Rohingya Eye
RB News
27.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်နှင့် တပ်သား တစ်ဦးတို့က ဒေသခံ ရိုဟင်ဂျာအချို့ကို ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ (၂၄) ရက်နေ့ ည ၁၂ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျားခေါင်းတောင် ကျေးရွာ (ရာဘေးလ်လာ) အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တစ်ဦးနှင့် တပ်သား အောင်နိုင်ဦး တို့သည် ကျားခေါင်းတောင် ကျေးရွာသို့ သွားရောက်၍ ဦးနူရ်ကော်ဘိရ် (ဘ) ဦးအဘူလ်ဟူဆောင်း (အသက် ၃၅ နှစ်) ကို အာလူး မှောင်ခိုလုပ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
ဦးနူရ်ကော်ဘိရ်ကို ဖမ်းဆီး ခေါ်ဆောင် သွားပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် တပ်သား အောင်နိုင်ဦးက လူမဆန်စွာ ညှဉ်းပန်း ရိုက်နှက် နှိပ်စက်ခဲ့ရာ ဦးနူရ်ကော်ဘိရ်က သည်းမခံ နိုင်တော့သည့် အဆုံး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ တောင်းသည့် ငွေကျပ် တစ်သိန်းကို ပေး၍ မေလ (၂၅) ရက်နေ့ နံနက် လင်းအားကြီး အချိန်တွင် လွတ်မြောက်လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထိုနေ့ည ၁၂ နာရီခန့် အချိန်တွင်ပင် ကျားခေါင်းတောင် ကျေးရွာမှ ဦးရော်ရှိတ်ဒူလ္လာ (ဘ) ဦးဖွေယာစ်ဇူလ္လာ (အသက် ၄၅ နှစ်) ကို အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ပုံမှန် ကင်းစောင့် ရမည့် အချိန်တွင် ကင်းစောင့်ရန် မသွားဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၅ ထောင်နှင့် ကြက် တစ်ကောင် ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
တပ်သား အောင်နိုင်ဦးသည် ရခိုင်လူမျိုး အစွန်းရောက် တစ်ဦး ဖြစ်ပြီး ကျားခေါင်းတောင် ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ များကို ဆိုးဆိုးရွားရွား ညှဉ်းပန်း နှိပ်စက် နေသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးချော်ရိဒ်အုလ္လာ ကလည်း ဒေသခံ ရိုဟင်ဂျာ ရွာသားများကို ကာကွယ် ပေးနိုင်ခြင်း မရှိကြောင်း သိရှိရပါသည်။
![]() |
| ရန်ကုန်မြို့မှာ OIC ဆန့်ကျင် ဆန္ဒပြနေကြစဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၃) |
မဆုမွန်
27.5.2014
ကိုးကွယ်ရာ ဘာသာ ကူးပြောင်းတာမှာ ဥပဒေ လမ်းကြောင်း အတိုင်း စနစ်ကျစေဖို့ အတွက် ရည်ရွယ်တယ် ဆိုတဲ့ ဒီဥပဒေ မူကြမ်း အပေါ် အများ ပြည်သူ ရဟန်းရှင်လူတွေ ဆီက အကြံပြုချက် တွေကို ဥပဒေကြမ်း ရေးဆွဲရေး ကော်မရှင်ကို ပေးပို့ကြဖို့လည်း ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေ ကနေ ဆန္ဒ သဘောထား တောင်းခံ ထားပါတယ်။ ဥပဒေကြမ်း အပေါ် သဘောထား အမြင်တွေ ဘယ်လို ကွဲနေတာလဲ ဆိုတာကို စုံစမ်း မေးမြန်း ထားတဲ့ မဆုမွန်က တင်ပြ ထားပါတယ်။
ဒီကနေ့ မေလ ၂၇ ရက်နေ့ ရက်စွဲနဲ့ နေ့စဉ်ထုတ် သတင်းစာတွေမှာ “ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ (မူကြမ်း)” အပြည့်အစုံကို ဖော်ပြပြီး အကြံပြုချက်တွေကို ဖိတ်ခေါ် လိုက်တာပါ။ ဒီလို မိမိတို့ ယုံကြည်ရာ ကိုးကွယ်မှု ဘာသာ တရား ရွေးချယ်ပိုင်ခွင့်နဲ့ ဘာသာတရား ကူးပြောင်းမှုကို ဥပဒေ တရပ်နဲ့ ကန့်သတ် ရေးဆွဲမယ် ဆိုရင် ဥပဒေကို အမြင်ကောင်းအောင် အကြောင်းပြပြီး မလိုလားအပ်တဲ့ ကန့်သတ် ပိတ်ပင်မှုတွေ၊ အသုံးချတာတွေ ရှိလာမှာကို အစ္စလာမ်ရေးရာ ဘာသာရေးဋ္ဌာနချုပ် (Islamic Religious Affairs Council) အဖွဲ့ဝင် ဦးဝင်းထွန်းစိုးတို့လို လူပုဂ္ဂိုလ်တွေက စိုးရိမ်နေပါတယ်။
“ကျနော် မြင်တာတော့ အဲဒီမှာတော့ စကားလုံးတွေတော့ နားကြား ကောင်းအောင်တော့ သေချာ စီဖွဲ့ထားတာပေါ့။ လက်ရှိ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကျနော်တို့ အစိုးရ အဖွဲ့က နိုင်ငံရေး ကစားကွက် တခုလို့ပဲ ကျနော် မြင်တယ်ဗျ။ ဒီဥပဒေကြီး ကိုလေ။ Mis-use ပေါ့နော်၊ မလိုအပ်တဲ့ နေရာတွေမှာ အသုံးချ ပြီးတော့၊ လိုတာထက် ပိုချဲ့ကားပြီးတော့ လုပ်မယ် ဆိုရင်တော့ ကျနော်တို့ ပိုနာတာ ပေါ့လေ။ ကျနော် ဆိုလိုတာက အဓိက မလိုလားတဲ့ သူတွေက သက်သက် အစ ဆွဲထုတ်ပြီးတော့ ဒီဟာရဲ့ Reaction ကို ပြောင်းပြန် သက်ရောက် စေမယ် ဆိုလို့ရှိရင် ကျနော်တို့ အတွက် နစ်နာ စရာတွေ ရှိတာ ပေါ့လေ။ ဒါပေမဲ့ သိတဲ့ အတိုင်းပဲ မြန်မာပြည်မှာက ဥပဒေ ဆိုတာက အရင့် အရင် ရှိပြီးသား ဥပဒေတွေ၊ အရင့်အရင် ရှိပြီးသားဟာတွေ တောင်မှ ခိုင်ခိုင်မာမာ၊ ကျစ်ကျစ် လျစ်လျစ် မတည်ဆောက် နိုင်သေးတဲ့ အချိန်မှာ အခု ကျနော်တို့ နောက်ဥပဒေ တခုကို အသားကျဖို့ ဆိုတာက တော်တော် မလွယ်တဲ့ ကိစ္စပါ။ ကျနော် စိုးရိမ်မိတဲ့ အဓိက အကြောင်းအရာ ကတော့ တလွဲ အသုံးချခြင်း ခံရမှာကို စိုးရိမ်တာပါ။”
တဘက် မှာတော့ ဒီဥပဒေမူကြမ်း ထွက်လာတာကို ကြိုဆိုသူတွေ ရှိပြီး အဲဒီထဲမှာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင် လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ အများ ပြည်သူကို ဗဟိုပြုပြီး ဥပဒေ တရပ် ထွက်လာမှာ ဖြစ်သလို ဘာသာတရား ကူးပြောင်းခြင်းကို ဥပဒေနဲ့အညီ ဆောင်ရွက် လာနိုင်မှာ ဖြစ်လို့ အကောင်းဆုံး ဥပဒေ တရပ် ဖြစ်လာမယ်လို့ ဦးဇော်အေးမောင် က ယုံကြည် မျှော်လင့်ပါတယ်။
“မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ကျော် ရှိတယ်ဗျာ။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ် ဆိုတော့ ဒီဥပဒေကို သန်း ၆၀ သော လူတွေထဲက အကြံဥာဏ် ပေးချင်တဲ့ လူတွေ၊ အကြံဥာဏ် ပေးပြီးတော့ ရေးဆွဲတော့၊ ဒါဟာ ပြည်သူကို ဗဟိုပြုတဲ့ ဥပဒေ တရပ် ဖြစ်လာမှာပေါ့။ ဟုတ်တယ်မို့လား၊ အဲဒါကြောင့် ကျနော် ကြိုဆိုပါတယ်။ ဥပဒေ တရပ် ရေးဆွဲ ပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာ ပြဌာန်း တော့မယ် ဆိုလို့ရှိရင် သက်ဆိုင်ရာ လွှတ်တော် တွေမှာ ပြည်သူတွေ ဆီကလည်း အကြံဥာဏ် တောင်းမယ်၊ သက်ဆိုင်ရာ လွှတ်တော်တွေ မှာလည်း ဥပဒေကြမ်း ကော်မတီတွေ၊ ဥပဒေ ကော်မရှင်တွေ ရှိတယ်လေ။ အဲဒါတွေက Just and Equality ဖြစ်အောင် သာမာန် ညီမျှမှု ရှိအောင် အားလုံး တိုင်တိုင် ပင်ပင်နဲ့ လုပ်ထားတဲ့ အတွက် အကောင်းဆုံး ဥပဒေ သတခု ဖြစ်လာ လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”
ကိုးကွယ်ရာ ဘာသာ တရား ကူးပြောင်း လိုတဲ့သူကို သွေးဆောင်၊ ဖြားယောင်း၊ ခြိမ်းခြောက်ခြင်းနဲ့ မလျော်သြဇာ လွှမ်းမိုးခြင်း ကင်းဝေးအောင် မှတ်ပုံတင်ရေး အဖွဲ့က တွေ့ဆုံ မေးမြန်းမယ် ဆိုတဲ့ အချက်နဲ့ ကူးပြောင်း လိုတဲ့ ဘာသာကို လေ့လာပြီးမှ သက်သေခံ လက်မှတ် ထုတ်ပေးမယ် ဆိုတဲ့ အချက်က မြန်မာနိုင်ငံတွင်း လူနည်းစု ကိုးကွယ်တဲ့ ဘာသာ တရား အပေါ် နှိပ်ကွပ်တဲ့ သဘော ဖြစ်နေတယ်လို့ ဦးဝင်းထွန်းစိုး က သုံးသပ်ပါတယ်။ နိုင်ငံတကာ စံနှုန်းတွေ အရ၊ လူ့အခွင့် အရေး ရှုထောင့် အရ လွတ်လပ်စွာ ကိုးကွယ် ပိုင်ခွင့်ကို ကန့်သတ် ချုပ်ချယ် တားမြစ်တဲ့ ဥပဒေ ဖြစ်နေတယ် လို့လည်း ဆိုပါတယ်။
“ရှင်းရှင်း ပြောရရင် ဘာသာတရား ဆိုတာက ကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်းက ကြိုက်တဲ့ ဘာသာကို ကြိုက်တဲ့ အချိန်မှာ လွတ်လွတ် လပ်လပ် ကူးပြောင်း ပိုင်ခွင့်လည်း ရှိသလို၊ ကိုးကွယ် ပိုင်ခွင့်လည်း ရှိပါတယ်။ ဒါက လူတဦးချင်း စီမှာ ရသင့် ရထိုက်တဲ့ အခြေခံ အခွင့် အရေးလေ။ နောက်တခါ လူနည်းစုတွေ ဖြစ်တဲ့ ကျနော်တို့ ဘာသာခြားတွေ အပေါ်မှာ registration ကဒ် လုပ်ရမယ် ဆိုတဲ့ ကိစ္စက ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပေါ့နော်။ တဘက် ကနေ ပြီးတော့ နိုင်ငံတကာ ဒီမိုကရေစီ စံချိန် စံညွှန်း မီအောင် သွားနေတယ်။ ဒါပေမဲ့ တဘက် အုပ်စုတွေ ကလည်း ဟို နောက်ပြန် ဆွဲပြီးတော့ တလွဲ အသုံးချမယ် ဆိုတဲ့ ပုံစံ မျိုးပေါ်မှာ မြင်နေ ရတယ်ပေါ့။ အဲ့ဒီ အပေါ် မှာတော့ စိုးရိမ်ရ တယ်ခင်ဗျ။ အဲ့ဒီ အပေါ်မှာ ကိုတော့ ကျနော်လည်း သဘော မတူပါဘူး ခင်ဗျ။”
အခု ဥပဒေ မူကြမ်းဟာ တကယ်တမ်း ဥပဒေ အဖြစ် ရောက်မလာသေးတဲ့ အတွက် မှတ်ချက် ပေးဖို့ စောပါ သေးတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် က ပြောပါတယ်။
“ဒီဥပဒေ ထွက်လာဖို့ ကိုပဲ အဆင့်က အများကြီး ကျနော်တို့က ကျော်ဖြတ် ရဦးမယ် ဆိုတော့ ဒီဥစ္စာ ဥပဒေ အဖြစ် ရောက်မရောက် ဆိုတဲ့ဟာ ကလည်း စဉ်းစားဖို့ ရှိပါတယ်။ ဒါကြောင့် အခုကတော့ တော်တော်လေး ပြောဖို့ စောနေ ပါသေးတယ်။ အကျိုး သက်ရောက်မှု ကတော့ ပြောဖို့ တော်တော်လေး စောနေပါ သေးတယ်လို့ ကျနော် ထင်ပါတယ်။ ဥပဒေကို မရောက်သေး တော့လေ ဥပဒေ အဖြစ် သတ်မှတ်တာကို ဝေဖန်ချက် ပေးဖို့လည်း နည်းနည်းတော့ စောနေဦးမယ် ခင်ဗျ။”
ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဥပဒေနဲ့အတူ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ နောက် တလင် တမယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ ဆိုပြီး ဥပဒေ မူကြမ်း လေးရပ်ကို ရေးဆွဲ ပြဋ္ဌာန်းပေးဖို့ သမ္မတက ပြည်ထောင်စု လွှတ်တော်ဆီ သ၀ဏ်လွှာ အရင် ပေးပို့ ခဲ့တာပါ။ သက်ဆိုင်ရာ အစိုးရ အဖွဲ့ အစည်းတွေက ဥပဒေ မူကြမ်းတွေကို ရေးဆွဲပြီး လွှတ်တော်ဆီ တင်သွင်းဖို့နဲ့ လွှတ်တော် အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား အမှန်တကယ် ရဖို့အတွက် အလေးထား စဉ်းစားသုံးသပ်ပြီး ဆောင်ရွက် သွားမယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက က အကြောင်း ပြန်ခဲ့ပြီးတဲ့ နောက်ပိုင်း အခု ဥပဒေ မူကြမ်း ပထမဆုံး ထွက်လာ တာလည်း ဖြစ်ပါတယ်။
![]() |
| ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် Prayuth Chan-ocha ထိုင်းဘုရင့် ပန်းချီကားချပ်ရှေ့မှာ စစ်ကောင်စီ အကြီးအကဲ ရာထူးကို ထောက်ခံမှု ရယူစဉ်။ |
26.5.2014
"ကျေးဇူးပြုပြီး စိတ်အေးအေး ထားကြပါ။ ဒါဟာ စစ်တပ်ကောင်းစားဖို့ လုပ်နေတာ မဟုတ်ပါဘူး။ ထိုင်းပြည်သူတွေရဲ့ ဂုဏ်သိက္ခာ နဲ့ အကျိုးကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ဘယ်လိုမှ ၀င်မပါလို့ မဖြစ်လို့ပါ။ တိုက်ခိုက်မှုတွေ ရပ်ပြီး စေ့စပ်ညှိနှိုင်း အဖြေရှာရေး လုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။" လို့ ဗိုလ်ချုပ်ကြီး Prayuth Chan –ocha ပြောသွားတာပါ။
နိုင်ငံရေး ဆန္ဒပြပွဲတွေ နောက်တကြိမ် ပြန်ပြီး ထကြွလာရင် အင်အားသုံးဖို့ကလွဲလို့ တခြား ရွေးစရာမရှိဘူးလို့လည်း ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ပြောပါတယ်။ တနင်္ဂနွေနေ့က နိုင်ငံတ၀ှမ်းမှာ ဆန္ဒပြသူတွေနဲ့ စစ်တပ်ကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးတဲ့နောက် မစ္စတာ ပရာရွတ်က ခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ထိန်းသိမ်းခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်န၀ပ်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိမရှိ ဆိုတာကိုတော့ အခုချိန်ထိ အတိအကျမသိရသေးပါဘူး။ အလားတူ အတိုက်အခံခေါင်းဆောင် ဆူသက်ပ် သောင်ဆူဘန်ကိုလည်း အမာခံနဲ့ ပြန်လွှတ်ခဲ့ပါတယ်။
မစ္စတာ ပရာရွတ် ၀န်ကြီးချုပ်အဖြစ် ကြေညာခဲ့ပြီး နောက်တနေ့ စနေနေ့မှာ ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ အမတ်တချို့ ပါဝင်တဲ့ လွှတ်တော်ကိုလည်း စစ်တပ်က ဖျက်သိမ်းလိုက်ပါတယ်။ ရွေးကောက်ပွဲတွေ အတတ်နိုင်ဆုံး အမြန်ဆုံး ကျင်းပပေးသွားမယ်လို့ မစ္စတာ ပရာရွတ် က ပြောခဲ့ပေမယ့် ဘယ်တော့လဲ ဆိုတာကိုတော့ သူက ပြောမသွားခဲ့ပါဘူး။ တိုင်းပြည် အာဏာသိမ်းလိုက်တဲ့ ထိုင်းစစ်တပ်ကို နိုင်ငံတကာ ကတော့ ပြစ်တင် ဝေဖန်နေ ကြပါတယ်။
RB News
26.5.2014
မေလ (၂၅) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ လိပ်ရ ကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၄) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ဝေလင်းကိုသည် လိပ်ရတောင်ရွာမှ ဦးမောင်မောင် (ခ) ဦးဒိလ်မိုဟာမတ် (ဘ) ဦးကာဒီဟူစိန်း၏ ကျွဲ (၈) ကောင် ခြံစည်းရိုး တာဘောင်ပေါ်တက်သည်ဟု စွပ်စွဲ၍ ဦးမောင်မောင်ထံမှ ငွေကျပ် ၄၀၀၀၀/- ညှစ်ယူခဲ့သည်။ ရဲမှူး ဝေလင်းကိုက တောင်းသည့် ငွေကို မပေးပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သောကြောင့် တောင်းသည့် အတိုင်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မေလ (၂၄) ရက်နေ့ ည ၉ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ချောင်းဒေါင်ကျေးရွာ (ဂေါ်ရခါလီ) မှ ဆွေယာဒ်ဒူလ္လာ (ဘ) ဦးဆွေယာဒ်အာမတ် (အသက် ၂၁ နှစ်) သည် ဆင်းမ်ကဒ်မပါသည့် ဖုန်းတွင် memory ကဒ်ထည့်၍ သီချင်း နားထောင်နေစဉ် ချောင်းဒေါင်နှင့် ဥဒေါင်း ကျေးရွာ အကြား တံတားရှိ ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက တရားမ၀င် ဖုန်းကိုင်ဆောင် နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဒေသခံ ရွာသားများကို ထိုကဲ့သို့ မဟုတ်မမှန် စွပ်စွဲပြီး မကြာခဏ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လေ့ ရှိကြောင်း သိရှိရပါသည်။
