်ပွားလျှင် အာဏာပိုင်များက မဆိုင်သည့် သူများကို ဖမ်းဆီး၍ အတင်းအဓမ္မ ရိုက်နှက်၍ တရားခံ အဖြစ် ၀န်ခံခိုင်းသည့် အတွက်ကြောင့် ယခုကဲ့သို့ တိမ်းရှောင် နေကြခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ယခုအခါ နေ့ပိုင်းတွင်လည်း ရဲများ၊ လုံထိန်းများနှင့် စစ်သားများ ၀င်ရောက် ရှာဖွေလျက် ရှိသည်။ မိသားစု များထဲမှ တစ်နေ့လုပ် တစ်နေ့စား ဖြစ်သူများမှာ အမျိုးသားများ ရှောင်တိမ်း နေရခြင်းကြောင့် စားဝတ် နေရေး အတွက်ပင် ခက်ခဲ လာသည်ဟု ဆိုသည်။

မလေးရှား နိုငံတွင်း လုပ်ငန်းခွင်




ဉာဏ်ဝင်းအောင်
5.5.2014

တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ရှင်းလင်းဖို့ ပြီးခဲ့တဲ့ လပိုင်းက စပြီး မလေးရှား အစိုးရက စီမံချက်ချ ဆောင်ရွက် လာရာမှာ စနေနေ့ ညဥ့်နက်ပိုင်း အချိန် ကွာလာလမ်ပူမြို့ ဆင်ခြေဖုန်းက စားသောက် ဆိုင်တန်းမှာ ၀င်ရောက် ဖမ်းဆီးမှုတွေ ရှိခဲ့ပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမား (၄၀) ကျော် အဖမ်းခံ လိုက်ရပါတယ်။ အကြောင်းစုံကို ကိုဥာဏ်ဝင်းအောင်က တင်ပြပါမယ်။

ကွာလာလမ်ပူမြို့နဲ့ ၁၂ မိုင်အကွာ ဖူချောင်း အရပ် ဒေသမှာ ရှိတဲ့ Tesco စူပါမားကက်နားက ညဥ့်နက်ပိုင်း ဖွင့်တဲ့ စားသောက် ဆိုင်တန်းကို မလေးရဲနဲ့ လ၀က အင်အားစုက ရှောင်တခင် ၀င်ရောက် စစ်ဆေးရင်း မြန်မာ နိုင်ငံသားတွေ နဲ့ အခြား နိုင်ငံခြားသား အလုပ်သမား တွေကို စနေည သန်းခေါင် အချိန်မှာ ဖမ်းဆီး သွားခဲ့တာ ဖြစ်ပါတယ်။ အဖမ်းခံရသူ တွေထဲမှာ မြန်မာနိုင်ငံသား အလုပ်သမား (၄၀) ကျော် ပါသွားတယ်လို့ အလုပ် သမားရေး ကူညီ ဆောင်ရွက်နေတဲ့ ကိုလတ်က VOA ကို ပြောပါတယ်။

"ည ၁၂နာရီခွဲမှာ အင်မီဂရေးရှင်းနဲ့ ရဲတွေ လာဖမ်း သွားတယ်။ လာဖမ်း သွားတဲ့ အကြောင်း အရင်း ကတော့ သူတို့ အော်ပရေးရှင်း လုပ်တာပေါ့။ အဲ့လာ ဖမ်းတော့ တိုင်ဘားမှာ လုပ်နေတဲ့ ရောင်းနေတဲ့ မြန်မာတွေ ပါသွားတယ်။ အဓိက ဝင်သွားတာ ကတော့ စားသောက် ဆိုင်ကို ဝင်သွားတာ။ လောလောဆယ် ပြန် လွတ် လာတယ်။ မလာဘူး ဆိုတဲ့ သတင်းက ကျနော်တို့ ပြန်မရသေးဘူး။ ခန့်မှန်းခြေ ဘယ်လောက်လောက် ပါသွားမလဲ ဆိုတော့ မြန်မာက ၄၀၊ ၅၀ လောက်တော့ ပါမယ်ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာတွေ စည်တဲ့ နေရာလေဗျာ။ တိုင်းရင်းသားတွေ အားလုံး ရှိကြတယ်။"

အဖမ်းဆီး ခံရသူတွေရဲ့ နောက်ဆုံး အခြေအနေ ကိုတော့ မသိရသေးပါဘူး။ သူတို့ ရင်ဆိုင် ရမယ့် အခြေ အနေ တွေနဲ့ ပတ်သက်ပြီး ကိုလတ်က ပြောပြ ပါတယ်။

"ဘာတွေ ဆက်ဖြစ် နိုင်မလဲ ဆိုတော့၊ UNHCR ကဒ် အတုကိုင် ထားတဲ့သူတွေ၊ လောလောဆယ် ကမ့်ထဲကို သွားရမယ်။ ထောင်သုံးလ ကျမယ်။ ကြိမ်ဒဏ် ပါရင်လည်း ပါမယ်။ အဲ့ဒီ့ အထဲမှာ တချို့ကတော့ ဘာမှ မရှိဘူး ဆိုရင် သေချာပေါက် ကတော့ သုံးလနဲ့ ကြိမ်ဒဏ် ပါသွားပြီ။ ဘာ Document မှ မရှိတဲ့ သူတွေ အတွက် ကတော့ အခြေအနေ တော်တော်ဆိုး ပါတယ်။ ဒီဟာတွေ အားလုံးကို မြန်မာ သံရုံး အနေနဲ့ စိစစ်ပြီးတော့ ကူညီ ပေးမယ် ဆိုရင်တော့ သူတို့အတွက် မျှော်လင့်ချက် နည်းနည်းရှိတာပေါ့။"

အဖမ်းဆီးခံ မြန်မာရွှေ့ပြောင်း အလုပ်သမား အရေးနဲ့ ပတ်သက်လို့ မြန်မာ သံရုံးဖက်က ဆောင်ရွက် ပေးတဲ့ အနေအထားကို ကိုလတ်က ရှင်းပြပါတယ်။

"ဖမ်းသွားပြီးတဲ့ အခြေအနေ မျိုးမှာ သူတို့က ပြန်ထုတ် ပေးတယ်။ ဒါကလဲ အပြင်က လူတွေ လိုက်ပြီး လုပ်မှပါ။ သူတို့နဲ့ ပတ်သက်ရာ၊ ပတ်သတ်ကြောင်း ဆွေမျိုး အသိုင်း အဝိုင်း တွေက လိုက်လုပ်ပြီး CI သွားလျှောက် ပေးတာတို့၊ ကိစ္စတွေ အားလုံး လုပ်ပေးမှပဲ၊ သူတို့ လုပ်ပေးနိုင်တဲ့ အတိုင်း အတာ ရှိပါတယ်။ ဒီမှာ ရှိနေတဲ့ မြန်မာ အလုပ်သမားတွေ ကိစ္စနဲ့ ပတ်သက်လို့ ရှိရင် ဘာလိုခေါ်မလဲ တာဝန် ယူခြင်းဟာ ၅၀% တောင် မရှိပါဘူး ခင်ဗျာ။ သံရုံးက တာဝန် မယူတာကို ပြောတာ။ ကျနော်တို့ ဒီနိုင်ငံမှာက လောလောဆယ်က ဗီဇာ သတ်သတ် မသတ်သတ် တစ်လ ကို ပုံမှန် သုံးသိန်းလောက် ရှာလို့ ရတယ်။ မြန်မာပြည်မှာ မရမယ့် အတူတူ သူတို့က ဒီမှာ အဲ့တာတွေကို ခံစားပြီးတော့ ကြိတ်မှိတ် ပြီးတော့ လုပ်နေကြတာ။"

မြန်မာသံရုံး သဘောထားကို သိနိုင်ဖို့ VOA ဆက်သွယ် ပေမယ့် ရုံးပိတ်ရက် ဖြစ်နေ တာကြောင့် အဆက်သွယ် မရခဲ့ပါဘူး။ မလေးရှား အစိုးရက တရားမ၀င် အလုပ် သမားတွေ မိမိနိုင်ငံ ပြန်ကြဖို့နဲ့ မပြန်ပဲ ရှာတွေ့ခဲ့ရင် ဖမ်းဆီး အရေးယူမယ်လို့ ဒီနှစ်ဆန်းပိုင်း ကတည်းက ကြေညာ ထားတာပါ။

ဒါပေမယ့်လဲ မလေးရှား ခရီးသည် တင်လေယာဉ် ပျောက်ဆုံးချိန် ကစလို့ ရွှေ့ပြောင်း အလုပ် သမားတွေ ရှာဖွေ ဖမ်းဆီးမှု ခေတ္တ ရပ်တန့် သွားခဲ့ပြီး အခု ရက်ပိုင်း တွေမှာ အဖမ်း အဆီးတွေ ပေါ်လာ နေတာပါ။

အလုပ် ပွဲစားက တဆင့် CALLING ဆိုတဲ့ အစီအစဉ်နဲ့ မလေးရှားမှာ လာရောက် အလုပ်လုပ် နေသူ မြန်မာ နိုင်ငံသား (၁) သိန်းခွဲ ၀န်းကျင် လောက်ရှိပြီး ၊ တရားဝင်ရော တရားမ၀င်ပါ အားလုံး စုစုပေါင်း မြန်မာ နိုင်ငံသား ၃ သိန်း နီးပါး မလေးရှား နိုင်ငံမှာ အလုပ်လုပ် နေကြ တယ်လို့ လူ့အခွင့် အရေး လှုပ်ရှားသူ တွေက ခန့်မှန်းထား ကြပါတယ်။




Rohingya Eye
RB News
4.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာ အုပ်စု၊ အရှေ့ရွာရှိ ဒေသခံ ရိုဟင်ဂျာ များမှာ စားဝတ် နေရေး အတွက် အခက်အခဲ မျိုးစုံ ရှိနေပြီး၊ အကူအညီများ လိုအပ်နေကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ အုပ်စု၊ အရှေ့ရွာတွင် ရိုဟင်ဂျာ အိမ်ခြေပေါင်း ၆၀၀ ကျော်ရှိပြီး၊ မေလ (၂) ရက်နေ့ နံနက် (၆) နာရီတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမိုးအကာများ မလုံသည့် မိသားစုများမှာ မိုးရွာသည့် ဒဏ်ကို အလူးအလွန့် ခံခဲ့ရသည်။ မိုးရာသီတွင် ဒေသခံရွာသားများ အမိုးအကာ အောက်တွင် ကောင်းမွန်စွာ နေထိုင်ရေး အတွက် သက်ကယ်နှင့် ဓနိများ ၀ယ်ယူရန် ငွေကြေး အဆင်မပြေ ကြကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒေသခံ ရွာသားများ စိုက်ပျိုး ထားသော သက်ကယ်ခင်း များကိုလည်း ရခိုင် အစွန်းရောက် များနှင့် လုံထိန်းရဲများက ဖျက်ဆီး ခဲ့သည့် အတွက် လိုအပ်သည့် သက်ကယ်များကို ရွာအတွင်း ၀ယ်ယူနိုင်ရန် ခက်ခဲလျက် ရှိသည်ဟု ဆိုသည်။ ဒုချီးရားတန်း အရှေ့ရွာသား များသည် ထင်း၊ သစ်ခုတ်ခြင်းနှင့် လယ်ယာ စိုက်ပျိုးရေး များဖြင့် အဓိက အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သည်။ ယခုအခါ တောင်ပေါ်သို့ သွားရောက် နိုင်ခြင်း မရှိသလို၊ ကျွဲ၊ နွားများ မရှိတော့ သဖြင့် လာမည့် မိုးရာသီတွင် လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင် နိုင်ရန် အခြေအနေ လုံးဝ မရှိကြောင်း ဒေသခံများက ပြောပါသည်။

၎င်းတို့ လိုအပ်နေသည့် အကူအညီများ အတွက် အနီးအနား ရွာများမှ အနည်းငယ် ရရှိခဲ့ပြီး၊ ဒုချီးရားတန်းတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် နိုင်ငံတကာ အန်ဂျီအို တစ်ခု လာရောက်၍ ဆန်အိတ်များ နှစ်ကြိမ် လှူဒါန်း ခဲ့သည်။

ရွာသားများ အနေဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင် နိုင်ရန် အကူအညီများ အပူတပြင်း လိုအပ်နေပြီး၊ မိုးရာသီတွင် အမိုးအကာ အောက်တွင် နေထိုင်နိုင်ရေး အတွက်လည်း အကူအညီများ လိုအပ်နေပါသည်။ ရွာသားများ၏ လက်ရှိ အခြေအနေမှာ အကူအညီ အတွက် မျှော်လင့်ချက် ကင်းမဲ့လျက် ရှိပြီး၊ အကူအညီမဲ့ ဘ၀သို့ ရောက်ရှိ နေသည်ဟု ဆိုသည်။

အာဖဂန် မြေပြိုမှု လိုက်လံ ရှာဖွေ ကယ်ဆယ်။ (မေ ၃၊ ၂၀၁၄)


ဗွီအိုအေမြန်မာပိုင်း
4.5.2014

Afghanistan နိုင်ငံ မြောက်ပိုင်းမှာ အကြီးအကျယ် မြေပြိုကျမှု ဖြစ်ပွားလို့ ကျောက်တုံး ကျောက်ခဲ တွေနဲ့ ရွှံ့နွံတွေ အောက်မှာ ရွာသား ရာနဲ့ချီ နစ်မြုပ် သွားတာကို ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင် နေတာမှာ အသက်ရှင် ကျန်ရစ်သူ နောက်ထပ် ရှာမတွေ့နိုင်တော့ဘူး ဆိုပြီး အရာရှိတွေ စိတ်လျှော့ပြီး ရှာဖွေရေး လုပ်ငန်းတွေကို ရပ်လိုက်ပြီ ဖြစ်ပါတယ်။