မောင်တောမြို့နယ်၊ အမှတ် (၂) နယ်မြေ အပိုင်ရှိ အောင်ဇံ ကျေးရွာ အုပ်စု၊ ဆီဒါရွာမှ ကိုဘော်ဒီအာလမ် (ဘ) ဦးအလီအာမတ် (အသက် ၂၅ နှစ်) သည် ကျန်းမာရေး အခြေအနေကြောင့် ဆေးကုသရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားဝင် သွားရောက်ခဲ့သည်။ ဆေးကုသပြီး ပြန်ရောက်သည့် အခါ မေလ (၂၂) ရက်နေ့က တပ်ရင်း (၅၃၅) မှ အမည်မသိ ဗိုလ်ကြီး တစ်ဦးက ခေါ်ယူပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် RSO သင်တန်း တက်ရောက်ရန် သွားသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြီး ငွေကျပ် ငါးသောင်းနှင့် ငွေကျပ် သုံးသောင်းတန် နိုင်ငံခြားဖြစ် လက်နှိပ်ဓါတ်မီး တစ်လုံး ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မေလ (၂၀) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဦးရှည်ကျ ကျေးရွာမှ ဖော်ရီဒူလ္လာ (ဘ) ဦးအာဇီရာမန် (အသက် ၂၈ နှစ်) ကို အမှတ် (၅) နယ်မြေမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အကြောင်းမဲ့ ဖမ်းဆီး သွားပြီး ယခုအချိန်ထိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ၎င်းသည် ကျပန်း အလုပ်သမား တစ်ဦးဖြစ်ပြီး၊ ယခုကဲ့သို့ ဖမ်းဆီး ခံထားရခြင်းကြောင့် သားသမီး နှစ်ဦး အပါအ၀င် မိသားစုမှာ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရသည်။ ၎င်းသည် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးရှေ့ရှိ ငါးမွေးမြူရေးကန်တွင် အလုပ်လုပ်ကိုင်ခဲ့ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက မကျေနပ်၍ မဟုတ်မမှန် တိုင်ကြားခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးခံထားရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
Rohingya Eye မှ အချက်အလက် အချို့ပံ့ပိုးသည်။
Rohingya Eye
RB News
26.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာ အုပ်စုမှ အပြစ်မဲ့ ဒေသခံ နှစ်ဦးကို ဖမ်းဆီးပြီး တစ်ဦးကို တရားစွဲဆို၍ ထောင်ချရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာမှ မော်လ၀ီ ယာစင်းန် (ဘ) ဦးအဒူလ်ဟာကိမ်း (အသက် ၂၈ နှစ်) ကို အလယ်သံကျော် အခြေစိုက် သတင်းတပ်ဖွဲ့ (SB) မှ ဒုရဲအုပ် အောင်ကျော်ဇင်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက မေလ (၂၅) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး၊ နေ့လည်ပိုင်း အထိ ညှဉ်းပန်း နှိပ်စက်၍ ညနေ (၄) နာရီ အချိန်တွင် ၎င်း၏ နေအိမ်သို့ ပြန်လည် ခေါ်ဆောင် လာခဲ့သည်။
ထို့နောက် ဒုရဲအုပ်အောင်ကျော်ဇင်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်ကို ရှာဖွေမှုများ ပြုလုပ်၍၊ ရှာဖွေ နေစဉ် ဒုရဲအုပ် အောင်ကျော်ဇင်က သေတ္တာ တစ်လုံး အတွင်းသို့ ၎င်း၏ သေနတ်ကို ထည့်ပြီး၊ အဆိုပါ သေနတ်ကို မော်လ၀ီ ယာစင်းန်၏ နေအိမ်မှ ရှာဖွေ ဖမ်းဆီး ရမိသည်ဟု ဆိုကာ မော်လ၀ီ ယာစင်းန်နှင့် ညီဖြစ်သူ မိုဟာမတ် ဖိုက်ဆဲရ် (အသက် ၂၄ နှစ်) တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မော်လ၀ီ ယာစင်းန်ကို မောင်တော ရဲစခန်းသို့ ပို့ဆောင်လိုက်ပြီး၊ မိုဟာမတ် ဖိုက်ဆဲရ်ကို အလယ်သံကျော် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားကြောင်း သိရှိရပါသည်။
မော်လ၀ီ ယာစင်းန်ကို မောင်တော တရားရုံးတွင် ယနေ့ (မေလ ၂၆) စစ်ဆေးခဲ့ပြီး၊ အစိုးရ သက်သေများ အဖြစ် ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြနှင့် အခြားသောသူများ သက်သေခံခဲ့ကြောင်း သိရှိရပါသည်။
မော်လ၀ီ ယာစင်းန်နှင့် ညီဖြစ်သူ မိုဟာမတ် ဖိုက်ဆဲရ်တို့ကို မေလ ပထမပတ်တွင် ဘင်္ဘောကွေ့ ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဓါးပြမှုနှင့် လူသတ်မှုတို့ကို ခေါင်းဆောင်ခဲ့သည့် ဓါးပြဗိုလ်နှင့် ဆက်နွယ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ ညီအစ်ကို နှစ်ဦးသည် အကျင့် စာရိတ္တ ကောင်းမွန်သူများ ဖြစ်ပြီး၊ ရပ်ရေး ရွာရေးတွင် ဦးဆောင် ပါဝင်သူများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“အမှန်တော့ အဲဒီဓါးပြဗိုလ်နဲ့ အမှန်တကယ် ဆက်နွယ်နေသူတွေက တပ်ရင်းမှူး တွေပါ။ အဲဒီ ဓါးပြဗိုလ်က တပ်ရင်းမှူးတွေကို ဆက်ကြေးပေးပြီး လှုပ်ရှားနေတာ ကျွန်တော်တို့ ဒေသခံ တွေအားလုံး သိပါတယ်။ ကျွန်တော်တို့ ဒေသမှာ တရားဥပဒေက အပြစ်ရှိသူတွေကို ဖမ်းမယ့် အစား အပြစ်မဲ့တွေကို အမှုဆင် ဖမ်းဆီးပြီး၊ တကယ့် အပြစ်ရှိသူတွေရဲ့ အပြစ်ကို ဖုံးကွယ်တာက ဒီဒေသမှာ ရှိတဲ့ အာဏာပိုင်တွေရဲ့ အစဉ်အလာ တစ်ခုပါ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဦးအောင်တင်
25.5.2014
ဘင်္ဂလားဒေ့ရှ်ကို သွားပါ။
ဘင်္ဂလားဒေ့ရှ်ကို သွားပါ။
ဘင်္ဂါလီရခိုင်တွေနဲ့ တစ်လလောက်နေပါ။
ပြီးရင် မြန်မာပြည်ထဲကို မြန်မာနိုင်ငံ ဥပဒေ၊ ဘင်္ဂလားဒေ့ရှ် ဥပဒေ၊ နိုင်ငံတကာ ဥပဒေ၊ ၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေတွေ ရှိသမျှဥပဒေ မှန်သမျှကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ရဲရဲကြီး ခိုးဝင်ပါ။
မြန်မာပြည်ဖက်ရောက်တာနဲ့ ဦးသိန်းစိန်အစိုးရနှင့် လဝကဝန်ကြီး ဦးခင်ရီတို့က သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေမှန်သမျှကို ခြေနဲ့ နင်းချေပြီး ခင်ဗျားကို လှိုက်လှဲစွာ ကြိုဆိုမယ်။
ရိုဟင်ဂျာတွေဆီက လုထားတဲ့ နေစရာကို ပေးမယ်။
ရိုဟင်ဂျာတွေဆီက ခိုးထားတဲ့ စားစရာကို ပေးမယ်။
ရိုဟင်ဂျာတွေဆီက သိမ်းထားတဲ့လယ်ကို ပေးမယ်။
ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဆိုပြီး ငြင်းပယ်ထားတဲ့ မြန်မာနိုင်ငံသားအဖြစ်ကို ဘင်္ဂါလီရခိုင်တွေကို နေ့ချင်းညချင်း ပေးသလိုပေးမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်စရာ မလိုဘဲ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံသား နှစ်နိုင်ငံသားစတေးတပ်ကို ဘင်္ဂါလီရခိုင်တွေ ရသလို ခင်ဗျားလည်း ရသွားမယ်။
ဒီမှာနေရင် ဒီနိုင်ငံသားဖြစ်မယ်။ ဘင်္ဂလားဒေ့ရှ်ကို ပြန်ရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဖြစ်မယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ကြိုက်တဲ့အချိန်ပြန်၊ အဲဒီက ပတ်စ်ပို့ပြန်ယူ၊ တစ်ကမ္ဘာလုံး ပါတ်၊ လုပ်ချင်ရာ လုပ်။
၁၉၈၂ နိုင်ငံသား ဥပဒေ အရ တစ်နိုင်ငံလုံးက ဘယ်တိုင်းရင်းသားမှ မရတဲ့ နှစ်နိုင်ငံသား အခွင့် အရေးကို ခင်ဗျားလည်း ဘင်္ဂါလီရခိုင်တွေလို ရသွားမယ်။
မြန်မာပြည် တစ်ဝှမ်းလုံးလည်း ကိုယ့်အိမ်မှတ်ပါ။ ကိုယ့်ယာမှတ်ပါ။ ကိုယ့်ယောက္ခမ အိမ်လိုသာ သဘောထားပါ။
သွားချင်ရာ သွား၊ စားချင်သလို စား၊ လုပ်ချင်သလို လုပ်၊ နေချင်သလို နေ။
နိုင်ငံရေး ပါတီ ထောင်ထောင်၊ ဘုန်းကြီး ဝတ်ဝတ်၊ မြန်မာပတ်စ်ပို့ လျှောက်လျှောက် ကြိုက်တာကို ကြိုက်သလို လုပ်ပါ။
ဧဝံ ဤ သို့၊ တွံ သင်သည်၊ ဂနာဟိ မှတ်လော။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ အောက်ပြူးမ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ဒေသခံ ရိုဟင်ဂျာ ရွာသား တစ်ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ (၂၂) ရက်နေ့ ည ၁၀း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း အောက်ပြူးမ ကျေးရွာ (ကာဆာဘီလ်) နေ ဦးမူခ်တာရ်ဟူစိန်း (ဘ) ဦးအေဇာရ်ဟူစိန်း (အသက် ၃၀ နှစ်) သည် ချောင်းတွင် ငါးဖမ်းနေစဉ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဘသိန်း ရောက်ရှိလာပြီး ငါးဖမ်းနေသည်ကို ပြစ်တင် ဆဲဆို၍၊ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက် ရိုက်နှက်ခဲ့ရာ ဦးမူခ်တာရ်ဟူစိန်းမှာ ကောင်းမွန်စွာ လမ်းမလျှောက် နိုင်တော့သလို၊ စကားလည်း ကောင်းမွန်စွာ မပြောဆို နိုင်တော့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဦးမူခ်တာရ်ဟူစိန်းကို ဒေသခံ ရွာသားများက ထမ်း၍ နေအိမ်သို့ ခေါ်ဆောင်လာခဲ့ရပြီး၊ အုပ်ချုပ်ရေးမှူး ဦးဘသိန်း၏ လူမဆန်သော လုပ်ရပ်များကို ဒေသခံ ရပ်မိရပ်ဖ များက သွားရောက်၍ ပြစ်တင် ဝေဖန်သည့် အခါ ဦးဘသိန်းက ၎င်း၏ ၀တ္တရားကို ရွာသားများက ၀ိုင်းဝန်း နှောက်ယှက် နေသည်ဟု လီဆယ်၍ အထက် အာဏာပိုင်များထံ စာရေးသား၍ တိုင်ကြားခဲ့ကြောင်း သိရှိရပါသည်။
အုပ်ချုပ်ရေးမှူး ဦးဘသိန်းက ဒေသခံ ရပ်မိရပ်ဖများကို သက်ဆိုင်ရာ ဌာနများမှ တဆင့် ၀တ္တရား နှောက်ယှက်မှုဖြင့် တရားစွဲဆို သွားမည်ဟု ပြောဆိုကြောင်း ဒေသခံများက ပြောပါသည်။

| Kutupalong ဒုက္ခသည် စခန်း (ဓါတ်ပုံ - Jonathan Saruk/Getty Images) |
RB News
25.5.2014
Kutupalong, Bangladesh -- ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့စ်ဘဇား ခရိုင်ရှိ Kutupalong ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် လူငယ် တစ်ဦးကို မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ (၂၄) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် ၃၇ အနီးရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အထက် ဘာခ်ျပါရီရွာတွင် အလုပ်လုပ်ကိုင်နေသော Kutupalong ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ လူငယ် (၄) ဦးကို မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၃) ဦးက လိုက်လံ ပစ်ခတ်ရာ ရိုဟင်ဂျာ လူငယ် (၃) ဦး လွတ်မြောက် သွားသော်လည်း (၁) ဦး သေဆုံးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
သေဆုံးသွားသူမှာ မာမတ်ရှော်ဖိတ် (အသက် ၁၆ နှစ်) ဖြစ်ပြီး၊ မေလ (၂၅) ရက်နေ့တွင် ဖခင် ဖြစ်သူ ဦးဇာဟိတ်အာလမ်က သားဖြစ်သူ၏ အလောင်းကို သယ်ဆောင်ရန် လာရောက် ရှာဖွေ ခဲ့သော်လည်း အလောင်းကို ရရှိသွားခြင်း မရှိကြောင်း သိရှိရပါသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘဇား BGB တပ်ရင်း (၁၇) မှ CO ဖြစ်သူ ဆိုက်ဖ်နှင့် BGB နယ်မြေမှူး ဖော်ရိတ်တို့သည် အခင်းဖြစ်ပွားသည့် နေရာသို့ မေလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် လာရောက်၍ အလံနီ တင်ပြီး ကန့်သတ် နေရာ အဖြစ် သတ်မှတ်လိုက်သည်။
သေဆုံးသွားသူ လူငယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်း အုပ်ချုပ်သူ ဦးမာမတ်နူရ် မာဇီ၏ အပိုင် B2 – Block တွင် နေထိုင် နေသူဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်း များ၏ အကူအညီ ရရှိခြင်း မရှိသော ဒုက္ခသည် ၃ သိန်းခန့်မှ တစ်ဦး ဖြစ်သည်။ ရိုဟင်ဂျာ ဒုက္ခသည် သုံးသောင်းခန့်ကို တရားဝင် ဒုက္ခသည်များ အဖြစ် အသိအမှတ် ပြုပြီး နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့လျက် ရှိသော်လည်း၊ တရားမ၀င် ဒုက္ခသည် ၃ သိန်းခန့်မှာ မည်သည့် အဖွဲ့အစည်းကမှ ထောက်ပံ့ခြင်း မရှိသောကြောင့် စားဝတ်နေရေး ခက်ခဲမှုကြောင့် ဘင်္ဂလီ ကျေးရွာများတွင် အလုပ်လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြ ရသည်။
ထိုကဲ့သို့ စားဝတ် နေရေး ခက်ခဲမှုကြောင့် ဘင်္ဂလီကျေးရွာ များတွင် အလုပ်လုပ် ကိုင်နေသည့် လူငယ်များကို မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့များက နိုင်ငံ ကျူးကျော်ပြီး ပစ်ခတ်ရာတွင် (၃) ဦးလွတ်မြောက် သွားသော်လည်း (၁) ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ အလောင်းကို မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က သယ်ဆောင် သွားပြီး ယခု အချိန်ထိ ပြန်လည် အပ်နှံခြင်း မရှိဘဲ မြန်မာ ပိုင်နက် အတွင်းရှိ ထားရှိထားကြောင်း ဒေသခံများက RB News သို့ပြောသည်။
ဘင်္ဂလားဒေ့ရှ် BGB တပ်ကလည်း မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားရန် အတွက် မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ကျူးကျော် ၀င်ရောက် ပစ်ခတ်ခဲ့သည့် နေရာသို့ မသွားကြရန် အတွက် အလံနီတင်၍ ကန့်သတ် ထားလိုက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိပါသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့် ဖြစ်သူ ဦးကျော်ဇေယျာဦး တို့သည် ဒေသခံ ရိုဟင်ဂျာ များကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ အမြဲတစေ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
အောက်ပါ ငွေညှစ်မှု (၁၉) မှုမှ ငွေညှစ်ခံရသူ များမှာ အလယ်သံကျော် ကျေးရွာ အုပ်စု၊ မောင်တူလာ ရွာမှ ဒေသခံ ရိုဟင်ဂျာများ ဖြစ်ကြသည်။
အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့် ဖြစ်သူ ဦးကျော်ဇေယျာဦး တို့သည် အမှတ် (၇) နယ်မြေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စစ်တပ်မှ တပ်ရင်းမှူး တို့နှင့် အမည်များကို အလွှဲသုံးစား ပြုလုပ်ပြီး ငွေညှစ်လျက် ရှိပြီး၊ ဦးကျော်ဇေယျာဦးက နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တပ်ရင်းမှူးကို သုံးပုံနှစ်ပုံ ခွဲတမ်း ပေးရသည်ဟု ဒေသခံများကို ပြောလေ့ ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
(၁) ကိုမာမတ်ကာဆိမ်း (ဘ) ဦးဟူဆောင်အာမတ် (အသက် ၂၅ နှစ်) သည် အစိုးရ လိုင်စင်ရ ဓါးပြဗိုလ် တစ်ဦး ဖြစ်သူ ဦးအဒူလာကိမ်းနှင့် ဆွေမျိုး တော်စပ်သူ ဖြစ်ပြီး ဆက်ဆံမှု လုံးဝ မရှိသော်လည်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦး တို့က ငွေကျပ် ဆယ်သိန်း မပေးလျှင် သက်ဆိုင်ရာကို မဟုတ်မမှန် သတင်းပို့ပြီး ဒုက္ခရောက်အောင် ပြုလုပ်မည့်ဟု ခြိမ်းခြောက်သဖြင့် ဇန်န၀ါရီလ (၇) ရက်နေ့တွင် ပိုင်ဆိုင်သည့် လယ်ယာမြေ များကို ရောင်းချပြီး ငွေကျပ် ရှစ်သိန်း ပေးခဲ့ရသည်။
(၂) ဦးအီနုစ် (ဘ) ဦးအော်လီအာမတ် (အသက် ၄၅ နှစ်) သည် မိမိ၏ နေအိမ်ကို ပြုပြင်ရန် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှ မတ်လ (၂) ရက်နေ့တွင် ခွင့်ပြုမိန့် ရယူခဲ့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က နေအိမ် ပြုပြင်သည့် အတွက်ဟု ဆိုကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။
(၃) အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးသည် မတ်လ (၈) ရက်နေ့တွင် ဦးအာမန်အုလ္လာ (ဘ) ဦးလာလ်မျာ (အသက် ၃၀ နှစ်) ကို နေအိမ်ပြုပြင်ခွင့် ပေးမည်ဟု ဆိုကာ ငွေကျပ် ခြောက်သောင်း ရယူပြီး၊ နေအိမ် ပြုပြင်ခွင့် ပေးခဲ့သည်။ မတ်လ (၁၉) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က ခွင့်ပြုမိန့် မရှိဘဲ ပြုပြင်သည့် အတွက်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ဦးကျော်ဇေယျာဦးကို ငွေကျပ် ခြောက်သောင်း ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းပြခဲ့သော်လည်း ဦးမောင်သက်နိုင်က ၎င်းနှင့်မဆိုင်ဟု ဆိုကာ ထပ်မံ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။
(၄) ဧပြီလ (၂) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် မော်လ၀ီ ဦးဟာရှိမ် (ဘ) ဦးဆာလေအာမတ် (အသက် ၃၈ နှစ်) သည် မိမိ၏ ခြံဝင်းအတွင်း ထိုင်နေစဉ် အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ ဦးကျော်ဇေယျာဦးနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လက်ထိပ်ခတ်၍ အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ည ၁၁ နာရီ ကျော်သည့် အချိန်တွင် ညမထွက်ရ အမိန့်ကို ဖောက်ဖျက်သည်ဟု ဆိုကာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ပြောဆို၍ ငွေညှစ်ရာ၊ ဧပြီလ (၃) ရက်နေ့ နံနက်ပိုင်းတွင် မိဘများက ဦးကျော်ဇေယျာဦးနှင့် ရဲတပ်ဖွဲ့ဝင်များကို ငွေကျပ် ငါးသောင်း ပေး၍ သားဖြစ်သူကို အချုပ်ခန်းမှ ပြန်လည် ခေါ်ဆောင်လာခဲ့ရသည်။
(၅) ဧပြီလ (၁၅) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သက်နိုင်က မော်လ၀ီ ဦးနူရူအစ္စလာမ် (ဘ) ဦးအဒူဂဖာရ် (အသက် ၅၅ နှစ်) ၏ နေအိမ်ဟောင်း ပြုပြင်ရန် အတွက် ခွင့်ပြုမိန့် ပေးမည်ဟု ဆိုကာ ငွေကျပ် တစ်သိန်း သုံးသောင်း ညှစ်ယူခဲ့သည်။
(၆) ဧပြီလ (၁၈) ရက်နေ့ ည ၉း၃၀ နာရီတွင် ကိုဖွေယာဇူ (ဘ) ဦးအဒူလ်ဟာကိမ်း (အသက် ၃၀ နှစ်) သည် လက်ထပ်ခွင့် ခွင့်ပြုချက် စာရွက် ရရှိရန် အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်ကို ငွေကျပ် သုံးသောင်း ပေးပြီး၊ ခွင့်ပြုမိန့် စာရွက်ယူ၍ ၎င်း၏ နေအိမ်သို့ ပြန်လာခဲ့သည်။ ည ၁၀း၃၀ နာရီ အချိန်တွင် အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦး ရောက်ရှိလာပြီး၊ ကိုဖွေယာဇူထံမှ လက်ထပ်ခွင့် ခွင့်ပြုစာကို ယူ၍ စုတ်ဖြဲပြီး၊ လက်ထပ်ခွင့် လိုချင်လျှင် ငွေကျပ် ငါးသောင်း ပေးရမည်ဟု ဆိုကာ ငွေညှစ်သဖြင့် ကိုဖွေယာဇူက အုပ်ချုပ်ရေးမှူးကို ဖုန်းဆက် မေးမြန်းရာ၊ အုပ်ချုပ်ရေးမှူးက သူ့တပည့် ပြောသလို လုပ်လျှင် လက်ထပ်ခွင့် ခွင့်ပြုစာ နောက်တစ်စောင် ထုတ်ပေးမည်ဟု ပြောသဖြင့်၊ နောက်ဆုံးတွင် ငွေကျပ် ငါးသောင်း ထပ်မံ ပေးခဲ့ရပြီး၊ လက်ထပ်ခွင့် ရရန် အတွက် အုပ်ချုပ်ရေးမှူးနှင့် တပည့်ဖြစ်သူ တို့ကို စုစုပေါင်း ငွေကျပ် ရှစ်သောင်း ပေးခဲ့ရသည်။
(၇) ဧပြီလ (၂၂) ရက်နေ့တွင် ဒေါ်ရေဟာနာ (ဘ) ဦးဟာဘီအုလ္လာ (အသက် ၂၅ နှစ်) နှင့် ဦးဟာဆူ (ဘ) ဦးအဆော်ဒူ တို့အချင်းချင်း စကားများရာ ရပ်မိရပ်ဖများက ဖြေရှင်း၍ ပြေလည်မှု ရရှိသွားသော်လည်း အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး၊ နှစ်ဦးစလုံးကို ၎င်း၏ အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် စာချုပ် တစ်ခုတွင် နှစ်ဦးစလုံးကို လက်မှတ် ရေးထိုးခိုင်းပြီး တစ်ဦးကို ငွေကျပ် ငါးသောင်းစီ ပေးရန် ခြိမ်းခြောက် ပြောဆိုခဲ့ရာ နောက်ဆုံးတွင် နှစ်ဦးပေါင်း ငွေကျပ် ရှစ်သောင်း ပေးခဲ့ရသည်။
(၈) ဧပြီလ (၂၄) ရက်နေ့တွင် မော်လ၀ီ ဦးနူရူအစ္စလာမ် (ဘ) ဦးအဒူဂဖာရ် (အသက် ၅၅ နှစ်) ပိုင်ဆိုင်သော နွားနှင့် ဦးဆွေယာဒ်ရာန် (ဘ) ဦးဖေရာန်၏ နွားတို့ ခွေ့ကြရာ၊ ဦးဆွေယာဒ်ရာန်၏ နွားဒဏ်ရာ ရရှိသွားသဖြင့် နှစ်သိန်းတန် နွားကို အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့် ဖြစ်သူ ဦးကျော်ဇေယျာဦးတို့က ငွေကျပ် သုံးသိန်း ကိုးသောင်းဖြင့် တန်ဖိုးဖြတ်၍ မော်လ၀ီ ဦးနူရူအစ္စလာမ် ထံမှ ငွေကျပ် သုံးသိန်း ကိုးသောင်း ရယူပြီး၊ နှစ်သိန်းကို နွားပိုင်ရှင် ဦးဆွေယာဒ်ရာန်ကို ပေးပြီး ကျန်သည့် ငွေကျပ် တစ်သိန်း ကိုးသောင်းကို ဦးမောင်သက်နိုင်နှင့် ဦးကျော်ဇေယျာဦး တို့ကို ခွဲဝေယူခဲ့သည်။
(၉) ဧပြီလ (၂၅) ရက်နေ့က အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးတို့က ဦးမာမတ်ဇာကေရ် (ဘ) ဦးကာလာဟူဆောင် (အသက် ၃၂ နှစ်) ၏ နေအိမ်ပြုပြင်ခွင့် အတွက် ငွေကျပ် တစ်သိန်း ခုနှစ်သောင်း ညှစ်ယူခဲ့သည်။
(၁၀) ဧပြီလ (၂၈) ရက်နေ့က ကိုအဘူလ်ဝါဖာ (ဘ) ဦးမာမတ်ကာဆိမ်း (အသက် ၂၅ နှစ်) ၏ နေအိမ်မှ ၀ါးထရံ တစ်ခုလဲရန် ခွင့်ပြုချက် အတွက် အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ ဦးကျော်ဇေယျာဦးက ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့သည်။
(၁၁) ဧပြီလ (၃၀) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးက ဦးနိုရို (ဘ) ဦးအော်ဆီရာမန်၏ နေအိမ်ဟောင်း ပြုပြင်ခွင့် ပေးမည်ဟု ဆိုကာ ငွေကျပ် သုံးသောင်း ညှစ်ယူခဲ့သည်။
(၁၂) မေလ (၁) ရက်နေ့တွင် ဒေါ်ဆာဂျီဒါ (ဘ) ဦးဇော်ကော်ရီယာ (အသက် ၄၀ နှစ်) ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက် ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။
(၁၃) မေလ (၂) ရက်နေ့ ည ၈ နာရီ အချိန်တွင် ကိုဟာရှိမ် (ဘ) ဦးအဒူလောက် (အသက် ၂၇ နှစ်) ၏ နေအိမ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ငါးဦးနှင့် ဦးကျော်ဇေယျာဦး တို့က ၀င်ရောက်၍ ရှာဖွေခဲ့ရာ မည်သည့် ပစ္စည်း တစ်စုံ တစ်ရာကို မတွေ့ရှိခဲ့သော်လည်း ၀ါးချ ကျေးရွာမှ လူနာ အမျိုးသမီး တစ်ဦးကို တွေ့သဖြင့် အဆိုပါ အမျိုးသမီးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ မေလ (၃) ရက်နေ့ ညနေပိုင်းတွင် အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူ၍ အဆိုပါ လူနာ အမျိုးသမီးကို ပြန်လည် လွှတ်ပေးခဲ့သည်။
(၁၄) မေလ (၃) ရက်နေ့တွင် ကိုအဒူလ္လာ (ဘ) ဦးဆွေယာဒ်ကာဆိမ်း (အသက် ၂၄ နှစ်) ကို အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးက တဖက်နိုင်ငံသို့ တရားမ၀င် သွားရောက် ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် နှစ်သောင်း ငါးထောင် ညှစ်ယူခဲ့သည်။
(၁၅) မေလ (၃) ရက်နေ့တွင် ဒေါ်ဂျမီလာ (ဘ) ဦးကုလ္လာမျာ (အသက် ၄၅ နှစ်) သည့် တစ်ဖက်နိုင်ငံသို့ တရားဝင် သွားရောက်၍ ဆေးကုသနေစဉ်၊ အိမ်၌ ကျန်ရစ် ခဲ့သော မိသားစုဝင်များထံမှ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦး တို့က အိမ်ထောင် ဦးစီး ထွက်ပြေးသွားသည်ဟု ဆိုကာ အိမ်ခြံမြေ သိမ်းမည်ဟု ခြိမ်းခြောက်ပြီး ငွေကျပ် ၇၀၀၀၀/- ညှစ်ယူခဲ့သည်။ တစ်ဖန် ဒေါ်ဂျမီလာ ပြန်ရောက်သည့် အခါ ထပ်မံ၍ ငွေကျပ် သုံးသောင်း ညှစ်ယူခဲ့သည်။
(၁၆) မေလ (၇) ရက်နေ့တွင် ဦးမာမတ်တော်ယုဘ် (ဘ) ဦးမုစ်တာအာမတ်၏ မိခင် ဖြစ်သူကို တဖက်နိုင်ငံသို့ သွားရောက်ခဲ့သည်ဟု စွပ်စွဲ၍ အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးက ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။
(၁၇) မေလ (၁၆) ရက်နေ့တွင် ဦးဆော်လီမုလ္လာ (ဘ) ဦးဆိဒိတ် (အသက် ၃၄ နှစ်) သည် ၎င်းပိုင်ဆိုင်သော လယ်မြေ ၀.၃၀ ဧကကို ရောင်းချခဲ့သည်။ အဆိုပါ သတင်းကို အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးက သိရှိသွားပြီး၊ လယ်မြေ ရောင်းချသူ ဦးဆော်လီမုလ္လာကို ငွေကျပ် တစ်သိန်း မပေးပါက ရဲနှင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သဖြင့် နောက်ဆုံးတွင် ငွေကျပ် ငါးသောင်း ပေးခဲ့ရသည်။
(၁၈) မေလ (၁၇) ရက်နေ့တွင် ကိုဆော်လီမုလ္လာ (ဘ) ဦးလာလ်မျာ (အသက် ၂၆ နှစ်) ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ ဦးကျော်ဇေယျာဦး တို့က ရွာတွင် ညကင်းစောင့်ရန် ပုံမှန် အတိုင်း ကြိုတင် အကြောင်းကြားထားခြင်း မရှိဘဲ၊ ကင်းစောင့်ရန် သဖွယ် ပြောဆို၍ ခေါ်ဆောင်သွားပြီး၊ ငွေကျပ် ခြောက်ထောင်တန် ကြက်ဖ တစ်ကောင်နှင့် ငွေကျပ် တစ်သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။
(၁၉) မေလ (၁၈) ရက်နေ့က ကိုအဗ်ဒူလ္လာ (ဘ) ဦးအလီဟူစိန်း (အသက် ၂၅ နှစ်) ကို ၀ယ်ယူထားသည့် နွားကို စာရင်းမတင်ဟု စွပ်စွဲပြီး အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဦးက ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။ အဆိုပါ သတင်းကို မေလ (၁၉) ရက်နေ့တွင် RB News တွင် ဖော်ပြခဲ့သည်။ မေလ (၂၂) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ဦးကျော်ဇေယျာဦးက ကိုအဗ်ဒူလ္လာအား RB News သို့ သတင်းပို့သည့် အတွက်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ထပ်မံ ညှစ်ယူခဲ့သည်။ ကိုအဗ်ဒူလ္လာသည် ငွေကြေး မတတ်နိုင်သဖြင့် အလယ်သံကျော်ဈေးရှိ ဦးမော်ဂျီအုလ္လာ ထံမှ ငွေကျပ် တစ်သိန်း ချေးယူပြီး ဦးကျော်ဇေယျာဦးကို ပေးခဲ့ရသည်။ ဦးကျော်ဇေယျာဦးက ငွေကျပ် တစ်သိန်း မပေးပါက နွားကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ခဲ့သည့် အတွက် တောင်းသည့် အတိုင်း ပေးခဲ့ရသည်။
MYARF
RB News
25.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ပဒင်းကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ညမထွက်ရ အမိန့်ကို ဖီဆန်၍ အပြင်ထွက်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ်၊ တောင်ပိုင်း ပဒင်းကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦး ဖြစ်သည့် ကိုအဒူရှကူရ် (ဘ) ဦးအီလူ (အသက် ၂၅ နှစ်) နှင့် နူရ်ကော်ဘိရ် (ဘ) ဦးအဒူလာမိန် (အသက် ၂၀ နှစ်) တို့သည် မေလ (၂၃) ရက်နေ့ ည ၁၀ နာရီကျော် အချိန်တွင် ရာသီဥတု ပူပြင်းသောကြောင့် လမ်းဘေးတွင် ထိုင်နေကြစဉ် ပဒင်းကျေးရွာ အုပ်စု၊ ရေပုံးပြင်ရွာရှိ မူလတန်းကျောင်းတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ညမထွက်ရ အချိန်ကို ကျော်လွန်သည်ဟု ဆို၍ ဖမ်းဆီးပြီး ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အပြစ်မဲ့ ငွေညှစ်ခံရသူ နှစ်ဦးက ညမထွက်ရ အမိန့်သည် ည ၁၁ နာရီမှ နံနက် ၄ နာရီ အထိ ဖြစ်သည့် အတွက် ၎င်းတို့သည် ညမထွက်ရ အမိန့်ကို ကျူးလွန် ဖောက်ဖျက်ခြင်း မရှိဟု ပြောဆိုသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဤကျေးရွာတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီ အထိဟု မဟုတ်မမှန် ပြောကာ အာဏာ အလွှဲသုံးစား ပြုလုပ်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
မောင်တောမြို့နယ်တွင် ညမထွက်ရ အမိန့်မှာ ည ၁၁ နာရီမှ နံနက် ၄ နာရီ အထိ ဖြစ်ပြီး၊ လွန်ခဲ့သည့် ရက်ပိုင်းကလည်း မောင်တောမြို့ပေါ်ရှိ မြို့မ ဗလီကြီး၏ ညစောင့်ကို နံနက် ၅ နာရီခွဲတွင် ဖမ်းဆီးပြီး ညသန်းခေါင်ယံ အချိန်တွင် ဖမ်းဆီးမိသည်ဟု အမှုဆင်၍ ထောင် (၆) လ ချမှတ်ခဲ့သည်။
MYARF