Tajikistan, Pakistan၊ တရုတ်တို့နဲ့ ထိစပ်နေတဲ့ ဒေသမှာ မိုးတွေ ရက်ဆက် သည်းသည်း ထန်ထန် ရွာသွန်းထားလို့ နောက်ထပ် ဆက်ပြီး မြေပြိုကျမှာကို စိုးရိမ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့သားတွေက ပြောပါတယ်။ စနေနေ့ကဆိုရင် Badakhshan ပြည်နယ်က Aab Bareek ရွာကနေ အလောင်း ၂ လောင်းပဲ ရှာဖွေ တွေ့ရှိတယ်လို့ အာဏာပိုင် တွေက ဆိုပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ မှာတော့ ကယ်ဆယ်ရေး သမားတွေက ဒီသောကြာနေ့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ဆိုးကြီးကြောင့် အိုးအိမ်မဲ့ ခဲ့ရသူတွေ အတွက် နေရာထိုင်ခင်း ဆေးဝါးနဲ့ စားရေရိက္ခာ ထောက်ပံ့မှုကိုပဲ အာရုံစိုက် လုပ်ဆောင် နေပါတယ်။ သေဆုံးသူ အရေ အတွက်နဲ့ ပတ်သတ်လို့ မျိုးစုံ ခန့်မှန်း နေကြပြီး သေဆုံးသူ စုစုပေါင်း ရာဂဏန်း အနည်းကနေ ၂၇၀၀ ကျော်ထိ ရှိနိုင်တယ်လို့ ပြောနေ ကြတာပါ။

ဒီဘေး အန္တရာယ်ကြုံ ရတဲ့ နေရာကို လူတွေ အစုလိုက် အပြုံလိုက် သေဆုံးရာ နေရာ အဖြစ် ကြေညာ ထားပြီး ပျောက်ဆုံး နေသူတွေလည်း အများကြီး မို့လို့ အတိအကျ စာရင်းကို ဘယ်တော့မှ အတည်ပြု လို့မရ ဖြစ်နိုင်ပါတယ်။

ဒီဖြစ်ရပ်ကြောင့် အထူး ကြေကွဲ ရပါကြောင်း အမေရိကန် သမ္မတ Barack Obama နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon တို့က တရားဝင် ပြောကြားပြီး အကူအညီ ပေးပါမယ်လို့ ကတိပြု ထားပါတယ်။

ကချင် ပြည်နယ် လဂတ်ယန် ခိုလှုံ စခန်း (သတင်း ဓာတ်ပုံ- Jade Land) 


မအေးအေးမာ
4.5.2014

ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းမှာ အရင်က ကချင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ထိန်းချုပ်ခဲ့တဲ့ နယ်မြေမှာရှိတဲ့ လဂတ်ယန် IDP ဒုက္ခသည် စခန်းက ဒုက္ခသည် ၁၄ ယောက်ကို မြန်မာစစ်တပ် တပ်မ ၈၈ ရဲ့ လက်အောက်ခံ တပ်တွေက ဖမ်ဆီးခေါ်ဆောင် သွားပါတယ်။ အဖမ်းဆီး ခံရသူတွေဟာ ဧပြီလ ၂၅ရက်နေ့ သူတို့ စစ်ဆေးခဲ့တဲ့ စာရင်းထဲမှာ မပါသူတွေ ဖြစ်နေတဲ့ အတွက် ဖမ်းဆီး ခေါ်ဆောင် သွားတာလို့ ဆိုပါတယ်။ အပြည့်အစုံ ကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းမှာ အိုးအိမ်မဲ့ စစ်ပြေး ဒုက္ခသည် စခန်းဖြစ်တဲ့ လဂတ်ယန် ဒုက္ခသည် စခန်းက ဒုက္ခသည် တချို့ ဟာ ပြီးခဲ့တဲ့ လက တိုက်ပွဲတွေကြောင့် မန်ဝိန်းကြီး စခန်း အပါအ၀င် တခြား နေရာတွေမှာ ခိုလှုံနေကြပါတယ်။ မြန်မာစစ်တပ်က ဧပြီလ ၂၅ရက်နေ့က လာရောက် စစ်ဆေးချိန်မှာတော့ ဒုက္ခသည် အရေအတွက် အားလုံးမစုံသေးချိန်မှာ လာရောက် စစ်ဆေးခဲ့တာပါ။

လဂတ်ယန် IDP စခန်းတွင်းကို မေလ ၃ရက်နေ့မှာတော့ မြန်မာ စစ်တပ် တပ်မ ၈၈ လက်အောက်ခံ တပ်တွေက ရှောင်တခင် စစ်ဆေးပြိး နောက် စာရင်းထဲမှာ မပါတဲ့ ကချင် အမျိုးသား ၁၄ယောက် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ဒုက္ခသည်တွေကို အကူညီ ပေးနေသူ တဦးက အခုလို ရှင်းပြ ပါတယ်။

"နေ့တိုင်း လာနေတယ်။ မနေ့ကလည်း ၁၀နာရီလောက် လာပြီးတော့မှ စကားလာ ပြောတာ ပေါ့လေ။ နောက်တော့ တစ်နာရီ၊ နှစ်နာရီ ကျတော့ တခြား လူပိုတွေ ရှိတယ် ဆိုပြီးတော့ တပ်ရင်းမှူး လာပြီးတော့ ရှာခိုင်းတာပေါ့။ ရှာခိုင်းတဲ့ အခါကျတော့ ရှိရှိသမျှ ယောက်ျားတွေကို စုထားပြီးမှ အဲ့တာ အခန်းတိုင်း၊ အခန်းတိုင်းမှာ ရှာတာပေါ့။ ယောက်ျား ၁၄ယောက်ကို နာမည် မပါဘူး ဆိုပြီးတော့မှ ခေါ်သွားတယ်လို့ ပြောတယ်။ ဟုတ်တယ်။ အခုထိ ပြန်မပို့သေးဘူး။"

လဂတ်ယန် အိုင်ဒီပီ စခန်း အပါအ၀င် အိုင်ဒီပီ ဒုက္ခသည် စခန်းတွေက ဒုက္ခသည် ဦးရေဟာ ၈သောင်းခွဲနဲ့ တစ်သိန်းကြားမှာ ရှိပါတယ်။ လဂတ်ယန် ဒုက္ခသည် စခန်း ဟာ အရင်က ဒုက္ခသည် တထောင်ကျော်ရှိပြီး ဧပြီ ၁၀ရက်နေ့က တိုက် ပွဲ တွေဖြစ်ပြီး နောက် ထွက်ပြေး တိမ်းရှောင်နေရတာကြောင့် စစ်တပ်က စစ်ဆေးချိန် လူဦးရေ ၃၈၀ကျော်ပဲ ရှိနေတာပါ။

အိုင်ဒီပီ ဒုက္ခသည် စခန်းအားလုံးဟာ ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ထိန်းချုပ်ရာ နေရာတွေမှာ ရှိနေတာပါ။ ၂၀၁၁ခုနှစ် ကတည်းက တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် သူတိုရဲ့ရွာတွေကို မပြန်နိုင်ပဲ ခိုလှုံနေထိုင်နေရတာပါ။ သူတို့ကိုတော့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကနေ အမိုးအကာနဲ့ စားစရာတချို့ ကို အကူညီ ပေးထား ပါတယ်။

လဂတ်ယန် စခန်းနဲ့နီးတဲ့ ကေအိုင်အေ စခန်းတချို့ဟာ ပြီးခဲ့တဲ့လ မှာဖြစ်တဲ့ တိုက်ပွဲတွေ အတွင်းမှာ ဆုတ်ခွါ သွားတာကြောင့် အဲဒီ့နေရာ တွေမှာ မြန်မာ စစ်တပ်က ၀င်ရောက် နေရာယူ ထားပြီး လဂတ်ယန် စခန်းကို ၀င်ရောက် စစ်ဆေး ခဲ့ပါတယ်။ ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက သူတို့ စခန်းတွေ ဆုတ်ခွါ အပြိးမှာ ဒုက္ခသည် တွေကို မြန်မာ စစ်တပ်က နေရပ်ရင်း ပြန်ခိုင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

"အရင်က KIA ၂၇တပ်ရင်း နေရာမှာ သူတို့ လာထိုင်လိုက်တော့ ရွာသားတွေကို ဘယ်လိုပြောလဲ ဆိုတော့ သူတို့လာနေ ဖြစ်သွားပြီ ဖြစ်တဲ့ အတွက် အဖြူရောင် နယ်မြေ ဖြစ်သွားပြီ။ ကျနော်တို့ဘေးမှာ IDP ကမ့် စစ်ပြေး ဒုက္ခသည် စခန်းတော့ ကျနော်တို့ ရှိတာကို လက်မခံဘူး။ သူတို့ ရွာသားတွေကို မိမိရွာကို ပြန်ကြပါ။ အဲ့လို မောင်းတယ်လို့ အဲ့ဒီ့အသံပဲ ကြားရတယ်။"

ဖမ်ဆီးခံ ထားရတဲ့ ဒုက္ခသည်တွေ ကတော့ ဦး ဖောင်ယမ်ယော်၊ ဦးဆွမ်ခါဘရန်ထွယ်၊ ဦးလထော်လထောင်၊ ဦး မဂျီဘောက်နော်၊ ဦး ဖောင်ဂျွမ်၊ မရမ်နော်မိုင်၊ ဦး မရူလအောင်၊ ဦးဝဂျယ် တူးမိုင်၊ ဦး ရှဒေါင်ဂမ်၊ မောင် ရှဒေါင် နော်ဂရောင်၊ ဦး မဂျီဂမ်၊ ဦး အင်ခွမ်လမိုင်၊ ဦး အာ့ဝမ်၊ ဦးကွမ်ဟွမ်၊
ဦးဇိန်ထုန် ခါးထုန် တို့ဖြစ်ပါတယ်။ သူတို့တတွေဟာ မိသားစုတွေ များအတွက် အပြင်မှာ ထွက်ပြီးတော့ အလုပ်လုပ် ကြသူတွေ ရှိသလို ဆွေမျိုးတွေ ဆီမှာ အကူညီ သွားတောင်းခံ သူတွေလည်း ရှိတယ်လို့ ဒုက္ခသည် တွေကို အကူညီ ပေးနေတဲ့ အမျိုးသမီး တဦးက ဆိုပါတယ်။

"မိသားစုများတဲ့ အခါကျတော့ တချို့က ယောက်ျားသားတွေက အပြင်ထွက်ပြီးမှ ပိုက်ဆံရှာတာ တွေရှိတယ်။ အဲ့တာက တရုတ်ပြည် နယ်စပ် ဒေသဆိုတော့ ဝင်ဝင် ထွက်ထွက် ရှိပြီးမှ နေ့စား အလုပ်တွေ လုပ်တယ်။ ကြံခုတ်တာတို့ ဘာတို့ပေါ့။"

တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ဖို့ အတွက် အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ဆွေးနွေးနေဆဲ ကာလမှာဘဲ ကေအိုင်အေ တပ်တွေနဲ့ မြန်မာ စစ်တပ် တွေဟာ ဧပြီလ အတွင်းမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေ ကြတာပါ။

တိုက်ပွဲတွေ အတွင်းမှာ အခု လဂတ်ယန် ဒုက္ခသည် စခန်းနဲ့ နီးတဲ့ ကေအိုင်အေ စခန်း အပါအ၀င် တခြား စခန်း တချို့လည်း ဆုတ်ခွါ ခဲ့ရသလို မြန်မာ စစ်တပ်ရဲ့ ယာဉ်တန်း တွေကိုလည်း ကေအိုင်အေ ဘက်က ခြုံခိုတိုက်ခိုက် မူတွေ လုပ်ခဲ့တာပါ။

ကေအိုင်အေဟာ မြန်မာ အစိုးရနဲ့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော် ကတည်းက အပစ် အခတ် ရပ်စဲရေး လုပ်ခဲ့ပြီးမှာ ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲတွေ ပြန်ဖြစ် ခဲ့တာပါ။ မကြာသေးခင် ကတော့ ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့တဲ့ အတွက် ကချင် လွတ်မြောက်ရေး အဖွဲ့က အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်း ခဲ့တာပါ။ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ က ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက မေလ ၁၀ရက် နောက်ပိုင်း တွေ့မယ် လို့ အကြောင်းပြန် ထားတယ် လို့လည်း ဆိုပါတယ်။




Rohingya Eye
RB News
4.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် သန်းခေါင်စာရင်းတွင် အစိုးရ စိတ်တိုင်းကျ ဖြေမပေးသည်ကို မကျေနပ်၍ ယခင် န.စ.က ကနှိပ်စက်သည့် ပုံစံအတိုင်းမျိုး ပြုလုပ်မည်ဟု အာဏာပိုင်များက ခြိမ်းခြောက် ပြောဆိုမှုများ များပြားလာကြောင်း သတင်း ရရှိပါသည်။

မေလ (၂) ရက်နေ့တွင် မောင်တောမြို့နယ်၊ အလယ်သံကျော် ကျေးရွာရှိ အမှတ် (၇) နယ်မြေရုံးတွင် ယင်းနယ်မြေ အပိုင်ရှိ ကျေးအုပ် အုပ်ချုပ်ရေးမှူး များကို နယ်မြေ တာဝန်ခံ ရဲမှူးက ဆင့်ခေါ်၍ အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ အစည်းအဝေးတွင် နယ်မြေ တာဝန်ခံ ရဲမှူးက ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“အစည်းအဝေးမှာ ရဲမှူးက မင်းတို့က တဖက်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ၊ မင်းတို့ကို ငါတို့ နိုင်ငံက သနားလို့ ကျွေးမွေး စောင့်ရှောက် ထားတာ၊ ငါတို့ ခွင့်ပြုချက် မပါဘဲ အိမ်ဆောက်ရင် အိမ်တွေကို ဖြိုပစ်မယ်၊ မင်းတို့ လက်ထပ်မယ် ဆိုရင်လည်း ခွင့်ပြုချက် ယူရမယ်၊ ဧည့်သည်တွေ အတွက် ဧည့်စာရင်း တိုင်ရမယ်၊ ငါတို့ ရှောင်တခင် ၀င်စစ်မယ်၊ အရင် န.စ.က က လုပ်တဲ့ ပုံစံ အတိုင်း ငါတို့ လုပ်သွားမယ် - လို့ ပြောပြီး အရင် န.စ.က လို ညှဉ်းပန်း နှိပ်စက်မှု တွေလုပ်မယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောသွားတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဒေသဆိုင်ရာ အာဏာပိုင်များသည် သန်းခေါင်စာရင်း ကာလ ပြီးမြောက်သည့် အချိန်မှ စ၍ ဒေသခံ ရိုဟင်ဂျာများက သန်းခေါင်စာရင်း ကောက်ခံရာတွင် အစိုးရ စိတ်တိုင်းကျ လူမျိုး အမည်ကို မပြောသဖြင့် ညှဉ်းပန်း နှိပ်စက်မှု များကို ပိုမို ပြုလုပ်လျက် ရှိသည်။ စစ်ဆေးရေး ဂိတ်များတွင် ရိုင်းပျစွာ ဆက်ဆံမှုများ ပိုမို များပြားလာပြီး၊ ငွေညှစ်မှု၊ ရိုက်နှက်မှုများ ပိုမို များပြား လာကြောင်း ဒေသခံများက ပြောပါသည်။