RB News
25.5.2014
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို စစ်တပ်မှ ပေးထားသည့် ဖုန်းဖြင့် ဖမ်းဆီးပြီး ထောင် (၇) နှစ်ချ လိုက်ကြောင်း သတင်း ရရှိပါသည်။
တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်မှ ဦးအာမန်အုလ္လာ (ဘ) ဦးဆော်လီမုလ္လာသည် GE ဆောက်လုပ်ရေးတပ်၏ နယ်စပ် ခြံစည်းရိုး ကာရံနေသည့် လုပ်ငန်းတွင် အခကြေးငွေဖြင့် ၀င်ရောက် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်သည်။ GE တပ်မှ ဆရာကြီး မျိုးသိန်းဆိုသူက ဦးအာမန်အုလ္လာအား ၎င်းနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ရန် အတွက် ဘင်္ဂလား ဖုန်းတစ်လုံး ပေးခဲ့သည်။
မေလ (၂၂) ရက်နေ့ နေ့လည်ပိုင်းတွင် ဦးအာမန်အုလ္လာသည် ၎င်းဖုန်းကို ကိုင်ဆောင်၍ ကြိမ်ချောင်းသို့ သွားနေစဉ် ကြိမ်ချောင်း တံတား၌ ကင်းစောင့်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီးပြီး မောင်တော ရဲစခန်းသို့ ပို့ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဦးအာမန်အုလ္လာကို မေလ (၂၃) ရက်နေ့တွင် မောင်တော ရဲစခန်းမှ တရားစွဲဆို၍ မောင်တော တရားရုံးသို့ ပို့ခဲ့ပြီး၊ ရှေ့နေ ငှားရမ်းခွင့်ပင် မပေးဘဲ တရားရုံးက ထောင်ဒဏ် (၇) နှစ် ချမှတ် လိုက်ကြောင်း သိရှိရပါသည်။ ဦးအာမန်အုလ္လာကို ဘူးသီးတောင် အကျဉ်းထောင်သို့ မပို့သေးဘဲ မောင်တော ရဲစခန်းရှိ အချုပ်ခန်းတွင် ဆက်လက် ချုပ်နှောင် ထားကြောင်း သိရှိရပါသည်။
ဦးအာမန်အုလ္လာ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ GE ဆောက်လုပ်ရေးတပ်မှ ဆရာကြီး မျိုးသိန်းသည် ဦးအာမန်အုလ္လာ၏ မိသားစုများနှင့် မေလ (၂၄) ရက်နေ့တွင် တွေ့ဆုံပြီး၊ ဦးအာမန်အုလ္လာ အတွက် အယူခံဝင်၍ လွတ်မြောက်လာသည် အထိ တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
Rohingya Eye
RB News
24.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု အခြေစိုက် စစ်တပ်မှ ဗိုလ်ကြီး တစ်ဦးက ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို မဟုတ်မမှန် စွပ်စွဲပြီး ငွေကျပ် ၈ သိန်းခွဲ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူး ကျေးရွာတွင် အခြေစိုက်သည့် စစ်တပ်မှ ဗိုလ်ကြီး ကျော်ထူးနိုင်က အလယ်သံကျော် ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာ များအား မဟုတ်မမှန် စွပ်စွဲ၍ ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်လျက် ရှိကြောင်း သိရှိရပါသည်။
မေလ (၁၆) ရက်နေ့က ကံပူး ကျေးရွာမှ ကိုဇူဘိုင်ရ် (ဘ) ဦးမာမတ်အီလီယာစ် (အသက် ၂၃ နှစ်) ကို တရားမ၀င် မိုဘိုင်းဖုန်း ကိုင်ဆောင် နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် သုံးသိန်း ငါးသောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထို့အပြင် မေလ (၁၇) ရက်နေ့ကလည်း ဗျူဟာမှူး ကျေးရွာမှ ကိုဆွေယာဒူလ္လာ (ဘ) ဦးဟာမ်ဖူရာ (အသက် ၂၆ နှစ်) ကိုလည်း တရားမ၀င် မိုဘိုင်းဖုန်း ကိုင်ဆောင် နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ပြီး ငွေကျပ် ငါးသိန်း ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆင်းမ်ကဒ်များကို အာဏာပိုင်များ ကိုယ်တိုင် သုံးစွဲလျက် ရှိပြီး၊ အာဏာပိုင်များက ကျေးရွာ အချို့တွင် ၎င်းတို့၏ ကိုယ်စားလှယ်များ ထား၍ ဖြန့်ဖြူးလျက် ရှိသည်။ ၎င်းတို့ကို ဆက်ကြေးပေး၍ သုံးစွဲ နေသူများကို ကင်းလွတ်ခွင့် ပေးထားသော်လည်း၊ ၎င်းတို့ထံမှ ဖုန်းလိုင်းမယူ၊ ဆက်ကြေး မပေးသူများကို ပစ်မှတ် ထား၍ မဟုတ်မမှန် စွပ်စွဲပြီး ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်မှုများ မကြာခဏ ပြုလုပ်လျက် ရှိသည်။
RB News
24.5.2014
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းဝင်း အတွင်းမှ ရိုဟင်ဂျာများ၏ နေအိမ်များကို မြို့နယ် အုပ်ချုပ်ရေးမှူးက အတင်း အဓမ္မ ပြောင်းရွှေ့ခိုင်းခဲ့ ကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဝင်း အတွင်းတွင် ရိုဟင်ဂျာ မိသားစု (၈) စုသည် နေအိမ် (၅) လုံးဖြင့် နေထိုင်နေသည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီး၊ ယခုအခါ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ၎င်း၏ အမိန့်ဖြင့် အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
“အထက ကျောင်းဝင်း ထဲမှာ ကျောင်းအုပ်ကြီးရဲ့ နေအိမ် ရှိပါတယ်။ အဲဒီ ကျောင်းအုပ်ကြီးရဲ့ နေအိမ်ဘေးမှာ ရေကန် ရှိပါတယ်။ ရေကန်ဘေးမှာ ရိုဟင်ဂျာ အိမ်ခြေ (၅) လုံး ရှိပြီးတော့ မိသားစု (၈) စု နေထိုင် နေတာ အခုဆိုရင် နှစ်ပေါင်း ၂၀ မကတော့ဘူး။ ကျောင်းအုပ်ကြီးနဲ့ ဆရာ/မ တွေက သူတို့ကို ဘယ်တုန်းကမှ နှောက်ယှက်ခဲ့တာလည်း မရှိဘူး။ အခုမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ဒီနေ့ ပြောင်းပေးရမယ်ဆိုပြီး မေလ ၂၃ ရက်နေ့ အတင်း အဓမ္မ ပြောင်းခိုင်း ပါတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
“မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ဒေသခံ ရိုဟင်ဂျာတွေကို မဟာရန်သူ တွေလို့ သဘောထားတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်ပြီးတော့ သူအုပ်ချုပ်နေတဲ့ ပြည်သူတွေကို မိတ်ဆွေတွေလို သဘော မထားဘဲ၊ အမြဲတမ်း ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်။ အစည်းအဝေး တွေမှာဆိုရင် မင်းတို့ ကုလားတွေက ဘာကောင်တွေမှ မဟုတ်ဘူး၊ မင်းတို့ကို လူလို့ မထင်ဘူး၊ ဘာညာနဲ့ တော်တော်လေး စော်ကားတာတွေ ရှိပါတယ်။ အမြဲတစေ လူမျိုးရေးကို ရှေ့တန်းတင်ပြီး လုပ်တယ်။” ဟု ၎င်းက ဆက်လက် ပြောပါသည်။
အထက ကျောင်းဝင်း အတွင်း အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းသည့် မိသားစုများမှာ နေစရာ နေအိမ်မရှိတော့ဘဲ လမ်းပေါ်တွင် သူတောင်းစားများ ပမာ ဖြစ်နေရသည်။ အတင်း အဓမ္မ ပြောင်းရွှေ့ခိုင်းသည့် အတွက် နေထိုင်ရန် နေရာကို မြို့နယ် အုပ်ချုပ်ရေးမှူးက စီစဉ် ပေးရမည် ဖြစ်သော်လည်း ယခုကဲ့သို့ လူသားချင်း မစာနာ ရက်ရက်စက်စက် ပြုလုပ်သောကြောင့် အပြစ်မဲ့ မိသားစု (၈) စုမှာ ဒုက္ခကြီးစွာဖြင့် ရင်ဆိုင် နေရသည်ဟု ၎င်းကဆိုသည်။
“အဲဒီနေရာမှာ မနေစေချင်ဘူး ဆိုရင် နေရာ တစ်နေရာတော့ စီစဉ်ပေးရမှာပေါ့။ ဒါပေမယ့် အခုတော့ ဘာမှ မစီစဉ်ပေးဘဲ လမ်းဘေးမှာ သူတောင်းစား တွေလို နေခိုင်းတော့ အဲဒီ မိသားစုတွေ အတော်လေး ဒုက္ခ ရောက်နေကြတယ်။ ကျွန်တော်တို့ ဒေသခံ တွေအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ မိသားစု (၈) စုအတွက် နေရာ ထိုင်ခင်း စီစဉ် ပေးပါလို့ တောင်းဆိုပါတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။
![]() |
| မြန်မာနိုင်ငံ ဆိုင်ရာ ကုလ အထူး ကိုယ်စားလှယ် Tomas Ojea Quintana |
ကိုဇော်ဝင်းလှိုင်
24.5.2014
တိုင်းပြည် တခုရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ တိုင်းပြည် အတွင်းမှာ မှီတင်း နေထိုင် ကြတဲ့ ပြည်သူ ပြည်သား အားလုံးရဲ့ သဘော ဆန္ဒကို ထင်ဟပ် ပေါ်လွင် စေပြီး ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး အခြေခံ သဘော တရား တွေကို လက်ခံ ကျင့်သုံးတဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်သင့်တယ် လို့ မေလ ၂၃ ရက်နေ့ ရက်စွဲနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ကြေညာချက် ထုတ်ပြန် ပြောကြား လိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟာလည်း ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ အင်မတန် အရေးပါတဲ့ အခန်း ကဏ္ဍ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလ ဖြစ်တာကြောင့် ဥပဒေပြု အဖွဲ့ အတွင်း ဒီမိုကရေစီ နည်းလမ်း ပိုကျလာအောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ နေရာမှာ အစိုးရနဲ့ ပြည်သူတွေ အကြား ဆွေးနွေး ညှိနှိုင်း လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ တခု သတိ ပေးချင်တာက ဒီဖွဲ့စည်းပုံကို အရင် စစ်အစိုးရ လက်ထက်တုန်းက ရေးဆွဲ အတည်ပြုခဲ့တယ် ဆိုတဲ့ အချက် ကိုလည်း မမေ့သင့်ပါဘူး။ ဒီဖွဲ့စည်းပုံဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေမှာ အားနည်းချက်တွေ ရှိနေတယ် ဆိုတာကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ က ထောက်ပြ ပြောဆို နေကြတာပါ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် လိုတယ် ဆိုရင် ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ်ပြီး ပြင်ဆင်သင့် ပါတယ်လို့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တယောက် အနေနဲ့ ကျနော် ပြောချင်ပါတယ်။”
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် အဖြစ်နဲ့ မြန်မာနိုင်ငံကို အကြိမ်ကြိမ် သွားရောက်ပြီး အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခဲ့တဲ့ မစ္စတာ ကင်တားက မြန်မာ အစိုးရ အဖွဲ့ အတွင်း မှာလည်း လူထုဆန္ဒနဲ့ အညီ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လိုလားတဲ့ သူတွေ ရှိသလို ပြင်ဆင်ဖို့ ၀န်လေးသူ တွေလည်း ရှိတယ် ဆိုတာကို လေ့လာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
“သမ္မတ ဦးသိန်းစိန် ကိုယ်၌က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စမှာ စိတ်နှစ်ခွ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစပိုင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် သူ့အနေဲ့ ထောက်ခံ အားပေးတယ် ဆိုတဲ့ ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ရုံးက ပြောလာတာက တိုင်းပြည် အတွင်း မငြိမ်သက်မှုတွေ ဖြစ်လာမှာ စိုးတဲ့ အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို မထောက်ခံဘူး ဆိုဘူး ပြောလာကြ ပြန်တယ်။”
ဥပမာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ရွေးကောက်ပွဲမှာ ပါဝင်မရအောင် ဖွဲ့စည်းပုံမှာ ကန့်သတ်ချက်တွေ ရှိနေတာ ဟာလည်း နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွန်းတွေနဲ့ ကိုက်ညီခြင်း မရှိဘူးလို့ မစ္စတာ ကင်တားနား က ထောက်ပြ ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့ အစည်းက ခေါင်းဆောင်တွေ ပါဝင်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုင်ရာ လူထု ချီတက် ဟောပြောပွဲ တွေဟာလည်း မှန်ကန်တဲ့ လုပ်ရပ်တယ်လို့ မစ္စတာ ကင်တားနားက မြင်ပါတယ်။
“ဒါဟာ သတင်းကောင်းပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ တိုင်းပြည် အတွင်းက လူအများစုကို ကိုယ်စားပြုတဲ့ သူတွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်တွေနဲ့ တခြား အဖွဲ့ အစည်းတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး အတွက် တိုက်ပွဲဝင် နေကြတဲ့ သူတွေ ဖြစ်တဲ့ အတွက် သူတို့ အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ပေးဖို့ တောင်းဆိုခွင့် ရှိပါတယ်။ အခုနေခါမှာ အဲဒီလို တောင်းဆို ဖို့အတွက် အချိန်အခါ ကောင်းလည်း ဖြစ်ပါတယ်။”
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် အဖြစ် ၆ နှစ်တာ တာဝန် ထမ်းဆောင် ခဲ့တဲ့ မစ္စတာ ကင်တားနားအနေနဲ့ သူ့ရဲ့ လက်ရှိ ရာထူးကနေ အခု မေလကုန်မှာ အနားယူ တော့မှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ လုပ်ထုံး လုပ်နည်း အရ သူ့အနေနဲ့ ဒီရာထူး အတွက် နောက်ထပ် သက်တမ်း ထပ်တိုးခွင့် မရှိတော့ ပါဘူး။
သူ့ရဲ့ ၆ နှစ်တာ သက်တမ်း အတွင်း သူ့အနေနဲ့ နောင်တရ စရာဖြစ်စေမယ့် လုပ်ရပ်တွေ ရှိခဲ့သလား ဆိုတာ အပါအ၀င် သူ့အမြင်၊ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ မေးကြည့်တဲ့ အခါမှာတော့ -
“နောင်တ ရစရာ မရှိပါဘူးလို့ ဘယ်သူက ပြောနိုင် မလဲဗျာ။ ရှိတာပေါ့။ ဒီအလုပ်ဟာ အင်မတန် ခက်ခဲ့တဲ့ အလုပ် တခုပါ။ ဒါပေမယ့် မြန်မာ အတွင်းမှာ ရှိနေကြတဲ့ သူတွေကြောင့် ကျနော် အမြဲတမ်း အားတက် ရပါတယ်။ ငြိမ်းချမ်းတယ်၊ ချစ်ခင်ဖွယ် ကောင်းတယ်၊ အင်မတန် စိတ်ရှုပ်စရာ ကောင်းတဲ့ ရခိုင်ပြည်နယ်ကို သွားတဲ့ ကာလတွေ မှာလည်း ကျနော့်အပေါ် စာနာ နားလည် ကြပါတယ်။ ခြုံပြော ရရင်တော့ မြန်မာနိုင်ငံ သားတွေ အနေနဲ့ အခုပေါ်လာတဲ့ အခွင့် အရေးကို ကောင်းမွန်စွာ အသုံးချ သင့်တယ်လို့ ကျနော် ထင်ပါတယ်။”
မစ္စတာ ကင်တားနား နေရာမှာ အစာထိုး တာဝန်ယူမယ့် ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် ကတော့ တောင်ကိုရီးယား နိုင်ငံသူ Yanghee Lee ဖြစ်ပါတယ်။ သူ့ရာထူးကို ဆက်ခံမယ့် လူသစ်အပေါ် ဘာလုပ်သင့်တယ် မလုပ်သင့်ဘူးလို့ သူ့အနေနဲ့ မပြောလို ပေမယ့် သူ့အတွေ့ အကြုံတွေကို အခုလို ရှင်းပြပါတယ်။