RB News
4.5.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက်ဆင်အိုး ရွာရှိ ဆိုင်တစ်ဆိုင်ထဲသို့ ၀င်၍ ဗမာလူမျိုးနှစ်ဦးက ငွေလုယက်ပြီး ဆိုင်ရောင်းသူကို ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ (မေလ ၄) နေ့လည် (၁) နာရီ အချိန်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက်ဆင်အိုးရွာ အ၀င်ဝရှိ စားကုန်ဆိုင်သို့ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ အမှတ် (၂) ရပ်ကွက်၊ န.တ.လ ရွာမှ ဗမာလူမျိုး နှစ်ဦး ဖြစ်သူ အောင်ကိုလတ် (ဘ) ဦးမင်းမောင် (အသက် ၂၅ နှစ်) နှင့် အောင်ရဲနိုင် (ဘ) ဦးရဲမြင့် (အသက် ၂၂ နှစ်) တို့ ဆိုင်ကယ်ဖြင့် လာရောက်ပြီး ဓါတ်ဆီ ၀ယ်သယောင်ဖြင့် ငွေလုယက်၍ ဆိုင်ရောင်းသူကို ရိုက်နှက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ န.တ.လ ရွာသား ဗမာ လူမျိုး နှစ်ဦးသည် ဆိုင်ထဲသို့ ၀င်လာပြီး ဆိုင်ရောင်းသူကို ဆိုင်ကယ်တွင် ဓါတ်ဆီ နှစ်လီတာ ဖြည့်ပေးရန် ပြောဆိုသဖြင့် ဆိုင်ရောင်းသူ အလီမျာ (ဘ) ဦးကာဒိရ်ဟူစိန်း (အသက် ၁၅ နှစ်) က ဆိုင်ကယ် ဆီဖြည့် နေစဉ် တစ်ဦးက ဆိုင်ထဲသို့ ၀င်၍ ပိုက်ဆံ သေတ္တာငယ် ထဲမှ ငွေကျပ် ၆၀၀၀၀/ - (ခြောက်သောင်းကျပ်) နီးပါးကို လုယက်ပြီး၊ ဆိုင်ရောင်းသည့် လူငယ်ကို လူမဆန်စွာ ၀ိုင်းဝန်း ရိုက်နှက် ခဲ့ကြသည်။ လူငယ်၏ အော်ဟစ် အကူအညီ တောင်းခံမှုကြောင့် ရွာသားများ ရောက်ရှိလာပြီး လုယက် ရိုက်နှက်သူ နှစ်ဦးကို ၀ိုင်းဝန်း ဖမ်းဆီး နိုင်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် ဒေသခံ ရွာသားများက ကျွန်းပေါက် ဆင်အိုး ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အဆိုပါ လုယက် ရိုက်နှက်သူ နှစ်ဦးကို အပ်နှံခဲ့ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား ခဲ့သည်။ မြို့နယ်ခွဲ အုပ်ချုပ်ရေးရုံးမှ စာရေး ဦးမောင်မြတ်နှင့် အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့လာရောက်၍ အဆိုပါ လုယက် ရိုက်နှက်သူ နှစ်ဦး ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ခေါ်ဆောင်သွားသော်လည်း အဆိုပါ လုယက် ရိုက်နှက်သူ နှစ်ဦးကို ရဲစခန်းသို့ အပ်နှံခြင်း ရှိ/မရှိကို မသိရှိ ရကြောင်း ဒေသခံများက ပြောပါသည်။




Rohingya Eye
RB News
4.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာနှင့် သံဒါ ကျေးရွာ ကြားရှိ လုံထိန်း ကင်းစခန်းမှ လုံထိန်းရဲများက လမ်းမှ ဖြတ်သန်း သွားလာသည့် ရိုဟင်ဂျာများ ထံမှ လုယက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာနှင့် သံဒါ ကျေးရွာ ကြားရှိ လုံထိန်း ကင်းစခန်းမှ ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာများ ထံမှ ယာယီ သက်သေခံ ကဒ်ပြားများ သိမ်းဆည်းခြင်း၊ ပစ္စည်းများ၊ သား၊ငါး၊ ကြက်နှင့် ဟင်းသီးဟင်းရွက်များ သယ်ဆောင်လာသူ များထံမှ အတင်း အဓမ္မ လုယက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အဆိုပါ ကင်းစခန်းတွင် လုံထိန်းနှင့် လ.၀.က (၁၀) ဦးခန့် ရှိပြီး ကင်းစခန်း တာဝန်ခံမှာ ဒုရဲအုပ် တစ်ဦး ဖြစ်သည်။ ဒေသခံများက အဆိုပါ ကင်းစခန်းကို ဖြတ်၍ အလယ်သံကျော်မှ မောင်တောမြို့သို့ ကြက်များ၊ ဟင်းသီးဟင်းရွက်များ ရောင်းရန် သွားကြသူများ ရှိသလို၊ မောင်တောမြို့မှ စားကုန် ပစ္စည်းများကို ကား၊ စက်ဘီးများဖြင့် သယ်ယူ၍ ဇော်မတက်၊ သံဒါနှင့် အလယ်သံကျော် ကျေးရွာများတွင် ရောင်းချရန် သွားကြသူများ ရှိကြသည်။

ယခုကဲ့သို့ လုယက် နေခြင်းကြောင့် ဒေသခံများမှာ အလွန်တရာ နစ်နာ ဆုံးရှုံးလျက် ရှိပြီး၊ ယခုကဲ့သို့ လမ်းသွား လမ်းလာများကို လုယက်ခြင်းကို သန်းခေါင် စာရင်း ကောက်ခံပြီး နောက်ပိုင်းတွင် ပိုမိုဆိုးရွားစွာ လုပ်ကိုင်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ များသောအားဖြင့် စက်ဘီးဖြင့် ပစ္စည်းများ သယ်ယူသွားသူ များကို ပစ်မှတ်ထား၍ လုယက်လျက် ရှိပြီး၊ အများစုမှာ ဆင်းရဲနွမ်းပါးသူများက အရင်းအနှီး အနည်းငယ်ဖြင့် လုပ်ကိုင် စားသောက် နေသူများ ဖြစ်သောကြောင့် အရင်းပြုတ်၍ လုပ်ကိုင် စားသောက်ရန်ပင် မရှိသည့် ဘ၀သို့ ရောက်ရှိနေကြသည်ဟု ဒေသခံများက ပြောပါသည်။




RB News
4.5.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာ အုပ်စုမှ အုပ်ချုပ်ရေးမှူးသည် လက်ထပ်ခွင့် အတွက်ဟု ဆိုကာ ဒေသခံ ရိုဟင်ဂျာများ ထံမှ ငွေညှစ်မှုများ ထပ်မံ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအာယုဘ်သည် လွန်ခဲ့သည့်လကလည်း ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးထံမှ လက်ထပ်ခွင့် အတွက်ဟု ဆိုကာ ငွေကျပ် ၅ သိန်း ၃ သောင်း ညှစ်ယူခဲ့သည်။ န.စ.က ဖျက်သိမ်းပြီးနောက် လက်ထပ်ခွင့်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး များကို မှတ်ပုံတင်ရန်သာ တာဝန်ပေးခဲ့ပြီး၊ မည်သူ တစ်ဦး တစ်ယောက်ကမှ ငွေပေးရန် မလိုအပ်သော်လည်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အာဏာ အလွှဲသုံးစား ပြုလုပ်၍ လက်ထပ်မည့် သတို့သား၊ သတို့သမီးများကို န.စ.က ပြုလုပ်ခဲ့သည့် အတိုင်း ခေါ်ယူ စစ်ဆေးခြင်း အပြင် ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယခုရက်ပိုင်း အတွင်း ငွေညှစ်ခံရသူ (၄) ဦးမှာ --

(၁) ဦးအာမီးရ်ဟူစိန်း (ဘ) ဦးကာလာမျာ (ညှစ်ခံရသည့်ငွေ ကျပ် ၄၀၀၀၀/-)
(၂) ဦးနူရ်အာလမ် (ဘ) ဦးဆဲရ်ရာမတ် (ညှစ်ခံရသည့်ငွေ ကျပ် ၃၀၀၀၀/-)
(၃) ဦးနော်ဇီရ်အာမတ် (ဘ) ဦးဂူရာမျာ (ညှစ်ခံရသည့်ငွေ ကျပ် ၃၀၀၀၀/-)
(၄) ဦးနူရ်အာလမ် (ဘ) ဦးကာလာမျာ (ညှစ်ခံရသည့်ငွေ ကျပ် ၄၀၀၀၀/-) -- တို့ဖြစ်သည်။





RB News
3.5.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က သေကံရွာရှိ ဒေသခံ ရိုဟင်ဂျာ များကို တိုက်ခိုက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယမန်နေ့ (မေလ ၂) ညပိုင်းများစ၍ ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်စောလှ၊ ရာအိမ်မှူး ဦးအဒူရော်ဟိမ်း၊ ဆယ်အိမ်မှူး အချို့နှင့် ရခိုင် အစွန်းရောက် ၁၀ ဦးခန့်က နေအိမ်များ အတွင်းသို့ ၀င်ရောက် အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ အမျိုးသမီး များကို ကိုယ်ထိ လက်ရောက် စော်ကားခြင်း၊ ပစ္စည်းများ ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယမန်နေ့ ညပိုင်းက စတင်ခဲ့သည့် အကြမ်းဖက်မှုကို ယနေ့ညပိုင်းတွင် ပြန်လည် စတင်၍ ထပ်မံပြီး တိုက်ခိုက်လျက် ရှိကြောင်း သိရှိရပါသည်။

“အိမ်ထောင်စုစာရင်း စစ်မယ်၊ ဧည့်စာရင်း စစ်မယ်ဆိုပြီး အိမ်ထဲဝင်တယ်၊ ပြီးတော့ အိမ်မှာ ရှိသမျှ လူကြီး၊ လူငယ်၊ ကလေး မကျန် အကုန်လုံးကို ရိုက်တယ်။ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် စော်ကားနေတယ်။ ပစ္စည်းတွေကို ဖျက်ဆီးတယ်။ သူတို့မျက်စိ ရှေ့မှာ တွေ့တာကို စိတ်ထင်တိုင်း လုပ်နေကြတယ်။ ညှဉ်းပန်း နှိပ်စက်နေတာက သည်းခံ နိုင်စွမ်း ကုန်တဲ့ အထိ ဖြစ်နေပါပြီ။ ကျွန်တော်တို့ ရွာသားတွေက သည်းမခံ နိုင်တော့လို့ ကိုယ့်ကိုကိုယ် ခုခံပိုင်ခွင့်နဲ့ ခုခံမယ်ဆိုရင်လည်း အစိုးရက ကျွန်တော်တို့ကို အပြစ်ပုံချမယ်၊ သတ်မယ်၊ ဖြတ်မယ်ဆိုပြီး အတော်လေး သည်းခံနေရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“အုပ်ချုပ်ရေးမှူး ဦးမောင်စောလှနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက အမြဲတစေ ညှဉ်းပန်း နှိပ်စက်လို့ ကျွန်တော်တို့ ရွာသားတွေက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေဆီ စာရေးပြီး တိုင်ကြား ခဲ့ပါတယ်။ ဦးသန်းရွှေက အရေးယူ ဆောင်ရွက် မပေးတဲ့ အပြင် အခုတော့ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ လိုင်စင် ထုတ်ပေးလိုက်သလား တောင် ထင်နေရတယ်။” ဟု ၎င်းက ဆက်လက်ပြောသည်။

သေကံရွာတွင် ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက် ရိုက်နှက် နေခြင်းတွင် ရဲနှင့်လုံထိန်းများ မပါဝင်ဘဲ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့မှ မြို့နယ် အုပ်ချုပ်ရေးမှူးက အရေးယူ ဆောင်ရွက်ခြင်း မရှိခြင်းကြောင့် ယခုကဲ့သို့ လိုင်စင်ရ လူဆိုးဂိုဏ်း သဖွယ် ပြုမှုနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Sarah Sewall




3.5.2014

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Sarah Sewall ဟာ ရှေ့သီတင်းပတ် ထဲမှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Sewall ဟာ မေလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ အင်ဒိုနီးရှား နိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံကနေ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Sewall နဲ့အတူ မြန်မာနိုင်ငံ ဆိုင်ရာ အကြီးတန်း အကြံပေး ဖြစ်တဲ့ Judith Cefkin တို့ဟာ မြန်မာအစိုးရ အကြီးတန်း အရာရှိတွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံ ခေါင်းဆောင်တွေ၊ အရပ်ဘက် လူမှု လူ့အဖွဲ့ အစည်းက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင် ပြည်နယ်နဲ့ မိတ္ထီလာ ဒေသ အခြေအနေနဲ့ နိုင်ငံတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာတွေ၊ လူမျိုးရေး ဘာသာရေး အဓိကရုန်း မပေါ်ပေါက်အောင် အဖြေရှာတာတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ တရားမျှတရေးနဲ့ တာဝန်ခံမှု ရှိဖို့ လူ့အခွင့် အရေး လေးစားဖို့ ကျိုးစားမှုတွေမှာ ကူညီ ပံ့ပိုးပေးဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Sewall ဟာ မြန်မာနိုင်ငံက အပြန် Nigeria နိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်ကို မေလ ၁၄ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။