“ကျနော့် အတွေ့အကြုံ အရ ကတော့ ဒီလို အလုပ်မျိုး လုပ်မယ် ဆိုရင် ဆွေးနွေး ညှိနှိုင်း လုပ်ဆောင်ဖို့ လိုပါတယ်။ ကိုယ့်နဲ့ အလုပ်လုပ် ကြမယ့် သူတွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုပါတယ်။ အဲဒီ အထဲမှာ အာဏာပိုင်တွေ၊ လူထု အခြေပြု အဖွဲ့အစည်းတွေ၊ မီဒီယာ အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။
ကိုယ်ဘက်က လိုလိုလားလား တက်တက်ကြွကြွ လုပ်ဆောင်ဖို့လည်း လိုပါတယ်။ နောက်တခုက လူ့အခွင့်အရေး အခြေ အကြောင်းကို အမြဲတမ်း - အမြဲတမ်း ပြောကြား နေဖို့ လိုပါတယ်။ အဲဒါဟာ ကျနော့် တာဝန်ပါပဲ။ ကျနော် တာဝန် ထမ်းဆောင် ခဲ့တဲ့ ၆ နှစ်တာ ကာလ အတွင်း မှာလည်း လူ့အခွင့် အကြောင်း အမြဲတမ်း ပြောဆို နေခဲ့ပါတယ်။”
သူ့အနေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် အဖြစ် တာဝန် ထမ်းဆောင်ခြင်း မရှိတော့ ပေမယ့်လည်း မြန်မာနိုင်ငံ အတွက် ၆ နှစ်တာ တာဝန် ထမ်းဆောင် ခဲ့တဲ့ အတွေ့အကြုံနဲ့ သံယောဇဉ် ရှိနေတာကြောင့် မြန်မာ့ အရေးကို အမြဲတမ်း နားစွင့် အားပေး နေမယ်လို့ ဆိုပါတယ်။
အခုလကုန်မှာ ရာထူးက အနားမယူခင် နောက်ဆုံး အစီရင်ခံစာ တစောင် ထုတ်နိုင်ရေး အတွက် အခုချိန်မှာ ပြင်ဆင် နေတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
![]() |
| မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ စစ်တွေမြို့တွင် လှည့်လည်၍ ဆေးကုသ နေစဉ် (ဓါတ်ပုံ - အေးဇော်မျိုး) |
RB News
22.5.2014
မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ခြိတ်တောင် ကျေးရွာအုပ်စု၊ ဆန်တူးတန်းရွာတွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ လာရောက်၍ ဆေးကုသမှု ပေးပြီးနောက် လူတစ်ဦး သေဆုံးပြီး၊ သုံးဦး သတိလစ်ခဲ့သည့်အပြင် သုံးဦး၏ အခြေအနေမှာ ဆိုးရွားလျက် ရှိကြောင်း သတင်း ရရှိပါသည်။
ယနေ့ (မေလ ၂၂) နံနက် ၁၀ နာရီ အချိန်တွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ဆေးကုသရေး အဖွဲ့သည် မင်းပြားမြို့နယ် ခြိတ်တောင် ကျေးရွာအုပ်စု၊ ဆန်တူးတန်းရွာသို့ ရောက်ရှိခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာများကို ဆေးကုသပေးခဲ့ရာ၊ ၎င်းတို့ အဖွဲ့၏ ဆေးကုသမှု ခံယူပြီးနောက် တစ်ဦး သေဆုံးခဲ့ရပြီး၊ သုံးဦး သတိလစ်ခဲ့ရသည့် အပြင် သုံးဦး၏ အခြေအနေမှာ နဂိုထက် ပိုမိုဆိုးရွား သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
“မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ဆရာဝန်များနဲ့ သူနာပြု အဖွဲ့ ရောက်လာပြီး ဒေသခံ တွေကို ဆေးကုပေးမယ်လို့ ပြောပါတယ်။ သူတို့ ပေးတဲ့ ဆေးတွေကို သောက်ပြီး ဦးမူခ်တာအာမတ်က အိမ်ပြန်ရောက်တာနဲ့ သေဆုံးသွားပါတယ်။ နောက် ၃ ယောက်က သတိလစ်သွားတယ်။ ၃ ယောက်က ပုံမှန် အခြေအနေထက် ဆိုးရွားသွားခဲ့တယ်။ ဆေးကုတဲ့ အဖွဲ့ ကျွန်တော်တို့ ရွာကထွက်သွားတော့ လိုက်ခေါ်ပါသေးတယ်။ သူတို့ ပြန်လိုက်လာပြီး မကြည့်ကြဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
သေဆုံးသွားသူမှာ ဦးမူခ်တာအာမတ် (ဘ) ဦးအလီဆာန် (အသက် ၅၅ နှစ်) ဖြစ်ပြီး၊ မဇာဟေဒါ (ဘ) ဦးဟာလာယာ (အသက် ၃၅ နှစ်) သည် ၃ နာရီကြာ သတိလစ် သွားခဲ့သည်။ မမဲရ်နီဆာ (ဘ) ဦးဟာလာဖူတူး (အသက် ၃၅ နှစ်) နှင့် ဦးအာဘူလူး (ဘ) ဦးအဘူလ်ကာဆိမ်း (အသက် ၅၀ နှစ်) တို့လည်း တစ်နာရီကြာ သတိလစ် သွားခဲ့သည်။
နဂိုထက် အခြေအနေ ဆိုးရွားသွားသူ များမှာ --
(၁) အနူဝါရ် (ဘ) ဦးဇော်မိရ်ရှား (အသက် ၁၅ နှစ်)
(၂) အာနူဝါရ်ဘေဂမ် (ဘ) ဦးရှော်ဖီအာလမ် (အသက် ၁၈ နှစ်)
(၃) ဒေါ်တော်ယူဖာ (အသက် ၄၀ နှစ်) -- တို့ဖြစ်သည်။
RB News
21.5.2014
မောင်တော ။ ။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တိုက်ပွဲဖြစ်နေသည်ဟု မြန်မာအစိုးရမှ ပြောဆို နေသော်လည်း တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ သက်သေ အထောက် အထား မတွေ့ရှိရဘဲ၊ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ များက အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၃၆ ဦးထက် မနည်း သတ်ခဲ့ကြောင်း သတင်း ရရှိရပါသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှု လက်အောက်ရှိ အမှတ် (၂) နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့ခွဲ၏ ဆာလေတောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၆) ဦးကို သေနတ်များဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။ ယနေ့ (မေလ ၂၁) နံနက် ၈ နာရီ အချိန်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် ၄၅ အနီး (မြန်မာဘက် ဆာလေတောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနှင့် ဘင်္ဂလားဘက် အာဆာရ်တူလီ BGB စခန်း) မြန်မာဘက်မှ ဖြတ်ကျော်သည့် ဂိတ် အနီးရှိ လမ်းပေါ်တွင် မြန်မာ နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့ဝင်များက အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၆) ဦးကို သေနတ်ဖြင့် ပစ်သတ်၍ လမ်းဘေးတွင် ထားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ သေနတ်ဖြင့် ပစ်သတ်ခဲ့ရသူ များ၏ အလောင်းများမှာ ယနေ့ ည (၈) နာရီ အချိန်ထိ လမ်းဘေးတွင် ရှိနေခဲ့ကြောင်း သိရှိရပါသည်။
မေလ (၂၀) ရက်နေ့ ည (၁၀) နာရီ အချိန်နှင့် မေလ (၂၁) ရက်နေ့ နံနက် ၂ နာရီ အချိန်တို့တွင် မိုင်တိုင် ၃၈၊ ၃၉ နှင့် ၄၀ တို့တွင် မြန်မာဘက် အခြမ်းမှ သေနတ်များဖြင့် ပစ်ခတ်သည့် အသံများ ကြားခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းရှိ ဘင်္ဂလီလူမျိုးများက RB News သို့ပြောပါသည်။ အလားတူ ယနေ့ (မေလ ၂၁) ရက်နေ့ နံနက် ၈ နာရီ အချိန်ကလည်း မိုင်တိုင် ၄၅ အနီးမှ သေနတ်ဖြင့် ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်မှ အာဆာရ်တူလီ ရွာသားများက ပြောပါသည်။
လမ်းမှ ဖြတ်သန်းသွားလာ နေသော ဒေသခံ ရိုဟင်ဂျာ များကို သေနတ်များဖြင့် ပစ်သတ်လျက် ရှိကြောင်း ဒေသခံ ရိုဟင်ဂျာများက ဆိုသည်။ ယနေ့ (မေလ ၂၁) နံနက် ၈ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ပစ်သတ်လိုက်သည့် လူ (၆) ဦးတွင် ဒေသခံ ရိုဟင်ဂျာ ဦးရော်ဖိတ်နှင့် ဦးမူဘာရတ်တို့လည်း ပါဝင်ကြောင်း မျက်မြင် သက်သေ တစ်ဦးက RB News သို့ပြောပါသည်။
မေလ (၁၇) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက မိုင်တိုင် ၅၃ နှင့် ၅၄ တို့ရှိ GE ဆောက်လုပ်ရေးတပ်၏ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလုပ်လုပ်နေသော ဒေသခံ ရိုဟင်ဂျာ ၃၀ ဦးကို ဖမ်းဆီး ချုပ်နှောင်ပြီး၊ ထိုနေ့တွင်ပင် ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ ၃၀ ဦးတွင် သက်ကိုင်ညာ ကျေးရွာမှ ၁၅ ဦး ပါဝင်ကြောင်း သိရှိရပါသည်။ ပစ်သတ်ခဲ့ရသည့် ၃၀ ဦး၏ အလောင်းများကို မည်သည့်နေရာတွင် မြှပ်နှံ ထားသည်ကို မသိရှိရသေးဟု ဒေသခံများက ဆိုသည်။ ဆောက်လုပ်ရေး လုပ်ငန်းမှ ဖမ်းဆီးသည့် အချိန်တွင် ဗုဒ္ဓဘာသာဝင် နှစ်ဦး ပါဝင်ခဲ့ပြီး၊ ထိုဗုဒ္ဓဘာသာဝင် နှစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်။
မေလ (၁၇) ရက်နေ့ နေ့လည် ၂ နာရီမှ စ၍ ဖြတ်သန်း သွားလာနေသည့် ဒေသခံ ရိုဟင်ဂျာ များကို ဖမ်းဆီး ချုပ်နှောင် လျက်ရှိပြီး၊ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲမှ ပစ်သတ်ခဲ့သည့် အလောင်း နှစ်လောင်းကို ဘင်္ဂလားဒေ့ရှ် ဘက်သို့ စွန့်ပစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ BGB မှ တွေ့ရှိခဲ့ပြီး၊ အဆိုပါ အလောင်း နှစ်လောင်းကို မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များလက်သို့ ပြန်လည် အပ်နှံခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် BGB ဘက်မှ ပြောပါသည်။
ယနေ့ (မေလ ၂၁) နှစ်နိုင်ငံ အလံ အစည်းအဝေးကို မိုင်တိုင် ၅၀ တွင် ကျင်းပခဲ့သည်။ ၎င်းအစည်း အဝေးသို့ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ရဲတပ်ရင်းမှူးများ၊ ဘင်္ဂလားဒေ့ရှ် BGB မှ တပ်ရင်းမှူး ဖရိသ် တို့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
RB News
21.5.2014
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ လိပ်ရကျေးရွာ အုပ်စု အခြေစိုက်၊ အမှတ် (၄) နယ်မြေ၊ နယ်မြေမှူး ရဲမှူး ဝေလင်းကိုသည် ဒေသခံများကို နည်းမျိုးစုံဖြင့် နေ့စဉ် ရက်ဆက် ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ရဲမှူး ဝေလင်းကိုသည် ကျေးရွာ အုပ်စုတိုင်းတွင် အရန်မီးသတ် တပ်ဖွဲ့ဖွဲ့ရန် ဟူ၍ လူငယ် ၂၀ ဦးစီကို မဖြစ်မနေ ပါဝင်ခိုင်း စေပြီး၊ ကျေးရွာ အတွင်းရှိ ဒေသခံ ရိုဟင်ဂျာ ရွာသားများ၏ သွားလာ လှုပ်ရှားမှုများကို သတင်းပို့ရန် လေ့ကျင့် ပေးလျက် ရှိခြင်း၊ ၎င်း၏ နယ်မြေအပိုင် အတွင်းရှိ ကျေးရွာများမှ ဒေသခံများ၏ နေအိမ်များကို ၀င်ရောက်၍ မွှေနှောက် ရှာဖွေခြင်း၊ အိမ်ထောင် ဦးစီးများ ပုဇွန်ကန်၊ လယ်ယာ ထဲသို့ သွားနေသည့် အချိန်တွင် နေအိမ်များတွင် ကျန်နေရစ်သည့် မိသားစု ၀င်များကို လူကြီး၊ ကလေး မကျန် အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ အကြောင်းမဲ့ ပြစ်ဒဏ်ပေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ရဲမှူး ဝေလင်းကိုက ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက်နေခြင်းကို Major Wai Linn Ko’s Operation on Bengali ဟု အမည်ဝှက် ပေးထားကြောင်း သိရှိရပါသည်။ ၎င်းသည် အချိန်ပြည့် အရက်သေစာ သောက်သုံး၍ မူးယစ်နေပြီး၊ ၎င်း၏ တပည့်ဖြစ်သူ ဦးမောင်မောင်နှင့် အတူ ဒေသခံများ၏ နေအိမ်များထဲသို့ ၀င်ရောက်၍ အိမ်ထောင်စု စာရင်းများ စစ်ဆေးသည့် အခါ လူမျိုးရေး ခွဲခြားပြီး နှိမ့်ချ ဆက်ဆံခြင်း၊ အမျိုးသမီးများကို ကာအိနြေ္ဒ ပျက်ပြား စေသည့် အထိ ကိုယ်ထိ လက်ရောက် စော်ကားခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
ယခုရက်ပိုင်းတွင် လိပ်ရ အလယ်ရွာမှ ဦးမိုဟာမတ်အာလမ်၊ မော်လ၀ီ ဦးဟာရှိမ်၊ ဦးအလီအာမတ်နှင့် လိပ်ရ အရှေ့ရွာမှ မော်လ၀ီ ဦးဆော်ယာဒ်အာလမ် တို့၏ နေအိမ်များကို ၀င်ရောက် စစ်ဆေးခဲ့ပြီး၊ တစ်စုံတစ်ရာ ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိသော်လည်း၊ ရဲမှူး ဝေလင်းကိုက “မင်းတို့ ဘင်္ဂလီလို့ မပြောရင် မရတော့ဘူး။ သူပုန် နာမည်တပ်ပြီးတော့ အားလုံးကို ကျူပင်ခုတ် ကျူငုတ်ပါ မကျန် သုတ်သင်ပစ်ဖို့ အချိန် နီးကပ်လာပြီ၊ ဒီဒေသမှာ ငါက အကြီးအကဲ ဆိုတော့ ငါပြောသလိုလုပ်၊ ငါတောင်းတာပေး၊ လိုအပ်ရင် မင်းတို့ အမျိုးသမီးတွေကိုပါ ငါ့ကို ဆက်သရမယ်၊ ပျက်ကွက်မယ် ဆိုရင် ဒီပစ္စတို သေချာကြည့်ထား” ဟုဆို၍ သေနတ်ကို ပြပြီး ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မေလ (၁၉) ရက်နေ့က လိပ်ရကျေးရွာ အလယ်ရွာမှ အသက် ၂၅ နှစ် အရွယ် အမျိုးသမီး တစ်ဦးကို ရဲမှူး ဝေလင်းကို၊ လိပ်ရ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဦးမောင်မောင်တို့က အုပ်စုလိုက် မုဒိန်းကျင့်ခဲ့သေးသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း စ.ရ.ဖ က ငွေညှစ်ခြင်း၊ ရေတွင်းပြင် ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ငါးဖမ်းသမား များကို ရိုက်နှက်၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ (၂၀) ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာ အုပ်စု အခြေစိုက် စ.ရ.ဖ မှ ဦးစည်သူအောင်နှင့် တပည့် ဖြစ်သူ ဦးတော်ယုဘ် တို့က လောင်းဒုံး ကျေးရွာမှ ဦးဆော်လိမ် (ဘ) ဦးနာဂူ (အသက် ၄၀ နှစ်) နှင့် ငါးခူရ ကျေးရွာမှ ဦးနူရ်အာလမ် တို့ထံမှ ငွေကျပ် နှစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ငွေညှစ်ခံရသူ နှစ်ဦးသည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ ပစ္စည်းများ ၀ယ်ယူလာပြီး မိမိတို့၏ ကျေးရွာ များတွင် ပြန်လည် ရောင်းချ၍ အသက်မွေးဝမ်း ကျောင်းပြုနေသူများ ဖြစ်ကြသည်။ စ.ရ.ဖ မှ ဦးစည်သူအောင်က ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်မှ ပစ္စည်းများ ရောင်းသည်ဟု စွပ်စွဲ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
မေလ (၁၉) ရက်နေ့တွင် မောင်တောမြို့နယ်၊ ရေတွင်းပြင် ကျေးရွာမှ ငါးဖမ်းရန် ဆွဲပိုက် ပိုက်ငယ် များဖြင့် ငါးဖမ်း ထွက်ခဲ့သူများကို ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ရိုက်နှက်၍ ငွေညှစ်ခဲ့သည်။ ငါးဖမ်းရန် သွားသူများသည် ငါးဖမ်းကွက်ကြေးနှင့် လိုင်စင်ကြေးများကို ပုံမှန် ပေးသွင်း နေသူများ ဖြစ်သည့် အပြင်၊ စခန်း အမှတ် (၁၀) ကိုလည်း လစဉ် ဆက်ကြေးငွေ တစ်သောင်းကိုလည်း ပုံမှန် ပေးသွင်း နေသူများ ဖြစ်ပါသည်။ ထို့အပြင် ရေတွင်းပြင် စခန်းကိုလည်း မကြာခဏ ဆက်ကြေး သဖွယ် ပေးနေရသည်။