RB News
3.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ပျံကျဈေးသည်များထံမှ ဈေးကောက် ကောက်ရန် စည်ပင် သာယာမှ လေလံဆွဲထားသူက ဥပဒေမဲ့ ဈေးကောက် ကောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ ပျံကျဈေးသည်များထံမှ ဈေးကောက် ကောက်ခံရန် လေလံဆွဲ ထားသူ ဆရာပေါင်မဲ့ (ခ) ဆရာစံရွှေသည် ရခိုင် အစွန်းရောက် ၃၀ ဦးခန့်ကို တပည့်များ အဖြစ် မွေးထားပြီး၊ ပျံကျ ဈေးသည်များ မဟုတ်သည့် မြို့ပေါ်ရှိ ဆိုင်ခန်းများ ကုန်တင် ကုန်ချ အချိန်တွင် ဈေးကောက် ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“မေလ (၁) ရက်နေ့က မောင်တောမြို့ပေါ်က ဆိုင်ခန်းတွေ ရှေ့မှာ စစ်တွေနဲ့ ရန်ကုန်က ၀င်လာတဲ့ ပစ္စည်းတွေ အတင် အချ လုပ်နေတုန်း ဆရာပေါင်မဲ့ရဲ့ တပည့် ၁၅ ယောက်လောက်က ဈေးကောက် လာကောက်တယ်။ မြို့ပေါ်က ဆိုင်တွေက ပျံကျ ဈေးသည်တွေ မဟုတ်တဲ့ အတွက် ဈေးကောက် ကောက်ခွင့် မရှိဘူး။ ဒါပေမယ့် ဆရာပေါင်မဲ့ရဲ့ တပည့်တွေက တုတ်တွေ ကိုင်ပြီး အကြမ်းဖက်မယ့် ပုံစံနဲ့ လာတယ်။ သူတို့ကို မြို့နယ် စည်ပင်က တရားဝင် စာရွက် ထုတ်ပေး ထားတာလည်း မရှိဘူး။ သူတို့ လေလံအောင်ထားတဲ့ ဈေးကောက်ကောက်ဖို့ ဆိုတာက ဈေးတွေမှာ ပျံကျ လာရောင်းတဲ့ ဈေးသည်တွေ ဆီကပါ။ မြို့ပေါ်မှာ လက်နက်ကိုင်ပြီး အကြမ်းဖက်မယ် ခြိမ်းခြောက်ပြီး မတရား သဖြင့် လုပ်နေတာ ဖြစ်ပါတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်တောမြို့ပေါ်ရှိ ဆိုင်ခန်းများသည် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနသို့ နှစ်စဉ် နှစ်တိုင်း စည်ပင်ခွန်နှင့် မြို့နယ် အခွန် ဦးစီးဌာနသို့ အမြတ်ခွန် ပေးသွင်းလျက် ရှိပြီး၊ ယခုကဲ့သို့ ဈေးကောက် ကောက်ခံရန် မြို့နယ် စည်ပင်မှ တရားဝင် ညွန်ကြား ထားခြင်း မရှိသလို၊ ညွန်ကြားရန် ဥပဒေ ဘောင်ဝင်ခြင်းလည်း မရှိကြောင်း ဒေသခံများက ဆိုသည်။ မတရားသဖြင့် ဈေးကောက် ကောက်ခံခြင်းကို ဆိုင်ရှင်များက ဆရာပေါင်မဲ့ ဆိုသူကို ကောင်းမွန်စွာ ရှင်းပြသော်လည်း လက်ခံခြင်းမရှိဘဲ အကြမ်းဖက်ရန် ကြိုးစား နေပြီး၊ ထိုမှ တဆင့် ဘာသာရေး အသွင်ဆောင်သည့် ပြဿနာများ ပေါ်ပေါက်ရန် ကြိုးစား နေသည်ဟု ဒေသခံများက ပြောပါသည်။

နှစ်စဉ်နှစ်တိုင်း ဈေးခေါင်း လိုင်စင်ကို ဆရာပေါင်မဲ့ ဆိုသူက ရယူခဲ့ပြီး၊ လွန်ခဲ့သော ၅ နှစ်ကလည်း ယခုကဲ့သို့ ဥပဒေမဲ့ ဈေးကောက် ကောက်ခြင်း ပြုလုပ်ခဲ့သဖြင့် မောင်တောခရိုင် အုပ်ချုပ်ရေးရုံးက တရားဝင် စာထုတ်၍ တားမြစ် သတိပေးခဲ့သည်။

ထို့အပြင် (၇) ရက်နှင့် နေ့ချင်းပြန် တစ်ဖက်နိုင်ငံသို့ ကျန်းမာရေး ကိစ္စဖြင့် သွားလာသူများထံမှပင် အိမ်တွင်သုံးရန် ၀ယ်ယူလာသည့် ပစ္စည်းများကိုပါ ဈေးကောက် ကောက်လျက် ရှိကြောင်း သိရှိရပါသည်။ ဆရာပေါင်မဲ့တွင် ထိုကဲ့သို့ ပစ္စည်းများ အတွက် ဈေးကောက် ကောက်ခွင့် မရှိသော်လည်း ၎င်းသည် မောင်တောမြို့ပေါ်တွင် လိုင်စင်ရ ဓါးပြ တစ်ဦး သဖွယ် ဖြစ်နေပြီး၊ တောင်းခံသည့် အတိုင်း မပေးလျှင် တပည့်များဖြင့် အကြမ်းဖက်မည့် ပုံစံ ပြုလုပ်နေသဖြင့် ဒေသခံများမှာ မိမိတို့၏ သိက္ခာကို ငှဲ့၍ ပေးနေရသည်ဟု ဆိုသည်။ ပျံကျဈေးသည် များထံမှသာ ဈေးကောက် ကောက်ရန် တာဝန် ရှိသော်လည်း လမ်းသွားလမ်းလာများ လက်ကိုင်အိတ် ကိုင်ထားလျှင်ပင် လိုက်လံ၍ ဈေးကောက် ကောက်လျက် ရှိသည်။

ပျံကျဈေးသည် များထံမှ ဈေးတွင် ဈေးရောင်းသည့် အချိန်တွင်သာ ကောက်ခံရမည် ဖြစ်သော်လည်း မောင်တောဈေးမှ ဈေးဝယ်၍ ရွာဈေးတွင် ပြန်လည်ရောင်းချရန် သွားနေစဉ် ဆိုက္ကား၊ တက္ကစီကား များကို ရပ်ခိုင်းပြီး ပစ္စည်းများကို တစ်ခုချင်းစီ ရေတွက်၍ ဈေးကောက် ကောက်လျက် ရှိသည်။ ထို့ကြောင့် ပျံကျဈေးသည် များမှာ ဈေးရောင်းသည့် အချိန်တွင် တစ်ကြိမ်၊ ဈေးဝယ်သည့် အချိန်တွင် တစ်ကြိမ်၊ နှစ်ကြိမ် ပေးနေရသည်။

ယခုကဲ့သို့ မတရားသဖြင့် ပြုလုပ် နေခြင်းကို ဒေသဆိုင်ရာ အာဏာပိုင်များက အရေးယူ မဟန့်တားဘဲ နေမည် ဆိုပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောပါသည်။