အောက်ပြူးမ ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် အောက်ပြူးမ ချောင်းတွင် ငါးရှာနေသည့် ငါးဖမ်းသမား များကို စက်လှေဖြင့် သွားရောက်၍ ဖမ်းဆီးခဲ့ပြီး လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ငါးဖမ်းသမား တစ်ဦး ဖြစ်သည့် ဦးဟာမိတ်ကို သေနတ်ဖြင့် ရိုက်နှက်ခြင်းကြောင့် ဒူးကွဲသွားကြောင်း သိရှိရပါသည်။ ထို့အပြင် ရဲတပ်ဖွဲ့ဝင်များက လှေများနှင့် ပိုက်များကို သိမ်းယူပြီး ငါးဖမ်းသမား များကို အောက်ပြူးမချောင်းအား ရေကူး၍ ကူးစေခဲ့သည်။ မေလ (၂၀) ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင် များက လှေနှစ်စီးနှင့် ပိုက်များကို ငွေကျပ် နှစ်သိန်း ပေးမှသာ ပြန်လည် ပေးမည်ဟု ပြောဆိုခဲ့ရာ၊ ငါးဖမ်းသမားများက လှေနှစ်စီး အတွက် ငွေကျပ် လေးသောင်း ပေးမည်ဟု ညှိနှိုင်း၍ ငွေကျပ် လေးသောင်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ရဲတပ်ဖွဲ့ဝင်များက ငွေကျပ် လေးသောင်းယူပြီး လှေနှစ်စီးနှင့် ပိုက်များကို ပြန်လည် ပေးခဲ့သော်လည်း လှော်တက်များနှင့် သတင်းပို့သည့် စာအုပ်များကို ပြန်လည် ပေးအပ်ခြင်း မရှိဟု ငါးဖမ်းသမားများက ပြောပါသည်။
ရိုက်နှက်၊ ငွေညှစ်ခံရသည့် ငါးဖမ်းသမား များမှာ --
လှေ (၁) –
(၁) ကိုဂျာဟန်ဂိရ် (ဘ) ဦးဆော်ဖောရ်ဒိန် (အသက် ၂၅ နှစ်) -- ဆွဲပိုက်ပိုင်ရှင်
(၂) ကိုဆော့သာရ် (ဘ) ဦးဟာဆူမျာ (အသက် ၂၁ နှစ်) -- ငါးဖမ်းလုပ်သား
(၃) ကိုဟာမိတ် (ဘ) ဦးအဒူလိုက် (အသက် ၂၇ နှစ်) -- ငါးဖမ်းလုပ်သား
(၄) မိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးဟူဆောင် (အသက် ၁၁ နှစ်)
(၅) ကိုအီနုစ် (ဘ) ဦးဆော်ဖောရ်ဒိန် (အသက် ၁၉ နှစ်)
လှေ (၂) –
(၁) ဦးဆွေတာလမ် (ဘ) ဦးအဒူဇော်လိလ် (အသက် ၆၀ နှစ်) -- ဆွဲပိုက်ပိုင်ရှင်
(၂) ဦးအဘူဆီဒိတ် (ဘ) ဦးဆွေတာလမ် (အသက် ၃၅ နှစ်)
(၃) ရော်ဖိတ် (ဘ) ဦးအဘူဆီဒိတ် (အသက် ၁၀ နှစ်)
(၄) အာယာစ် (ဘ) ဦးဆောဒုလ်အာမီးန် (အသက် ၁၂ နှစ်)
(၅) ကိုဇာမာလ် (ဘ) ဦးဖော့ကိရ်အာမတ် (အသက် ၂၅ နှစ်) -- တို့ဖြစ်သည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မြို့မဗလီကြီး၏ သန့်ရှင်းရေးနှင့် ညစောင့်ကို ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး၍ အမှုဆင်ပြီး ထောင် ၆ လ ချမှတ်လိုက်ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ်ရှိ မြို့မဗလီကြီး၏ သန့်ရှင်းရေးနှင့် ညစောင့်ဖြစ်သူ ဦးမိုဟာမတ်ဆိဒိတ် (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၅၅ နှစ်) ကို မေလ (၂၀) ရက်နေ့ နံနက် ၅း၃၀ နာရီတွင် မြို့မဗလီကြီး၏ ရှေ့ ပေ ၅၀ အကွာခန့်မှ ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဦးမိုဟာမတ်ဆိဒိတ်သည် အဆိုပါ ဗလီကြီးတွင် သန့်ရှင်းရေးနှင့် ညစောင့် တာဝန် ထမ်းဆောင် နေသည်မှာ လေးနှစ်ခန့် ရှိပြီ ဖြစ်သည်။
မေလ (၁၉) ရက်နေ့ ညပိုင်းတွင် ညစောင့် တာဝန်ထမ်းဆောင်ပြီး မေလ (၂၀) ရက်နေ့ နံနက် ၅း၃၀ နာရီတွင် တာဝန်ပြီးဆုံး၍ အိမ်သို့ ပြန်နေစဉ် ရဲတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်တောမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန် ထားသော်လည်း ည ၁၁ နာရီမှ နံနက် ၄ နာရီ အထိသာ ကန့်သတ် ထားခြင်း ဖြစ်သည်။ ဦးမိုဟာမတ်ဆိဒိတ်ကို နံနက် ၅း၃၀ နာရီ အချိန် ဖမ်းဆီးသွားပြီး ရဲများက ညသန်းခေါင်ယံ ၁၂း၃၀ နာရီ အချိန်တွင် ဖမ်းဆီးမိသည်ဟု အမှုဆင်၍ တရားရုံးသို့ ယနေ့ (မေလ ၂၁) နံနက်ပိုင်းတွင် ပို့ခဲ့သည်။ တရားရုံးမှ ပုဒ်မ ၁၄၄ ကိုကျူးလွန် ဖောက်ဖျက်သည်ဟု ဆိုကာ ထောင်ဒဏ် (၆) လ ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။
“သက်ဆိုင်ရာ ရဲတွေကို အဖြစ်မှန်ကို ပြောပြပြီး ဦးမိုဟာမတ်ဆိဒိတ် လွတ်မြောက်ရေး အတွက် အတော်လေး ကြိုးစား ကြည့်ပါတယ်။ ဒါပေမယ့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလွင် ကိုယ်တိုင်က အခုလို အမှုဆင်တာမှာ ပူးပေါင်း ပါဝင်နေတယ်။ ဗလီကြီးမှာ ညလုံခြုံရေး လုပ်နေလို့ ဘာသာရေး အရ နှိပ်ကွပ်တဲ့ ပုံစံမျိုးနဲ့ အခုလို တမင် ထောင်ချလိုက်တာ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
လွန်ခဲ့သည့် ၁၅ ရက်ခန့်ကလည်း ဗလီ ခြံစည်းရိုးကို ကျော်၍ ခွေးများ ၀င်နေသဖြင့် ၀ါးထရံ အချို့ဖြင့် ကာသည်ကို ဗလီပြုပြင်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဦးမိုဟာမတ်ဆိဒိတ်ကို ရဲများက ဖမ်းဆီး၍ တစ်ရက်ကြာ ချုပ်နှောင် ထားခဲ့သေးသည်။
လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ မောင်တောခရိုင်ရှိ အစ္စလာမ် ဘာသာဝင် များ၏ ဗလီ ၀တ်ကျောင်းတော် များတွင် စုပေါင်း ၀တ်ပြုခွင့်ကို ပိတ်ပင်ခဲ့ရာ ယခုဆိုလျှင် နှစ်နှစ်နီးပါး ကြာမြင့် နေပြီ ဖြစ်သည်။

20.5.2014
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ အသက် ၂၅ နှစ်အရွယ် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို ရဲမှူး တစ်ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးရုံးမှ နှစ်ဦးတို့က အုပ်စုလိုက် မုဒိန်းကျင့် ခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ ၁၉ ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ လိပ်ရကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၄) နယ်မြေ၊ နယ်မြေမှူး ရဲမှူး ဝေလင်းကိုနှင့် လိပ်ရကျေးရွာ အုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးမှူး၏ တပည့် ဦးမောင်မောင်တို့သည် လိပ်ရကျေးရွာ အုပ်စု၊ အလယ်ရွာရှိ မ ----- (ဘ) ဦး ----- အိမ်သို့ ဧည့်စာရင်း စစ်ရန် ရှိသည်ဟု ဆိုကာ ၀င်ရောက်ခဲ့သည်။
အဆိုပါ ရဲမှူးနှင့် ရွာအုပ်ချုပ်ရေး အဖွဲ့ဝင် နှစ်ဦးတို့သည် အရက်သေစာ သောက်စား မူးယစ် နေကြပြီး၊ နေအိမ်ထဲသို့ ရောက်သည်နှင့် တပြိုင်နက် မ----- ကို အုပ်စုလိုက် မုဒိန်းကျင့်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ မ---- သည် နေအိမ်တွင် တစ်ဦးတည်း ဖြစ်နေသောကြောင့် အကူအညီမဲ့ ဖြစ်ကာ လူမဆန်သည့် ရဲမှူး ဝေလင်းကိုနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင် တို့၏ တဏှာ သားကောင် ဖြစ်ခဲ့ရသည်။
ရဲမှူး ဝေလင်းကိုနှင့် အဖွဲ့သည် အဆိုပါ အမျိုးသမီးကို အကယ်၍ ဌာနဆိုင်ရာများနှင့် တစ်ဦးဦးကို အကြောင်းကြားပါက တရားမ၀င် ဖုန်းကိုင်ဆောင်သည်ဟု ဆို၍ ဖမ်းဆီးပြီး ထောင်ချမည်၊ သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။
ဦးကျော်မင်း
RB News
20.5.2014
အမှန်စစ်စစ် မြန်မာ နိုင်ငံသည် Multiculturalism နှင့်ကင်းဝေးသော နိုင်ငံ မဟုတ်၊ ရှေးမြန်မာ ဘုရင် ခေတ်မှစ၍ လူမျိုးစုံ ယှဉ်တွဲ နေထိုင် လာကြသည်။ ကွဲပြားသော ဘာသာ စကားနှင့် ယဉ်ကျေးမှု များဖြင့် ယနေ့ အထိ နေထိုင်လာခြင်း ဖြစ်သည်။ ဘိုးတော် ဘုရား လက်ထက်တွင် ဘာသာ အသီးသီးအား မိမိတို့ ဘာသာ အယူ ထုံးဓလေ့နှင့် အညီ အမှုကိစ္စ စီရင်ခွင့် အမိန့် ပြန်ဋ္ဌါန်းပင် ထုတ်ခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် လူမျိုးစုံ ဘာသာစုံ ဆက်ဆံရေး ပို၍ ပြေပြစ် လာခဲ့သည်။ မန္တလေး နန်းတော်တွင်း ဗလီ ဆောက်ခွင့်ပြု ခဲ့သည်။ ဆော်ဒီနိုင်ငံ မက္ကာမြို့တွင် မြန်မာ ဟာဂျီများ တည်းခိုနိုင်ရန် ဇရပ်တခုပင် ဆောက်ပေးခဲ့သည်။
ဤတွင် ယနေ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခ နှစ်ချီ၍ ဖြစ်နေသော ရခိုင်ပြည်နယ်သည် တချိန်က လူမျိုးစုံ ဘာသာစုံ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ပြီး တိုးတက်သော နိုင်ငံ တစ်ခု ဖြစ်ခဲ့သည်ကို တွေ့ရသည်။ တိုးတက် ခဲ့ခြင်းသည် ယဉ်ကျေးမှုစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင် ခဲ့ခြင်းကြောင့် ဖြစ်သည်။
ဒေါက်တာသန်းမြင့်ဦး ၏လေ့လာချက်တွင် - For centuries Arakan prospered on international trade, and readily took in people and ideas from across Asian continent and beyond; a flourishing civilization with the most cosmopolitan court in modern Burmese history. Arakan isolation is a very new thing. And its lost of cosmopolitanism is a part of Burma’s present day poverty.”
အဓိပ္ပါယ်မှာ ရခိုင်သည် ရာစုနှစ်ပေါင်း များစွာ ပြည်ပ ကုန်သွယ်ရေးဖြင့် ကြီးပွား ချမ်းသာ ခဲ့သည်။ အာရှတိုက်နှင့် ၎င်းကို ကျော်လွန်၍ လူများ၊ ယဉ်ကျေးမှု များကို လက်ခံ သိမ်းသွင်း ခဲ့သည်။ ယဉ်ကျေးမှု စုံခဲ့သော cosmopolitanism ဖြစ်သော civilization နှင့် အုပ်ချုပ်ရေး စနစ်ရှိ ခဲ့သည်။ ထိုယဉ်ကျေးမှု စုံယှဉ်တွဲ နေထိုင်သော cosmopolitanism ဆုံးရှုံးသွားခြင်းသည်ပင် ယခုခေတ် မြန်မာနိုင်ငံ ဆင်းရဲခြင်း၏ အကြောင်းခံ တရပ် ဖြစ်သည်။
ဒေါက်တာသန်းမြင့်ဦးက ဆက်လက်၍ ၁၅ ရာစု အစပိုင်းတွင် ရခိုင်ဘုရင် နရမိတ်လှက အရှေ့ ဘင်္ဂလား Turkish-Afghan ဘုရင်၏ အာဖဂန်တပ်ဖွဲ့ အကူ အညီဖြင့် စွန့်လွှတ် ခဲ့ရသော ရခိုင် ထီးနန်း ပြန်လည် ရရှိခဲ့ပြီး ရခိုင်ပြည်၏ ရွှေခေတ် စတင် ခဲ့သည်။ သြဇာ အာဏာ တည်ဆောက် နိုင်ခဲ့ပြီး စီးပွားရေး တိုးတက်အောင် မြင်ခဲ့သည်။ အစ္စလာမ်နှင့် ဗုဓ္ဒဘာသာ ရောနှောသော hybrid အုပ်ချုပ်ရေး စနစ် တီထွင် ခဲ့သည်။ မြို့တော် ကိုလည်း မြောက်ဦးသို့ ပြောင်းရွှေ့သည်။ မြောက်ဦးသည် လူဦးရေ တစ်သိန်း ခြောက်သောင်း ခန့်ရှိပြီး နိုင်ငံတကာ ကုန်သွယ်ရေး၏ စုံရပ်တစ်ခု (ယခုခေတ် အခေါ် စီးပွားရေး transit) တစ်ခု ဖြစ်ခဲ့သည်။ လူဦးရေတွင် ရခိုင်၊ ဘင်္ဂလီ၊ အာရပ်၊ အာဖဂန်၊ ဗမာ၊ ဒတ်ခ်ျ၊ ပေါ်တူဂီ၊ အဗီးဆီးနီုး၊ ရုရှားနှင့် ခရစ်ယာန်၊ ဂျပန် တို့ပါဝင်ခဲ့သည်။
ယဉ်ကျေးမှုစုံ အုပ်ချုပ်ရေးတွင် ဘင်္ဂလီနှင့် ရခိုင်စာပေ ဖွံ့ဖြိုးရေးကို အားပေး ခဲ့သည်။ ဒေါ်လတ်ကရဇီ၊ အလ်ဝါလ်တို့က နန်းတွင်း အရာရှိကြီးများ ဖြစ်ပြီး ကဗျာများ၊ ဘာသာပြန် စာပေများ ရေသားခဲ့သည်။ ဘုရင်များက ပါဠိဘွဲ့များ အပြင် မူဆလင် နာမည်များ ခံယူခဲ့သည်။ --- ပါရှားဝတ်စုံများ Isfahan and Mughal conical hats (ဦးထုပ်များ) ၀တ်ဆင်လေ့ ရှိခဲ့သည်။ မူဆလင် ဘာသာရေး ယုံကြည်ချက် ကြေညာ စာတမ်းလေး ပါသော ငွေဒင်္ဂါးများ သွန်းလုပ် ခဲ့သည်။
ထိုစဉ်က ရခိုင် နိုင်ငံတော်သည် အလွန် တိုးတက် သာယာခဲ့ ပါသဖြင့် ပေါ်တူဂီ မှတ်တမ်း များမှာ မြောက်ဦးကို Venice, London, Amsterdam စသည့် ဥရောပ မြို့ကြီးများနှင့် နှိုင်းယဉ် ဖေါ်ပြခဲ့သည်ကို တွေ့ရသည်။ (Than Myint-U, The river of lost fool steps, 2011 P72-74 )
Thibautd’ Hubert နှင့် J. Leider တို့၏ “Traders and poets in Mrauk-U court in seventeen century; 2011, P 81-94) တွင် -- ရခိုင် နန်းတွင်းတွင် ပါရှားနှင့် ဘင်္ဂါလီ စာပေကို ရုံးသုံး စာပေ အဖြစ် သုံးခဲ့သည်။ ဒေသတွင်း ကုန်သွယ်ရေးတွင် ဤစာပေများ အရေးပါ ခဲ့သည်။ ပြည်ပ ကုန်သွယ်ရေး အတွက် ရောက်ရှိသူ အများစုမျာ အိန္ဒိယ မူဆလင်များ ဖြစ်ခဲ့သည်။ သို့ဖြစ်၍ ရခိုင်ဘုရင်က ဘင်္ဂါလီ စာပေပညာရှင် များကို မြှောက်စားခဲ့သည်။ နန်းတွင်း ရာထူးကြီး များတွင် ခန့်အပ်ခဲ့သည်။ Magon Thakur နှင့် Ashraf Khan တို့ ထိုစဉ် ရခိုင် ကာကွယ်ရေး ၀န်ကြီးများ ဖြစ်ခဲ့သည်။ ၎င်းတို့ လက်အောက်တွင် Dalaut Qazi နှင့် Alaol ကဲ့သို့ နန်းတွင်း အရာရှိကြီးများ (courtiers) နှင့် စာပေ ပညာရှင်များ၊ ကဗျာဆရာများ ပေါ်ပေါက် ခဲ့သည်။ ဘင်္ဂါလီ မျက်နှာဖုံး လူကြီးများသည် ဘာသာ စကားစုံ တက်ကျွမ်းသဖြင့် ပြည်တွင်း ပြည်ပ ဆက်ဆံရေးတွင် အဓိက အကျိုးဆောင်များ ဖြစ်ကြသည်။ မူရင်းစာ အတိုင်း ဖေါ်ပြရလျှင် “It is Bengali literature that provides the most comprehensive picture of the literary culture as conceived and practised by the members of royal court. Some letters and one inscription also testify to the use of Persian in diplomatic and administrative affairs. ဤသို့ဖြင့် ထိုစဉ်ရခိုင် နန်းတော်တွင်းတွင် ယဉ်ကျေးမှုစုံ ဝေဆာ ခဲ့ကြောင်း ထင်ရှား နေပေသည်။
ရခိုင်ပြည်တွင် နှစ်စဉ် ဘင်္ဂါလား ကမ်းခြေမှ လူများထောင်သောင်းချီ၍ ဖမ်းဆီး ခေါ်ဆောင်လာ၍ ရောင်းဝယ်ကြသည်။ ပြည်တွင်း၌ ခိုင်းစေခဲ့သည်။ မူရင်းစာသား အတိုင်း ဆိုလျှင် “the Hindu and Muslim Bengalis that were deported by the Arakanese were settled as royal workers in the rice growing plains of Kaladan and Lemro rivers.
သီရိ သုဓမ္မရာဇာ ၁၆၂၂-၃၈ က ဘင်္ဂလားမှ စစ်သုံးပန် သုံးသောင်းကျော် ခေါ်ဆောင် နေရာချ ခဲ့သည်။ နုရပတိမင်း ၁၆၃၈-၄၅ ကလည်း စစ်တကောင်းမှ ဆေးဆိုးသည်နှင့် ရက်ကန်းသည် သုံးသောင်းကို ပြည်ပ အထည် အလိပ် ကုန်သွယ်ရေးကို မြှင့်တင်ရန် ခေါ်ဆောင်၍ ရခိုင်မြစ်ဝှမ်း ဒေသများတွင် နေရာချ ခဲ့သည်။
စန္ဒာသုဓမ္မဘုရင် ၁၆၅၂-၈၄ ကို အထက် ကဗျာဆရာ Alaol ကချီးမွမ်းခန်းထုတ်သော ကဗျာ တစ်ပုဒ်တွင် ပထမ စာကြောင်းမှာ --- “The city called Rosanga is a matchless place on earth. Constantly full of grains and fishes” ရိုးရှန်းမြို့သည် ကမ္ဘာ မြေပြင်တွင် ယှဉ်ပြိုင်ဘက် ကင်းသော နေရာဖြစ်ပြီး သားငါး ပေါကြွယ်ဝသည်။
“Revering the sword of justice the Lamb and tiger meet peacefully and drink water together at the same ghat (water) ဘုရင်၏ တရား မျှတမှု ဓါးမြောင်ကို အားလုံး လေးစားသည်။ ကျား နှင့် သိုး တနေရာတည်း တရေတည်း သောက်သည်။ နောက်တကြောင်းတွင် ထပ်မံ၍ -- “No trace of the malevolent and wicked men’s vice anymore; the honest conduct of the king destroys all kind of pains”. နိုင်ငံတွင်းတွင် မလိုမုန်းတီးမှု များနှင့် လူယုတ်မာ များ၏ ဆိုးသွမ်းမှုများ အရိပ် လက္ခဏာပင် မရှိ၊ ပြည်သူ များတွင် နစ်နာမှု၊ မတရားခံရမှု၊ ခွဲခြား ဆက်ဆံမှုမျိုး ခံရခြင်း မရှိခဲ့ချေ။ ဘုရင်၏ မှန်ကန် မျှတသော ဖြောင့်မတ်သော အုပ်ချုပ် ကိုင်တွယ်မှုက တည်ငြိမ် အေးချမ်း စေခဲ့သည်။ ဤသည် ရခိုင် ဘုရင်ခေတ်၏ cosmopolitanism တနည်း Multiculturalism၏ အကျိုးဆက် ဖြစ်သည်။ (J. Leider နှင့် Thibaut d’ Hubert; traders and poets in Mrank-U court P-96)
ဝေါဟာရ ရှင်းလင်းချက်တွင် Rosango အဓိပ္ပါယ်ကို the Bengali name of Mrauk-U and it is also used to designate the kingdorn of Arakan ဟုပါရှိသည်။ ရိုရှန်းသည် ရခိုင်ပြည်၏ ၁၇ ရာစုက နာမည်ဖြစ် ကြောင်း တွေ့ရသည်။ ၎င်းတွင် ရခိုင်မှအပ ဘင်္ဂါလား၊ အိန္ဒိယ၊ ပါးရှား၊ အာရပ် ၊မဂို၊ ပထန် စသည့် ဒေသမှ လူများ ရှိခဲ့ကြောင်း ထင်ရှားနေသည်။ အထက် လူမျိုးစုများ နှစ်ပေါင်းရာချီပြီး ရောနှော နေထိုင်လာခဲ့ သဖြင့် သီးခြား လူမျိုးစုတစ်စု အသွင်ဆောင် လာသည်။ ရခိုင်လူမျိုးများ ဘာသာပြောင်း ၊ အစ္စလာမ် ဖြစ်လာခဲ့ရာ အထက် လူမျိုးပေါ် ရခိုင် ယဉ်ကျေးမှု လွှမ်းမိုးမှုလည်း ရှိပါသည်။ ယင်းတို့အား ယနေ့ ရိုဟင်ဂျာဟု ခေါ်ခြင်း ဖြစ်သည်။ ရိုဟင်ဂျာကို လွတ်လပ်ရေး ရပြီးနောက် အစိုးရ များက တိုင်းရင်းသား အဖြစ် အသိအမှတ်ပြု ထားခဲ့သော အထောက် အထား အခိုင်အလုံ ရှိရာ ထိုစဉ်က ရခိုင် ရိုဟင်ဂျာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင် ခဲ့ကြသည်။
ဟိုရှေးခေတ်က မတူကွဲပြားသော လူမျိုးစုံ ယှဉ်တွဲ နေထိုင်၍ သာယာ တိုးတက်ခဲ့သော နိုင်ငံ ဖြစ်ခဲ့ကြောင်း သာဓက ရှိခဲ့သည့် အပြင် လွတ်လပ်ရေး ရပြီး နောက်ပိုင်းလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် နိုင်ခဲ့ပေသည်။ ယခု အချိန်တွင် ထိုမတူညီ ကွဲပြားခဲ့သူ များ၏ မျိုးဆက် များနှင့် အတူ ယှဉ်တွဲ မနေနိုင်၊ ခွဲခြား ထားရမည် တတိယ နိုင်ငံ ပို့ရမည် စသည်ဖြင့် ပြောဆို နေခြင်းသည် ရိုးရိုး မဟုတ်နိုင်၊ ပယောဂကြေင့် ဖြစ်နိုင်သည်။ ရောဂါ တစ်ခု ကူးစက်ခြင်း ဖြစ်နိုင်သည်။ ကောင်းသော ရောဂါ မဟုတ် သူများကို ဖျက်ဆီး လိုသော ရောဂါ ဖြစ်သလို ကိုယ့်ကိုယ်ကိုလည်း ဖျက်ဆီးမယ့် ရောဂါ ဖြစ်သည်။ အထက်တန်းလွှာ စီးပွားရေးသမား တစ်စု၊ တည်ငြိမ်မှု ပျက်ပြားအောင် ဆော်သြ ကြိုးကိုင်ခဲ့သူ နိုင်ငံရေး သမား တစုမှ အပ ရခိုင် ပြည်သူ ပြည်သား အားလုံး ဆင်းရဲဒုက္ခ မျိုးစုံ ခံနေရသည်။ သို့ဖြစ်ပါ၍ နေရပ်ကို စွန့်ခွာ၍ ရေခြား၊ မြေခြားတွင် စီးပွားရှာ နေရသည်။ အကြမ်းဖက် လုယက် တိုက်ခိုက် လိုသူများ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ ယှဉ်တွဲ အတူ နေထိုင်လိုခြင်း မရှိသူများက ရှေးရခိုင် ဘုရင်ခေတ်ကို သင်ခန်းစာ ယူနိုင်ပါက ရခိုင်ပြည်နယ်သည် အေးချမ်း သာယာပြီး ဒုတိယ အဆင်းရဲဆုံး ပြည်နယ် အဆင့်မှ လွတ်မြောက်၍ တိုးတက်သော ပြည်နယ် တခု ဖြစ်လာ နိုင်ပါသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရခိုင်ဒေသမှာ လူသားချင်း စာနာတဲ့ အကူအညီတွေ ဆောင်ရွက်ဖို့ အတွက် OIC အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ က မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Syed Hamid Alba ကို အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ပါတယ်။
OIC အဖွဲ့ အနေနဲ့ ရခိုင်ဒေသကို သွားရောက်ခွင့် ရခဲ့ပြီး အဲဒီမှာ လူသားချင်း စာနာတဲ့ လုပ်ငန်းတွေ လုပ်နိုင်ရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ စကားပြောဆိုခွင့် ရခဲ့ပုံ၊ OIC အဖွဲ့က ဘာတွေ လုပ်နေသလဲ ဆိုတာရယ်၊ OIC အဖွဲ့ အပေါ် အထင်အမြင် လွဲမှားနေတာတွေကို ရှင်းပြမှာပါ လို့ Syed Hamid Alba က ဘီဘီစီကို ပြောပါတယ်။
ဒီဒေသမှာ ဒုက္ခရောက်နေသူ တွေကို OIC အနေနဲ့ လူသားချင်း စာနာတဲ့ အကူအညီ တွေ ပေးဖို့ အဆင်သင့် ရှိနေတယ် ဆိုတာရယ်၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်း မှာလည်း ပါဝင် လာနေလို့၊ ပြုပြင် ပြောင်းလဲရေး တွေလည်း လုပ်နေပြီ ဆိုတော့၊ ကမ္ဘာ့ အသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံက သဟဇာတ ရှိတယ်၊ ငြိမ်းချမ်း တည်ငြိမ်တဲ့ နိုင်ငံတခု ဖြစ်တယ် ဆိုတာ မြင်ချင် နေကြတယ်၊ ဘာသာ အယူ၊ မတူကွဲပြားတဲ့ အုပ်စုတွေကြားမှာ နားလည်မှု ရှိလာရေး မှာ OIC အနေ နဲ့ တစိတ်တပိုင်း ပါဝင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်လို့ လည်း ရှင်းပြပါတယ်။
အခုလို တာဝန်ပေးအပ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီးတော့၊ မြန်မာအစိုးရနဲ့ ဆက်သွယ် ဆွေးနွေးမဲ့ အကြောင်း၊ ရခိုင်ဒေသမှာ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဆိုတာရယ်၊ OIC အနေနဲ့ ပြည်တွင်းမှာ ရုံးဖွင့် ဆောင်ရွက်ခွင့် ရချင်တဲ့အတွက် ဆွေးနွေးရင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ OIC က ဘယ်လို အကျိုးရှိရှိ ဆောင်ရွက်မလဲ မြန်မာအစိုးရကို ဘယ်လို ကူညီမလဲဆိုတာ တွေကို မြန်မာအစိုးရကို ဆက်သွယ်ပြီး ပြောပြသွားမှာလို့လည်း ပြောပါတယ်။
OIC ဟာ ဘက်လိုက်တယ် ဆိုပြီး မြန်မာအစိုးရကရော ဒေသခံတွေကပါ သံသယတွေ ရှိနေတယ်ဆိုတော့ ဒီသံသယတွေကို ဖြေဖျောက်ဖို့၊ ဒီပဋိပက္ခအရေးကို စိတ်ဝင်တစား ကူညီ ဖြေရှင်းပေးလိုသူတွေ၊ NGO အဖွဲ့တွေ နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်တိုင် တွေ့ဆုံ စကားပြောနိုင်မယ်လို့ မျှော်လင့်ထားပြီး၊ သူ့အနေနဲ့ ဒီပဋိပက္ခအရေးကို ဖြေရှင်းပေးလိုတယ်၊ ဒုက္ခရောက်နေသူတွေကို အကူအညီပေးလိုတယ်၊ ဒါ့ကြောင့် မကောင်းတဲ့ ဘက်ကမမြင်ပဲ တဘက်နဲ့ တဘက် နားလည်မှုတွေ ရှိဖို့ လိုတယ်လို့လည်း Syed Hamid Alba က ပြောပါတယ်။
ဒီကိစ္စမှာ ပူးပေါင်း ဆောင်ရွက်တဲ့သူတွေ အနေနဲ့လည်း အဆိုးဘက်က အမြင်မျိုး မထားသင့်သလို၊ OIC နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အခွင့်အရေး ပေးသင့်ပုံ၊ ဖိလစ်ပိုင်၊ အာဖရိက စတဲ့ တခြား နေရာဒေသ တွေမှာလည်း OIC က ပဋိပက္ခ အရေးတွေ ဖြေရှင်း ဆောင်ရွက် ပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့တာ ကို Syed Hamid Alba က ပြောပါတယ်။

နေဆန်းလွင်
RB News
20.5.2014
၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံလို့ ဖြစ်လာကတည်းက ရိုဟင်ဂျာ လူမျိုးတွေက မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရရှိခဲ့သူတွေ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မှာ မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြု လွှတ်တော် တည်ထောင်ခဲ့တဲ့ အချိန်မှာလည်း ရိုဟင်ဂျာလူမျိုးတွေက အခွင့်အရေး အပြည့်အ၀ ရခဲ့တဲ့ အပြင် ရိုဟင်ဂျာ လွှတ်တော် အမတ် နှစ်ဦး ရှိခဲ့တာကလည်း မြန်မာ့သမိုင်းက ဘယ်တော့မှ ဖျောက်ပစ်လို့ ရမှာမဟုတ်ဘူး။
ရိုဟင်ဂျာလူမျိုးများရဲ့ တိုင်းရင်းသား၊ နိုင်ငံသား အခွင့်အရေးများ အားလုံးကို ရေရှည်စီမံကိန်းချမှတ်ပြီး ရုတ်သိမ်းခဲ့တဲ့ အဓိက တရားခံကတော့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အာဏာရှင် ဦးနေ၀င်း ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို နိုင်ငံမဲ့ ဘ၀ ရောက်အောင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြဌာန်းပြီး စနစ်တကျ မလုပ်ဆောင်ခင်မှာ ရိုဟင်ဂျာ ပြည်သူတွေရဲ့ လက်ထဲမှာ ရှိတဲ့ ဘိုးဘွား စဉ်ဆက် အထောက်အထား တွေကို နည်းမျိုးစုံနဲ့ စီမံကိန်းတွေ ချမှတ်ပြီး ဖျောက်ပစ်ခဲ့တယ်။ အဲဒီထဲမှာ အဆိုးဝါးဆုံး ကတော့ ၁၉၇၈ ခုနှစ်မှာ အကောင်အထည် ဖော်ခဲ့တဲ့ နဂါးမင်း စီမံချက်ပဲ ဖြစ်ပါတယ်။ အဲဒီ အချိန်တုန်းက ရိုဟင်ဂျာတွေကို နိုင်ငံတွင်းကနေ ဘင်္ဂါလီတွေလို့ သမုတ်ပြီး မောင်းထုတ်ခဲ့ပေမယ့် ပြန်လည် လက်ခံခဲ့တဲ့ အချိန်မှာ “ရိုဟင်ဂျာ” လူမျိုးလို့သာ မှတ်တမ်းတွေမှာ ရေးသွင်းပြီး လက်ခံခဲ့တဲ့ အထောက်အထားတွေ အများကြီး ရှိနေပါတယ်။
မြန်မာအစိုးရရဲ့ အဓိက စီမံကိန်းကတော့ အာရ်ကာန်ဒေသရဲ့ မူလဘူတ တိုင်းရင်းသား ဖြစ်တဲ့ ရိုဟင်ဂျာတွေကို တိုင်းရင်းသား အခွင့်အရေး မပေးဘဲ၊ တဖက်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂါလီများ အသွင်ဖြင့် ပြုနိုင်ငံသား အဆင့်အတန်းနဲ့ ထားရေးသာ ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းကို ရေရှည် စီမံကိန်း အဖြစ် ချမှတ်ပြီး အကောင်အထည် ဖော်လာတာ အခုဆိုရင် နှစ်ပေါင်း ၄၀ ကျော်ရှိနေပါပြီ။
၁၉၈၉ ခုနှစ်မှာ နိုင်ငံသား စီစစ်ရေး ကဒ်ပြား (ပန်းရောင်ကဒ်) တွေမထုတ်ပေးခင် အချိန်ထိ မြန်မာနိုင်ငံမှာ နိုင်ငံသားနဲ့ နိုင်ငံခြားသား နှစ်မျိုးသာ ရှိခဲ့ပါတယ်။ ၁၉၅၀ နောက်ပိုင်းမှာ အမျိုးသား မှတ်ပုံတင် ကဒ်ပြားလို့ ခေါ်တဲ့ သက်သေခံ ကဒ်ပြားကို ပုံစံနှစ်မျိုး - သုံးခေါက်ချိုး၊ နှစ်ခေါက်ချိုး ထုတ်ပေးခဲ့ပါတယ်။ ဂဏန်း ၆ လုံးပါ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင်ခဲ့သူများက မြန်မာနိုင်ငံသားများ ဖြစ်ပြီး၊ ဂဏန်း ၅ လုံးနဲ့ FRC ကဒ် ကိုင်ဆောင်သူတွေက နိုင်ငံခြားသားများ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာ လူမျိုးတွေထဲမှာ ဂဏန်း ၅ လုံးနဲ့ FRC ကဒ် ကိုင်ဆောင်ခဲ့သူ လုံးဝ (လုံးဝ) မရှိခဲ့ဘူး။ ၁၉၅၀ နောက်ပိုင်းမှာ ရိုဟင်ဂျာများ အားလုံးက အမျိုးသား မှတ်ပုံတင် ကဒ်ပြား - နှစ်ခေါက်ချိုး၊ သုံးခေါက်ချိုး များကို ကိုင်ဆောင်ခဲ့ပါတယ်။ ၁၉၅၀ မတိုင်မှီမှာ မြန်မာနိုင်ငံသား မဟုတ်သူတွေသာ နိုင်ငံသား ဖြစ်ခွင့်ကို လျှောက်ထားဖို့ လိုခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ ကျွန်တော့်ရဲ့ အဘိုး ဖြစ်တဲ့ ဦးအဒူဇော်လိလ်က သူ့ရဲ့ နိုင်ငံသား ဖြစ်ခွင့်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို မေးမြန်းခဲ့တဲ့ အခါမှာ တရားရေး ၀န်ကြီးဌာနက မူလဘူတ တိုင်းရင်းသား ဖြစ်လို့ နိုင်ငံသား ဖြစ်ခွင့် လျှောက်စရာ မလိုဘူးလို့ အကြောင်း ပြန်ကြား ခဲ့ပါတယ်။ (တရားရေး ၀န်ကြီးဌာနက ပြန်ကြားစာ မိတ္တူ ပုံတွင်ရှု)
တစ်ချိန်တုန်းက ကျွန်တော်တို့ရဲ့ တိုင်းရင်းသား၊ နိုင်ငံသား အခွင့်အရေးများ အားလုံးကို အခြားသော တိုင်းရင်းသားများ နည်းတူ ရရှိခဲ့ပေမယ့်လည်း ၁၉၇၀ ခုနှစ်ကစပြီး ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို တစ်စတစ်စ ရုတ်သိမ်းလာခဲ့တာ အခုဆိုရင် ကျွန်တော်တို့ကို မနေ့တစ်နေ့ကမှ ခိုးဝင်လာတဲ့ ဘင်္ဂါလီများ အဖြစ် ပုံဖော်နေပါပြီ။ ပြည်တွင်းမှာ ဘာသာရေးကို အသုံးချပြီး ပုံဖော်လို့ ရနေပေမယ့်လည်း နိုင်ငံတကာ အလယ်မှာ သမိုင်း အထောက်အထား အပြည့်အစုံနဲ့ ရှိနေတဲ့ ကျွန်တော်တို့ကို ခိုးဝင် ဘင်္ဂါလီများ အဖြစ် ပုံဖော်လို့ မရပါဘူး။ မိမိတို့ရဲ့ အခွင့်အရေးတွေ ပြန်လည် ရရှိရေး အတွက် အားကြိုးမာန်တက်နဲ့ ညှဉ်းပန်း နှိပ်စက်မှု တွေကို ခါးစည်းခံပြီး ချီတက်နေတဲ့ ကျွန်တော်တို့ ရိုဟင်ဂျာ တွေနဲ့ အတူ နိုင်ငံတကာက အပြည့်အ၀ ရပ်တည်နေပါတယ်။
ကျွန်တော်တို့က တောင်းဆိုနေသလို၊ ကမ္ဘာကလည်း ထောက်ခံ အားပေးနေတဲ့ အချိန်မှာ အကျပ်အတည်း ဖြစ်နေတဲ့ မြန်မာအစိုးရ အနေနဲ့ လှည့်ကွက် ပေါင်းစုံသုံးပြီး သူတို့လိုရာကို ရအောင်လုပ်သွားဖို့ ကြိုးစားမှာပါ။ ဒီလိုအချိန်မှာ ကျွန်တော်တို့ ရိုဟင်ဂျာ ပြည်သူတွေ အင်မတန် ပါးနပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ အားနည်းချက် ကတော့ နှစ်ပေါင်း ၄၀ လောက် အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ သူတွေ ဖြစ်တာမို့ အခွင့်အရေးတွေ ပေးမယ်ဆိုပြီး မက်လုံး ပေးလာရင် သို့လော .. သို့လော နဲ့ စိတ်ထဲ တွေဝေ လာမှာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်ကစပြီး စစ်အစိုးရ ခေတ်အဆက်ဆက်၊ အခု ဘောင်းဘီချွတ် အစိုးရ လက်ထက်မှာ ပြည်သူတွေကို အဓိက ထိန်းချုပ်နေတာ ကတော့ စိတ်ဓါတ် စစ်ဆင်ရေးနဲ့ ဖြစ်ပါတယ်။ အခုလည်း ရိုဟင်ဂျာတွေ အပေါ် လ.၀.က ၀န်ကြီး ဦးခင်ရီရဲ့ စိတ်ဓါတ် စစ်ဆင်ရေး စတင်ပါပြီ ..