RB News
2.5.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်စု၊ သေကံရွာတွင် သားရေး သမီးရေး တိုင်ပင် ဆွေးနွေးနေသူ (၄) ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဖမ်းဆီးပြီး ရဲကင်း စခန်းတွင် ချုပ်နှောင် ထားကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၃၀) ရက်နေ့ ည ၈ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ်၊ ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်စု၊ သေကံရွာတွင် မင်္ဂလာဆောင် ကိစ္စ ပြောဆို ဆွေးနွေးခဲ့သူ (၄) ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စောလှက မေလ (၁) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် စေတီတောင် အခြေစိုက် လုံထိန်းကင်း စခန်းမှ လုံထိန်းများ စေလွှတ်ပြီး ဖမ်းဆီး၍ ရဲကင်းစခန်းတွင် ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဖမ်းဆီးခံ ရသူများကို မိသားစုများနှင့် တွေ့ဆုံခွင့် မပေးဘဲ၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်နေသည်ဟု ဒေသခံများက ဆိုသည်။ ဖမ်းဆီးခံရသူ (၄) ဦးမှာ --

(၁) ဦးနူရ်ဟူဆောင်း (အသက် ၅၅ နှစ်)
(၂) ဦးရှုကူရ် (အသက် ၆၀ နှစ်)
(၃) ဦးမော်တော်လောဖ် (အသက် ၄၀ နှစ်)
(၄) ဦးအဘူဘကရ်ဆိဒိတ် (အသက် ၄၅ နှစ်) -- တို့ဖြစ်သည်။

လွန်ခဲ့သည့် အပတ်က အဆိုပါရွာတွင် ရာအိမ်မှူး ဖြစ်သူ ဦးအဒူရော်ဟိမ်းက ဒေသခံများကို ရိုက်နှက် နှိပ်စက်ခြင်းများ မကြာခဏ ပြုလုပ်ခဲ့သဖြင့် ဒေသခံ ရိုဟင်ဂျာများက မြို့နယ် အုပ်ချုပ်ရေးမှူး ထံသို့ တိုင်ကြားစာ ပို့ခဲ့ရာ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးက အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဘဲ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုသာ အသိပေးခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဆိုပါ ရာအိမ်မှူး တို့ပူးပေါင်း၍ တိုင်ကြားသူများကို နောက်နောင် တိုင်ကြားခြင်း မပြုလုပ်ပါဟု ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်း ခဲ့သည်။ ဒေသခံများက မြို့နယ် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့သည်ကို မကျေနပ်၍ ယခုကဲ့သို့ အပြစ်မဲ့ များကို ဖမ်းဆီး၍ ချုပ်နှောင် ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။




MYARF
RB News
2.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဇော်မတက် ကျေးရွာမှ ဦးဆာဒဲခ် (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၄၃ နှစ်) နှင့် ဦးဆော်ယဒ်ဟူစိန်း (ဘ) ဦးနူရ်မာမတ် (အသက် ၂၈ နှစ်) တို့သည် မောင်တောမြို့မှ ၀ါးများ ၀ယ်ယူပြီး တွန်းလှည်းများဖြင့် ကျေးရွာများသို့ သွားရောက်၍ ရောင်းချ နေသူများ ဖြစ်သည်။ ဧပြီလ (၂၇) ရက်နေ့တွင် ၎င်းတို့ နှစ်ဦးသည် မောင်တောမြို့မှ ၀ါးများ ၀ယ်ယူ၍ တွန်းလှည်းဖြင့် အလယ်သံကျော် ကျေးရွာတွင် ရောင်းချရန် သယ်ယူ သွားစဉ် ဇော်မတက် ကျေးရွာ အခြေစိုက် ရဲကင်းစခန်းမှ လုံထိန်းရဲများက ငွေကျပ် ၅ သောင်း တန်ဖိုးရှိ ၀ါးများကို မတရား သဖြင့် သိမ်းဆည်း လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ၎င်းတို့ နှစ်ဦးသည် ၀ါးများကို အကြွေးဖြင့် ၀ယ်ယူ၍ ရရှိသည့် အမြတ်များဖြင့် မိသားစု စားဝတ်နေရေး ဖြေရှင်း နေရသူများ ဖြစ်ပြီး၊ ယခုကဲ့သို့ မတရား သဖြင့် သိမ်းဆည်းခံရသဖြင့် မိသားစု စားဝတ်နေရေး အပြင် အကြွေးများပင် တင်သွားသဖြင့် လုပ်ကိုင် စားသောက်ရန်ပင် ခက်ခဲ သွားကြောင်း သိရှိရပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ ဘင်္ဘောကွဲ ကျေးရွာ အုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာသည် နယ်ခြား စောင့်တပ်များနှင့် ပူးပေါင်း၍ ဦးနူရူဟောက် (ဘ) ဦးဆွေဒေါ်ရာမန်နှင့် ဦးအဒူလ္လာ (ဘ) ဦးဟာမီဒုလ္လာ တို့ကို ဧပြီလ (၂၈) ရက်နေ့ ညသန်းခေါင်ယံတွင် ဖမ်းဆီး၍ ၎င်း၏ နွားတဲတွင် ချည်နှောင် ထားပြီး လူကုန်ကူးနေသူများဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၈ သိန်း ညှစ်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း မတရား သဖြင့် ဖမ်းဆီးခံရသူ နှစ်ဦးက ၎င်းတို့သည် အပြစ်မဲ့များ ဖြစ်သောကြောင့် မပေးနိုင်ဟု ပြောသဖြင့် ဧပြီလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် အင်းဒင် ရဲစခန်းသို့ ပို့ခဲ့သည်။ အင်းဒင် ရဲစခန်းမှ ရဲများက ၎င်းတို့ နှစ်ဦးထံမှ ငွေကျပ် ၅ သိန်း ညှစ်ယူ၍ ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ ပြန်လည် လွတ်မြောက်လာသူ နှစ်ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာက ရဲများကို ပေးသည့် ငွေ ၅ သိန်းမှ ၎င်းအနေဖြင့် ခွဲတမ်း မရသောကြောင့် ၎င်းကို ငွေ ၂ သိန်းပေးရန် တောင်းခံရာ မတရား ဖမ်းဆီးခံရသူ နှစ်ဦးက မပေးနိုင်ဟု ပြောသဖြင့် ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများဖြင့် ဖမ်းဆီးရန် ကြိုးစားလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဧပြီ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဘောကွဲ ကျေးရွာရှိ ဆွေမျိုးများထံသို့ ဒုညောင်ပင်ကြီး ကျေးရွာမှ အလည်ရောက်ရှိ လာသည့် ဦးဟာဘိအုလ္လာ (ဘ) ဦးဂျော်မိလ်ကို သင်္ဘောကွဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာနှင့် နယ်ခြား စောင့်တပ်များက ဖမ်းဆီး၍ လူကုန်ကူး နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၃ သိန်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မေလ (၁) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာမှ ဦးအဘူဘကရ်ဆီဒိခ် (ဘ) ဦးအဒူလ်ဟာရှိမ်၏ ငွေကျပ် ၂ သိန်းကျော် တန်ဖိုး ရှိသည့် ဆိတ် (၄) ကောင်ကို ဒုချီးရားတန်း ကျေးရွာ အုပ်စု ကင်းချောင်းရွာမှ ဦးကေတီမောင် (ဘ) ဦးလှကြည်က လုယူသွားခဲ့သည်။ ဦးအဘူဘကရ်ဆီဒိခ်၏ ဇနီး ဖြစ်သူက ပြန်တောင်းသည့် အခါ သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Rohingya Exodus