ကျွန်တော်တို့ ဘယ်နှစ်ကြိမ် အလိမ်ခံခဲ့ ရပြီးပြီလဲ? ၂၀၀၈ ခုနှစ် နာဂစ် ဖွဲ့စည်းပုံ အတွက် ပြည်သူ့ ဆန္ဒခံယူပွဲတုန်းက ရိုဟင်ဂျာ ပြည်သူတွေကို ဘာတွေ မက်လုံး ပေးခဲ့သလဲ? ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မှီ ယနေ့ သမ္မတ ဦးသိန်းစိန် ဘောင်းဘီ မချွတ်ခင်တုန်းက ဘူးသီးတောင်နဲ့ မောင်တောမှာ ဘာတွေ လာပြောခဲ့သလဲ? မှတ်မိကြပါရဲ့လား? ၁၉၉၂ ခုနှစ်တုန်းက ထုတ်ပေးခဲ့တဲ့ ယာယီ ၀ှိုက်ကဒ်တွေကိုတောင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မှီမှာ ထုတ်ပေးခဲ့တာလို့ ပေါ်ပေါ်တင်တင် လိမ်ရဲတဲ့ လ.၀.က ၀န်ကြီး ဦးခင်ရီကို ဘယ်လို ယုံကြမှာလဲ? ပြီးတော့ မတ်လ သန်းခေါင်စာရင်း မကောက်မှီမှာ ရိုဟင်ဂျာလို့ ရေးခွင့်ပေးမယ်၊ ရိုဟင်ဂျာ စာရင်းကောက်တွေ ခန့်မယ်ဆိုပြီး အကြိမ်ပေါင်းများစွာ ကတိပေးပြီးမှ အနီးကပ်မှာ ကတိဖျက်ခဲ့တဲ့ လူလိမ် ဦးခင်ရီကို ယုံမယ်ဆိုရင်တော့ ကိုယ့်လည်ပင်းကို ကိုယ် ခပ်တုံးတုံး ဓါးနဲ့ လှီးသလို ဖြစ်သွားပါလိမ့်မယ်။
သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး အကျယ်တ၀န့် ရှင်းလင်းမှု ပေါင်းစုံကို ပြည်တွင်းမှာ ရိုဟင်ဂျာ အရေး လှုပ်ရှားနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေက အကြိမ်ကြိမ် ပြုလုပ်ခဲ့ ပြီးပါပြီ။
မတ်လ (၃၀) ရက်နေ့မှာ ရခိုင်ပြည်နယ် လ.၀.က မှူး ဦးကျော်ယဉ်ဦး လက်မှတ်ထိုးပြီး ရိုဟင်ဂျာ လူမျိုး ရေးခွင့် မပေးဘူးလို့ ကန့်သတ်ခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အလှူရှင်များနဲ့ ကုလသမဂ္ဂ တို့ရဲ့ ဖိအားပေးမှုတွေကို မြန်မာအစိုးရက အလူးအလဲ ခံနေရပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် သူ့ရဲ့ မိန့်ခွန်းမှာ ရိုဟင်ဂျာတွေကို သန်းခေါင်စာရင်းမှာ နိုင်ငံတကာ စံချိန် စံညွန်းနဲ့ အညီ ဖြည့်ခွင့် ပေးဖို့ ပြောခဲ့တာကို ကမ္ဘာသိအောင် မိန့်ခွန်း မူရင်းအတိုင်း ဖြန့်ချီပေးခဲ့တယ်။ အဲဒါအပြင် အခြားသော နိုင်ငံတွေကလည်း သံတမန် နည်းလမ်းတွေနဲ့ ဖိအားပေးမှု ပေါင်းစုံ ရှိနေပါတယ်။ အမေရိကန် နိုင်ငံ လွှတ်တော်ကလည်း ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး သီးခြား ဥပဒေ ပြဌာန်းပြီး သံတမန် လမ်းကြောင်းနဲ့ ဖိအားပေးမှုတွေ စတင်နေပါပြီ။
အဖက်ဖက်မှာ အကျပ်အတည်းထဲ ရောက်နေသူကတော့ မြန်မာအစိုးရ ဖြစ်ပါတယ်။
မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ လူမျိုး အမည်ကို တရားဝင် အသိအမှတ်ပြု ပေးဖို့ အစီအစဉ် လုံးဝ မရှိတဲ့ အတွက် သူတို့ရဲ့ ခိုးဝင် ဘင်္ဂါလီဆိုတဲ့ ဝေါဟာရကို တရားဝင် ဖြစ်ရေးအတွက် ဘက်ပေါင်းစုံက ကြိုးစားမှာ ဖြစ်ပါတယ်။ သူတို့ဘက်က သူတို့ လိုချင်တာကို ကြိုးစားနေသလို ကျွန်တော်တို့ဘက် ကလည်း ကျွန်တော်တို့ ဆုံးရှုံးသွားတဲ့ အခွင့်အရေး တွေကို ပြန်လည် ရအောင် ကြိုးစား ရမှာ ဖြစ်ပါတယ်။
သန်းခေါင်စာရင်း ကာလမှာ ရိုဟင်ဂျာတွေက သန်းခေါင်စာရင်းမှာ မပါဝင်ခဲ့တာ မဟုတ်ဘူး။ ရိုဟင်ဂျာတွေကို သန်းခေါင်စာရင်းမှာ အစိုးရ ကိုယ်တိုင် ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။ ချန်လှပ်ခဲ့တုန်းကလည်း သူတို့ - အခု ပြန်ကောက်ဖို့ အသည်းအသန် လုပ်နေတာလည်း သူတို့ ဖြစ်ပါတယ်။
ဘင်္ဂါလီ ဇတ်သွင်းလို့ မရတော့ ကွက်လပ်ထားပြီး ပါဝင်ကြပါလို့ စည်းရုံး ပြန်ပါတယ်။ ၀န်ကြီး၊ ဒု-၀န်ကြီး၊ ညွန်ချုပ်တွေ ကိုယ်တိုင် ရခိုင်ပြည်နယ်ကို အကြိမ်ကြိမ် သွားပြီး စည်းရုံးရေး ဆင်းခဲ့ပေမယ့် ရိုဟင်ဂျာတွေရဲ့ One Voice ကို မပြောင်းလဲ နိုင်ခဲ့ပါဘူး။
အခုတော့ နောက်ဆုံး အဆင့်ကို ရောက်နေပါပြီ။ မဟာ စိတ်ဓါတ် စစ်ဆင်ရေး စီမံကိန်းကြီးကို စတင်လိုက်ပါပြီ။ သန်းခေါင်စာရင်း ကာလမှာ အစိုးရရဲ့ လက်ဆယ်ချောင်း မပြည့်တဲ့ ခရိုနီ အချို့နဲ့ နားမလည်တဲ့သူ ဆယ်ဂဏန်း လောက်ကို ဘင်္ဂါလီ ဇတ်သွင်းခဲ့တာ ရှိပါတယ်။ အခုတော့ အဲဒီလူတွေကို နိုင်ငံသား စီစစ်ရေး ကဒ်ပြားတွေ နေ့ချင်း ညချင်း ထုတ်ပေးမယ်လို့ ၀ါဒဖြန့် နေပါပြီ။ ဒီတစ်ခါတော့ ၀ါဒဖြန့်ရုံသာမက လက်တွေ့ အကောင်အထည် ဖော်ပြပါလိမ့်မယ်။ ဆယ်ဂဏန်း လောက်ကို နိုင်ကဒ်တွေ ထုတ်ပေးပြီး သန်းဂဏန်းကို မက်လုံးပေးပြီး ဇတ်သွင်းဖို့ ရင်းနှီးပါလိမ့်မယ်။
ဒါက စိတ်ဓါတ် စစ်ဆင်ရေး ဖြစ်ပါတယ်။ ကျွန်တော် အထက်မှာ ပြောခဲ့သလိုပါဘဲ။ အမိုးပွင့် အကျဉ်းထောင် ဘ၀ထဲ ရောက်နေတဲ့ ကျွန်တော်တို့ ပြည်သူတွေ အတွက်တော့ အင်မတန်ကို စွဲဆောင်မှုရှိတဲ့ မက်လုံး တစ်ခုပါ။ သို့ပေမယ့် ကျွန်တော် ပြောခဲ့သလိုဘဲ ကျွန်တော်တို့ ပြည်သူတွေ အလိမ်ခံရတာ များနေပါပြီ။ ကိုယ့်ရဲ့ မွေးရာပါ အခွင့်အရေး အတွက် ဆက်လက် ရပ်တည်ပါ။
လ.၀.က ၀န်ကြီး ဦးခင်ရီကို ယုံရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်လိမ့်မယ် ..
One Voice Rohingya! Long Live Rohingya!

| အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့် ကျော်ဇေယျာဦး |
RB News
19.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ မောင်တူလာရွာ အခြေစိုက် နယ်ခြားစောင့်တပ်နှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူတို့ ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ (၁၈) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် အလယ်သံကျော် ကျေးရွာ အုပ်စုမှ အဗ်ဒူလ္လာ (ဘ) ဦးအလီဟူစိန်း (အသက် ၂၅ နှစ်) ကို နွားတစ်ကောင် ၀ယ်ယူပြီး စာရင်း မတင်ခဲ့သည်ဟု စွပ်စွဲ၍ မောင်တူလာ ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ကျော်ဇေယျာဦးတို့က ဖမ်းဆီးခဲ့သည်။ နွားကို ၀ယ်ယူ၍ စာရင်းသွင်းရန် သတ်မှတ်ထားသည့် အချိန် ကျန်ရှိနေသေးသော်လည်း ငွေညှစ်ရန် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အဗ်ဒူလ္လာထံမှ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များနှင့် ကျော်ဇေယျာဦးတို့က ငွေကျပ် ၅၀၀၀၀/- ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ပုံမှန်အားဖြင့် နွားတစ်ကောင် စာရင်းသွင်းခမှ ငွေကျပ် လေးထောင် ဖြစ်ပြီး၊ အဗ်ဒူလ္လာထံမှ ငွေကျပ် ၅၀၀၀၀/- ညှစ်ယူလိုက်သော်လည်း နွားကို စာရင်းသွင်း ပေးခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။
မေလ (၁၃) ရက်နေ့ကလည်း အဆိုပါ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များနှင့် ကျော်ဇေယျာဦးတို့သည် မိုဟာမတ်ရီယာစ် (ဘ) ဦးမိုဟာမတ်ယူနုစ် (အသက် ၁၆) နှစ်ကို ဆင်းမ်ကဒ်မပါသည့် မိုဘိုင်းဖုန်း တစ်လုံးဖြင့် ဖမ်းဆီး၍ တရားမ၀င် ဖုန်းကိုင်ဆောင်သည်ဟု စွပ်စွဲပြီး ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် မိုဟာမတ်ရီယာစ်၏ မိခင်ဖြစ်သူက ငွေကျပ် နှစ်သိန်းပေး၍ သားဖြစ်သူကို လိုင်စင်ရ ဓါးပြသဖွယ် ဖြစ်နေသည့် နယ်ခြားစောင့်တပ်နှင့် ကျော်ဇေယျာဦးတို့၏ အချုပ်ခန်းမှ ပြန်လည် ရွေးယူခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
RB News
19.5.2014
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ညောင်ပင်ကြီး ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ ရွာသားများ အတွက် ပြည်တွင်း အလှူရှင်များမှ လှူဒါန်းထားသည့် ဆန်အိတ်များထဲမှ ဆန်အိတ်အချို့ကို ဗိုလ်ကြီး ကျော်သူရဌေးက လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ရသေ့တောင်မြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ ရွာသားများ၏ စားဝတ်နေရေး ခက်ခဲလျက် ရှိသောကြောင့် ပြည်တွင်း အလှူရှင်များက လှူဒါန်းထားသည့် ဆန်အိတ်များထဲမှ ဆန်အိတ် ၃၀ ပေးရန် ၎င်းရွာတွင် လုံခြုံရေး တာဝန်ယူထားသည့် အမှတ် (၅၅၂) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး ကျော်သူရဌေးက ရွာသားများထံက တောင်းခဲ့သည်။ ဆင်းရဲဒုက္ခ မျိုးစုံ ခံစားနေရသည့် ဒေသခံ ရွာသားများက မပေးနိုင်ဟု ငြင်းဆိုသဖြင့် အဆိုပါ ဗိုလ်ကြီးက ရွာသားများကို အမျိုးမျိုး ခြိမ်းခြောက် ပြောဆိုခဲ့သည်။
ဗိုလ်ကြီး ကျော်သူရဌေးသည် မေလ (၁၈) ရက်နေ့တွင် ရွာသားများထံမှ ဆန်အိတ် (၁၅) အိတ်ကို အတင်း အဓမ္မ လုယက်ယူခဲ့ပြီး၊ “မင်းတို့ရွာကို မီးရှို့ပစ်မယ်” ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထိုကဲ့သို့ ကြမ်းတမ်းစွာ ခြိမ်းခြောက် ပြောဆိုမှုကြောင့် ဒေသခံ ရိုဟင်ဂျာ ရွာသားများက ၎င်းတို့ ရွာလုံခြုံရေးနှင့် ပတ်သက်၍ အထူးစိုးရိမ်လျက် ရှိကြောင်း သိရှိရပါသည်။
RB News
18.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒိုးတန်း ကျေးရွာ အုပ်စု၌ မေလ ၁၇ ရက်နေ့ ညနေပိုင်းတွင် အုတ်သယ်သည့်ကား တိမ်းမှောက်မှုကြောင့် နှစ်ဦး သေဆုံးခဲ့ရပြီး၊ (၃) ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။
ယမန်နေ့ (မေလ ၁၇) ညနေ့ ၄း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် ကြိမ်ချောင်း ကျေးရွာ အုပ်စုသို့ အုတ်များ သယ်ဆောင် သွားသည့် ကုန်တင်ကား တစ်စီးသည် ဒိုးတန်း ကျေးရွာတွင် ရုတ်တရက် တိမ်းမှောက် ခဲ့ခြင်းကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် ၁၀ ဦးမှ ဦးအဒူရာမန် (ဘ) ဦးအဘူအာလမ်သည် ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။ (၄) ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး၊ ကျန်သည့် (၅) ဦးလည်း ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ပြင်းထန်စွာ ဒဏ်ရာရရှိသူ (၄) ဦးမှ ဦးဆွေယာဒ်နူရ် (ဘ) ဦးဂူရာဖူတူသည် ဆေးရုံတွင် ဆေးကုသနေစဉ် ယနေ့ (မေလ ၁၈) တွင် သေဆုံး သွားခဲ့ကြောင်း သိရှိရပါသည်။
ပြင်းထန်စွာ ဒဏ်ရာရရှိသူ (၃) ဦးမှာ --
(၁) ဦးဆော်လီမုလ္လာ (ဘ) ဦးနူရ်မာမတ်
(၂) ဦးအီဒီရိစ် (ဘ) ဦးအာမီရာ
(၃) ဦးမာမတ်ဇူဘိုင် -- တို့ဖြစ်သည်။
MYARF
RB News
18.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့်တပ်က ဆိုက္ကားသမား တစ်ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့ပြီး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဒေသခံ တစ်ဦးထံမှ ငွေညှစ်၍ မရသဖြင့် ရဲနှင့် ဖမ်းဆီးခိုင်း ခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ (၁၇) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အုပ်စု၊ တောင်ရွာမှ ဦးအာစ်မောတ်အုလ္လာ (ဘ) ဦးမိုဟာမတ်ရှော်ဖီသည် ဆိုက္ကားပေါ်တွင် ဆောက်လုပ်ရေး ပစ္စည်းများ တင်၍ ကြိမ်ချောင်းမှ ငါးစာကြူး ကျေးရွာသို့ သွားနေစဉ် လောင်းဒုံး ကျေးရွာရှိ နယ်ခြားစောင့်တပ် ကင်းစခန်းသို့ ပုံမှန် ပေးနေကျ ဆက်ကြေး ကျပ် ၂၀၀ ၀င်ပေးနေစဉ် တပ်ဖွဲ့ဝင် တစ်ဦးက “ဆိုက္ကား ဘယ်မှာလဲ” ဟု မေးမြန်းရာ ဆိုက္ကားသမားက ဂိတ်ဝ ရှိသည်ဟု ဖြေကြားခဲ့သည်။ ထိုသို့ ဖြေကြားပြီးနောက် မေးမြန်းသည့် တပ်ဖွဲ့ဝင်က မည်သည့် အကြောင်းပြချက်မှ မရှိပဲ ဆိုက္ကား သမားကို သစ်သားချောင်း တစ်ချောင်းဖြင့် လူမဆန်စွာ ရိုက်နှက်ခဲ့ရာ ဦးခေါင်းကွဲ၊ နှာခေါင်းကျိုး သွားသည့် အပြင် နှုတ်ခမ်းကွဲ သွေးယိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ယနေ့ မေလ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်အောင်က ၎င်းရပ်ကွက်မှ ဆေးဆိုင် ပိုင်ရှင် ဦးဒေါလ္လာ ထံမှ ငွေကျပ် ၅ သောင်း အကြောင်းမဲ့ တောင်းခံခဲ့ရာ မပေးနိုင်ကြောင်း ငြင်းဆိုသဖြင့် နေ့လည် ၁ နာရီကျော်ခန့်တွင် မောင်တောရဲစခန်းမှ နယ်ထိန်း အဖွဲ့ ခေါ်လာပြီး ဦးဒေါလ္လာ၏ အိမ်ကို ၀ိုင်းခဲ့သည်။ ဦးဒေါလ္လာက ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ အိမ်နောက်ဖေးမှ ထွက်ပြေးခဲ့ရာ ရဲများက ၎င်းကို လေးခွများနှင့် ပစ်ခဲ့သည်။ လေးခွနှင့် ပစ်ခတ်မှုကြောင့် ဦးခေါင်းနှင့် ခြေထောက်တွင် ဒဏ်ရာများ ရရှိခဲ့သည်။ ဦးဒေါလ္လာသည် ၎င်း၏ နေအိမ်အနီးရှိ ချောင်းကို ကူး၍ အိမ်တစ်အိမ် အတွင်းသို့ ၀င်ရောက်၍ ပုန်းခဲ့သော်လည်း နောက်ဆုံးတွင် ရဲများက တွေ့ရှိသွားပြီး ဖမ်းဆီး၍ ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဓါတ်ပုံသတင်း
- ရိုဟင်ဂျာ ဘာသာစကား သို့မဟုတ် တိုင်းရင်းသား ဘာသာစကား
- 2014 Census တွင် ရိုဟင်ဂျာ ဟူ၍ Code နံပါတ်ထည့် ပေးရန် DHRP မှ သမ္မတထံ စာရေးသား
- RB News စာဖတ် ပရိသတ်များ သိစေရန် အသိပေးခြင်း
- စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်လိုက်သည့် ကျင်းတစ်ကျင်း ရှာဖွေတွေ့ရှိ
- သမ္မတကြီး ဦးသိန်းစိန်သို့ ပြည်ပရောက် NDPHR မှ အိတ်ဖွင့်ပေးစာ
- သိမ်တောင်ပြင်မှ ကျေးရွာတာဝန်ခံနှင့် ရွာမျက်နှာဖုံးများကို အာဏာပိုင်များက လုပ်ကြံဖန်တီးမှုများ ပြုလုပ်၍ ဖမ်းဆီးထောင်ချရန်နှင့် ငွေညှစ်ရန် ကြိုးစားလျက်ရှိ
- ကြိမ်ချောင်း - တောင်ပြို ကားလမ်းမပေါ်မှ ဖြတ်သန်းသွားလာသူများကို စစ်သားများက ရပ်တန့်ခိုင်းပြီး လုယက်
- ဘယ်သူက အိမ်ရှင်လဲ
- ရိုဟင်ဂျာများသည် တရားမ၀င် ၀င်ရောက်လာသူများ မဟုတ်ဟု သမ္မတ အိုဘားမားပြော
- မလေးရှားသံအဖွဲ့ စစ်တွေ ဒုက္ခသည်စခန်း သွားရောက်
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